← Chapters

တတိယ ကပ်ဘေး၊ ဓားနှင့် မီး (၂)

Vol. 88 Ch. 1232

တတိယ ကပ်ဘေး၊ ဓားနှင့် မီး (၂)

Vol. 88 Ch. 1232

“ဆိုတော့ကာ ဒါက ငရဲရဲ့ တတိယမြောက် ကပ်ဘေးပေါ့...”

ဝေ့ဝူယင် ပေါ့ပေါ့ပါးပါး ရေရွတ်ရင်း လက်နှစ်ဖက်ကို ငုံ့ကြည့်လိုက်၏။ ၎င်းတို့တွင် မှိန်ဖျော့ဖျော့ ငွေရောင် အလင်းမှုန် တစ်ချို့ဖြင့် တောက်ပနေပေသည်။

လွန်ခဲ့သည့် လအနည်းငယ်ခန့်က အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးကို စားသုံးပြီး နောက်တွင် သူ မည်သည့် အရာများနှင့် ကြုံတွေ့ခဲ့ရသနည်း။ ဖြစ်စဉ်ကတော့ ရိုးရှင်းလှပေသည်။ ပထမဆုံး အနေဖြင့် သူ၏ ခန္ဓာကိုယ်မှာ ထူးဆန်းသည့် ပိုးအိမ်တစ်ခု၏ ဝန်းရံမှု အလယ်သို့ ရောက်ရှိသွားခဲ့သည်။

၎င်းက မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်နေကာ စိတ်ကူးပင် မယဉ်ဖူးသည့် ဖြစ်စဉ် တစ်ခုထဲ ကျရောက် သွားသလိုမျိုးပင်။

ဤသို့နှင့် ပထမ တစ်နာရီခန့် သန့်စင်ပြီးနောက်တွင် ဝေ့ဝူယင်မှာ အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေ အတွင်း ကျဆင်း သွားခဲ့သည်။

ထိုကာလ အတွင်း၌ ဝေ့ဝူယင်၏ စိတ်မှာ ဝိုးတဝါး ဖြစ်နေခဲ့ကာ အရာရာမှာလည်း မသဲမကွဲ ဖြစ်နေခဲ့သည်။ သို့လင့်စကား... အချိန်အပေါ် သာမည အာဏာကို ပိုင်ဆိုင်ထားသူ တစ်ယောက်အနေဖြင့် အချိန် မည်မျှ ကုန်လွန်သွားသည်ကိုတော့ သူ ခန့်မှန်းနိုင်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ... သူ ပိုးအိမ် အတွင်းမှ ထွက်ခွာနိုင်ခဲ့ခြင်းတော့ မရှိပါချေ။

ထိုအတောအတွင်း.. ပိုးအိမ် အပြင်ဘက်မှ မိန်းကလေးများ၏ ငိုရှိုက်နေသည့် အသံများနှင့် စိုးရိမ် ပူပန်နေသည့် အသံများကို ဝေ့ဝူယင် ကြားနိုင်ခဲ့ပေသည်။ သူတို့မှာ လတ်တလော အခြေအနေများ အတွက် စိုးရိမ်ပူပန်မှုဖြင့် ဝေ့ဝူယင်၏ အဂ္ဂိရတ် ခန်းမ အတွင်း ဝင်ရောက်လာခဲ့သော မိန်းကလေး ခုနစ်ယောက်ပင် ဖြစ်လေသည်။ ကျိုးကြောင်း ဆီလျော်ကာ အပြစ်တင်၍ မရနိုင်သည့် တုန့်ပြန်မှု တစ်ခုပင်။

ကံကောင်း ထောက်မစွာပင် ပိုင်လင်နှင့် သူ၏ စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုက အလွန်ပင် ခိုင်မာလှလေရာ ထိုမီးဖီးနစ်မှာ ချက်ချင်းပင် ရောက်ရှိလာကာ ပိုးအိမ် အတွင်း မိန်းကလေးများပါ ပိတ်မိ မသွားအောင် ကာကွယ်နိုင်ခဲ့ပေသည်။

