မျိုးနွယ်စုကိုးခုတိုက်ပွဲ
Vol. 013 Ch. 1246
နေမင်းရဲတိုက်အပေါ်နှင့် နေမင်းအပေါ်တွင် မီးငှက်များသည် လှိုင်းများအလား ဆင်းသက်လာကြသည်။
ရီဖူရှင်းနှင့် ရင်ထျန်းကျောက်တို့သည် သူတို့အား အမဲလိုက်ရန် အကောင်းဆုံးကြိုးစားကြကာ မဟာလမ်းစဉ်ဖြစ်တည်ခြင်းအသိများကို ရယူကြ၏။
အင်ပါယာတုန်းနန်းတော်မှ သွမ့်ဝူကျီးနှင့် ကျုံးမျိုးနွယ်စုတို့သည်လည်း ထိုနေရာတွင် ရှိပေသည်။ သွမ့်ဝူကျီး၏ခန္ဓာကိုယ်ကား ထိလိုက်သည်နှင့် ဝါးမျိုသွားနိုင်စွမ်းသော ကြောက်မက်ဖွယ်မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ သူက လက်ကို ဆန့်တန်းကာ ငှက်များထံသို့ တိုးဝင်သွားသည်။ သူ့လက်များတွင် အနက်ရောင်စက်လုံးများ ဖြစ်လာကာ ကြောက်မက်ဖွယ် လေပွေမုန်တိုင်းများ အသွင်သို့ ပြောင်းလဲစေသည်။ လေပွေမုန်တိုင်းများက ငှက်များအား တစ်ကောင်ပြီးတစ်ကောင် ဝါးမျိုသွားကာ သူတို့၏ စိတ်အသိများကိုလည်း သူ့ခန္ဓာကိုယ် အတွင်းသို့ စုပ်ယူ၏။
သွမ့်ဝူကျီးနှင့်အတူ ကျုံးမျိုးနွယ်တို့သည်လည်း မီးငှက်များကို သွားရောက်သတ်ဖြတ်ကြသည်။
အဝေးတွင် တော်ဝင်အလင်းများ တလက်လက် ထနေသည်။ ယင်းမှာ မီးငှက်များ ပျံသန်း ဆင်းသက်လာသည့် အလားပင်။ သူတို့ကား ဝူးမျိုးနွယ်စု နှင့်အတူ ရှန့်ထိုကျိုယိုး၏ တပည့်တို့ ဖြစ်ကြသည်။
ဝူးမျိုးနွယ် တန်ခိုးရှင်တို့တွင် ရွှေမီးငှက်တို့၏ သွေးများ သူတို့၏ သွေးကြောများထဲတွင် စီးဆင်းနေကြသည်။ ထိုမြင်ကွင်းမှာ အံ့အားသင့်မှင်တက်ဖွယ် ကောင်း၏။ ဤသည်ကပင် သူတို့၏ ဘိုးဘေးမြေဖြစ်ကာ မဟာလမ်းစဉ်အသိများက ကြွယ်ဝလွန်းသဖြင့် မရေမတွက်နိုင်သော ရွှေမီးငှက်များ အဖြစ် ပြောင်းလဲနေခဲ့သည်။
ရှန့်ထိုကျိုယိုး၏ တပည့်ကား အလွန်သန်မာသည်။ ကြာပန်းနက်များ သူ့ကို ဝန်းရံထားကာ မီးတောက်နက်များသည် ပန်းပွင့်လွှာများမှ ဖြစ်တည်လာပြီး မဟာလမ်းစဉ်၏အသိများကို စုပ်ယူသည်။
သူက မြန်ဆန်စွာပင် မီးငှက်အတော်များများကို သတ်ဖြတ်နိုင်သည်။ သူ၏သက်စောင့်ဝိညာဉ် မွေးဖွားလာခဲ့သည်တွင် သန့်စင်သော ကြာပန်းနက်တစ်ပွင့် ဖြစ်လာကာ သူ့အား တဖြည်းဖြည်း ဖုံးအုပ်သွားသည်။ မဟာလမ်းစဉ်၏အသိများမှာ သူ့ကိုယ်ပိုင်စွမ်းအင် အဖြစ်သို့ စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ထို့နောက်တွင် ရှန့်ထိုချီမင်၏တပည့်နှင့် ချီကလန်သားများ၊ ချန်ကလန်မှ ချန်ဟွိုက်နှင့် တခြားလူများလည်း ရောက်ရှိလာကြတော့သည်။ သူတို့အားလုံးက စစ်မြေပြင်သို့ ပြေးဝင်ကာ မျိုးနွယ်စုကိုးခုနှင့်အတူ မီးငှက်များအား သတ်ဖြတ်ပြီး စားသုံးကြတော့သည်။
