အရိပ်ထဲမှ လှုပ်ရှားမှုများ
Vol. 88 Ch. 1228
ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ချိပ်ပိတ် နယ်မြေအတွင်းမှ ကောင်းချီးခံများစွာမှာ စွန့်စားမှုများ၊ အန္တရာယ်များကို ဖြတ်ကျော်ရင်း အဖိုးတန်လှသည့် ကမ္မ ကံကောင်းမှုများကိုလည်း လက်ခံ ရရှိနေခဲ့ကြလေသည်။ ရွှေရောင် အသက်နန်းတော်၏ ဒါဇင်နှင့် ချီသော လျှို့ဝှက် နယ်မြေများမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြားရှိ လူငယ် ပါရမီရှင်များကို လက်ခံကာ ကမ္မကံကောင်းမှုများကို ဆောင်ကျဉ်းရာ၍ အလွန် အရေးပါသော မီးလျှံ မီးတောက်များ အဖြစ် ဆောင်ရွက် နေခဲ့ကြလေသည်။
အထူးသဖြင့် လွန်ခဲ့သည့် သုံးနှစ် အတွင်း မဟာစက်ဝန်းကြယ်ကွင်းပြင်တွင် ကမ္မ လျှော့ချမှုများစွာမှာ ရုတ်ချည်းဆိုသလို ဖြစ်ပေါ်လာနေခဲ့ကာ အားထုတ်မှု အနည်းငယ်ဖြင့်ပင် ကောင်းချီးခံများကို သူတို့၏ ကမ္မ ကံကောင်းမှုများထံ ပို့ဆောင်ပေးနေခဲ့သည်။ သို့သော်လည်း... တစ်ချိန်တည်း၌ အရိပ်ထဲမှ လက်တစ်ဖက်မှာ တိတ်တဆိတ် လှုပ်ရှားနေခဲ့ကာ ကောင်းချီးခံများကို ကောင်းကင်တာအိုပင် ခုခံဖို့ ခက်ခဲသည့် တွေ့ဆုံမှုများထံ လမ်းညွှန်ပေးနေခဲ့လေသည်။
ထိုကာလများ အတွင်း၌ ကောင်းချီးခံများမှာ ထူးဆန်းသည့် ပါရမီများနှင့် လျှို့ဝှက် ဆန်းကြယ်လှသော စိန်ခေါ်သူများကို မကြာခဏ ဆိုသလို ကြုံတွေ့နေခဲ့ရလေသည်။ စိန်ခေါ်သူများက သူတို့၏ တိုက်ခိုက်ရေး၊ ဉာဏ်ပညာနှင့် ကံကောင်းမှုများကို နည်းလမ်း ပေါင်းစုံဖြင့် စမ်းသပ်ခဲ့ကြသည်။ ကံကောင်း ထောက်မစွာပင် စိန်ခေါ်သူများမှာ ကောင်းချီခံများကို သတ်ဖြတ်ခြင်း မပြုခဲ့ချေ။ သူတို့က ဆက်သွယ်မှုများကိုသာ တည်ဆောက်ကာ နည်းလမ်း အမျိုးမျိုးဖြင့် သူတို့၏ အောင်မြင်မှုများကို စောင့်ကြည့်ခဲ့ကြလေသည်။
အာဏာရှင် အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် လီယွင်ကူးသည် ပတ္တမြား လည်ဆွဲနှင့် ရှေးဟောင်း နတ်ဆိုး ဝိညာဉ် ပိုင်ရှင် ကောင်းချီးခံ တစ်ဦးကို တွေ့ရှိခဲ့သည်။ သူ၏ အားထုတ်မှုများက နတ်ဆိုး ဝိညာဉ်ကို နိုးထစေခဲ့ကာ ကောင်းချီးခံမှာ လျှို့ဝှက် ဝိညာဉ် အဆင့် စွမ်းအားများကို ရုတ်တရက် ထုတ်ဖော်လာနိုင်ခဲ့သည်။ သို့သော်လည်း... လီယွင်ကူးကတော့ ထာဝရ ကြယ်တာရာ အလင်း ဆေးတောင့်ကို သုံးကာ တမုဟုတ်ချင်း လွတ်မြောက် သွားခဲ့သည်။ ၎င်းမှာ အရည်အသွေးနိမ့် ဆေးတောင့် တစ်ခုသာ ဖြစ်သည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့်နှစ် တစ်ယောက်၏ လက်မှ အတားအဆီး မရှိ လွတ်မြောက်နိုင်စွမ်း ရှိပေသည်။
