လက်တွဲတိုက်ခိုက်ခြင်း
Vol. 013 Ch. 1299
ထိုအချိန်တွင် ရှင်းခိုင်သည် အမှန်တကယ် သတ်ဖြတ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။ ရှုံးနိမ့်မှုနှင့် ဆက်တိုက်ကြုံတွေ့ပြီးနောက်တွင် သူသည် ဤကိစ္စအား မေ့ထားရန် ဖြစ်နိုင်သည်၊ မဖြစ်သည်အား သူ့ကိုယ်သူ ပြန်မေးကြည့်ခဲ့၏။
မက်မွန်ပွဲတော်အတွင်းတွင် သူသည် နှစ်ကြိမ်တိုင်တိုင် ရီဖူရှင်း၏စွမ်းဆောင်မှု၌ လွှမ်းမိုးခြင်း ခံခဲ့ရပြီး သူ၏ နှလုံးသားတာအို၌ အမည်းစက်ထင်ခဲ့၏။
ရီဖူရှင်းသည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် အတားအဆီး ဖြစ်လာလိမ့်မည်ဟု သူ ခံစားမိသည်။ ရီဖူရှင်းကြောင့်ပင် သူသည် ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ဝင်ရောက်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ ရှင်းခိုင်အတွက်တော့ ထိုအချက်က လက်သင့်ခံရန် မဖြစ်နိုင်ပေ။
သူ၏ ကျင့်ကြံခြင်းကို နှောင့်နှေးစေသည့် မည်သူမဆို လောကကြီးမှ ပျောက်ကွယ်သွားရန် သုတ်သင်ပစ်ရပေမည်။
ထို့ကြောင့် ရီဖူရှင်း သေသင့်၏။
ဤနည်းတစ်ခုတည်းကသာ သူ့နှလုံးသားတာအိုကို သန့်စင်စေနိုင်မည်။ ထို့အပြင် ရီဖူရှင်းသည် ရှေးဟောင်းတော်ဝင်မြို့အတွက် ခြိမ်းခြောက်မှုတစ်ခု သေချာပေါက် ဖြစ်လာပေမည်။
စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကြီးတွင် အင်အားကြီးမားသော စွမ်းအားများ ပါဝင်နေပြီး ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေးစွမ်းအားနှင့် ပေါင်းစပ်လိုက်သည့်အခါ တစ်မိုးအောက်၌ ဖြစ်တည်မှုအားလုံးကို ထိန်းချုပ်တားဆီးထားနိုင်သည်။ ရွှေရောင် ဖျက်ဆီးခြင်း မိုးကြိုးလျှပ်စီးများသည် မိုးကြိုးဂုဏ်သတ္တိနှင့် ရွှေသဘာဝတို့မှ ရရှိသည့် ဖျက်ဆီးခြင်းလမ်းစဉ်များ ပါဝင်နေသည်။
ထို့အပြင် မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့်၏ စွမ်းအားသည် နတ်ဘုရားဆေးကြောသန့်စင်ခြင်း အဆင့်ထက် ပို၍ သန်မာပေသည်။ သူက သတ်ရန် ရည်ရွယ်ထားပြီးမှတော့ အဘယ်ကြောင့် ထောက်ထားညှာတာရပေမည်နည်း။ ဖျက်ဆီးခြင်း အရှိန်အဝါများ၏ အောက်တွင် ရီဖူရှင်းကို ကြည့်ရသည်မှာ အချိန်မရွေး ချေမှုန်းခံရတော့မလိုပင်။
ရှင်းခိုင်၏ရည်ရွယ်ချက်ကို ရိပ်မိလိုက်သည်တွင် ချန်ယဲ့မြို့မှ တန်ခိုးရှင်များ၏ မျက်နှာသည် ဖြူဖျော့သွားကြ၏။
ဆန်းထျန်ကျန့်နှင့် ဝူယုံးတို့နှစ်ယောက်လုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ တုံ့ပြန်မှုမှာ လျင်မြန်သည်။ ရှင်းခိုင်ကဲ့သို့ မိမိကိုယ်ကိုယ်သိမြင်ခြင်း အဆင့်မှတစ်စုံတစ်ဦးက ရီဖူရှင်းကို သတ်ဖြတ်ရန် ကြိုးစားနေသည်ကို မြင်လျှင် သူတို့သည် ချက်ချင်းပင် ပြင်းထန်သည့် အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် လေထုနှင့် တိမ်တိုက်များသည် အရောင်ပြောင်းသွားခဲ့သည်။ ကြောက်မက်ဖွယ် မီးတောက်စွမ်းအားများက ကျဆင်းလာပြီး ကြီးမားသည့် မီးတောက်လက်ဝါးကြီးက ကောင်းကင်မှ ပေါ်ပေါက်လာကာ ရှင်းခိုင်ဆီသို့ ကျဆင်းလာသည်။
ဘုန်း...
