တတိယ ကပ်ဘေး၊ ဓားနှင့်မီး
Vol. 88 Ch. 1231
လောက၏ စကားလုံးများနှင့် နှိုင်းယှဉ် ဖော်ပြရ မရနိုင်လောက်အောင် ထိတ်လန့်ဖွယ်ရာများနှင့် ပြည့်နှက်နေသည့် အပြောကျယ်လှသော ငရဲ၏ ရှုခင်း အတွင်းဝယ် အမျိုးအမည် မသိ စွမ်းအားများနှင့် စက်ဝိုင်း ပုံသဏ္ဌာန် တစ်ခု ပေါ်လာခဲ့လေသည်။ ၎င်း၏ အရွယ်အစားမှာ ချိပ်ပိတ် နယ်မြေကြီး တစ်ခုလုံးကို ဆယ်ဆ ပေါင်းထားသည်ထက်ပင် ပိုမို၍ ကြီးမားလှ၏။
စက်ဝိုင်းကြီး၏ အထက်တွင်တော့ အရိပ်မည်းကြီး တစ်ခုက လွှမ်းမိုးနေရာယူ ထားခဲ့လေသည်။ ၎င်းမှာ အလွန်တရာပင် ကြီးမားလွန်းလှရကား သေမျိုးတို့ အတွက် စိတ်ကူးယဉ်မိဖို့ပင် လုံးဝ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ အရိပ်ကြီးမှာ အဆုံးမဲ့သည့် ရောင်စုံ မျက်လုံးများကို ပိုင်ဆိုင်ထားကာ လက်များကို ဖြန့်ကျက်ရင်း စက်ဝိုင်းကို ထိန်းချုပ်ထားသည့်ပုံ ရ၏။
“အပြစ်သား သေမျိုး ပြန်လာပြီ...”
အနက်ရောင် အရိပ်ကြီး၏ နောက်ကြောထက်တွင်တော့ အနီရောင် တောင်ပံတစ်စုံလို မှုန်ဝါးဝါး ပုံရိပ် တစ်ခု ရှိနေခဲ့၏။ ထိုအတောင်ပံများမှာ အက်ကွဲကာ ခြောက်သွေ့ နေခဲ့သည်။ ၎င်းတို့မှာ အရိုးအပြိုင်းပြိုင်း ပေါ်နေကာ လင်းနို့တစ်ကောင်၏ တောင်ပံ ကဲ့သို့ မိစ္ဆာ အငွေ့အသက်များနှင့် လွှမ်းခြုံနေသည်။ သို့သော်လည်း... ကိုယ်ထည်ကတော့ မကောင်းဆိုးရွား အော်ရာ တစ်ခုတစ်လေကိုမှ ထုတ်လွှတ်ခြင်း မပြုပါချေ။
“အပြစ်သား သေမျိုး...”
နောက်ထပ် အသံတစ်ခု ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ငွေရောင် အလင်း အော်ရာ တစ်ခုမှာ ခန့်မှန်းရ ခက်ခဲသည့် ဦးတည်ရာ တစ်ခုထံမှ မသဲကွဲစွာ ပျံသန်းလာခဲ့သည်။ ထိုအော်ရာမှာ အမြဲတမ်း တည်ရှိနေသကဲ့သို့ လျှို့ဝှက် ဆန်းကြယ်သည့် ပဟေဠိ တစ်ခုလိုမျိုး ခံစားရသည်။
အော်ရာ၏ အတွင်းတွင်တော့ ငွေရောင် အတောင်ပံများနှင့် ပုံရိပ် တစ်ခု ရှိနေခဲ့သည်။ ပထမ တစ်ယောက်၏ အနီရောင် မကောင်းဆိုးရွား တောင်ပံများနှင့် ခြားနားစွာပင် ဤပုံရိပ်၏ ငွေရောင် အတောင်ပံများမှာ ကျန်းမာ သန်စွမ်းကာ အဆုံးမဲ့ တောက်ပသည့် စွမ်းအင်များကို ထုတ်လွှတ်နေခဲ့သည်။
အပြစ်သား..