ထိုနည်းဖြင့် ဝေ့ဝူယင်မှာ တတိယ ကပ်ဘေး မစတင်ခင် အချိန် အထိ လက်ကျန် လပေါင်းများစွာကို ပိုးအိမ် အတွင်း နေခဲ့ရကာ အသွင်ပြောင်းခြင်း တစ်ပိုင်း အဆင့်ကို ဝင်ရောက်ခဲ့ရသည်။ ထို့ကြောင့်ပင် သူ့ အရေပြားထက်၌ ငွေရောင် အလင်းများ တောက်ပနေခြင်း ဖြစ်ပေသည်။

၎င်းမှာ မိခင်၏ သားအိမ်မှ ထုတ်လွှတ် သကဲ့သို့ ပိုးအိမ်မှ ထုတ်လွှတ်သည့် သန္ဓေသား အရည်တစ်မျိုး ဖြစ်ကာ အကာအကွယ် သံချပ်ကာ တစ်ခုလိုမျိုး ဝေ့ဝူယင်၏ အရေပြားကို ကပ်တွယ် နေခဲ့သည်။ ပုံမှန်အားဖြင့် ခန္ဓာကိုယ် ပြုပြင် မွမ်းမံခြင်း အဂ္ဂိရတ် ထုတ်ကုန်များမှာ တစ်လမျှသာ ကြာတတ်ပေသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင်မှာ တတိယမြောက် ကပ်ဘေး မစတင်ခင် သောက်သုံးဖို့ ယုံကြည်ချက် ရှိခဲ့ခြင်း ဖြစ်သည်။

“ဒီဆေးလုံးနဲ့ ပတ်သက်ပြီး ငါ့ရဲ့ မူလ ထင်မြင် ယူဆချက်တွေက လွဲမှားနေတဲ့ပုံပဲ... ဒါပေမဲ့ ဘာကြောင့်လဲ...”

ထိုမေးခွန်းထံမှ အဖြေရှာရန် ဝေ့ဝူယင် အချိန်အတန်ကြာအောင် ရုန်းကန် နေခဲ့ရသည်။ အဂ္ဂိရတ် ထုတ်ကုန် တစ်ခု၏ အကျိုးသက်ရောက်မှုများကို ၁၀၀ ရာခိုင်နှုန်း မှန်ကန်အောင် ခန့်မှန်းနိုင်သူ တစ်ယောက် ရှိခဲ့မည် ဆိုလျှင် ထိုတစ်ယောက်မှာ ထုတ်လုပ်သူ ကိုယ်တိုင်သာ ဖြစ်ပေလိမ့်မည်။ ထိုအရာကို အဂ္ဂိရတ် တာအို၏ ကောင်းချီးတစ်ခု အဖြစ် ယူဆနိုင်ပေသည်။

သို့သော်လည်း... ယခုတွင်တော့ ဆေးလုံးမှာ သူ မျှော်လင့်ထားခဲ့သည်များနှင့် မကိုက်ညီကြောင်း ရှင်းလင်း နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အချိန်တွင် မည်ကဲ့သို့ ပြောင်းလဲ သွားသည်ကို မသိသော်လည်း တစ်စုံတစ်ရာမှာ လွဲချော်နေသည်။

လပေါင်းများစွာတိုင်အောင် အဖြေရှာခဲ့ပြီးနောက်... သေမျိုး တာအို၊ လျှို့ဝှက် တာအိုတို့နှင့် အတူ ပါလာခဲ့သည့် တတိယမြောက် အော်ရာကသာ အ‌ကြောင်းပြချက် ဖြစ်နိုင်ကြောင်း ယူဆ နိုင်ခဲ့သည်။ ၎င်းကြောင့်ပင် အာရုဏ်ဦး ပါရဂွန် ထုဆစ်ခြင်း ဆေးလုံးမှာ သူ့ နားလည်မှုများကို တစ်နည်းနည်းဖြင့် ကျော်လွန် သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ယင်းက ပြဿနာ တစ်ရပ် ဖြစ်သည်။ ပြောင်းလဲမှုက နောက်ဆုံးတွင် မည်သည့် အရာကို ဦးတည်သွားမည် ဖြစ်ကြောင်း သူ မသိသလို တတိယကပ်ဘေးအောက်တွင် ခန္ဓာကိုယ် ပျက်စီးသွားနိုင်ချေကိုလည်း သူ စဉ်းစား မရပါချေ။