စူးရှသော အလင်းရောင်စဉ်များ ရုတ်တရက် ထွက်ပေါ်လာ၏။ တစ်စုံတစ်ယောက်က သူတို့ရှေ့မှနေ၍ ယင်းတိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးရန် ကြိုးစားသည်။ ကိုင်ဟွမ်၏ရွှေရောင်မျက်လုံးများသည် ဆန်းထျန်ကျန့်နှင့် ဝူယုံးထံသို့ ကျရောက်လာ၏။
+
ရှင်းခိုင်က ရီဖူရှင်းအား သတ်မည့်အရေး၌ ဝူယုံးနှင့် ဆန်းထျန်ကျန့်တို့ကို နှောင့်ယှက်ရန် သူက ခွင့်မပြုပေ။
ရှင်းခိုင်က ဆုံးဖြတ်ပြီးမှတော့ သူ ဘာလုပ်ရမည်ကို ကောင်းကောင်းသိပေသည်။
လက်ရည်စမ်းခြင်းကို ဆင်ခြေအဖြစ်သုံးကာ ရှင်းခိုင်က ရီဖူရှင်းကို အမြစ်ပြတ် ချေမှုန်းလို၏။
"ကိုင်ဟွမ်"
ဆန်းထျန်ကျန့်က အော်ဟစ်ကာ ရှေ့သို့ လှမ်းလာ၏။ ကိုင်ဟွမ်၏ တကယ့်စွမ်းအားသည် အလွန်ပင် အစွမ်းထက်လှသည်။ ချန်ယဲ့မြို့ တိုက်ပွဲတွင် သူသည် ကြယ်ဆွတ်လက်နှင့် သူတင်ကိုယ်တင် တိုက်ခိုက်ခဲ့သူဖြစ်၏။
"သူတို့က မက်မွန်ပွဲတော်အပြီးမှာ လက်ရည်စမ်းချင်နေရုံပဲ။ ဘာလို့ ဝင်ရှုပ်ချင်နေရတာလဲ" ကိုင်ဟွမ်က အေးစက်စွာ ပြောသည်။ သူ၏ မျက်လုံးများသည် ရွှေရောင်အလင်းတို့ဖြင့် ရောင်ပြန်ဟပ်နေခဲ့သည်။ ကြောက်မက်ဖွယ် ရွှေရောင် မုန်တိုင်းကြီးသည် သူ့ခန္ဓာအနီးတွင် လှည့်ပတ်နေပြီး ပြန်လည်မွေးဖွားခြင်း အဆင့် တန်ခိုးရှင် နှစ်ဦးထံသို့ ဦးတည်တိုးဝင်သွားလေသည်။
ပြင်းထန်သော စွမ်းအားများက ဆန်းထျန်ကျန့်တို့အား ပိတ်ဆို့၏။
ပို၍ ပို၍ များပြားသော တန်ခိုးရှင်များက သူတို့အနီးဝန်းကျင်တွင် စုစည်းလာကြသည်။ ကိုင်ဟွမ်က ရှင်းခိုင်၏အကြံအစည်ကို ကူညီနေကြောင်း သူတို့အားလုံး သိနားလည်ကြသည်။
+
ထိုအခိုက်အတန့်တွင် ရှင်းခိုင်သည် ရီဖူရှင်းကို သတ်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
