← Chapters

ချိပ်ပိတ် နယ်မြေအတွင်းမှ ကောင်းချီးခံများ

Vol. 88 Ch. 1226

ချိပ်ပိတ် နယ်မြေအတွင်းမှ ကောင်းချီးခံများ

Vol. 88 Ch. 1226

ချိပ်ပိတ် နယ်မြေမှာ ချိပ်ပိတ် အစီအရင်ကြီး၏ ချိပ်ဆက်များ အနက် သုံးခုကို ထိန်းသိမ်းထားသည့် နေရာ တစ်ခု ဖြစ်သည်။ ယခုတွင်တော့ ထိုချိပ်ဆက် သုံးခု အနက် နှစ်ခုမှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ နောက်ဆုံး လက်ကျန် တစ်ခုကတော့ အဆက်မပြတ် စုံစမ်းစစ်ဆေးမှုများ ကြားမှပင် မည်သူမှ မသိသည့် နေရာ တစ်ခု၌ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

ထိုချိပ်ဆက်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်း တည်ရှိနေခြင်း မဟုတ်သလို နဂါးငွေ့တန်း ကြယ်ကွင်းပြင် အတွင်း တည်ရှိနေခြင်းလည်း မဟုတ်ချေ။ ချိပ်ပိတ်နယ်မြေကြီး၏ အစွန်အဖျားနားရှိ မေ့လျော့ခံ ကြယ်ကွင်းပြင် တစ်ခုထဲတွင် တည်ရှိနေခြင်း ဖြစ်သည်။

၎င်းမှာ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်ကာ ဝင်ရောက်ဖို့ ကြိုးစားသည့် မည်သူမဆို မည်သည့် အချက်ပြမှုမျိုးမှ မရှိပဲ ချိပ်ပိတ် နယ်မြေ၏ အခြားတစ်ဖက်ကို ‌ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ထိုကြယ်ကွင်းပြင်ကို တစ်ချိန်က သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင် ဟု ခေါ်ဆိုခဲ့ကြသည်။ ထိုနာမည်မှာ အဆိုပါ နယ်မြေကြီးတွင် ပေါ်ထွန်းခဲ့ဖူးသည့် သူတော်စင် ခုနစ်ပါး ခုနစ်ပါး မျှော်စင် ဟု ခေါ်ဆိုသော အဂ္ဂိရတ် အဖွဲ့အစည်းကြီးကို အစွဲပြု၍ ပေးထားခြင်း ဖြစ်သည်။ ထိုအဂ္ဂိရတ် အဖွဲ့အစည်းကြီးမှာ ကြယ်တာရာ ပဲ့တင်ထပ်ခြင်း ဆေးလုံး ကဲ့သို့ နာမည်ကျော် အဂ္ဂိရတ် ထုတ်ကုန်များစွာကို ဖန်တီးခဲ့ကာ ၎င်းကပင် နောက်ပိုင်း နှစ်များ အတွင်း၌ အေးစက် ကြောက်မက်ဖွယ် ကောင်းသည့် ထရီလျံပေါင်း များစွာသော သေဆုံးခြင်းများကို ဖြစ်ပေါ်စေခဲ့လေသည်။

ကြယ်တာရာ စစ်ပွဲများ အတွင်းတွင်တော့ ထိုနယ်မြေကြီးမှာ အလုံးစုံ ပျက်သုဉ်းခဲ့ရကာ သမိုင်းတွင်သာ နာမည် တစ်ခု အနေဖြင့် ကျန်ရစ်ခဲ့ရသည်။ သို့သော်လည်း.. မည်သူမှ ထင်မှတ် မထားခဲ့သည့် အရာ တစ်ခုက သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင်မှာ ချိပ်ပိတ် အစီအရင်ကြီး၏ နောက်ဆုံးသော ချိပ်ဆက်ကို ထိန်းသိမ်းထားရာ နေရာ ဖြစ်နေခြင်းပင် ဖြစ်လေသည်။

ရွှမ်း...