ထို့အပြင်... သူ့ထံတွင် အာရုဏ်ဦး ပါရဂွန် ပုံသွင်းခြင်း ဆေးလုံးကို ထပ်မံ ဖော်စပ်ရန် ပစ္စည်းများ မရှိတော့ချေ။ အထူးသဖြင့်... သူ ဆယ်စုနှစ်ပေါင်းများစွာ စုစည်းထားခဲ့သည့် အသန့်စင်ဆုံး အဂ္ဂိရတ် မြူနှင်းများမှာ ထိုဆေးလုံး တစ်လုံးတည်းကို ဖော်စပ်ရာ၌ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းက လွယ်လွယ်ကူကူနှင့် ရှာဖွေ စုဆောင်း၍ မရနိုင်သည့် ရင်းမြစ်များ ဖြစ်သည်။

ရှဲ...ရှဲ...

ထိုအခိုက်တွင်ပင် ပတ်ဝန်းကျင်၌ မီးလျှံများ လောင်ကြွမ်းနေသည့် အသံတစ်ခု ထွက်ပေါ်လာကာ ဝေ့ဝူယင်၏ အာရုံကို ဖမ်းစား သွားခဲ့လေသည်။

“စနေပြီ...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်ရင်း ရင်ဘတ်ကို ထိလိုက်၏။ နှလုံးသားထံမှ စည်းချက်မှန်မှန် ထွက်ပေါ်နေသည့် ရင်ခုန်သံများကို သူ ကောင်းစွာ ခံစားနိုင်ပေသည်။

ရှဲ... ရှဲ...

တဒင်္ဂ အတွင်းမှာပင် မုန်တိုင်းတစ်ခု နိဒါန်း အစပျိုးသလိုမျိုး ပတ်ဝန်းကျင်ရှိ အပူချိန်များက တရိပ်ရိပ် မြင့်တက်လာသည်ကို ဝေ့ဝူယင် တွေ့ရှိလိုက်ရ၏။

သာမန် ဝိညာဉ် တစ်ခုသာ ဤနေရာတွင် ရှိနေပါက ချက်ချင်း မြင့်တက်လာသည့် အပူချိန်ကြောင့် ပုံမှန် မဟုတ်သည့် မအီမသာမှုမျိုးကို ခံစားရလိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် အတွက်တော့ ပုံမှန်သာ ဖြစ်သည်။ ငွေရောင် အလင်းရောင်များ ထုတ်လွှတ်နေသည့် သန္ဓေသား အရည်များကို ဖယ်ထားလျှင်ပင် ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အထွတ်အထိပ် အဆင့် ချော်ရည်ပူ စွမ်းအင်များ၊ မီးဒြပ်စင် စွမ်းအင်များနှင့် မွမ်းမံ ထားလေရာ တော်ရုံတန်ရုံ အပူချိန်လောက်ကို အခက်အခဲ မရှိ ခုခံနိုင်စွမ်း ရှိပေသည်။

“ဒါက အစပဲ ရှိသေးတယ်...”

ခန္ဓာကိုယ်ထက်ရှိ ခပ်ချွဲချွဲ အရည်များပင် အငွေ့မပျံသေးသည့် အဖြစ်ကို ကြည့်ကာ ဝေ့ဝူယင် ရေရွတ်လိုက်၏။ ထိုထူးဆန်းသော အရည်များမှာ သူနှင့် အတူ ငရဲကိုပင် လိုက်လာနိုင်ခဲ့လေရာ လုံးဝ သာမန် မဟုတ်နိုင်ကြောင်း ယုံကြည်ချက်က ပိုမို မြင့်တက်လာခဲ့လေသည်။

"ငါ ပိုးအိမ်ထဲမှာပဲ ရှိနေသေးတာလား"