ရှင်းခိုင်သည် စိတ်ဓာတ် ပြတ်သားသူ ဖြစ်သည်။ မက်မွန်ပွဲတော်တွင် ရီဖူရှင်းလွှမ်းမိုးမှုကို သူခံခဲ့ရ၏။ ထို့ကြောင့် သူသည် ရီဖူရှင်းကို သုတ်သင်ကာ ထိုအရိပ်မည်းအား ဖယ်လျှားလို၏။
ရီဖူရှင်းသာ မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် ရောက်ရှိခဲ့လျှင် ရှင်းခိုင်သည် ရီဖူရှင်းကို ရင်ဆိုင်ရန် မလွယ်တော့။
ရှင်းခိုင်နှင့် ရီဖူရှင်း တိုက်ခိုက်နေသည့် တိုက်ပွဲကွင်းပြင်တွင် စစ်နတ်ဘုရား၏ ဖျက်ဆီးခြင်းလက်ဝါးရိပ်က ရီဖူရှင်းကို ဖိနှိပ်ထားသည်။ အဆုံးမဲ့ ရွှေရောင်လျှပ်စီးများက စစ်နတ်ဘုရား၏ လက်ဝါးရိပ်မှ ကျဆင်းလာပြီး သူ့ကို ထိုနေရာအတွင်း ပိတ်ဆို့ထားကာ သတ်ဖြတ်ရန် ကြိုးစားနေ၏။
သူ၏ လက်ထဲမှ လှံရှည်များက ဆက်လက်၍ ကွဲကြေလာသည်။ ရီဖူရှင်းသည် သူ၏ လက်ဝါးကို ဆန့်ထုတ်သည်။ နတ်ဘုရား ရတနာလှံသည် သူ၏ လက်ဝါးပေါ်တွင် ပေါ်ပေါက်လာကာ စွမ်းအားများကို ဝါးမျိုပြီး ပြင်းထန်သည့် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
+
ဘုန်း...
ပတ်ဝန်းကျင်သည် ပြင်းထန်စွာ တုန်ခါလာ၏။ လူအများသည် မဟာလမ်းစဉ်၏ လောင်ကျွမ်းနေသည့် ဖိအားများအောက်တွင် ရီဖူရှင်းက ရှေ့သို့ ဆက်တိုးသွားသည်ကို မြင်လိုက်ကြရ၏။ ခြေတစ်လှမ်းတိုင်းတွင် သူ၏ စွမ်းအားက ပိုအားကောင်းသန်မာလာသည်။ ရတနာလှံသည် စွမ်းအားများကို ဝါးမျိုနေပြီး လေဟာနယ်ကို စုတ်ဖြဲပစ်နိုင်သည့် အဆုံးမဲ့အလင်းများကို ထုတ်ပေး၏။ ယင်းသည် ကောင်းကင်မှ ကျဆင်းလာနေသည့် ရွှေရောင်လျှပ်စီးများနှင့် ရင်ဆိုင်မိသည်။
ပြင်းထန်သော စွမ်းအားများ ရင်ဆိုင်မိလျှင် ရီဖူရှင်းရှိနေသည့် နေရာသည် ထောင်သောင်းချီသော နတ်ဘုရားပြစ်ဒဏ်အလင်းများအောက်တွင် နစ်မြုပ်သွား၏။
ဘန်း...
