ချိပ်ပိတ်နယ်မြေ အတွင်းရှိ ကောင်းချီးခံများ (၂)
Vol. 88 Ch. 1227
အကြွင်းမဲ့ စည်းစိမ်၏ ရွှေရောင် စစ်ပွဲ လောကနယ်မြေ အတွင်း၌...
“ပြေးကြ...”
လူကိုးယောက် ပါဝင်သည့် အနက်ရောင်ဝတ် လူအုပ်စု တစ်စုမှာ မတူ ကွဲပြားသည့် အရပ်မျက်နှာများထံသို့ ဦးတည်ကာ ထွက်ပြေးသွားကြသည်။ သူတို့မှာ ထိုကဲ့သို့ ထွက်ပြေးရာ၌ အတွေ့အကြုံ ရင့်ကျက်ကြပုံ ပေါ်လေသည်။
“မင်းတို့ လွတ်မယ် ထင်နေတာလား...”
နဖူးတွင် ကိုးရောင်ခြယ် အစက်တစ်ခု ရှိသည့် အဖြူရောင်ဝတ် လူငယ် တစ်ယောက်မှာ ခန့်ညား ထည်ဝါသည့် အမူအရာဖြင့် မူလ စွမ်းအင်များ ပါဝင်နေသာ အဖြူရောင် လှံတံကို မြေပြင်ထံသို့ ရိုက်ချလိုက်သည်။
ခရက်... ခရက်...
လူငယ်ကို ဗဟိုပြုကာ စက်ဝိုင်း ပုံသဏ္ဌာန် အက်ကွဲကြောင်းများမှာ အရပ် မျက်နှာ ရှစ်ခုကို အလွန် လျှင်မြန်စွာ ဖြန့်ကျက်သွား၏။ ထိုအက်ကွဲကြောင်းများမှ တစ်ဆင့် အဖြူရောင် လေစီးကြောင်း နံရံများပါ ထွက်ပေါ်လာကာ အနက်ရောင်ဝတ် လူများကို တားဆီးလိုက်သည်။
“ပျက်စီးစမ်း...”
ရန်သူ တစ်ယောက်က အော်ဟစ်လိုက်ရင်း လောကီ မျက်လုံး အဆင့် ကျင့်ကြံခြင်း အခြေခံကို ထုတ်ဖော် လိုက်၏။ ထို့နောက် လက်ထဲရှိ ဓားရှည်နှင့် အတူ သူက နံရံကို အားကုန် ထိုးဖောက် လိုက်သည်။
ဘုန်း... ဘုန်း...
နားစည်ကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ သို့သော်လည်း လေစီးကြောင်း နံရံများမှာ မပျက်စီးပဲ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။ ဝတ်စုံနက်ဝတ် လူ၏ မျက်လုံးများမှာ တုန်လှုပ်မှုများနှင့် ပြည့်နှက်လာကာ ကမူးရှူးထိုး ဖြစ်လာခဲ့သည်။
အပြောင်းအလဲများ မစတင်ခင်က ထိုကျင့်ကြံသူမှာ အချိန်သခင် အဆင့် ရွေးချယ်ခံ တစ်ယောက် ဖြစ်ခဲ့ကာ နှစ်ပေါင်း လေးရာကျော် ကျင့်ကြံထားသူ ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ သူ၏ ဓားမှာ ပါးလွှာပုံ ပေါ်သည့် လေစီးကြောင်း နံရံကိုပင် ထိုးဖောက်နိုင်စွမ်း မရှိခဲ့တော့ချေ။ ထို့အပြင် ၎င်းမှာ လောကသခင် အဆင့် တစ်ယောက်၏ စွမ်းအားဖြင့်သာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ရွှစ်...
ဝတ်စုံနက် နောက်တစ်ကြိမ် ထပ်မံ၍ မလှုပ်ရှားနိုင်ခင်မှာပင် လှံတစ်လက်မှာ သူ့ ရင်ဘတ်မှ ဖောက်ထွက်လာ၏။ အသက် ချမ်းသာပေးဖို့ မတောင်းပန်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်က လျှင်မြန်စွာ ဖောင်းကား လာခဲ့သည်။ ထို့နောက်တွင်တော့...