ယနေ့ ထိုနေရာတွင် ဓားဟိန်းသံ တစ်ချက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ထို့နောက်တွင်တော့ လေထုကို ဖြတ်သန်း၍ ထက်ရှသည့် ဓားစင်းကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။ မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ထိုဓားစင်းကြောင်းမှာ ပိုမို၍ ကျယ်ပြန့်လာခဲ့၏။

ထို့နောက်တွင်တော့ ပုံရိပ်တစ်ခုမှာ ဓားစင်းကြောင်းထဲမှ ခုန်ထွက်လာခဲ့သည်။ သူက ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းကာ ညာဘက်ကို ကြည့်လိုက်၏။ ထို့နောက်တွင်တော့ အဆုံးမဲ့ ကြယ်တာရာ နယ်မြေ၏ အလွန် ကြီးမားလှသော နေကြယ်ကြီးကို တွေ့မြင်လိုက်ရလေသည်။

“ငါ လုပ်နိုင်ခဲ့ပြီကွ... ငါ ပြန်လာပြီ...”

ပုံရိပ်က ဓားကို ကိုင်ရင်း ဝမ်းသာအားရ အော်ဟစ် လိုက်၏။ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက် နေသည်။

“ဆယ်နှစ်... ဆယ်နှစ် ကြာပြီးတဲ့နောက် ငါ ပြန်လာနိုင်ပြီ... ဟင်းလင်းပြင် ထိုးဖောက်ခြင်း နည်းလမ်းက ချိပ်ပိတ် နယ်မြေရဲ့ အပြင်ဘက်ကို ပို့ပစ်လိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ထို့နောက်တွင်တော့ ပုံရိပ်မှာ တစ်ခဏမျှ တိတ်ဆိတ်သွား၏။ အတန်ကြာပြီးနောက်မှ သူက တစ်ယောက်ယောက်ကို တုန့်ပြန်လိုက်သလိုမျိုး ပြောလိုက်သည်။

“ကျုပ် သိပါတယ်... ဟုတ်ပါတယ်... ဟင်းလင်းပြင် ထိုးဖောက်ခြင်းက ချိပ်ပိတ် နယ်မြေရဲ့ အပြင်ဘက်ကိုတောင် ပို့ပေးနိုင်တယ်လို့ ခင်ဗျား ပြောခဲ့ပါတယ်... ဒါပေမဲ့ အဇူရာ မူလ ကြယ်စင်စုကိုတောင် ပို့ပစ်လိမ့်မယ်လို့ ကျုပ် ဘယ်ထင်မှာလဲ... အဲဒီ ခွေးသားနဲ့ သေသေကြေကြေ တိုက်လိုက်ရမှာ... သောက်ကျက်သရေ မရှိတဲ့ ငွေရောင် မျက်လုံးနဲ့ ခွေးမသား..”

“...”

တစ်ခဏမျှ တိတ်ဆိတ်သွားပြန်၏။

“စိတ်ချ... ကျုပ် မကြာခင် သူ့ကို ရှာမှာ... ဒါပေမဲ့ အခုတော့ ကျုပ် စန်းယွန်းလီ၊ ကျန်းဖေးလန်၊ မာ့ဆုကျင်းနဲ့ ထျန်းရှင်းယွင်တို့ကို အရင် ရှာရဦးမယ်... ကျုပ် အသက်ရှင်နေသေးတယ် ဆိုတာ သူတို့ကို အသိပေးရမယ်... အထူးသဖြင့် ထျန်းရှင်းယွင်... ကျုပ်တို့ကြားက လက်ထပ်ပွဲ ကတိကဝတ်ကို ခုထိ မရှင်းရသေးဘူး... ဦးထုပ်စိမ်း ဆောင်းရမယ့် အဖြစ်မျိုး ကျုပ် လက်မခံနိုင်ဘူး...”

ထိုကဲ့သို့ ပြောပြီးနောက် သူက လက်စွပ်ထဲမှ အသေးစား ဟင်းလင်းပြင် သင်္ဘော တစ်စင်းကို ထုတ်ယူ လိုက်သည်။ ၎င်းကို ရှားပါး သတ္တုများနှင့် လက်ရာမြောက်စွာ ထုဆစ်ထားကာ ချိပ်ပိတ် နယ်မြေ အတွင်း ရှာလို့ မရနိုင်သည့် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည်။

ဝှစ်...