ရီဖူရှင်းက တတိယခြေလှမ်းကို လှမ်းသည်။ သူ့ခန္ဓာသည် လှည့်ပတ်နေပြီး ကြောက်မက်ဖွယ် အလင်းရောင်စဉ်များက ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ့လက်ထဲမှ ရတနာလှံသည် လေကို ခွင်းကာ ပြေးထွက်သွား၏။
+
ထိုအခိုက်တွင် လေဟာနယ် အလင်းရောင်စဉ်များသည် ကောင်းကင်သို့ တဟုန်ထိုးပြေးဝင်သွားသည်။ ကျယ်ပြောလှသည့် ကောင်းကင်နှင့် မြေကြီးကြားမှ လေဟာနယ်တွင် အကန့်အသတ်မဲ့ ကြီးမားသည့် နတ်ဘုရားလှံရှည်ကြီး ပေါ်ပေါက်လာပြီး ကျဆင်းလာသည့် စစ်နတ်ဘုရား လက်ဝါးရိပ်ကြီးကို ထိုးဖောက်သွားသည်။
ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်၌ ဖျက်ဆီးခြင်းစွမ်းအားများသည် လောကတခွင်ကို ဖုံးလွှမ်းသွားသည်။ ကောင်းကင်နှင့် မြေကြီးက တုန်ခါနေပြီး စစ်နတ်ဘုရား လက်ဝါးရိပ်ကြီးက အော်မြည်နေသည်။
အထက်တွင် ကောင်းကင်ကို လွှမ်းမိုးထားသည့် စစ်နတ်ဘုရားလက်ဝါးရိပ်ကြီးကို လှံရှည်က ထွင်းဖောက်တားဆီးလိုက်၏။
ရီဖူရှင်း၏ ခန္ဓာသည် သန့်စင်သည့် အရှိန်အဝါများဖြင့် တောက်ပနေပြီး ကောင်းကင်ကို လွှမ်းမိုးကာ မဟာလမ်းစဉ်သည် သူနှင့် တသားတည်း ဖြစ်နေသည်။ သူက ခေါင်းမော့ကာ ကောင်းကင်သို့ ကြည့်သည်။ လှံရှည်အလင်းများသည် တိမ်တိုက်ကို ထိုးဖောက်သွားပြီး အလင်းများသည် ကောင်းကင်အား ပိတ်ဆို့ထားသမျှကို ဖယ်ရှားလိုက်သော်လည်း စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကိုတော့ အပြီးတိုင် ဖျက်ဆီးမပစ်နိုင်ခဲ့ပေ။
ရှင်းခိုင်၏ ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ရေးစွမ်းအားသည် စစ်နတ်ဘုရားမှ ဆင်းသက်လာခြင်းဟု ဆိုရမည်။ ယင်းသည် တိုက်ခိုက်ရေးစွမ်းအားများ ကို ပေါင်းစပ်လိုက်သည့်အခါ နတ်ဘုရားကိုပင် သတ်ဖြတ်နိုင်သည့် စစ်နတ်ဘုရား စွမ်းအားအရှိန်အဝါများက ပေါက်ကွဲထွက်လာ၏။
ကောင်းကင်ဒဏ်ခတ် တိုက်ခိုက်ခြင်းအသိနှင့် ပေါင်းစပ်ထားသည့် ရှင်းခိုင်၏ တိုက်ခိုက်မှုသည် အမြဲအစွမ်းထက်နေပြီး ကြောက်မက်ဖွယ်ကောင်းသည်။
+
ကောင်းကင်နှင့် မြေကြီးကြားမှ အော်မြည်နေသည့် အသံများသည် ဆက်လက်ထွက်ပေါ်နေသည်။ အဆုံးမဲ့ကြီးမားသည့် စစ်နတ်ဘုရား ပုံရိပ်ကြီးသည် ကောင်းကင်ထက်တွင် ရပ်နေ၏။ ရှင်းခိုင်က ကောင်းကင်သို့ ခြေချလိုက်ပြီး သူ၏ မျက်လုံးများသည် အလွန်အေးစက်နေ၏။ သူက လက်ဝါးကို မြေပြင်သို့ ဦးတည်၍ ဆန့်ထုတ်လိုက်၏။