မျိုးနွယ်စုကိုးခုမှ ရွေးချယ်ခံများမှာလည်း မဟာလမ်းစဉ်၏ အသိများကို ထိန်းချုပ်စေစားနိုင်စွမ်းရှိကာ မိမိကိုယ်ကိုယ်သိမြင်နားလည်ခြင်း အဆင့်ရှိသော မီးငှက်များအား သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။
လက်ရှိတွင် သူတို့အားလုံး၏ မီးတောက်စွမ်းအင်များမှာ အလွန်အားကောင်းနေပြီ ဖြစ်သည်။ မျိုးနွယ်စုများက မီးတောက်စွမ်းအင်ကျင့်ကြံသူများကိုသာ အဘယ်ကြောင့် ရွေးချယ်သည်ကို ရီဖူရှင်း နားလည်လိုက်သည်။ မိမိအား ထိုလူများက မျှော်လင့်ချက် သိပ်မထားသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။
မီးလျှံနှင့်ပတ်သက်၍ သိမြင်နားလည်မှုနည်းပါးသောသူသည် မဟာလမ်းစဉ်၏ မီးတောက်များကို ထိန်းချုပ်စေစားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်က သူတို့သည် နောက်ပိုင်းတိုက်ပွဲများတွင် ပါဝင်နိုင်မည် မဟုတ်ပေ။
ရီဖူရှင်းက တိုက်ခိုက်နေရင်း တွေ့ရှိရသည်မှာ တခြားလူများသည် တိုက်ခိုက်နေရင်းဖြင့် သူတို့၏ မီးတောက်စွမ်းအင်များကို ပိုမိုအားကောင်းအောင် လုပ်ဆောင်နေကြခြင်းပင်။
ပညာရှိကျမ်း၏ သက်ရောက်စွမ်းမှာ အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် မဟာလမ်းစဉ်၏ဆေးပေါင်းဖိုအလား ထင်မှတ်ရကာ တစ်ချိန်တည်းတွင် နေမင်းတစ်စင်းနှင့်လည်း အလားသဏ္ဌာန်တူသည်။ သူ့နေမင်းဝိညာဉ်သည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ မဟာလမ်းစဉ်၏ အသိများကို ဝါးမျိုလျက် ထိုနေရာတွင်ပင် သန့်စင်သည်။ သူကား ထိုနည်းဖြင့် မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့် စိတ်အသိများကို သူ့ကိုယ်ပိုင်အဖြစ် အလွယ်တကူ သန့်စင်နိုင်၏။
ဟူး ...
ဧရာမရွှေမီးငှက်ကြီးတစ်ကောင် သူတို့ထံသို့ ထိုးစိုက်ဆင်းလာသည်။ သူ၏မျက်လုံးများက အလွန်စူးရှကာ မြင့်မားသော ဉာဏ်ရည်အား ပိုင်ဆိုင်ပုံရ၏။ ထိုမီးငှက်သည် သံသယကင်းစင်ခြင်း အဆင့်၌ ရှိဟန်ရသည်။ သူနှင့်ထိမိသည့်အရာတိုင်းမှာ လောင်ကျွမ်းခံရသည်။
ထိုငှက်ကြီးက ရီဖူရှင်းထံသို့ ဦးတည်လာခြင်းဖြစ်သည်။
ရီဖူရှင်း၏နောက်မှ မီးခိုးရောင်ဝတ်လူကြီးက ရှေ့သို့ တက်လာကာ လက်ညှိုးအား လေထဲသို့ ချိန်ရွယ်လိုက်သည်။ လင်းလက်တောက်ပသော မီးတောက်များသည် ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ဧရာမမီးငှက်ကြီးအား ထွင်းဖောက်သွားသည်။ မီးငှက်ကြီး၏ခန္ဓာကိုယ်၌ အပေါက်များစွာ ဖြစ်ပေါ်လာ၏။