ဝေ့ဝူယင် ငရဲ၏ ကပ်ဘေးများ ဖန်တီးသော သယ်ယူ ပို့ဆောင်ရေး စနစ်ကို ယခုတိုင် ကောင်းစွာ နားမလည်နိုင်သေးချေ။ ပုံမှန်အားဖြင့် ကပ်ဘေးအတွင်း ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် နှစ်ခုစလုံး အတူပါလာသည်ဟုသာ သူ အတည်ပြုနိုင်ပေသည်။

၎င်းမှာ အပြစ်သား သွေးမျိုးဆက်မှ ပေးအပ် ချီးမြှင့်သည့် အားသာချက် ဖြစ်ကာ အမွေခံ အပြစ်သားများ၊ အထူးသဖြင့် သူတော်စင်တို့၏ နယ်ပယ်သို့ ရောက်ရှိနေကြသူများ ဤကပ်ဘေးများတွင် ဆက်လက် ရှင်သန်နိုင်ရသည့် အကြောင်းရင်းလည်း ဖြစ်နိုင်ပေသည်။

ဟူး...

ဝေ့ဝူယင် အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ကာ မူလ ရေခဲ စွမ်းအင်များကို ပတ်ဝန်းကျင်သို့ ထုတ်လွှတ် လိုက်၏။ လေထုမှာ ချက်ချင်း အေးခဲသွားခဲ့သော်လည်း ထိုအရာက တဒင်္ဂသာ ဖြစ်ပေသည်။ မကြာခင်မှာပင် ပုံမှန်အတိုင်း ပူပြင်းသည့် အပူရှိန်များကို ထုတ်လွှတ်လာကာ တရိပ်ရိပ် မြင့်တက် လာခဲ့၏။

သို့သော်လည်း... ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွားခဲ့၏။ သူ တစ်စုံတစ်ရာကို ‌ကောက်ချက် ချလိုက်နိုင်ပြီ မဟုတ်ပါလား။

“ငါ ကျင့်ကြံထားတဲ့ စွမ်းအားတွေရဲ့ သွေးမျိုးဆက် စွမ်းအင်တွေက ဒီကပ်ဘေးကို သက်ရောက်နိုင်တယ်ပေါ့..”

ကပ်ဘေးအပေါ် ဝေ့ဝူယင်၏ စိုးရိမ် ပူပန်မှုများက အတိုင်းအတာ တစ်ခု ထပ်မံ၍ ပေါ့ပါး သွားခဲ့သည်။ သူ့ ရင်ထဲမှ ယုံကြည်မှုများမှာလည်း ပိုမို၍ မြင့်တက်လာခဲ့၏။

“ဆိုတော့ကာ ဒီနေရာရဲ့ နာမည်က ဝေဒနာ လမ်းသွယ်ပေါ့...”

ဝမ်မင်ယာ အသက်ကို စွန့်၍ ပေးအပ်ခဲ့သည့် အချက်အလက်များကို ပြန်လည် စဉ်းစားရင်း ဝေ့ဝူယင် တိတ်တဆိတ် ရေရွတ် လိုက်သည်။ ကပ်ဘေးကိုတော့ ဓားနှင်မီး ကပ်ဘေးဟု ခြုံငုံ၍ နာမည်ပေးထားကာ ရင်ဆိုင်ရမည့် အန္တရာယ် အရိပ်အငွေ့များနှင့် လွှမ်းခြုံနေသည်ဟု ဆိုသည်။

“ဝေဒနာ လမ်းသွယ်က အင်အားသုံးပြီး လျှောက်ရမယ့် ခရီးတစ်ခုပဲ... အသက်ရှင်သန်ဖို့ အတွက် အပြစ်သားတွေက ဓားနဲ့ မီးကြားမှာ လမ်းသွယ်ကို ပြီးဆုံးအောင် လျှောက်ဖို့ လိုအပ်တယ်... ကြည့်ရတာ ငါ့ရဲ့ သုံးသပ်ချက်က မှန်နေတဲ့ပုံပဲ”