တဒင်္ဂ အတွင်းမှာပင် ဟင်းလင်းပြင် သင်္ဘောမှာ အဆုံးမဲ့ ကြယ်တာရာ နယ်မြေထံသို့ ဦးတည်ကာ ရွက်လွှင့် သွားခဲ့လေသည်။

(မှတ်ချက် ။ ထျန်ရှင်းယွင်မှာ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် လင်းမင်နှင့် တွေ့ဆုံကာ ချစ်ကြိုး သွယ်ခဲ့သည့် မိန်းကလေး ဖြစ်သည်။ သူမက အခြား မိန်းကလေးများနှင့် အတူ ကျင့်ကြံခြင်း အခြေခံ တစ်စိတ်တစ်ပိုင်းကို စတေးကာ လင်းမင်ကို နယ်မြေမျိုးစေ့ ဖွဲ့စည်းနိုင်အောင် ကူညီပေးခဲ့သည်။ ဝေ့ဝူယင်မှာ ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ကာ လောကသခင် အဆင့်ကို မရောက်ခင် နယ်မြေမျိုးစေ့ ဖန်တီးပေးနိုင်သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ဖန်တီးနိုင်ခဲ့လေသည်။ )

...

မဟာစက်ဝန်း ရှန့်ထို ညီလာခံ အဆုံးသတ်ပြီး နောက်တွင် ထိပ်သီး အင်အားစုများနှင့် ကျင့်ကြံသူပေါင်း များစွာ ပိုမို ကြီးကျယ် ခမ်းနားသည့် ခေတ်တစ်ခေတ် အတွက် အပြိုင်အဆိုင်ပင် ပြင်ဆင် နေကြသည်။ အထူးသဖြင့် မကြာခင် ရောက်ရှိလာတော့မည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ သူတို့ အတွက် အထူး အာရုံစိုက်စရာ တစ်ခု ဖြစ်ပေသည်။ ထို့အပြင် အဖွဲ့အစည်းများ၏ အဆင့် သတ်မှတ်ချက် ပြောင်းလဲမှုများ၊ ရွေးချယ်ခံ အဆင့်အတန်း မွမ်းမံမှုများမှာလည်း များစွာသော ဂယက်များကို ဖြစ်ပေါ်စေခဲ့လေသည်။

အထူးခြားဆုံးသော အပြောင်းအလဲကတော့ မျိုးနွယ်တိုင်း လိုလို အာရုဏ်ဦး နေမီးတောက် ဆေးလုံး သို့မဟုတ် ကွဲပျက် နတ်ဘုရား ဆေးလုံး တစ်ခုခုလို လိုအပ်ခြင်းဖြစ်သည်။ ၎င်းတို့မှာ မဟာစက်ဝန်း ရှန့်ထို ညီလာခံမှ ချမှတ်ထားသည့် တစ်နည်းအားဖြင့် ဝေ့ဝူယင် သတ်မှတ်ထာသည့် ရွေးချယ်ခံ စံနှုန်းများအား ဖြည့်မှီစေရန် တည်ဆောက် ပေးနိုင်သည်။

အသက် တစ်ရာ မပြည့်‌သေးသည့် ဝိညာဉ် ဆင်းတု အဆင့် ကျင့်ကြံသူ တစ်ယောက် အတွက် အဆင့်နိမ့် လောကသခင် အဆင့် တစ်ယောက်ကို အနိုင်ရရှိရန်မှာ အခြား နည်းလမ်း မရှိပါချေ။ သို့သော်လည်း... လောက နယ်မြေ တစ်ခု ပိုင်ဆိုင်ခြင်းက ထိုကွက်လပ်ကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ပေသည်။ ထို့အပြင်... လောကသခင် အဆင့်ကို အထစ်အငေါ့ မရှိ အချိန်တို အတွင်း ရောက်ရှိ‌အောင်လည်း ကူညီပေးနိုင်သည်။

ထို့ကြောင့်ပင် အင်အားစုတိုင်း လိုလိုမှာ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ငွေကြေးနှင့် ရင်းမြစ်များကို အသုံးပြုကာ အပြိုင်အဆိုင် ဝယ်ယူဖို့ ကြိုးပမ်း နေကြသည်။ ခေတ်သစ် တစ်ခုတွင် ရွေးချယ်ခံ မဖြစ်နိုင်သူ အဘယ်မှာ ရှိမည်နည်း။

ထိုကဲ့သို့ အပြောင်းအလဲများစွာနှင့် အတူ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အချို့‌နေရာများတွင်လည်း စစ်ပွဲ မီးတောက်များမှာ တဟုန်းဟုန်း တောက်လောင်လျှက် ရှိနေပေသည်။ အုပ်ချုပ်သူ အ‌ဟောင်းများ ဆင်းသက်ကာ အသစ်သစ်သော ဧကရာဇ်များ မွေးဖွားလာကြသည်။ သို့သော်လည်း ထိုအရာများမှာ မကြာခင် ရောက်ရှိလာတော့မည့် ကပ်ဘေးများ၏ အစပျိုး လေပြည်မျှသာ ဖြစ်လေတော့သည်။

...