ကြောက်မက်ဖွယ် မီးတောက်ဆက်ကြိုးများသည် အပေါက်များကို သွယ်ဆက်ကာ ငှက်ကြီးအား ချုပ်နှောင်ထား၏။
“မြို့စားရီ” သူက ခေါ်သည်။ ရီဖူရှင်းက ချက်ချင်း မီးငှက်ဘေး၌ ပေါ်လာ၏။ သူက ရှေ့သို လက်ညိုးထိုးလိုက်သည်တွင် မီးတောက်များ ထွက်ပေါ်လာပြီး မီးငှက်ကြီး၏ခန္ဓာကိုယ်အား လောင်ကျွမ်းစေပြီး သံသယကင်းစင်ခြင်းမီးတောက်အသိများကို သန့်စင်ဝါးမျိုသည်။
သံသယကင်းစင်ခြင်း ရှန့်ထိုအသိမှာ အလွန်အားကောင်းပေသည်။ ငှက်၏မီးတောက်အသိအား စုပ်ယူပြီးနောက် ရီဖူရှင်းသည် အလွန်တရာ ပူပြင်းလောင်ကျွမ်းသော ဒဏ်ကို ခံစားရ၏။ သူကား မီးလျှံများ၏လောင်ကျွမ်းမှုကို ခံရတော့မည်ဟု ထင်မှတ်မှားရ၏။ မီးပြင်းဖိုသည် သူလိုအပ်သော မီးတောက်များအား သန့်စင်နိုင်စွမ်း မရှိတော့။
သူကား လမ်းတစ်လျှောက်တွင် များစွာသော မိမိကိုယ်ကိုယ်သိမြင်နားလည်ခြင်းအဆင့်မီးတောက်များအား စေစားထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း တန်ခိုးအဆင့် အကန့်အသတ်ကြောင့် သံသယကင်းစင်ခြင်းအဆင့်မီးတောက်ကို အလွယ်တကူ စေစားနိုင်စွမ်း မရှိတော့။
ဧကရာဇ်အသိ အပိုင်းအစတစ်ခုက သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်အား ပိုမိုထည်ဝါလင်းလက်စေသည်။ သူက ဧကရာဇ်အသိအား မိမိကိုယ်ကို သိမြင်နားလည်ခြင်း အဆင့် မီးတောက်များနှင့် ပေါင်းစပ်ကာ သံသယကင်းစင်ခြင်း မီးတောက်များအား သန့်စင်၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ ရီဖူရှင်းသည်လည်း မိမိကိုယ်ကိုယ် သိမြင်နားလည်ခြင်း အဆင့်နှင့် သံသယကင်းစင်ခြင်း အဆင့်မှ မီးတောက်အသိများစွာကို စုဆောင်းရရှိခဲ့သည်။ ထို့နောက်တွင် သူက တိုက်ခိုက်သည်များကို ရပ်တန့်လျက် တစ်နေရာတွင် သွားထိုင်သည်။ သူက မျက်လုံးများကို မှိတ်ကာ မီးတောက်များကို သန့်စင်ရန် ကြိုးစား၏။
တခြားလူများထဲတွင်လည်း အချို့မှာ တိုက်ခိုက်လျက်ရှိကာ အချို့မှာ မီးတောက်များကို သန့်စင်နေကြသည်။ သူတို့အားလုံးမှာ မီးတောက်စွမ်းအားများကို ပိုအားကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားနေကြ၏။
ရီဖူရှင်းသည် မကြာမကြာအားဖြင့် သွားရောက်တိုက်ခိုက်ကာ မီးတောက်များကို စုစည်းပြီးမှ တစ်ဖန် ပြန်လေ့ကျင့်ခြင်းများကို ပြုလုပ်၏။
သူတို့အုပ်စုက နေမင်းရဲတိုက်၌ အပြင်းအထန် ကြိုးစားလေ့ကျင့်နေခဲ့ရင်းဖြင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့တော့သည်။
