လက်သည်းနှင့် အစွယ်များ
Vol. 88 Ch. 1230
ထာဝရ နယ်မြေ၏ အစွန်အဖျား တစ်နေရာ...
အဆုံးမဲ့ ကောင်းကင်၏ ဧရာမ နေကြယ်ကြီးနှင့် ဝေးကွာလှသည့် အလင်းရောင် မှိန်ဖျဖျ တစ်နေရာတွင် ရဲရဲနီသော အဆင်းကို ထုတ်လွှတ်နေသည့် အထီးကျန် ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခု ရှိနေခဲ့လေသည်။ ၎င်းမှာ အများအားဖြင့် ခြောက်သွေ့နေတတ်ကာ ဂေဟစနစ် တစ်ခုကို ဖန်တီးပေးနိုင်သည့် လေထုအလွှာ မရှိပေ။
ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားထက်တွင် အမြင့်ပေ နှစ်သောင်း ရှိသည့် တောင်တောင်း တစ်ခု ရှိခဲ့သည်။ ၎င်းမှာ ဂြိုဟ်မျက်နှာပြင်ထက်၌ အမြင့်ဆုံး ဖြစ်လေရာ အဝေးမှ ကြည့်ရုံဖြင့်ပင် ထင်ရှားစွာ ပေါ်လွင် နေခဲ့လေသည်။ ထိုတောင်တန်း၌ စုစုပေါင်း တောင်ထွတ် ငါးခု ပါဝင်ကာ ခပ်လှမ်းလှမ်းမှ ကြည့်ပါက လက်ငါးချောင်း ပါဝင်သည့် လက်ဖဝါး တစ်ခုနှယ် ခံစားရလိမ့်မည် ဖြစ်သည်။ လက်ခလည်ကို ကိုယ်စားပြုသည့် အမြင့်ဆုံးသော တောင်ထိပ် ထက်တွင်တော့ ခြေဗလာနှင့် ပုံရိပ် တစ်ခုမှာ လက်နှစ်ဖက်ကို ပေါင်ပေါ်၌ ထားကာ တိတ်တဆိတ် တရားထိုင် နေခဲ့လေသည်။ သူက ရင်ဘတ် ဟကွဲနှင့် မီးခိုးရောင် ခပ်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထား၏။
ဝှစ်... ဝှစ်...
အလွန် ဝေးကွာသည့် တစ်နေရာမှ ဟင်းလင်းပြင် သင်္ဘောတစ်စင်း ချဉ်းကပ်လာခဲ့သည်။ ၎င်းမှာ ကိုယ်ထည်ပေါ်တွင် အမျိုးမျိုးသော နှင်းဆီပန်း ပုံစံများ ခြယ်သထားသည့် အသေးစား ယဉ်တစ်စင်းပင် ဖြစ်သည်။ လေမော်လီကျူးများ မရှိသော အမှောင် ဟင်းလင်းပြင်ထဲတွင်ပင် ၎င်းကို မြင်ရုံမျှဖြင့် မွှေးပျံ့သည့် ရနံ့ တစ်ခု ထွက်ပေါ်လာသလို လူတိုင်း ခံစားရလိမ့်မည် ဖြစ်သည်။
တဒင်္ဂ အတွင်းမှာပင် ဟင်းလင်းပြင် သင်္ဘောမှာ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ ဆွဲငင်အား သက်ရောက်ရာ စက်ဝိုင်း အတွင်း ဝင်လာခဲ့သည်။ ဟင်းလင်းပြင် သင်္ဘော၏ ဦးပိုင်းတွင်တော့ ချောမောသည့် ရုပ်ရည်နှင့် အမိန့်ပေးနိုင်စွမ်း ရှိသည့် နီညိုရောင် ဆံပင်ပိုင်ရှင် ဓားသမား မိန်းကလေး တစ်ယောက် ရှိနေခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ၏ မျက်လုံးများက ထူးထူးခြားခြား စိုးရိမ် ပူပန်မှု အလင်းရောင်တို့နှင့် တောက်ပနေကာ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို လှမ်းငေးကြည့် နေခဲ့လေသည်။
ဟုန်ချွင်းဟွာ...