ချက်ချင်းပင် စစ်နတ်ဘုရား၏ ပုံရိပ်ကြီးသည် သူ့အပြုအမူအတိုင်းလိုက်လုပ်ကာ ယင်း၏ လက်ဝါးကြီးသည်လည်း ဆန့်ထွက်လာသည်။
စစ်နတ်ဘုရား၏ လက်ဝါးရိပ်သည် ဆက်လက်ကျဆင်းလာနေပြီး ရီဖူရှင်းကို အမှုန့်ချေရန် ကြိုးစားနေသည်။
သူသည် ရီဖူရှင်း သေသည့်တိုင်အောင် လက်လျှော့လိမ့်မည် မဟုတ်ပေ။
လှံရှည်၏ အလင်းများသည် ဝါးမျိုခံလိုက်ရသည်။ ရီဖူရှင်း၏ အထက်မှ ဖိနှိပ်လာသည်မှာ ချိပ်တံဆိပ်တစ်ခုသာ မဟုတ်တော့ဘဲ ကောင်းကင်တစ်ခုလုံး ကျဆင်းလာကာ သူ့ကို အမှုန့်ခြေတော့မည်ဟု ထင်မှတ်ရသည်။ သူသာ လှုပ်ရှားနိုင်ခြင်းမရှိလျှင် သူသည် ဖိနှိပ်ခံရကာ သေဆုံးခြင်းချောက်ကမ်းပါးစွန်းသို့ ရောက်သွားပေလိမ့်မည်။
ရတနာလှံပင်လျှင် စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကို တားဆီးနိုင်စွမ်း မရှိပေ။
အခြားသော တန်ခိုးရှင်များသည် ထိုမြင်ကွင်းကို ကြည့်ကာ မွန်းကြပ်လာကြသည်။ ရှင်းခိုင်၏ တိုက်ခိုက်ရေးစွမ်းအား အစစ်အမှန်သည် မည်မျှ ကြီးမားလိုက်သနည်း။ သူသည် အမြဲပင် သွေးနဂါးဘုံ၏ ပြိုင်ဘက်ကင်း ထိပ်သီးပုဂ္ဂိုလ်အဖြစ် ရပ်တည်ခဲ့သည်မှာ ယုံမှားစရာမရှိပေ။ သူသည် မည်သည့်အခါမှ ရှုံးနိမ့်ခြင်း မရှိဘဲ ဒေသဘုရင် အဆင့်သတ်မှတ်ချက်တွင် အမြဲ စာရင်းဝင်ခဲ့သည်။
သူသည် မိမိကိုယ်ကိုယ်သိမြင်ခြင်းအဆင့် ဖြစ်ပြီး ထိုအဆင့်၏ အခြားသော ထူးချွန်သူများပင်လျှင် သူ့ကို ရှုံးနိမ့်စေရန် ခက်ခဲလှသည် ဖြစ်ရာ နတ်ဘုရားဆေးကြောသန့်စင်ခြင်းအဆင့်ကို အလွယ်တကူ သုတ်သင်နိုင်မည်ဟု ထင်မှတ်ရသည်။
သို့သော် ရီဖူရှင်းသည် သူနှင့် တိုက်ခိုက်နိုင်သည်။ လူတိုင်း ပြောနိုင်သည်မှာ မက်မွန်ပွဲတော်အတွင်း အထင်ကြီးလောက်စရာ စွမ်းရည် ပြသနိုင်ခဲ့သည့် ချန်ယဲ့မြို့စားသည် အမှန်တကယ်ကို ကြောက်မက်ဖွယ် တိုက်ခိုက်မှုစွမ်းအားကို ပိုင်ဆိုင်လေသည်။ ရှင်းခိုင်နှင့် တိုက်ခိုက်နေသည်မှာ အခြားတစ်ယောက်သာ ဖြစ်ခဲ့လျှင် သူတို့သည် စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကြီး ထွက်ပေါ်လာပြီးသည်နှင့် အသတ်ခံလိုက်ရပေလိမ့်မည်။
တစ်ချိန်တည်းတွင် အခြားသော နေရာရှိ ချန်ယဲ့မြို့ တန်ခိုးရှင်များသည် ထိုတိုက်ပွဲကွင်းပြင်သို့ လျင်မြန်စွာ ဦးတည်လိုက်ကြသည်။