ဘုန်း...
ကြောက်မက်ဖွယ် ပေါက်ကွဲသံ တစ်ခုနှင့် အတူ သူ၏ ခန္ဓာကိုယ်မှာ သွေးမှုန်သွေးစများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားတော့၏။ ကြွင်းကျန်ရစ်သည့် တစ်ခုတည်းသော အရာက ဟင်းလင်းပြင် လက်စွပ် တစ်ကွင်းသာလျှင် ဖြစ်ပေသည်။
အဖြူရောင်ဝတ် လူငယ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ လက်စွပ်မှာ သူ့ထံသို့ ရောက်ရှိလာခဲ့၏။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် သူက ကျေနပ်စွာ ပြုံးလိုက်သည်။ ထို့နောက် သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသည့် မျက်ဝန်းများနှင့် အတူ အခြား ဝတ်စုံနက်များဘက်သို့ လှည့်လိုက်လေ၏။
ဝတ်စုံနက်ဝတ်များမှာ အန္တရာယ် ကျရောက်လာတော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်ကြလေရာ ချက်ချင်းပင် စုစည်း၍ ခုခံဖို့ ပြင်လိုက်ကြသည်။
သို့သော်လည်း... အဖြူရောင်ဝတ် လူငယ်မှာ နည်းနည်းလေးမျှ ဂရုစိုက်ပုံ မရပဲ သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်ဝင် သွားခဲ့၏။
မိနစ် အနည်းငယ် ကြာမြင့်ပြီး နောက်၌...
ဟူး... ဟူး...
လေစီးကြောင်း နံရံများမှာ ညင်သာစွာပင် ပြိုကျသွား၏။ အဖြူရောင်ဝတ် လူငယ်မှာ အေးဆေးစွာပင် အပြင်သို့ လမ်းလျှောက်ထွက် လာခဲ့သည်။ သူ၏ လက်ထဲတွင်တော့ ရွှေရောင် တလက်လက် တောက်ပနေသည့် သော့ တစ်ချောင်းကို ကိုင်ဆောင်ထား၏။
လူငယ်၏ မျက်လုံးများက ကျေနပ်သည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
“ဒီကောင်တွေကို ခြေရာခံဖို့ အချိန်တွေ အကြာကြီး ယူလိုက်ရပေမဲ့ ငါ ထင်ထားတဲ့ အတိုင်း သူတို့ဆီမှာ ရွှေအမတေသော့ရဲ့ နောက်ဆုံး အပိုင်း ရှိနေတာပဲ... အခု ငါ့မှာ ရောင်ခြည်တံခါးကို ရှာဖို့ပဲ ရှိတော့တယ်”
“လင်းမင်... ရွှေရောင်ခြည် အသီးက မင်းရဲ့ ဦးစားပေး ဆိုတာ မမေ့နဲ့... ခုချိန်မှာ မင်းရဲ့ အားနည်းချက်က မင်းရဲ့ ခန္ဓာကိုယ်ပဲ... ရွှေရောင်ခြည် အသီးကိုသာ သန့်စင်နိုင်မယ် ဆိုရင် မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်က နောက်တစ်ဆင့်ကို ရောက်သွားလိမ့်မယ်”