အာဏာရှင် အဖွဲ့ဝင်များစွာမှာ ကိုယ်စီ ပစ်မှတ်များကို ရှာဖွေခဲ့ကြကာ တစ်ချို့မှာလည်း အံ့အားသင့်ဖွယ် ခုခံမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ပြိုင်စံရှား ရတနာများ၊ အစွမ်းထက် ကျင့်စဉ်များ၊ အစီအရင်များမှ အစ၊ ရှေးဟောင်း သွေးမျိုးဆက်များနှင့် ဝူယုလို အစွမ်းထက် ဝိညာဉ်များ အထိ မျိုးစုံ တွေ့ခဲ့ရသည်။ ထိုအချက်က ကောင်းကင်တာအိုမှာ အခြား တည်ရှိမှုများလိုပင် ခန့်မှန်းဖို့ သိပ်မခက်ခဲကြောင်း ရှင်းလင်း စေခဲ့သည်။
အကြိမ် အများစု၌ အာဏာရှင် အဖွဲ့ဝင်များမှာ သူတို့၏ ပစ်မှတ်များကို အနိုင်ယူနိုင်ခဲ့ပေသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင်တော့ အံ့အားသင့်ဖွယ် တုန့်ပြန်မှုများကြောင့် ထွက်ပြေးခဲ့ရသည်။
အနိုင်ရရှိခဲ့သည့် အကြိမ်များ၌ သူတို့မှာ ကောင်းချီးခံများကို အသက် ချမ်းသာ ပေးခဲ့ကာ အချို့ထံမှ ယုံကြည်မှုများကို ရယူခဲ့ကြသည်။ သူတို့၏ မူလ ဇစ်မြစ်နှင့် ကံကြမ္မာများကို လေ့လာ ခဲ့ကြသည်။ ထို့နောက်တွင်တော့ ကောင်းမွန်သည့် ကံကြမ္မာများနှင့် အတူ သူတို့ကို ချန်ထားရစ်ခဲ့သည်။ သူတို့ ပေးအပ်ခဲ့သည့် တစ်ချို့သော ကံကောင်းမှုများက ကောင်းချီးခံများကို အဆုံးမဲ့ ပျော်ရွှင်များနှင့် ကြုံတွေ့စေခဲ့လေသည်။ ထို့နောက်တွင်တော့... သူတို့မှာ လျှို့ဝှက် ဆန်းကြယ်သည့် စီနီယာများလိုပင် ထူးဆန်းစွာပင် ပြန်လည် ပျောက်ကွယ် သွားခဲ့ကြသည်။
အာဏာရှင် အဖွဲ့ဝင်များ အနက် များစွာမှာ အသက် ရာဂဏန်းခန့် အထိ ရောက်ရှိနေကြသူများ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့မှာ လူငယ်များနှင့် ယှဉ်ပြိုင် တိုက်ခိုက်ကာ သူတို့၏ ကံကောင်းမှုများကို လောဘတကြီး လုယူရန် ဆန္ဒ မရှိကြပါချေ။ သူတို့ အားလုံးမှာ ကိုယ်ပိုင် နည်းလမ်းများနှင့် အတူ စိတ်ရှည်ကာ ကြင်နာ သနား တတ်ကြသူများ ဖြစ်သည်။
အာဏာရှင် အဖွဲ့ဝင်များ ရှာဖွေနေကြသည့် အစစ်အမှန် ပစ်မှတ်ကတော့ ယနေ့ထက်ထိတိုင်အောင် လျှို့ဝှက် ဆန်းကြယ်စွာဖြင့် တည်ရှိနေဆဲ ဖြစ်လေသည်။
...
ရှေးဟောင်း ကောင်းကင် နယ်မြေ...