သူတို့ကား သူတို့ မသိလိုက်မီတွင်ပင် သည်နေရာ၌ လေ့ကျင့်ခဲ့သည်မှာ တစ်လခန့်ရှိခဲ့ပြီ ဖြစ်သည်။ သူတို့ခန္ဓာကိုယ်မှ မီးတောက်များမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်မှာလည်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သူတို့စုပ်ယူထားသော မီးတောက်အသိများမှာ သူတို့ တန်ခိုးအဆင့်ထက် များစွာ မြင့်နေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ထိုမီးတောက်အသိများကို ထိန်းချုပ်လာနိုင်ကြပေသည်။ သူတို့က တန်ခိုးအဆင့်များကို မြှင့်တင်နိုင်ခြင်း မရှိသော်လည်း သူတို့၏ တိုက်ခိုက်ရေးအတွက်ကို မူကား ထိုမီးတောက်များကို အသုံးပြုနိုင်ပေသည်။
စစ်မြေပြင်မှ လူတိုင်းမှာ အလွန်အားကောင်းလာကြသည်။ အင်ပါယာတုန်းနန်းတော်မှ သွမ့်ဝူကျီးသည် ထိုနေရာတွင် ရပ်နေ၏။ ကြောက်မက်ဖွယ် လှိုင်းများ သူ့အနီးတွင် ဖြစ်ပေါ်နေသည်။ အဆုံးအစမဲ့သော မိုးပြာရောင်မီးတောက်များသည် သူ့ကို စီးဆင်းနေကြ၏။ သူက လက်ကို ဆန့်တန်းကာ ထိုမီးတောက်များကို စုပ်ယူသည်။ အနီးမှ ရွှေမီးငှက်များမှာလည်း သူ၏ရူးသွပ်စွာ စုပ်ယူခြင်းအား ခံရကာ မီးတောက်များအကြားသို့ ပျော်ဝင်သွားကြတော့သည်။
ရှန့်ထိုကျိုယိုး၏ တပည့်သည် ဧရာမအသွင်သို့ ပြောင်းလဲသွားခဲ့ကာ သူ့မီးတောက်များမှာလည်း အရာခပ်သိမ်းအား လောင်ကျွမ်းနေခဲ့သည်။ ထိုမီးငှက်များအားလုံးမှာ လောင်ကျွမ်းပြာကျကုန်၏။
သူတို့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် အလွန်တရာ အားကောင်းလာခဲ့ကြကာ နောက်ဆုံးတွင် ကောင်းကင်၌ မည်သည့်မီးငှက် တစ်ကောင်တလေမှ မကျန်ရစ်တော့။
နေမင်းရဲတိုက်အပေါ်မှ ရောင်ခြည်များသည် အားလုံး၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။ နေမင်းသည် အစစ်အမှန်မီးငှက်အလား စူးရှသော အော်မြည်သံအား ပေး၏။ ကြောက်မက်ဖွယ်အလင်းများသည် လူကိုးယောက်ထံသို့ ကျဆင်းလာခဲ့ကာ ထူးဆန်းသော ဆက်နွှယ်မှုများအား ပြုလုပ်ဟန်ရသည်။
စစ်မြေပြင်ကား ဟာလာဟင်းလင်းဖြစ်သွားတော့မှ သူတို့က မီးငှက်များ ပေါ်ထွက်ခြင်းမှာ အကန့်အသတ်ရှိကြောင်း သိလိုက်ကြသည်။ သူတို့က မီးတောက်ကို လုံလုံလောက်လောက် စုဆောင်းပြီးပြီဟု အဓိပ္ပာယ်ရပေသည်။
သူတို့အရှေ့ နေမင်းရဲတိုက်ထံမှ တိုက်ခိုက်လိုသော ဝိညာဉ်အား ခံစားမိကြသည်။ သူတို့အားလုံးက အဆောက်အဦ ထံသို့ ဦးတည်လိုက်ကြ၏။ မျိုးနွယ်စုကိုးခုကလည်း သူတို့၏ ရွေးချယ်သူများ ထံသို့ လျှောက်လာကြသည်။
မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင် တစ်ဦးစီသည် နေမင်းမီးတောက်၏ အရှေ့မှ ရုပ်သဏ္ဌာန်ကြီး တစ်ခုထံသို့ လျှောက်လာကြသည်။ တန်ခိုးရှင်ကိုးဦးက ရုပ်တုကြီးတစ်ခုစီ၏ ရှေ့၌ ရပ်နေကြသည်။ သူတို့က ဦးညွန်ကာ လက်ညှိုးကို ဆန့်တန်းပြီး သူတို့၏သွေးများဖြင့် သင်္ကေတအချို့ ရေးဆွဲသည်။
နေမင်းရဲတိုက်ပေါ်မှ သဏ္ဌာန်ထံသို့ သွေးများ စီးဆင်းသွားခဲ့ကာ သူ့ခန္ဓာကိုယ်၌ စီးဆင်းစေသည်။ ဤတွင် ထိုသဏ္ဌာန်က ကောင်းကင်၌ လင်းလက်နေသော နေမင်းအား ကြည့်၏။ မြင်ကွင်းကား အလင်းတန်းကိုးခုသည် အချင်းချင်း ဆက်နွှယ်ထားသကဲ့သို့ ထင်မှတ်ရ၏။
တန်ခိုးရှင်ကိုးဦးက သူတို့၏ ရွေးချယ်သူများထံသို့ အသီးသီး ပြန်ရောက်လာခဲ့ကြသည်။ မီးခိုးရောင်ဝတ် အကြီးအကဲက ရီဖူရှင်းဘေးသို့ ရောက်လာကာ ပြောသည် ... “ မင်းငါလုပ်တဲ့ အတိုင်းလုပ်ပါ။ ဒီနည်းနဲ့ ဝင်္ကပါကို ဆက်သွယ်နိုင်တယ် ”
ရီဖူရှင်းက ခေါင်းညိတ်ကာ အကြီးအကဲအတိုင်း ပြုလုပ်သည်။ သူနှင့် နေမင်းရဲတိုက်သည် ချက်ချင်း ဆက်နွှယ်သွားခဲ့ကာ လေထဲတွင် မီးတောက်ရောင် အမျှင်တန်းအား တွေ့နိုင်သည်။ ထိုနေရာတွင် ပုံရိပ်ယောင်တစ်ခုကို တွေ့ရပြီး သူသည် နေမင်းရဲတိုက်နှင့် အတူတူ တည်ရှိနေသည်ဟု ထင်မှတ်ရသည်။
တခြားသော မျိုးနွယ်စုများမှ ရွေးချယ်ခံများလည်း ထိုနည်းတူ ပြုလုပ်ကြသည်။ ဤတွင် ဝင်္ကပါကြီးက သူတို့အားလုံးကို ခြုံလွှမ်းထားသည်ကဲ့သို့ ဖြစ်လာ၏။ ဝင်္ကပါ၏အလင်းများသည် သူတို့အပေါ်သို့ ဖျန်းပက်ထားပေသည်။
“မင်းတို့ထဲက ကိုးယောက်ပဲ ဘိုးဘေးနယ်မြေထဲသို့ ဝင်ရောက်နိုင်တယ်။ အခု မင်းတို့အချင်းချင်း တိုက်ခိုက်ရမည့်အချိန်ပဲ” မျိုးနွယ်စုကိုးခုမှ တန်ခိုးရှင်တစ်ဦးက ပြောသည်။
မျိုးနွယ်စုကိုးခုတွင် ရွေးချယ်ခံ အသီးသီးရှိကာ လာမည့်တိုက်ပွဲတွင် မည်သူက ဘိုးဘေးနယ်မြေသို့ ဝင်ခွင့်ရမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။
လာမည့်တိုက်ပွဲတွင် ဘိုးဘေးနယ်မြေအား မည်သူက ဖွင့်လှစ်နိုင်စွမ်း ရှိမည်ကို သိနိုင်မည်ဖြစ်သည်။
“ဘယ်သူ အရင်ဆုံး သွားမလဲ” ကျူးကလန်မှ တန်ခိုးရှင်တစ်ဦးက ပြောသည်။ သူက ရင်ထျန်းကျောက်အား ကြည့်ကာ သည်တစ်ကြိမ် သူတို့ရွေးထားသူက မှားယွင်းသည့် ရွေးချယ်မှု မဖြစ်ရန် မျှော်လင့်နေခဲ့သည်။
လူအများအပြားက ရင်ထျန်းကျောက်နှင့် သွမ့်ဝူကျီးအား ကြည့်ကြသည်။ ထိုမြင်ကွင်းက ကျူးကလန်မှ တန်ခိုးရှင်များ၏မျက်ခုံးကို မြင့်တက်စေသည်။
ကျူးကလန်မှ တန်ခိုးရှင်က မီးခိုးရောင်ဝတ် အကြီးအကဲကို ကြည့်ကာ တစ်စုံတစ်ခုအား အချက်ပြသည်။