ရုတ်တရက် လင်းမင်၏ ဦးခေါင်းထဲ၌ အသံ တစ်ခု ပေါ်လာခဲ့ကာ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ လမ်းညွှန် လိုက်သည်။ လင်းမင် ခေါင်းညိတ်လိုက်၏။ ရွှေရောင်စစ်ပွဲ လောကနယ်မြေ အတွင်းရှိ အခက်ခဲဆုံး စမ်းသပ်မှုများထဲမှ တစ်ခု ဖြစ်သော ရောင်ခြည်တံခါးကို စိန်မခေါ်ခင် ပြင်ဆင်မှု တစ်ချို့ ပြုလုပ်ရန် သူ ဆုံးဖြတ် လိုက်သည်။ အသံပိုင်ရှင် ပြောသည့် ရွှေရောင်ခြည် သစ်သီးနှင့် ခန္ဓာကိုယ် သန့်စင်ခြင်းမှာ ရွှေရောင်စစ်ပွဲ လောကနယ်မြေ အတွင်းရှိ အခွင့်အရေးများကို သိမ်းပိုက်ရယူရာတွင် သူ့အတွက် အလွန် အထောက်အကူ ဖြစ်ပေလိမ့်မည်။
လင်းမင် ထွက်ခွာလုဆဲဆဲ အချိန်တွင် ပုံရိပ် တစ်ခုမှာ သူ့မြင်ကွင်း အတွင်း ပေါ်လာခဲ့၏။ ချိုမြိန်သည့် ပန်းရနံ့ တစ်ခုက သူ့ နှာသီးဝသို့ လွင့်ပျံလာသည်။ ပုံရိပ်ကို လှမ်းကြည့်ရင်း လင်းမင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။
ပုံရိပ်မှာ မိန်းကလေး တစ်ယောက် ဖြစ်ကာ ခန္ဓာကိုယ်ထက်တွင် ပန်းပွင့် ပုံသဏ္ဌာန် အမျိုးမျိုး ထိုးထားသည့် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက နီညိုရောင် ဆံနွယ်များကို ပိုင်ဆိုင်ထားကာ ခါးထက်တွင်တော့ အနီရောင် နှင်းဆီပွင့်များနှင့် ဓားအိမ် တစ်ခုကို ချိတ်ဆွဲထား၏။
“ငါ့ကို ပေးစမ်း...”
မိန်းကလေးက ထူးမခြားနား အမူအရာနှင့် အမိန့်ပေးလိုက်၏။ ချိုမြိန် မွှေးပျံ့သည့် သင်းရနံ့နှင့် ပြင်းထန်သည့် အမိန့်ပေးမှု... မိန်းကလေးမှာ ရန်လိုခြင်း၊ ချစ်စဖွယ် ကောင်းခြင်း တည်းဟူသော နည်းလမ်း နှစ်သွယ်လုံးဖြင့် အလွန် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလှပေသည်။
"သတိထား လင်းမင်... ဒီမိန်းကလေးက သာမန် မဟုတ်ဘူး...”
ခေါင်းအတွင်းရှိ အသံက လေးနက်သည့် လေသံဖြင့် သတိပေးလိုက်၏။
"မင်းက ဘယ်သူလဲ...”
လင်းမင် ပတ်ဝန်းကျင်ရှိ မန်နာများကို တိတ်တဆိတ် ထိန်းချုပ်ကာ တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ရင်း မေးလိုက်သည်။
“ဟုန်ချွင်းဟွာ...”
မိန်းကလေးက ထူးမခြားနား အမူအရာဖြင့် ပြောလိုက်၏။ လင်းမင်၏ မျက်လုံးများက ချက်ချင်းပင် ကျဉ်းမြောင်း သွားသည်။ ထိုနာမည်ကို သူ မည်ကဲ့သို့ မသိပဲ နေပါမည်နည်း။ သူမမှာ ဝေ့ဝူယင် ဦးဆောင်သည့် အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါ တစ်ယောက် ဖြစ်သည်။ လှံရိုးကို ဆုပ်ကိုင်ထားသည့် လင်းမင်၏ လက်များက ပိုမို၍ တင်းကြပ် သွား၏။
"အရူးပဲ...”