ရှေးဟောင်း ကောင်းကင် နယ်မြေမှာ ထာဝရ နယ်မြေ အတွင်း တည်ရှိသည့် အသေးစား အရွယ် လောကနယ်မြေ တစ်ခု ဖြစ်သည်။ ၎င်း၏ ကောင်းကင်တွင်တော့ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ပါ နေကြယ်ပု တစ်စင်း ထွန်းလင်း နေခဲ့သည်။ ထိုခါးပတ်မှာ ပြီးပြည့်စုံခြင်း မရှိသည့်တိုင်အောင် ဖြာထွက်နေသည့် အမတေ စွမ်းအင်များကတော့ အဆင့်မြင့် အရည်အသွေးကို ကျော်လွန်နေပေသည်။ ၎င်း၏ အရည်အသွေးက အနိမ့်ဆုံး အထွတ်အထိပ် အဆင့်လောက် ရှိပေလိမ့်မည်။
ဂြိုဟ်၏ မျက်နှာပြင်မှာ သစ်ပင်ပန်းမန်များ၊ ရေချို ရေကန်ကြီးများ၊ တောင်ကုန်း တောင်တန်းများနှင့် အဖြူရောင် တိမ်တိုက်များ ပြည့်နှက်နေသည့် ဂေဟစနစ် တစ်ခုကို ပိုင်ဆိုင်ထားသည်။ ကမ္ဘာတစ်ခုလုံးမှာ ကြွယ်ဝမှုနှင့် စင်ကြယ်မှု တည်းဟူသော ခမ်းနားသည့် ခံစားချက် တစ်ခုကို ပေးနိုင်စွမ်း ရှိသည်။ ၎င်းမှာ စန်းလော့ယန် ကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် လောကနယ်မြေပင် ဖြစ်လေသည်။
အခြား လောကနယ်မြေများနှင့် ခြားနားစွာပင် ရှေးဟောင်း ကောင်းကင် နယ်မြေမှာ စန်းလော့ယန်၏ ကိုယ်ပိုင် စီမံကိန်း ဖြစ်သည်။ ထာဝရ အစည်းအရုံး အတွင်းတွင်ပင် ထိုလောကနယ်မြေ အကြောင်း သိရှိသူ များစွာ မရှိလှချေ။ စန်းလော့ယန် ကိုယ်တိုင် ရွေးချယ်ထားသည့် လူအနည်းငယ် သာလျှင် ထိုနေရာကို ဝင်ရောက်ခွင့် ရှိကြသည်။
စန်းလော့ယန်မှာ အားလပ်ချိန်များတွင် ရှေးဟောင်း ကောင်းကင် နယ်မြေ အတွင်း ဝင်ရောက်ကာ နောက်ဖေးခြံမှ ဥယျာဉ် တစ်ခုလိုမျိုး ပြုစု ပျိုးထောင်ခဲ့သည်။ အမျိုးမျိုးသော သစ်ပင် ပန်းမန်များ၊ ရှားပါး ဆေးပင်များကို စနစ်တကျ ကြီးထွားစေခဲ့သည်။
ထိုလောကနယ်မြေကြီး၏ အရှေ့ပိုင်းတွင်တော့ ရေဒြပ်စင် စွမ်းအင်များနှင့် ပြည့်နှက်နေသည့် ကြည်လင်သော ရေအိုင်ကြီး တစ်ခု ရှိနေခဲ့လေသည်။ ထိုရေအိုင်ကြီး၏ နံဘေးတွင်တော့ အငွေ့အသက် သုံးခုမှာ အကွာအဝေး တစ်ခု ခြားနားကာ တည်ရှိနေခဲ့သည်။ သူတို့ သုံးယောက်မှာ အပျက်အစီး နိုဗာ ဖြစ်စဉ်တွင် မိစ္ဆာ ကောင်းချီးခံထံမှ ကံကောင်းမှုကို လုယက်ခဲ့သည့် သူခိုး သုံးဦး တစ်ဖြစ်တည်း စန်းယွန်းလီ၊ ဝိညာဉ် လမ်းလျှောက်သူနှင့် အေးခဲခြင်းလေ ပင်းထျန်းတို့ပင် ဖြစ်လေသည်။
ရေကန်ကြီး၏ နံဘေးတွင်သူတို့ သုံးယောက်မှာ ကိုယ်ပိုင်နည်းလမ်းများနှင့် ကျင့်ကြံနေကြခြင်း ဖြစ်သည်။ ပင်းထျန်းမှာ ရေခဲ အခြေပြု လျှို့ဝှက် ကျောက်တုံး တစ်ခုကို စုပ်ယူနေကာ ဝိညာဉ် လမ်းလျှောက်သူမှာ ဖြူရော်သည့် အမူအရာနှင့် တရားထိုင် နေခဲ့သည်။
အခြားတစ်ဖက်၌ စန်းယွန်းလီကတော့ မြူနှင်းများ ဝန်းရံနေသည့် စက်ဝိုင်း ပုံသဏ္ဌာန် အရိပ် တစ်ခုကို ကိုင်ဆောင်ထားခဲ့သည်။ ထိုအရာက ကောင်းကင်လောက အမြုတေပင် ဖြစ်လေသည်။
