ဂိုဏ်းတစ်ခုလုံးကိုတုန်လှုပ်စေသော ဆေဘာဓားချက်
Vol. 8 Ch. 110
ဟုန်ယွီယဲ့က အဖြူရောင်ဆေဘာကိုကိုင်ပြီး ပိုင်ကျီအား မေးသည်။
ပိုင်ကျီမှာ ပဟေဠိဖြစ်သွားပြီး ပျက်စီးလုနီးပါး ဆေဘာအား လေ့လာသည်။ "ဒီဆေဘာက အခြေခံတည်ဆောက်ခြင်းအဆင့်က လူတွေသုံးတာပဲ အတော်လေးထိခိုက်ထားတော့ ထပ်သုံးလို့ရတော့မှာမဟုတ်ဘူး"
ဟုန်ယွီယဲ့ ခေါင်းညိတ်သည်။ "ဟုတ်တယ် ထပ်သုံးလို့မရတော့ဘူး "
သူမက ဆေဘာကိုကိုင်၍ စံအိမ်အစွန်းကို လျှောက်သွား၏။ လေကြောင့် ပန်းများက သူမအနားတွင် ရစ်သိုင်းနေ၏။
"မင်း ဆေဘာသုံးရတာကြိုက်တယ်ဆိုတာ မှတ်မိတယ်"
ပိုင်ကျီက ခေါင်းညိတ်သည်။" ဒါပေမဲ့ ကျမက ဆေဘာနဲ့ မလိုက်ဖက်ဘူးလို့ ဂိုဏ်းချုပ်ပြောခဲ့တာ ဂိုဏ်းချုပ်ကြောင့်သာမဟုတ်ရင် ကျမ ဒီနေရာထိရောက်လာနိုင်မှာမဟုတ်ဘူး "
ပိုင်ကျီ၏ အောင်မြင်မှုများမှာ ဟုန်ယွီယဲ့က သူမ၏ ပါရမီကို ပျိုးထောင်ပေးခဲ့သောကြောင့်ဖြစ်၏။ သူမက ဒုဂိုဏ်းချုပ်ကဲ့သို့သော အနေအထားမျိုးထိ ရောက်လာခဲ့သည်။
"ငွေလသတ်ဖြတ်ခြင်းနည်းစနစ်ကို သင်ယူဖူးတယ်မလား"
ပိုင်ကျီ ခေါင်းညိတ်သည်။ အဘယ်ကြောင့် ဟုန်ယွီယဲ့က ဆေဘာအကြောင်း ရုတ်တရက် ပြောဆိုနေသည်အား မသိပါချေ။
ဟုန်ယွီယဲ့က ဆေဘာကိုမြှောက်ပြီး ဓားသွားအား ပွတ်သပ်လိုက်၏။" မင်းအကြောင်းကိုသိတယ် အသစ်အဆန်းတွေကို သင်ယူရတာ အရမ်းကြိုက်တယ်လေ ဆေဘာကို လက်လွှတ်လိုက်ပေမဲ့ လအရိပ်နည်းစနစ်ကို ကျွမ်းကျင်ရင် ဘယ်လိုခံစားရမလဲဆိုတာ သိချင်ခဲ့တယ်မဟုတ်လား"
ပိုင်ကျီလည်း အတန်ငယ်ရှက်သွားပြီး "ဟုတ်ပါတယ် ကျမ အရမ်းတတ်မြောက်ချင်တာတွေရှိပါတယ်"
"ဒါဖြင့် မျက်လုံးကျယ်ကျယ်ဖွင့်ပြီး ကြည့်ပေတော့ " ဟုန်ယွီယဲ့က ဆေဘာကိုလွှဲယမ်းလိုက်၏။ ၎င်းက သူမလက်ထဲ ကခုန်နေသလိုပင်။
ဟုန်ယွီယဲ့မှာ လောကကိုထွန်းလင်းပေးနေသည့် လစန္ဒာအလား တောက်ပလာခဲ့၏။ သန့်စင်သည့် အဖြူရောင်အလင်းက နေမင်းအောက်တွင် အရိပ်ချန်ထားခဲ့၏။ ထို့နောက် လခြမ်းဆေဘာဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ထက်ရှသည့်ဓားသွားက လမ်းကြောင်းမှ အရာအားလုံးကို
ဖြတ်တောက်သွားခဲ့သည်။
နေရောင်ခြည်အောက်တွင် အလင်းများအားလုံးစုစည်းသွားသည့်အလား လအရိပ်ကြီးဖြစ်ပေါ်လာ၏။
ပိုင်ကျီမှာ ဟုန်ယွီယဲ့ ခုတ်ပိုင်းလိုက်သည့်နေရာကိုကြည့်ပြီး ကြောင်အနေမိ၏။ ထို့နောက် ကြောက်ရွံ့မှုများ ခံစားလိုက်ရသည်။
ဟုန်ယွီယဲ့က ကောင်းကင်နက်ဂိုဏ်းနှင့် အခြားဂိုဏ်းများမှ လူများထံ ချိန်ရွယ်လိုက်ခြင်းဖြစ်ပေသည်။
"မနက်ဖြန် သူ့ကို ဥပဒေမဲ့မျှော်စင်ရှေ့မှာထိုးပြီးမှ မျှော်စင်ထဲဝင်တာကိုကြည့်မယ်" ရှင်းတုန်က ပြောသည်။ "သဘောတူရင် အရင်းအမြစ်တွေပေးမယ် "