ဟုန်ချွင်းဟွာက ပေါ့ပေါ့ပါးပါးပင် မှတ်ချက် ပြုလိုက်သည်။ အဖြူရောင်ဝတ် လူငယ်မှာ တိုက်ခိုက်ရန် အသင့်ပြင် နေပြီ ဖြစ်လေရာ သူမ အတွက် ဆက်လက် ဆွေးနွေးနေစရာ မလိုတော့ချေ။ မိန်းကလေးက နှင်းဆီလွှမ်းသည့် ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
ထို့နောက်တွင်တော့ ချိုမြိန် သင်းပျံ့သည့် ရနံ့နှင့် စူးရှသည့် ဓားတေးသံတို့မှာ ဓားရည်ရွယ်ချက် တစ်ခုနှင့် အတူ ပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။
...
အကြွင်းမဲ့ စည်းစိမ်၊ သိုင်းတောင်တန်း လောကနယ်မြေ အတွင်း...၊ ရွှေရောင် အသက်နန်းတော်နှင့် အဆုံးမဲ့သိုင်းဂိုဏ်းတို့ ပူးတွဲ ပိုင်ဆိုင်ရာ လျှို့ဝှက် နယ်မြေ တစ်ခု၌...
ရွှေဖြူရောင် ဖောက်သည့် အနက်ရောင် ဆံပင်များနှင့် လူငယ်လေး တစ်ယောက်မှာ မြေအောက် ဘုရားကျောင်း အပျက်အစီး တစ်ခုကို စူးစမ်း ရှာဖွေ နေခဲ့လေသည်။ လက်ရှိ၌ လူငယ်လေးမှာ လှေကားတစ်ခုနားတွင် စိတ်လှုပ်ရှားသည့် မျက်ဝန်းများနှင့် ရပ်နေခဲ့ခြင်း ဖြစ်သည်။ ၎င်းလှေကား၏ အဆုံးသတ်တွင်တော့ ငွေရောင် ဆေးလုံး တစ်လုံး သိုလှောင်ထားသည့် ပုံဆောင်ခဲ တစ်ခု ရှိလေ၏။
ထိုဆေးလုံးက အခြား မဟုတ်...။ ဝေ့ဝူယင် ကိုယ်တိုင် ဖန်တီးထားခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးပင် ဖြစ်လေသည်။
“လူတစ်ဝက်... အယ်ဗန် တစ်ဝက်... ဆိုတော့ မင်းက ယီယွင်ပေါ့လေ...”
အရိပ်များထဲမှ ပဲ့တင်ထပ်သံ တစ်ခုနှင့် အတူ လည်ပင်းနှင့် လက်ကောက်ဝတ်များတွင် ဟင်းလင်းပြင် လက်စွပ်များကို သီကုံးချိတ်ဆွဲထားသည့် လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။
လူငယ်လေး၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ ပုံရိပ်ကို လှည့်ကြည့်လိုက်၏။ တစ်ခဏ အတွင်းမှာပင် သူ၏ မျက်လုံးများက ပိုမို၍ ထက်ရှလာသည်။ ထိုဆေးလုံးကို ရရှိရန် သူ စိတ်ပိုင်းဖြတ်ထားသည်။ မည်သည့် အကြောင်းရင်းနှင့်မှ အခြားလူတစ်ယောက် လက်သို့ အပါမခံနိုင်ပါချေ။ ထို့ကြောင့်ပင် လက်ဦးမှု ရယူကာ စတင် တိုက်ခိုက် လိုက်လေ၏။
ဘုန်း...
ကြောက်မက်ဖွယ် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားများ ပါဝင်နေသော လက်သီး တစ်ချက်မှာ ပေါက်ကွဲသွားကာ ပုံရိပ်ထံသို့ ဦးတည် တိုးဝင် သွားသည်။
ကျူးကျွင်းက အသာအယာပင် ပြုံးလိုက်၏။ သူ၏ ခန္ဓာကိုယ်က အားစိုက်ထုတ်စရာ မလိုပဲ ဘေးသို့ ရွေ့လျား သွားကာ ကြောက်မက်ဖွယ် လက်သီးချက်ကို ရှောင်ရှားလိုက်သည်။
ဘုန်း...