“မြို့စားရီအရင်စမ်းကြည့်ပါလား” မီးခိုးရောင်ဝတ်အကြီးအကဲက ရီဖူရှင်းကို စိတ်ဖြင့် ပြောသည်။ ရီဖူရှင်းက ကျူးကလန်မှ အကြီးအကဲ၏ အပြုအမူကို သတိထားမိသည်။ သူတို့က ရင်ထျန်းကျောက် ဦးဆုံးတိုက်ခိုက်ကာ အများအာရုံစိုက်ခံရမည့် အရေးမှ ရှောင်လွှဲလိုကြဟန်ရသည်။
ရီဖူရှင်းက ဘာမှ သိပ်မပြောတော့ဘဲ ရှေ့သို့ တက်လိုက်သည်။
သူ ရှေ့သို့ တက်သွားသည်နှင့် နောက်တစ်ယောက်လည်း ထွက်လာသည်။ သူမကား ကျူးချွယ့်မီးငှက်မျိုးနွယ် နှင့်အတူ လက်တွဲထားသော ချီကလန်မှ မိန်းကလေးဖြစ်သည်။
သူမက ရီဖူရှင်းအား အေးစက်စွာ ကြည့်နေသည်။ သူမ၏မျက်လုံးများထဲ မီးတောက်များ လောင်ကျွမ်းနေ၏။ ရီဖူရှင်းတွင် နေမင်းဝိညာဉ်ရှိကြောင်း သူမလည်း သတိထားမိသည်။ ဆိုလိုသည်က ရီဖူရှင်းသည်လည်း မီးတောက်တွင် ကျွမ်းကျင်၏။
ကျန့်မုမြို့၌ သူမသည် ရှားရှင်းယွန်အား ရှုံးနိမ့်ခဲ့ရာ အလွန်တရာ အရှက်ရခဲ့သည်။
ယခု သူမက ရီဖူရှင်းအား မရှုံးနိမ့်ရန် ယုံကြည်ချက်ရှိပေသည်။
မည်သည့်စကားမှ မဆိုခဲ့ကြ။ ရှီချန် ထွက်လာသည်နှင့် ကောင်းကင်တွင် နေမင်းကိုးစင်း ပေါ်ထွက်လာခဲ့သည်။ ကြောက်မက်ဖွယ် ရောင်ခြည်များ လေထဲကို ဖုံးလွှမ်းသွားခဲ့ကာ မဟာလမ်းစဉ်မီးတောက်၏ ပျက်စီးခြင်းများ ရိုက်ခတ်လာခဲ့သည်။
ဝုန်း ...
ရီဖူရှင်းထံမှ မီးတောက်များ လျှံကျလာခဲ့သည်။ သူသည် မဟာလမ်းစဉ်၏ မီးပြင်းဖိုအလား သူ့ထံသို့ ရိုက်ခတ်လာသမျှ မီးတောက်များကို ဝါးမျိုသည်။
ရှီချန်က ရှေ့သို့ တစ်လှမ်းတက်၏။ မြေပြင်က တုန်ခါသွားကာ ကောင်းကင်၌ ပိုမိုများပြားသော နေမင်းများ ပေါ်ထွက်လာပြီး ရီဖူရှင်းအား ရစ်ပတ်သည်။ ထိုနေမင်းများ အားလုံးက မဟာလမ်းစဉ်၏ မီးတောက်များဖြင့် ရီဖူရှင်းကို တိုက်ခိုက်ကြ၏။
ပြင်းထန်သော အရောင်အဝါများ ပေါက်ကွဲထွက်လာခဲ့ကာ ရီဖူရှင်း၏ ခန္ဓာကိုယ်သည် မီးပြင်းဖန်အသွင်သို့ လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ့ထံသို့ ရိုက်ခတ်လာသမျှ မီးတောက်တို့မှာလည်း မီးပြင်းဖို၏စုပ်ယူခြင်းကို ခံရသည်သာ။
ရှီချန်က လက်ဟန်အချို့ ပြုလုပ်လိုက်သည်တွင် နေမင်းများစွာက ရီဖူရှင်းထံသို့ နီးကပ်စွာ လှည့်ပတ်လာပြီး စစ်မှန်သော နေမင်းအသွင်အလား ပြောင်းလဲတော့မည့်ဟန်မြင်ရ၏။
ထို့နောက် သူမက ထိုနေမင်းကို အထောက်အကူပြုရန် မဟာလမ်းစဉ်မီးတောက်၏ အသိများအား ထုတ်လွှတ်လိုက်၏။ ကြောက်မက်ဖွယ် အလင်းတန်းများ နေမင်းထံသို့ စီးဆင်းသွားကာ ထိုနေမင်းသည် ရီဖူရှင်းအား အပြန်အလှန်အားဖြင့် ဝါးမျိုတော့မည်ဟု ထင်မှတ်ရတော့သည်။
***