ငရဲတွင် တည်ရှိလေသော မည်သည့် ပုဂ္ဂိုလ်မဆို ထိုနာမည်ကို ကြားပါက သီးခြား ဖြစ်တည်မှု တစ်ခုခု သို့မဟုတ် ထူးခြားသည့် လူတစ်ယောက်ယောက်ကို ပြေးမြင်မိလိမ့်မည် မဟုတ်ချေ။ များစွာသော လူများမှာ လာကြသည်။ ခုခံကြသည်။ ပြန်လည် တိုက်ခိုက်ကြသည်။ အသက်ရှင်ကြသည်။ သေဆုံးသွားကြသည်။ သံသရာက ထိုကဲ့သို့ပင် လှည့်ပတ်နေသည်။
သို့သော်လည်း “အပြစ်သား” အရှေ့တွင် “သေမျိုး” ဆိုသည့် ဂုဏ်ပုဒ် တစ်ခု ထပ်တိုးလာသည်နှင့် တစ်ပြိုင်နက် အရာရာက ခြားနားသွားလိမ့်မည် ဖြစ်သည်။ အပြစ်သား သေမျိုး ဆိုသည့် နာမည်ကို ကြားလျှင်ကြားချင်းပင် သူတို့ လူတစ်ယောက်ကို ချက်ချင်း ပြေးမြင်မိကြလိမ့်မည် ဖြစ်သည်။
အပြစ်သား သေမျိုး...
“ဒီလောက်တောင် မြန်တာလား...”
ငွေရောင် အတောင်ပံနှင့် ပုံရိပ်က မေးခွန်းထုတ်သည့် လေသံမျိုးဖြင့် မေးလိုက်သည်။ ခမ်းနား ထည်ဝါသည့် အတောင်ပံများနှင့် မလိုက်ဖက်စွာပင် ၎င်း၏ အသံက အလွန် ကြမ်းတမ်း ခက်ထန် နေခဲ့၏။
အပြစ်သား သေမျိုးမှာ သေမျိုး တစ်ယောက် ဘဝဖြင့်ပင် ငရဲ အတွင်း ဝင်ရောက်၍ အသက်ရှင်သန် နိုင်ခဲ့သူ ဖြစ်သည်။ ဒုတိယမြောက် ကပ်ဘေးတွင်တော့ သူက ရိုးရှင်းစွာ ဖြတ်ကျော်နိုင်ရုံမျှသာ မက အောင်မြင်မှုကိုပါ ရရှိခဲ့သည်။ အဆိုပါ သေမျိုး၏ အောင်မြင်မှုများက ငရဲရှိ ဖြစ်တည်မှုများ အပေါ် မယုံကြည်စေနိုင်သည့် လှုပ်ခတ်မှုများ ဖြစ်ပေါ် လာစေခဲ့လေသည်။
အတောင်ပံပါ ပုံရိပ်နှစ်ခုမှာ စိတ်ဝင်စားစွာဖြင့် စက်ဝိုင်း ပုံဏ္ဌာန် စက်ဝိုင်းကြီးကို စောင့်ကြည့် နေခဲ့၏။ ထိုအခိုက်၌ မည်သည့် စွမ်းအင်မျိုး မဆို သူတို့ကို တားဆီးနိုင်စွမ်း ရှိသည့်ပုံ မရပဲ မြင်တွေ့ခံစားလိုသမျှကို ခွင့်ပြုပေးထားရပုံ ပေါ်လေသည်။
ဟူး... ဟူး...
သူတို့၏ နံဘေးတွင် လျှို့ဝှက် ဆန်းကြယ်သည့် အော်ရာ နောက်တစ်ခု ပေါ်လာခဲ့၏။ ၎င်းမှာ ခရမ်းရောင် အဆင်းကို ပိုင်ဆိုင်ထား၏။ အော်ရာမှာ ရှေးပဝေဏသီ အချိန်ကတည်းက တည်ရှိခဲ့သော်လည်း ယခုထက်ထိတိုင် မွေးကင်းစ ကလေး တစ်ယောက်လိုမျိုး ဆက်လက် တည်မြဲနေသည့် ထူးခြားသည့် အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်။
အော်ရာ အတွင်းရှိ ပုံရိပ်တွင်တော့ တွားသွား ပုတ်သင်ညို တစ်ကောင်လိုမျိုး အကြေးခွံများ ရှိနေခဲ့၏။ အတောင်ပံများမှာ အလွန်ပင် တောင့်တင်း ခိုင်မာသည့် ကြွက်သားများကို ပိုင်ဆိုင်ထားကာ တွန်းလှန် ငြင်းဆန်၍ မရနိုင်သည့် ဆွဲဆောင်မှု တစ်မျိုးကို ထုတ်လွှတ်နေခဲ့လေသည်။
၎င်းမှာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲလှသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ သို့သော်လည်း... အကောင်းဆုံး ကြိုးစား ဖော်ပြရမည် ဆိုပါက “သားရဲနတ်ဆိုး” ဆိုသည့် စကားလုံးမှာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“သူလား...”