ရွှေရောင် အသက်နန်းတော်...

ရွှေရောင် အသက်နန်းတော်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများ အတွက် အမျိုးမျိုးသော ရင်းမြစ်များကို ကမ်းလှမ်း ပေးနိုင်သည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ထိုအထဲ၌ မိစ္ဆာ စစ်ပွဲ လောကနယ်မြေ (အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး) ကဲ့သို့ လျှို့ဝှက် နယ်မြေများလည်း အပါအဝင်ပင် ဖြစ်သည်။ သူတို့က အဆိုပါ လျှို့ဝှက် နယ်မြေများကို များစွာ‌သော ငွေကြေးများနှင့် အတူ လေ့ကျင့်ရေး ကုန်းမြေများ အဖြစ် ‌‌ရောင်းချကြသည်။

လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုခန့်တုန်းက မင်ယုလင်နှင့် ထျန်းရှင်းယွင်တို့ ကဲ့သို့ ရွေးချယ်ခံ အသီးသီးမှာ သူတို့ နောက်ခံများ၏ ထောက်ပံ့ပေးမှုများဖြင့် မိစ္ဆာ စစ်ပွဲ လောကနယ်မြေ အတွင်း ဝင်ရောက် လေ့ကျင့်ခွင့် ရရှိခဲ့ကြသည်။

လျှို့ဝှက် နယ်မြေများမှာ ဝင်ခွင့်စရိတ် မြင့်မားသည့်တိုင်အောင် ရရှိလာသည့် အကျိုးအမြတ်များမှာလည်း ထိုက်တန်လှပေသည်။ ဥပမာ အားဖြင့် မိစ္ဆာ စစ်ပွဲ လောကနယ်မြေတွင် ဆိုလျှင် ရာသီလေးခု ရှိကာ တစ်ခုချင်းစီမှာ ကျင့်စဉ်၊ အစီအရင်နှင့် ရည်ရွယ်ချက်တို့ကို အထူးပြု လေ့ကျင့်နိုင်အောင် ဖန်တီး ထားသည်။ ပါရမီ မြင့်မားသူများ ဆိုလျှင် အထွတ်အထိပ် ဒြပ်စင် ရည်ရွယ်ချက်များကိုပင် ဖန်တီးနိုင်ကြသည်။ ထို့အပြင် ပျက်သုဉ်းခြင်း ပုလဲတို့ ကဲ့သို့ ရတနာများကိုပါ ရှာဖွေ စုဆောင်း နိုင်ကြသည်။

မဟာစက်ဝန်း ရှန့်ထို ညီလာခံ အဆုံးသတ်ပြီးနောက် ငါးနှစ် အကြာတွင် ရွှေရောင် အသက်နန်းတော်မှာ သူတို့ပိုင် လျှို့ဝှက် နယ်မြေများကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင်... နောက်ခံ အဖွဲ့အစည်းများသာ ဆန္ဒ ရှိပါက သူတို့၏ ရွေးချယ်ခံများကို ကာကွယ်ရန် အတွက် အခကြေးငွေ ပေးကာ လျှို့ဝှက် အာဏာရှင် အဆင့်များကို စေလွှတ်နိုင်လိမ့်မည် ဖြစ်သည်။

လျှို့ဝှက် နယ်မြေများ ဖွင့်လှစ်သည်နှင့် တစ်ပြိုင်နက် အဆင့်နိမ့် အင်အားစုလေးများမှ လွဲ၍ အဖွဲ့အစည်းတိုင်း လိုလိုမှာ သူတို့၏ ပါရမီရှင်များ၊ ရွေးချယ်ခံများကို စေလွှတ် လေ့ကျင့် စေခဲ့သည်။ ထိုနည်းဖြင့် သူတို့မှာ မကြာခင် ရောက်ရှိလာတော့မည့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ထိပ်တန်း ပြိုင်ပွဲဝင်များကို မွေးထုတ်ပေးရန် မျှော်လင့် နေကြလေသည်။

***

All Chapters