ထိုအခိုက်၌... မိန်းကလေးမှာ အလွန် ရှားပါးသည့် နည်းလမ်း တစ်ခုကို သုံးကာ ကောင်းကင် လောက အမြုတေထဲမှ ကောင်းကင် မန်နာ စီးကြောင်းကလေးများကို ထုတ်ယူ နေခြင်း ဖြစ်သည်။ ပြင်းထန်စွာ အားထုတ်နေရသည့် လက္ခဏာ အဖြစ် သူမက အံကို တင်းတင်းကြိတ်ထားရကာ အသက်ရှူသံများမှာလည်း လေးပင် နေခဲ့လေသည်။ သို့သော်လည်း မန်နာစီးကြောင်းများ ထျန်းတျန် အတွင်း ရောက်ရှိသွားသော အခိုက်တွင်တော့ သူမ၏ ခန္ဓာကိုယ်က တောက်ပသည့် အလင်းတန်းများနှင့် စတင်ကာ လင်းလက် လာနေခဲ့လေသည်။
နာရီအနည်းငယ် ကြာမြင့်ပြီး နောက်တွင်တော့ မိန်းကလေး၏ နဖူးမှာ ချွေးစေးများနှင့် စိုရွှဲနေခဲ့ကာ လက်ချောင်းများမှာလည်း တုန်ရီလာခဲ့သည်။ ပုံမှန်အားဖြင့် လှပနေတတ်သည့် သူမ၏ အမူအရာက စတင်၍ တင်းမာလာကာ သွေးကြောများမှာ လည်ပင်းနှင့် ရင်ဘတ် တစ်ဝိုက်တွင် ထင်ရှားစွာ ပေါ်လွင် လာခဲ့လေသည်။
စန်းယွန်းလီမှာ လွန်ခဲ့သည့် ရှစ်နှစ်လုံးလုံး ကောင်းကင် လောက အမြုတေထဲမှ ကောင်းကင် မန်နာများကို ဂရုတစိုက် ထုတ်ယူကာ ကျင့်ကြံခြင်း ဝိညာဉ်ကို အသုံးပြု၍ သန့်စင်ဖို့ ကြိုးပမ်း နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ ထိုအပတ်တကုပ် အားထုတ်မှု အားလုံးမှာ ကျင့်ကြံခြင်း ဝိညာဉ် သေမျိုး အဆင့်ကို ချိုးဖျက်ကာ မူလ အဆင့်ကို ရောက်ရှိစေဖို့ ဖြစ်သည်။ သူမ၏ ကြိုးပမ်းမှုများက နှေးကွေးသယောင် ထင်ရသည့်တိုင် ကျင်းကျူး၏ နှစ်ပေါင်း နှစ်ရာကျော် အားထုတ်မှုများနှင့် နှိုင်းယှဉ်ပါက အလွန်တရာပင် မြန်ဆန်လွန်းလှပေသည်။
ထိုအချက်က ကောင်းကင် မန်နာများမှာ မည်မျှ ထိတ်လန့် အံ့သြဖွယ်ရာ ကောင်းကြောင်း ရှင်းလင်းစွာပင် ဖော်ပြနေပေသည်။
သန့်စင်မှု ပြီးမြောက်ပြီးနောက် စန်းယွန်းလီ အသက်ကို ညင်သာစွာ ရှူထုတ် လိုက်၏။
“နောက်ထပ် တစ်ခု...”
ကိုယ့်ရည်မှန်းချက်ကို ပြန်လည် သတိပေးလိုက်ရင်း မိန်းကလေး အားတင်း လိုက်သည်။ သူမ ကျင့်ကြံနေသည့် နည်းလမ်း အရ ဆိုလျှင်... နောက်ထပ် ကောင်းကင် မန်နာ တစ်မျှင်ကို ထပ်မံ သန့်စင်နိုင်သည်နှင့် မူလ အဆင့်ကို ရောက်ရှိလိမ့်မည် ဖြစ်သည်။ မည်သည့် မူလ အဆင့်ကို ပိုင်ဆိုင်မည် ဖြစ်ကြောင်း မခန့်မှန်းနိုင်သော်လည်း သူမထံတွင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် ဝိညာဉ် တစ်ခု အခြေခံ ရှိနေခြင်းကို ထောက်ချင့်ရပါက မူလ အဆင့်နှစ်၊ သို့မဟုတ် အဆင့်သုံးလောက် ဖြစ်နိုင်သည်။
လက်ထဲရှိ ကောင်းကင်လောက အမြုတေကို ငုံ့ကြည့်ရင်း မိန်းကလေး၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် တောက်ပ လာခဲ့၏။ သူမသာ ထိုကောင်းကင်လောက အမြုတေ တစ်ခုလုံးကို သန့်စင်နိုင်ပါက မူလ အဆင့် ခုနစ်ကိုပင် ရောက်ရှိနိုင်လိမ့်မည် ဖြစ်သည်။
“အဟွတ်... အဟွတ်...”