သို့သော်လည်း ပုံရိပ်၏ အသံက ပိုးသားကဲ့သို့ နားဝင်ချို၍ သာယာ ညင်သာလှသည်။ သူက စိတ်ဝင်တစားပင် အခြားလူ နှစ်ယောက်နှင့် အတူ အလင်းလုံးကြီးကို စိုက်ကြည့်လိုက်၏။
“ဝေဒနာ လမ်းသွယ် ဒိုင်မန်းရှင်းကို သေမျိုးဝိညာဉ်နဲ့ပေါ့ ဟုတ်လား..”
သူက စိတ်လှုပ်ရှားစွာပင် မေးခွန်းထုတ်လိုက်၏။
“အမှန်ပဲ... ဒီတစ်ခေါက် သူ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး...”
အနီရောင် အတောင်ပံများနှင့် ပုံရိပ်က ပျော်ရွှင်သည့် ခံစားချက် အငွေ့အသက်တို့နှင့် ပြောလိုက်သည်။ အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေး၊ အဆုံးမဲ့ နောင်တ ကပ်ဘေးတို့နှင့် ခြားနားစွာပင် ဓားနှင့်မီး ကပ်ဘေးမှာ စိတ်ခံစားမှုများကို တိုက်ရိုက် နည်းလမ်းနှင့် ချဉ်းကပ်ကာ စိတ်ဝိညာဉ်ကို သန့်စင်ခြင်း ဖြစ်သည်။
"..."
ငွေရောင် အတောင်ပံများနှင့် ပုံရိပ်ကတော့ တိတ်ဆိတ်နေခဲ့၏။ အပြစ်သား သေမျိုးမှာ မဖြစ်နိုင်ဟု ထင်ရသည့် ကပ်ဘေး နှစ်ခုတွင် ဆက်တိုက်ဆိုသလို ရှင်သန်ခဲ့လေရာ အခြားလူများ၏ မှတ်ချက် သို့မဟုတ် ထင်မြင် ယူဆချက်များကို ထည့်သွင်း စဉ်းစားရန် မလိုအပ်ဟု ခံစားခဲ့ရသည်။ သူက အပိုစကားများ မဆိုပဲ သည်အတိုင်း စောင့်ကြည့်ရန်ကိုသာ ရွေးချယ်ခဲ့သည်။
ငွေရောင် အတောင်ပံ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသော အခိုက်၌ အနီရောင် အတောင်ပံမှာ ဆက်လက် ပြောဆိုရန် စိတ်မပါတော့သလို ခံစားလိုက်ရသည်။ သူက ခရမ်းရောင် အတောင်ပံနှင့်ပင် ဆက်လက် ဆွေးနွေးခြင်း မပြုတော့ပဲ စက်ဝိုင်းကိုသာ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။
ဝှစ်... ဝှစ်...
မကြာခင်မှာပင် ထူးခြားသော အရောင်များနှင့် အော်ရာများ ထပ်မံ ပေါ်လာကာ ဧရာမ စက်ဝိုင်းကြီးကို စောင့်ကြည့် လိုက်ကြသည်။ သူတို့မှာ တစ်ဦးနှင့် တစ်ဦး ချဉ်းကပ်ခြင်း၊ စကားပြောဆိုခြင်းများ မပြုကြသော်လည်း ဝေ့ဝူယင်၏ မယုံကြည်နိုင်စရာ စွမ်းဆောင်မှုများက ငရဲတွင် နေထိုင်သူများ၏ အာရုံ စူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ရှင်းလင်းလှပေသည်။
အစစ်အမှန် ဆုံးရှုံးခြင်း ကပ်ဘေးနှင့် အဆုံးမဲ့ နောင်တ ကပ်ဘေးတို့တွင် ရှင်သန် လွတ်မြောက်ခဲ့သည့် သေမျိုး ဝိညာဉ်...
ထိုကဲ့သို့သော တည်ရှိမှုကို မည်သူက စိတ်မဝင်စားပဲ နေပါမည်နည်း။ အကယ်၍ ဝေ့ဝူယင်သာ သာမန် သေမျိုး တစ်ယောက် အနေဖြင့် သူ ဖန်တီးနိုင်ခဲ့သည့် ဂယက်လှိုင်းများကိုသာ သတိထားမိပါက ငိုရမလို၊ ရယ်ရမလို၊ ထွက်ပြေးရမလို၊ ခေါင်းမော့ထားရမလို ဖြစ်နေမည်မှာ သေချာလှပေသည်။
“ဓားနဲ့မီး ကပ်ဘေး စပြီ...”