လူငယ်လေး၏ လက်သီးချက်က နောက်ရှိ နံရံကို ထိမှန်သွားလေရာ ဘုရားကျောင်း တစ်ခုလုံးမှာ ငလျင်လှုပ်သလို တုန်ခါသွားခဲ့၏။
“တကယ် စိတ်မြန်တာပဲ...”
ကျူးကျွင်းက မှတ်ချက်ပြုလိုက်ရင်း သူ၏ လေးကို ထုတ်ယူလိုက်၏။
“အရှင်ဝေ့ ကိုယ်တိုင်က စိတ်ဝင်စားလောက်ရတဲ့ အထိ မင်း ဘယ်လောက် အစွမ်းထက် သလဲ ဆိုတာ ကြည့်လိုက်ရသေးတာပေါ့”
...
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် မလှမ်းမကမ်းရှိ နတ္ထိ ဟင်းလင်းပြင် အတွင်းတွင် ဦးတည်ရာမဲ့ ရွေ့လျားနေသည့် လေလွင့်ကောင်းကင် တစ်ခု ရှိနေလေ၏။
ယနေ့...
ဘုန်း...
ပြင်းထန်သည့် ပေါက်ကွဲသံ တစ်ခုနှင့် အတူ လေလွင့် ကောင်းကင်မှာ ဥက္ကာခဲ အပိုင်းအစ များစွာ အဖြစ် ပေါက်ကွဲ သွားခဲ့၏။ ပေါက်ကွဲမှု၏ ဗဟိုချက်တွင်တော့ မျက်နှာဖုံးတပ် ပုံရိပ် တစ်ခု ရပ်နေခဲ့သည်။ သူ၏ အော်ရာမှာ ပြင်းထန်သည့် အရှိန်အဟုန်နှင့် တမြေ့မြေ့ လောင်ကြွမ်းနေကာ လောက တစ်ခုလုံးကိုပင် ပြာချ ပစ်တော့မည့်ဟန် ရလေ၏။
“ဒီဓားစုတ်ကို သုံးရတာ တော်တော် ခက်တယ်... ချီးပဲ... ယွင်ချွဲ... မင်း လောဘကြီးချင်ဦး... ဒီတစ်ခေါက် လျှို့ဝှက် စွမ်းအင်တွေကို ပြန်ပြီး ကောင်းလာဖို့ ဘာလို့ ဒီလောက် အချိန်ကြာရတာလဲ”
မျက်နှာဖုံးတပ်က ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်၏။ ကျင့်ကြံခြင်း အခြေခံ ပိုမို မြင့်မားလာသည်နှင့် အမျှ စွမ်းအင်၏ တန်ဖိုးမှာလည်း ပိုမို မြင့်မားလာကြောင်း သူ မှတ်ချက်ချလိုက်မိသည်။ ထို့ကြောင့်ပင် ထိပ်တန်း အဆင့် ကျင့်ကြံသူများမှာ တိုက်ခိုက်ဖို့ လက်တွန့်ကြခြင်း ဖြစ်ပေလိမ့်မည်။
လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်နှင့် ရင်းမြစ် တစ်ခုမှ မသုံးပဲ ပြန်လည် ကောင်းမွန်လာဖို့ အတွက် သူ ဆယ်စုနှစ် တစ်ခု နီးပါးလောက် အထိ အချိန်ယူခဲ့ရပေသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် ခွန်အားများ ပြန်လည် ရရှိလာပြီ ဖြစ်လေရာ သူခိုးမများကို ရှာဖွေဖို့ အချိန်အခါ ကျရောက်လာခဲ့ပြီ ဖြစ်လေသည်။
“ပင်းမျိုးနွယ်...”
ဝေ့ဝူယင်က မိစ္ဆာ ကောင်းချီးခံ အဖြစ် သတ်မှတ်ထားသည့် ယွင်ချွဲ တစ်ဖြစ်လည်း အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ မျက်လုံးများက အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ပင်းကလန် တည်ရှိရာ နေရာကို လှမ်းကြည့်ရင်း စူးရဲစွာ တောက်ပလာခဲ့တော့၏။
***