ချောင်းဆိုးသံများ ထွက်ပေါ်လာ၏။ မိစ္ဆာ ကောင်းချီးခံနှင့် တိုက်ပွဲတွင် ဝိညာဉ် လမ်းလျှောက်သူမှာ ခန္ဓာနှင့် ကျင့်ကြံခြင်း အခြေခံ နှစ်ခုစလုံးတွင် ပြင်းထန်သည့် ထိခိုက် ပျက်စီးများနှင့် ကြုံတွေ့ခဲ့ရသည်။ ယခုလို အဘက်ဘက်မှ ပြည့်စုံကာ ရင်းမြစ် ပေါကြွယ်ဝလှသည့် ပတ်ဝန်းကျင်မျိုးတွင် ကျင့်ကြံနေရသည့်တိုင် သူမမှာ ဆယ်ရာခိုင်နှုန်းမျှပင် ပြန်လည် မကောင်းပါသေးချေ။ သူမထံ၌ လျှို့ဝှက် မြေကြီး အဆင့် ပြန်လည် ကုသရေး အဂ္ဂိရတ် ထုတ်ကုန်များ မရှိသလို စန်းယွန်းလီထံတွင်လည်း မရှိပါချေ။
သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် အနေဖြင့် သူမ ရရှိထားသည့် ဒဏ်ရာ အတိုင်းအတာကို ထည့်သွင်း စဉ်းစားရပါက အပြည့်အဝ ပြန်လည် ကောင်းမွန်ရန် အနည်းဆုံး နှစ်ပေါင်း ရှစ်ဆယ်မှ တစ်ရာလောက်ထိ ကြာမြင့်လိမ့်မည် ဖြစ်သည်။ ဝိညာဉ် လမ်းလျှောက်သူ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကျင့်ကြံသူ တစ်ယောက်မှာ ပိုမို၍ အစွမ်းထက်လာလေလေ ဒဏ်ရာကုသရန် ကုန်ကျစရိတ်များ ပိုမို၍ များပြားလေလေ ဖြစ်သည်။ သူမ လျှို့ဝှက် ဝိညာဉ် အဆင့်တွင် ရှိခဲ့စဉ်တုန်းက ဆိုလျှင် အလားတူ ဒဏ်ရာများကို ဆယ့်ငါးနှစ် အတွင်း ပြန်လည် ကုသနိုင်စွမ်း ရှိပေသည်။
မည်သို့ပင် ဆိုစေကာမူ... လက်ရှိ၌ သူမမှာ အသက်ရှင်နေဆဲ ဖြစ်သလို ရှင်သန်ရန် နှစ်ထောင်ပေါင်းများစွာသော သက်တမ်းများလည်း ကျန်ရှိနေသေးဆဲ ဖြစ်သည်။ ထိုအတွေးနှင့် အတူ သူမ ကိုယ့်ကိုယ်ကို အားတင်းလိုက်ကာ စိတ်ဓာတ်ကျမှုများကို သက်သာရာရစေဖို့ ကြိုးပမ်းလိုက်၏။
ပင်းထျန်းမှာလည်း ပြန်လည် ကောင်းမွန်နေဆဲ ဖြစ်သည်။ သို့သော်လည်း... သူမ၏ လက်မောင်းများက အပြည့်အဝ ပြန်လည် ဖွံ့ဖြိုးခဲ့ပြီး ဖြစ်ကာ ကုန်ဆုံးသွားသည့် စွမ်းအင်များကို ပြန်လည် ကျင့်ကြံရန်သာ လိုပေသည်။ သို့သော်လည်း... နှလုံးသားထဲ၌ အမျိုးအမည် မဖော်နိုင်သည့် ဖိအား တစ်ခုကို သူမ အမြဲတမ်း ခံစားနေရ၏။
အဘယ်ကြောင့်မှန်း မသိသော်လည်း ကြောက်မက်ဖွယ် ကပ်ဘေး တစ်ခု မကြာခင် ကျရောက်လာတော့မလိုမျိုး သူမ သေချာ နေခဲ့လေသည်။
***