ထူးမခြားနား အငွေ့အသက်များနှင့် အတူ စက်ယန္တရားဆန်သည့် နက်ရှိုင်းသော အသံ တစ်ခု ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အရိပ်မည်းကြီး တစ်ခုထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ စကားလုံး တစ်လုံးချင်း စီတိုင်းမှာ ဝိညာဉ်၏ အနက်ရှိုင်းဆုံး နေရာထိတိုင် ပျံ့နှံ့ ရောက်ရှိ သွားခဲ့လေသည်။ ဧရာမ စက်ဝိုင်းကြီးမှာ လှုပ်ခါ သွားခဲ့၏။
အစောပိုင်းက စကားမပြောရန် ဆုံးဖြတ်ချက် ချထားသည့်တိုင်အောင် သွေးရောင် အတောင်ပံမှာ မပြောပဲ မနေနိုင်တော့ချေ။
“ဝေဒနာ လမ်းသွယ်က ဉာဏ်ရည်၊ စိတ်စွမ်းအားတွေနဲ့ ဖြေရှင်းလို့ ရတဲ့ စိတ်ကိုပဲ လွှမ်းမိုးနိုင်တဲ့ ဒိုင်မန်းရှင်းမျိုး မဟုတ်ဘူ... အဲဒါရဲ့ သန့်စင်ခြင်း ဖြစ်စဉ်ကို ကျော်လွှားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး... စက်ဝန်း ဆယ့်ရှစ်ခုကို ခုခံနိုင်ရင် ခုခံ၊ မခုခံနိုင်ရင် သန့်စင်ခံ ဒါပဲ ရှိတယ်... အခြားနည်းလမ်း မရှိဘူး”
“သူက သေမျိုးပဲ ဖြစ်နေသေးတာ ကံဆိုးတာပဲ... သူ့ရဲ့ အစစ်အမှန် ဝိညာဉ် အပြင်လွှာမှာ ဘယ်လို ပြုပြင်မှုမျိုးမှ မရှိသေးဘူး... သူ ဝေဒနာ လမ်းသွယ်မှာ ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး...”
သွေးရောင် အတောင်ပံက သူ့ အတွေးများကို ထုတ်ဖော်သလိုမျိုး ပြောလိုက်သည်။ အလွန် ဝေးကွာလှသည့် နေရာများ၌ ရှိနေကြသည့်တိုင် အခြား တည်ရှိမှုများမှာ သူတို့၏ အငွေ့အသက်များကို အနည်းငယ် ပြောင်းလဲကာ တုန့်ပြန် လိုက်ကြသည်။ သူတို့ထဲမှ တစ်ဦး ဆိုလျှင် ရလဒ်ကို စိတ်မဝင်စားတော့ သလိုမျိုး ပြန်လည်၍ပင် ထွက်ခွာ သွားခဲ့သည်။
"ဒီသေမျိုးကို လျှော့မတွက်နဲ့...”
ငွေရောင် အတောင်ပံက သတိပေးလိုက်၏။ ဤသေမျိုးကို အပေါ်ယံ အမြင်များဖြင့် ကောက်ချက်ချ၍ မရနိုင်ကြောင်း ပထမ ကပ်ဘေးနှင့် ဒုတိယမြောက် ကပ်ဘေးတို့က သက်သေပြခဲ့ပြီး ဖြစ်သည်။ စောင့်ကြည့်ခြင်းကသာလျှင် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
“...”
...
မြင်မြင်နိုင်သမျှ ကမ္ဘာလောကကြီး တစ်ခုလုံးမှာ ဗလာကျင်း နေခဲ့၏။ ကောင်းကင်တွင် အရောင်အဆင်း မရှိသလို မြေပြင်တွင်လည်း အသွင်အပြင် မရှိချေ။ ယုတ်စွအဆုံး လေထု တည်ရှိနေသည့် ခံစားချက်မျိုးပင် မရှိပါချေ။ အဆုံးမဲ့ တည်ငြိမ်နေခြင်းမျိုးက အသက်ရှူကြပ်သည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေလေ၏။
“ဆိုတော့ကာ ဒါက ငရဲရဲ့ တတိယမြောက် ကပ်ဘေးပေါ့...”
ငရဲ၏ အကြီးမားဆုံး ရည်ရွယ်ချက် ဖြစ်သော သန်စင်ခြင်းနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည့်တိုင် ဝေ့ဝူယင်၏ လေသံကတော့ အထူးအဆန်း မြင်ကွင်းတစ်ခုကို စိတ်ဝင်စားနေသည့် ခရီးသွား တစ်ယောက်လိုမျိုး ပေါ့ပေါ့ပါးပါး နိုင်လှပေသည်။ ဝမ်မင်ယာထံမှ အချက်အလက်များကို စုဆောင်းခဲ့ပြီး နောက်တွင် ငရဲ၏ တတိယမြောက် ကပ်ဘေးကို လွတ်မြောက်ရန် ဝေ့ဝူယင်ထံတွင် အမြင့်မားဆုံးသော ယုံကြည်ချက်များ ရှိနေခဲ့ပေသည်။
***