ထိုသည်မှာ မျှတသည့် ယှဉ်ပြိုင်ခြင်း မဟုတ်ပေ။ ရှင်းခိုင်၏ ရည်ရွယ်ချက်မှာ ရီဖူရှင်းနှင့် လက်ရည်စမ်းရန် မဟုတ်ဘဲ သူ့ကို သတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရှေးဟောင်းတော်ဝင်မြို့မှ တန်ခိုးရှင်များသည်လည်း စတင်၍ လှုပ်ရှားလိုက်ကြသည်။ သူတို့အားလုံးသည် ချန်ယဲ့မြို့မှ တန်ခိုးရှင်များ၏ လမ်းကြောင်းကို ပိတ်ဆို့ထားကြ၏။
ထိုမြင်ကွင်းကို ကြည့်၍ ရှင်းခိုင်သည် တဖန် လက်တစ်ဖက်ကို ဆွဲလိုက်ကာ နောက်ထပ် လက်ဝါးရိပ်တစ်ခုကို ထုတ်ဖော်သည်။ လက်ဝါးရိပ်နှစ်ခုသည် တစ်ခုနှင့်တစ်ခုထပ်ကာ ကောင်းကင်တစ်ခွင်လုံးကို ဖိနှိပ်ထား၏။ ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ရီဖူရှင်း၏ ခန္ဓာသည် မဟာလမ်းစဉ်၏ ကြီးမားသည့် စွမ်းအားများကြောင့် ဖိနှိပ် ဖျက်ဆီးခြင်းခံရတော့မလို ဖြစ်လာသည်။
နတ်ဘုရားလှံရှည်၏ ကြီးမားသည့် အလင်းသည် ပျက်စီးနေဆဲပင် ဖြစ်သည်။ ရီဖူရှင်းသည် ဖိအားကို ဆန်းစစ်လိုက်ပြီး ရုတ်ချည်းပင် သူ၏ ခန္ဓာအနီးတွင် ကြယ်တာရာများ၏ အရှိန်အဝါက ထွက်ပေါ်လာသည်။
အဆုံးမဲ့ ကြယ်အလင်းရောင်များ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကြားမှ ကျယ်ပြောသည့် နေရာသည် ကြယ်ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကြယ်များသည် လောကသစ်တွင် ဖြစ်တည်လာသည်။ မဟာလမ်းစဉ်၏ ကြယ်များသည် လှည့်ပတ်နေပြီး အထက်ကောင်းကင်သို့ ထိုးတက်သွားခဲ့၏။
ဘုန်း... ဘုန်း... ဘုန်း...
လူအများသည် ကြယ်များက စစ်နတ်ဘုရား၏ လက်ဝါးရိပ်ပေါ်သို့ ရိုက်ခတ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ယင်းကြောင့် ကောင်းကင်လေဟာနယ်သည် တုန်ခါနေသော်လည်း ကြယ်များက စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကို ထိတွေ့လိုက်သည့် အခိုက်အတန့်တွင် ယင်းတို့သည် ကွဲထွက်သွားခဲ့ပြီး ကျဆင်းလာနေသည့် စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကို တဖြည်းဖြည်း တားဆီးကြသည်။
သို့သော်လည်း ကြယ်များ၏ အလင်းသည် ပို၍ တောက်ပလာသည်။ ရီဖူရှင်းသည် ကြယ်ကမ္ဘာ၏ အလယ်တွင် ရှိနေသည်။ အဆုံးမဲ့ ကြယ်များက သူ့အနီးတွင် လှည့်ပတ်နေသည်။ ပညာရှိကျမ်း၏ အောက်တွင် သန့်စင်သော ရောင်ဝါများ ပေါ်ပေါက်လာပြီး ကြယ်ကမ္ဘာတစ်ခု ဖြစ်တည်လာသည်။
ထိုအချိန်တွင် ကောင်းကင်တခွင်ရှိ ကြယ်များ အားလုံးသည် တစ်ခုတည်း ဖြစ်လာကာ ကြယ်များအားလုံး ပါဝင်နေသည့် ကြယ်ကျောက်တုံးကြီးသဖွယ် ဖွဲ့တည်လာခဲ့သည်။
"ဒါက..."