သူက ကျန်းဟောင်ကို အတော်လေးပေးဆပ်စေချင်နေလေသည်။
"ကောင်းကင်နက်ဂိုဏ်းလည်း သဘောတူတယ် ကျန်းဟောင် ဥပဒေမဲ့မျှော်စင်ထဲဝင်တာ မြင်ချင်တယ်" ယန်ဟို ပြော၏။
ချီယွမ်ကတော့ ဘာမှမဆိုချေ။
မျှတသည်ဟု ချင်ယန် ခံစားလိုက်ရသည်။ သဘောတူမည်အပြု ရုတ်တရက် ကြက်သီးထသွားပြီး လှည့်ကြည့်လိုက်လေ၏။
တောက်ပသည့် လကြီးတစ်စင်းက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ အနက်ပိုင်းမှထွက်လာသည်။ လရောင်က ဗလာနယ်ကိုပင် ဖြတ်တောက်၍ သူတို့ဆီ ဦးတည်လာလေ၏။
တောက်ပလွန်းသည့် လကြီးကသာ သူတို့အမြင်ထဲရှိတော့၏။
မျက်စိတမှိတ်အတွင်း လအလင်းက သူတို့ကိုဖြတ်သွားခဲ့သည်။ အေးစက်မှုက ပျံ့နှံ့သွားပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏။
တောက်ပထက်ရှသည့် လအလင်းက သူတို့ကို ဖြတ်တောက်သွားခဲ့သည်။
ယန်ဟိုက မယုံနိုင်စွာကြည့်၏။ "ဘယ်လိုလုပ်... ကောင်းကင်ရှင်းလင်းဂိုဏ်းက စစ်ပွဲစချင်နေတာလား"
သူတို့အားလုံး ခုခံခဲ့ကြသည်။ သို့သော် အသုံးမဝင်ခဲ့ပေ။ အလင်းက သူတို့၏ အကာအကွယ်နှင့် မှော်ရတနာအားလုံးကို ဖြတ်သန်းသွားခဲ့သည်။
"ကောင်းကင်ရှင်းလင်းဂိုဏ်းက အရှက်မဲ့လိုက်တာ တကယ်ပဲ..."
ဝှစ်
ဓားသွားက လေလို အလင်းလိုဖြစ်ပြီး ထိတွေ့ကိုင်တွယ်၍ မရပေ။
လူ ၁၃ ဦးတွင် ရွှေရောင်အမြုတေအဆင့်တစ်ဦးသာ ရှင်သန်ခဲ့သည်။ ၎င်းက ကြောက်ရွံ့စွာအော်ဟစ်လိုက်သော်လည်း အဆင်ပြေကြောင်းသိလိုက်ရသည်။ ကျန် ၁၂ ဦးမှာမူ ခေါင်းပြတ်ပြီး လဲကျသွားခဲ့သည်။
အရာအားလုံး တိတ်ဆိတ်သွား၏။
ပိုင်ကျီမှာ ကြောက်ရွံ့မှုဖြင့် ဒူးထောက်နေ၏။ ဂိုဏ်းချုပ်ကိုယ်တိုင် လှုပ်ရှားခဲ့ရခြင်းက သူမ တာဝန်မကျေပွန်ဟု ဆိုလိုရာရောက်သည်။
ဟုန်ယွီယဲ့က ဆေဘာကို ပန်းကြားထဲ ပြန်လည်မြုပ်နှံလိုက်၏။ သူမက ပိုင်ကျီကိုကြည့်သည်။ "ကောင်းကင်နက်ဂိုဏ်းကိုပြောလိုက် ဆွေးနွေးချင်ရင် ရိုးသားတဲ့လူကို ပို့လိုက်လို့ နောက်ပြီး အကျဥ်းသားကို ဥပဒေမဲ့မျှော်စင်ထဲ ၅ ရက်ထည့်ထားလိုက် နောက်တကြိမ် ပို့တဲ့လူက အဆင်မပြေရင် အကျဥ်းသားကို ဥပဒေမဲ့မျှော်စင်ထဲက မလွှတ်နဲ့"
သူမက စံအိမ်အလယ်ကို လျှောက်သွား၏။ "ထွက်သွားနိုင်ပြီ"
"နားလည်ပါပြီ ဂိုဏ်းချုပ်"
ပိုင်ကျီမှာ ကျန်းဟောင်၏ အရေးပါပုံအား နားလည်သွား၏။ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ပျိုးထောင်နိုင်သူက သူကလွဲပြီး မရှိတာမျိုးဖြစ်နိုင်သည်။
သို့သော် သူမ စိတ်ရှုပ်နေရဆဲပင်။ ဂိုဏ်းချုပ်က ကျန်းဟောင်ကို ဂရုမစိုက်ဟုထင်ရသော်လည်း...