သူမက အခြားလူ မဟုတ်။ အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါ တစ်ဖြစ်လည်း ကျော်ကြား ထင်ရှားသည့် ဓားသမား ဟုန်ချွင်းဟွာပင် ဖြစ်လေသည်။
လောက၌ ဟုန်ချွင်းဟွာ ကြောက်လန့်ရသူ များများစားစား မရှိချေ။ သုံးယောက်သော ပုဂ္ဂိုလ်များ သာလျှင် သူမအား ကျောရိုးများ စိမ့်တက်သည် အထိ ကြောက်ရွံ့သော ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။ ပိုမို၍ တိတိကျကျ ဆိုရလျှင် လူသား နှစ်ယောက် ရှို့ရန် တစ်ယောက် ဖြစ်သည်။
ပထမ တစ်ဦးက ဝေ့ဝူယင် ဖြစ်သည်။ လူငယ်မှာ သူမတို့၏ အာဏာရှင် အင်ပါယာ ဖြစ်ကာ လက်ရှိ သူမ ရရှိထားသည့် အောင်မြင်မှု အားလုံး၏ ပဲ့ကိုင်ရှင်လည်း ဖြစ်သည်။ ချစ်ခင်မှု၊ လေးစားမှု၊ ကြောက်ရွံ့မှုများနှင့် အတူ ဝေ့ဝူယင်မှာ သူမ အတွက် နတ်ဘုရား တစ်ပါး သဖွယ် ဖြစ်သည်။
ဒုတိယတစ်ဦးကတော့ စုမေ့ ဖြစ်သည်။ သူမမှာ ဝေ့ဝူယင်၏ ညာလက်ရုံး ဖြစ်ကာ မျက်နှာချင်းဆိုင် တွေ့လိုက်သည့် အကြိမ်တိုင်း တုန့်ပြန် တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်ဟူသော ခံစားချက်မျိုးကို ခံစားရသည်။ ထိုခံစားချက်မှာ အပေါ်ယံ သက်သက် မဟုတ်ပဲ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး တစ်နေရာမှ ထွက်ပေါ်လာသည့် အန္တရာယ် သတိပေးချက် ဖြစ်ပေသည်။
တတိယ တစ်ဦးကတော့ ဤဂြိုဟ်သိမ်ဂြိုဟ်မွှားကို ကိုယ်ပိုင် အဖြစ် ကြေညာထားသည့် ပုဂ္ဂိုလ်ပင် ဖြစ်လေသည်။ သူ၏ စွေးစွေးနီသော မျက်လုံးများက အချိန်မရွေး သွေးချောင်းစီးမှု တစ်ခုကို ဖော်ထုတ်ရန် အသင့် ရှိနေသယောင် ထင်ရသည်။ မွေးရာပါ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသည့် ထိုရှု့ရန်၏ အကြည့်များကို ပြန်လည် အမှတ်ရရင်း ဟုန်ချွင်းဟွာမှာ လည်ချောင်းများ ခြောက်ကပ်လာသလိုပင် ခံစားလိုက်ရသည်။
ကျူးဟိုင်...
ဝေ့ဝူယင်နှင့် စုမေ့တို့ပင် သူမကို ဤအဆင့်လောက် အထိ မအီမသာ မဖြစ်စေနိုင်ခဲ့ချေ။
ဝှစ်... ဝှစ်...
ဟုန်ချွင်းဟွာ ဟင်းလင်းပြင် သင်္ဘောကို ကျွမ်းကျင်စွာပင် ဆိုက်ကပ်လိုက်၏။ ထို့နောက် လေးပင်စွာ အသက်ရှူလိုက်ရင်း လက်ဟန် ချိပ်စည်း တစ်ခုကို ဖန်တီးကာ ကျူးဟိုင်ထံသို့ ဝိညာဉ်လှိုင်းတစ်ခုကို ပို့လွှတ်လိုက်သည်။
“...”
ရုတ်တရက် အသက်ရှူသံ တစ်ခုကို ကြားလိုက်ရကာ နောက်ကြောဘက်တွင် တစ်ခုခု တည်ရှိနေသလိုမျိုး သူမ ခံစားလိုက်ရ၏။ ဟုန်ချွင်းဟွာ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။ ထိုခဏတွင်ပင် သေခြင်းတရား၏ ရနံ့ကို သူမ ရှရိခဲ့၏။ ကျောရိုးအား လွှမ်းခြုံထားသည့် အေးစက်စက် ခံစားချက်ကို ဖယ်ရှားရန် အတွက် သူမ ကျင့်ကြံခြင်း အခြေခံကို ခပ်မြန်မြန်ပင် လှည့်ပတ် လိုက်သည်။
ထို့နောက် အာဏာရှင် အဖွဲ့၏ ပထမ ကွန်မန်ဒါ ဆိုသော အဆင့်အတန်းကို ထိန်းသိမ်းရန် အတွက် တည်ငြိမ် အေးဆေးသော မျက်ဝန်းများနှင့် သူမ နောက်ကို လှည့်ကြည့်လိုက်သည်။
ကျူးဟိုင်မှာ အမှန်တကယ်ပင် သူမ နောက်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက မီတာ ငါးဆယ်ထက် ပိုမကွာဝေးသည့် နေရာ တစ်ခုတွင် သွေးစွန်းသည့် မျက်လုံးများနှင့် သူမကို စိုက်ကြည့်ရင်း ရပ်နေခဲ့သည်။ ဟုန်ချွင်းဟွာ အာဏာရှင် အဖွဲ့၏ ကိုယ်ပိုင် အမှတ်အသား အတိုင်းပင် ကျူးဟိုင်ကို နှုတ်ဆက် ဂါရဝ ပြုလိုက်၏။
“အရှင် ကျူးဟိုင်...”