ပတ်ဝန်းကျင်မှာ အပူရှိန် တရိပ်ရိပ် တက်နေသည့် အနီရောင် မြူခိုးတစ်ခုနှင့် လွှမ်းခြုံနေသည့် တိုင်အောင် ဝေ့ဝူယင်၏ အာရုံများ အတွင်းတွင်တော့ အလွန် ရှင်းလင်းသည့် လမ်းကြောင်း တစ်ခု ရှိနေခဲ့သည်။ သူ ထိုလမ်း‌ကြောင်းကို လျှောက်ရမည်။ ထိုအသိစိတ်မှာ သူ၏ ဝိညာဉ်အတွင်း အလိုအလျောက် ဖြစ်ပေါ်နေသည့် တိုက်တွန်းမှု တစ်ခု ဖြစ်ကာ အသက်ရှင်သန်ရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း ပြောပြနေခဲ့သည်။

ပုံမှန်အားဖြင့် ငရဲကို ရောက်ရှိလာသည့် အပြစ်သားများမှာ ရုပ်ခန္ဓာ မပါရှိပဲ ဝိညာဉ် သက်သက်ဖြင့် ဤကပ်ဘေးကို ရင်ဆိုင်ရမည် ဖြစ်ကာ အချိန်တိုင်း မြင့်တက်လာသည့် အပူချိန်ကြောင့် အလွန်အမင်း နာကျင်မှုများကို ခံစားရလိမ့်မည် ဖြစ်သည်။ သူတို့မှာ အသက် အန္တရာယ်ကို အလွန် စိုးရိမ် ကြလေရာ ဤနေရာမှ ထွက်ပြေးရန် သို့မဟုတ် ဝေဒနာ လမ်းသွယ်ကို ဖြတ်ကျော်ရန် အတွက် အလျှင်အမြန် ပြေးကြလိမ့်မည် ဖြစ်သည်။

“လမ်းကြောင်းလွဲ မသွားစေနဲ့...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို သတိပေးလိုက်ရင်း ပထမဆုံး ခြေလှမ်းကို စတင်လိုက်၏။ ထိုကဲ့သို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်၏ အပူချိန်က ဒီဂရီများစွာတိုင်အောင် မြင့်တက် သွားခဲ့သည်။ ရုပ်ခန္ဓာကိုယ်ကို မီးဖြင့် ကျင့်ကြံထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုရုတ်တရက် ပြောင်းလဲမှုကို ဝေ့ဝူယင် ချက်ချင်း အာရုံခံမိပေသည်။

"ခု မပြေးသေးနဲ့ဦး...”

ဝေ့ဝူယင် ကိုယ့်ကိုယ်ကို ပေါ့ပေါ့ပါးပါး သတိပေးလိုက်ရင်း နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။ အပူရှိန်များက နောက်တစ်ဆင့်သို့ ပိုမို၍ မြင့်တက်သွားပြန်သည်။

တစ်ချိန်တည်း၌ ဓားတုန်ခါသံ တစ်ခုက သူ့ နောက်တွင် ပဲ့တင်ထပ် လာခဲ့ကာ လည်ဂုတ် တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း ဝေ့ဝူယင် လွယ်ကူစွာပင် ရှောင်တိမ်း လိုက်နိုင်သည်။

ဤနည်းဖြင့် ရှေ့ကို တိုးလာခဲ့ကာ ခြေလှမ်းပေါင်း တစ်ထောင် အထိ လုံခြုံစွာ ချီတက် လာနိုင်ခဲ့၏။

ဘုန်း...

တစ်ထောင့်တစ်လှမ်းမြောက်ကို လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အပူရှိန်များမှာ ရုတ်တရက် ပေါက်ကွဲ လာခဲ့၏။ မီးတောက် မီးလျှံများမှာ နေရာ အနှံ့တွင် တောက်လောင်လာခဲ့ကာ မြင်မြင်နိုင်သမျှ ကမ္ဘာကြီး တစ်ခုလုံးမှာ မီးတောက်မီးလျှံ ပင်လယ်ကြီး အဖြစ် ပြောင်းလဲ သွားခဲ့တော့သည်။

“ချီးပဲ...”

သို့သော်လည်း... ဝေ့ဝူယင်ကတော့ မျက်လုံးများကို ဆက်လက် ဖွင့်ထားဆဲ ဖြစ်ကာ တစ်ခုတည်းသော နေရာကို ဦးတည်နေဆဲ ဖြစ်လေတော့သည်။

***

All Chapters