ပိုင်ကျီလည်း ဘာမှမပြောရဲပဲ ထွက်လာခဲ့သည်။
ပိုင်ကျီ ထွက်သွားပြီးနောက် ဟုန်ယွီယဲ့က နှုတ်ခမ်းကိုဖိပြီး ချောင်းအသာဆိုး၏။
ဂိုဏ်းအပြင်တွင် ချင်ယန်နဲ့ အခြားသူများမှာ ချွေးအေးများ စိုရွှဲနေ၏။ ထိုဓားသွားသာ သူတို့ကိုထိမှန်ခဲ့ပါမူ...
သူတို့စိတ်ထဲ ကြောက်ရွံ့ လေးစားမှုများဖြစ်နေ၏။
အဖြူရောင်ပုံရိပ်တခု ကောင်းကင်မှဆင်းလာ၏။ သူမက ပိုင်ကျီဖြစ်၏။
ချင်ယန်၊ ခူဝူကန်းနှင့် အကြီးအကဲမှာ ဦးညွတ်လိုက်ကြသည်။
ပိုင်ကျီက သူတို့ကိုလျစ်လျူရှုပြီး အသက်ရှင်ကျန်ရစ်သူအား ကြည့်၏။
"မင်းက ကောင်းကင်နက်ဂိုဏ်းကလား "
"ဟုတ်ပါတယ်" လူငယ်က ကြောက်ရွံ့စွာဖြေသည်။
"ဂိုဏ်းကိုပြန်သွားပြီး နောက်တခါ ရက်ရောမှုကို သေချာပြဖို့လိုတယ်ပြောလိုက် မဟုတ်ရင် ဂိုဏ်းနားမကပ်နဲ့ ဒီလိုမျိုး ထပ်ဖြစ်လို့ကတော့ ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ခံရပြီး ဘယ်တော့မှလွတ်မယ်မထင်နဲ့ သွားတော့"
လူငယ်မှာ ကြောက်အားလန့်အားဖြင့် ဒရောသောပါး ထွက်ပြေးသွားတော့သည်။
ပိုင်ကျီက ချင်ယန်တို့ကိုကြည့်၏။ "ဂိုဏ်းချုပ်ထွက်မလာသေးပေမဲ့ အခွဲ ၁၂ ခုက သူမရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေလို့မရဘူး မဟုတ်ရင် အဆိုးမဆိုနဲ့"
ထို့နောက် ပိုင်ကျီမှာ လှည့်ထွက်သွားတော့၏။
ကျန်းဟောင် ကြောင်အနေ၏။ ဤသို့သောရလဒ်အား အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးပါချေ။
"အဲဒါက အကြီးအကဲပိုင်ကျီ လုပ်လိုက်တာလား" သူ မေးသည်။
"အဲ့လိုထင်လို့လား ဂျူနီယာညီလေးကျန်း" လျှိုရှင်းချန် ပြောသည်။
ကျန်းဟောင် ခေါင်းယမ်းသည်။ ထိုသို့ဖြစ်ဟန်မရပါချေ။ အကြီးအကဲပိုင်ကျီသာဆို စီနီယာချင်ယန်နဲ့ အခြားသူများ ဒီလောက်ကြောက်နေကြမည်မဟုတ်ပေ။
ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် အကြီးအကဲပိုင်ကျီထက် ကြောက်စရာကောင်းသူတဦးသာရှိ၏။
ကောင်းကင်ရှင်းလင်းဂိုဏ်းချုပ်