ပထမ ကွန်မန်ဒါ ဖြစ်သည့်တိုင် အာဏာရှင် အဖွဲ့ အတွင်း သူမ ကျော်လွန်၍ မရသည့် အဆင့်အတန်းများ ရှိကြောင်း ဟုန်ချွင်းဟွာ သိရှိထားပေသည်။
အာဏာရှင် အဖွဲ့ဝင်များက သူတို့ကို နာမည်တပ် အာဏာရှင်များဟု ရည်ညွှန်းခဲ့ကြသည်။ ဥပမာအားဖြင့် ကျူးဟိုင်မှာ နာမည်တပ် အာဏာရှင်များထဲမှ တစ်ဦး ဖြစ်ကာ သူ့ကို လက်သည်းနှင့် အစွယ်များဟု ခေါ်သည်။ စုမေ့ကိုတော့ အာဏာရှင် အဖွဲ့၏ အလင်းရောင်ဟု ခေါ်သည်။ သူမမှာ အဖွဲ့ကြီး အတွက် ခေါင်းဆောင် တစ်ပိုင်း ဖြစ်ကာ ဝေ့ဝူယင် ကိုယ်စား အမြဲတမ်း တာဝန်ယူရလေ့ ရှိသည်။ အာဏာရှင် အဖွဲ့ ယခုလောက်အထိ ကြီးထွားလာရခြင်းတွင် သူမ၏ အခန်း ကဏ္ဍမှာ ထိပ်ဆုံးမှ ပါဝင်လျှက် ရှိပေသည်။
ကျူးဟိုင်မှာ ဟုန်ချွင်းဟွာကို မျက်တောင် မခပ်ပဲ စိုက်ကြည့် နေခဲ့၏။ မိန်းကလေးက အပိုစကားများ ပြောဆိုခြင်းဖြင့် အချိန်ဖြုန်းခြင်း မပြုပါချေ။ သူမက ဝိညာဉ် ကျောက်စိမ်း တစ်ခုကို ထုတ်ယူကာ ကျူးဟိုင်ကို ပေးလိုက်၏။
“အစီရင်ခံစာပါ...”
ကျူးဟိုင်က ဝိညာဉ် ကျောက်စိမ်းကို ချောမွေ့စွာ ဖမ်းယူကာ အထဲရှိ အကြောင်းအရာများကို စူးစမ်း လိုက်သည်။ သူ၏ မျက်လုံးများက ညင်သာစွာပင် မှိတ်သွားခဲ့၏။
ရုတ်တရက်... လောကအတွင်း ပွက်ပွက်ဆူနေသည့် သေဆုံးခြင်းနှင့် သွေးချောင်းစီး ခံစားချက် အားလုံးက ဒီရေဆုတ်သလိုမျိုး ပျောက်ကွယ်သွားသလို ဟုန်ချွင်းဟွာ ခံစားလိုက်ရသည်။ ထိုအခါတွင်မှ ကျူးဟိုင်၏ ရှည်လျားသော အဖြူရောင် ဆံပင်များနှင့် ချောမောသည့် ရုပ်ရည်တို့ကို သူမ သတိပြုမိလိုက်၏။ ရှို့ရန် တစ်ယောက် ဖြစ်သည့်တိုင် ကျူးဟိုင်းမှာ ယောက်ျား၊ မိန်းမ လိင်နှစ်မျိုး စလုံးကို အပြင်းထန်ဆုံး ဆွဲဆောင်နိုင်သည့် ရုပ်ရည် ပိုင်ရှင်မျိုး ဖြစ်သည်။
“ဆိုစမ်းပါဦး...”
ကျူးဟိုင်က မျက်လုံးများကို မှိတ်ထားရင်းကပင် ပြောလိုက်၏။ ဟုန်ချွင်းဟွာက တိတ်တဆိတ် ခေါင်းညိတ်လိုက်ရင်း...
"အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရှေးဟောင်း ရွေးချယ်ခံ လင်းမင်ကို လွန်ခဲ့သော သုံးနှစ်က ရွှေရောင်စစ်ပွဲ လောကနယ်မြေတွင် ကျွန်မ တွေ့ခဲ့ရပါတယ်... အခု လက်ရှိ သူရဲ့ ကျင့်ကြံခြင်း အခြေခံက လောကနယ်မြေ အဆင့်ကို ရောက်နေပါပြီ..."
ဟု အစချီကာ ရွှေရောင်ခြည် သော့အတွက် ပထမဆုံး တိုက်ပွဲ အပါအဝင် သူမ၏ အတွေ့အကြုံများကို အသေးစိတ် ပြောပြလိုက်သည်။ ဤနေရာတွင် ပထမဆုံး တိုက်ပွဲဟု သုံးနှုန်းရသည့် အကြောင်းရင်းမှာ လွန်ခဲ့သည့် သုံးနှစ်အတွင်း သူတို့ နှစ်ယောက် စုစုပေါင်း လေးကြိမ် အထိ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ပထမဆုံး တိုက်ပွဲတွင် ဟုန်ချွင်းဟွာ အနိုင် ရရှိခဲ့သည်။ သို့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ ထိုနေရာတွင် ရွှေရောင်မုန်တိုင်း တစ်ခု ပေါ်ပေါက်လာကာ လင်းမင်မှာ ရွှေရောင်ခြည်သော့နှင့်အတူ ထွက်ပြေး သွားခဲ့သည်။ ရွှေရောင်မုန်တိုင်းများသည် ရွှေရောင်စစ်ပွဲ လောကနယ်မြေ၏ ရုတ်တရက် ဖြစ်ပေါ်လာတတ်သည့် အန္တရာယ်များထဲမှ တစ်ခုဖြစ်ကာ သူမသည်လည်း အလားတူ ရင်ဆိုင်ခဲ့ရသည်။
ဒုတိယအကြိမ် တိုက်ပွဲကတော့ ဟုန်ချွင်းဟွာ သူမ၏ ကိုယ်ပိုင် ရွှေရောင်ခြည်သော့ကို ရရှိပြီးနောက်တွင် ဖြစ်ကာ သူတို့ နှစ်ယောက်မှာ ရတနာသိုက်များထဲမှ တစ်ခုထဲတွင် တိုက်ခိုက်ခဲ့ကြသည်။ ကံဆိုးစွာပင် ဟုန်ချွင်းဟွာမှာ လင်းမင် အပြင် အခြား မိန်ကလေး လေးဦး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
မိန်းကလေးများထဲမှ တစ်ဦးမှာ အင်ပါယာ ထျန်းကလန်၏ သခင်မလေး ထျန်းရှင်းယွင် ဖြစ်ကာ နောက်ထပ် တစ်ယောက်ကတော့ ဒြပ်စင် ကာကွယ်သူ၏ မြေး ပိုင်ယုရှီပင် ဖြစ်သည်။ ထိုကဲ့သို့ နာမည်ကျော် နှစ်ယောက် အပြင် အဆုံးမဲ့သိုင်းဂိုဏ်း၏ ကိုယ်ခန္ဓာကို ကျင့်ကြံသူ တစ်ဦးလည်း ပါဝင်ခဲ့သည်။ ထိုကဲ့သို့ ပြင်ပ အကြောင်းရင်းများ ကြောင့်ပင် ဒုတိယ အကြိမ်မြောက် တိုက်ပွဲမှာ အဖြေ မထွက်ခဲ့ချေ။
ဒုတိယ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မကြာခင်မှာပင် သူတို့ နှစ်ယောက် တတိယမြောက် တိုက်ပွဲကို ဆင်နွှဲခဲ့သည်။ ကြားထဲ၌ အချိန် သိပ်မကြာမြင့်သည့်တိုင်အောင် ထိုကာလ အတွင်း လင်းမင်၏ ခွန်အားက များစွာ မြင့်တက် လာခဲ့သည်။
“အဲဒီ တိုက်ပွဲမှာ အရှင်ဝေ့ သတ်မှတ်ထားတဲ့ စည်းကမ်း အတိုင်း ဝိညာဉ်အင်အားကို ၆၀ ရာခိုင်နှုန်း လျှော့ချပေးတဲ့ ဝိညာဉ် ကျင့်စဉ် တစ်ခုကို ကျွန်မ သုံးခဲ့ပါတယ်... အဲဒီ ကန့်သတ်ချက်ကြောင့်ပဲ အသာမရနိုင်တော့တဲ့ အတွက် ဆုတ်ခွာဖို့ ကျွန်မ ရွေးချယ်ခဲ့ရပါတယ်”
စတုတ္ထ အကြိမ်မြောက် တိုက်ပွဲကတော့ ရွှေရောင်စစ်ပွဲ လောကနယ်မြေ၏ သုံးနှစ်တာ ကာလကုန်ဆုံးအခါနီး အချိန်တွင် ဖြစ်သည်။ ထိုတိုက်ပွဲ၌ ဟုန်ချွင်းဟွာသည် သူမ၏ အစွမ်းထက် အဆုံး အာရုံဖျက် ဓားအလင်း ကျင့်စဉ်ကို အသုံးပြုခဲ့သည်။ သို့သော်လည်း လင်းမင်က...
"အဲဒီနေ့မှာ သူက ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်ကို သုံးခဲ့တယ်..."
ကျူးဟိုင်၏ မျက်ခွံများမှာ အနည်းငယ် တုန်ခါသွားခဲ့၏။ ယခင်တုန်းက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာ သူတို့၏ အရှင်သခင်သာလျှင် ဖမ်းဆုပ်နိုင်ခဲ့သော စွမ်းအားတစ်ခု ဖြစ်ခဲ့သည်။
ဟုန်ချွင်းဟွာမှာ ဝေ့ဝူယင် မှာကြားသည့် အတိုင်းပင် လင်းမင်ထံမှ သတင်း အချက်အလက်များကို စုဆောင်း၍ ကျူးဟိုင်ထံသို့ တင်ပြခဲ့သည်။ ဝေ့ဝူယင်၏ စကားအတိုင်း ပြောရလျှင် ၎င်းမှာ ကျူးဟိုင်ကို “သတိရစေဖို့” ဖြစ်သည်။
ဝေ့ဝူယင် အတွက်တော့ လင်းမင်မှာ ကျူးဟိုင်၏ ကျင့်ကြံခြင်းကို မောင်းနှင်ရန်၊ သူ၏ အစွယ်နှင့် လက်သည်းများကို ထက်မြက်စေရန် အသုံးပြုနေသည့် ဓားသွေးကျောက် တစ်ခု ဖြစ်သည်။ ကျူးဟိုင်၏ ခန္ဓာကိုယ် ပတ်လည်ရှိ ပွက်ပွက်ဆူနေသော လေထုကို တွေ့မြင်လိုက်ရသော အခိုက်၌ ဝေ့ဝူယင်၏ နည်းလမ်းက အမှန်တကယ် အလုပ်ဖြစ်ကြောင်း ဟုန်ချွင်းဟွာ မှတ်ချက်ချလိုက်မိသည်။
အတန်ကြာပြီးနောက် ကျူးဟိုင်က သူ၏ ရဲရဲနီနေသော မျက်လုံးများကို ပြန်ဖွင့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ဟုန်ချွင်းဟွာကလည်း တုံ့ပြန်သည့် အနေဖြင့် ပြန်လည် ခေါင်းညိတ်ပြ လိုက်သည်။
ဝှစ်...
ထို့နောက်တွင်တော့ ကျူးဟိုင်မှာ လျှပ်တစ်ပြက်အတွင်း ပြန်လည် ပျောက်ကွယ်သွားခဲ့၏။ ဟုန်ချွင်းဟွာ အဝေးရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို လှမ်းကြည့်လိုက်၏၊ အမြင့်ဆုံး တောင်ထိပ်ထက်၌ ပုံရိပ် တစ်ခုမှာ တိတ်တဆိတ် တရားထိုင်နေဆဲ ဖြစ်သည်။
“ကံကောင်းပါစေ...”
ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူမ ဟင်းလင်းပြင် သင်္ဘောပေါ်သို့ ပြန်လည် တက်လိုက်သည်။ ထို့နောက်တွင်တော့ အစီအရင်ကို အသက်သွင်းကာ တိတ်တဆိတ် ပျံသန်း ထွက်ခွာ သွားခဲ့သည်။ သူမထံတွင် ပြီးမြောက်ရန် နောက်ထပ် တာဝန်တစ်ခု ကျန်ရှိနေပေသေးသည် မဟုတ်ပါလား။
...
ကမ္မတန်ဖိုး... ၄၁၁၃၂.၃
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၀ နှစ်
...
ကမ္မတန်ဖိုး... ၄၁၁၃၂.၃
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး... စတင်ခြင်း
***