အဝေးတစ်နေရာမှ ကြည့်နေကြသည့် လူများမှာ ထိုမြင်ကွင်းက သူတို့၏ မျက်လုံးကို ဖမ်းစားသွားကာ မင်သက်သွားကြလေသည်။
ဒါက မက်မွန်ပွဲတော်ရဲ့ နတ်ဘုရားသိုင်းပညာလျှောက်လမ်းထဲမှာရှိတဲ့ ကြယ်ကျောက်တုံး မဟုတ်ဘူးလား
ရီဖူရှင်းက နတ်ဘုရားသိုင်းပညာလျှောက်လမ်းမှ ပညာရပ်ကို ဆက်ခံရရှိခဲ့သည်များလား...
ကြယ်များသည် အစီအစဉ်တကျ ရွေ့လျားနေသည်။ ကြယ်များ ပါဝင်နေသည့် အဆုံးအစမဲ့ ကြီးမားသော ကြယ်ကျောက်တုံးသည် ကောင်းကင်သို့ တက်သွားခဲ့ကာ စစ်နတ်ဘုရား၏ လက်ဝါးရိပ်ကို ပြိုကွဲသွားစေခဲ့သည်။ ကောင်းကင်သည် ပြင်းထန်စွာ တုန်ခါနေပြီး ပြိုကျပျက်စီးသွားတော့မလိုပင် ထင်မှတ်ရ၏။
ရတနာလှံကို ဆုပ်ကိုင်ထားသည့် ရီဖူရှင်းသည် အဝေးသို့ ရွေ့လျားလိုက်ကာ မဟာလမ်းစဉ်၏ ကန့်သတ်မဲ့စွမ်းအားများကို တဟုန်ထိုး ထုတ်ဖော်သည်။ သူသည် လေဟာနယ်ကို ဖြတ်ကာ ရှင်းခိုင်ထံသို့ ဦးတည်သွားလိုက်၏။
ရှင်းခိုင်က ရီဖူရှင်းကို စက်ဆုပ်စွာ ကြည့်သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကြားမှ ကွာခြားမှုသည် အလွန်ကြီးမားသည်။ သူသာ သာမန် လူ ဖြစ်ခဲ့လျှင် ရီဖူရှင်းက သူ့အား အနိုင်ရသွားနိုင်ပေသည်။
သို့သော် သူသည် ရှင်းခိုင် ဖြစ်သည်။ ရှင်းခိုင်သည် မည်သည့်အခါမှ မရှုံးနိမ့်သူ ဖြစ်သည်။ ရီဖူရှင်းသာ ကျင့်ကြံဆင့် ကွာခြားမှုကိုလျစ်လျူရှုပြီး သူ့ကို ရှုံးနိမ့်စေနိုင်လျှင် သူသည် နောက်ပိုင်း၌ ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ပေမည်။
+
ရတနာလှံ၏ ကြောက်မက်ဖွယ် ရောင်စဉ်တန်းက ထိုးထွက်လာသည်။ ရီဖူရှင်းသည် မဟာလမ်းစဉ်ကို ဖြတ်သန်းထွင်းဖောက်၍ ရတနာလှံကို ပစ်လွှတ်လိုက်ပြီး ရှင်းခိုင်ဆီသို့ တရကြမ်းပြေးဝင်သွားစေသည်။
မဟာလမ်းစဉ်၏ ရောင်ဝါများသည် ရှင်းခိုင်၏ လက်မောင်းနှစ်ခုထက်တွင် ပျံသန်းနေပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ဆက်သွယ်ထားသည်။ ခမ်းနားသည် ရွှေရောင် အရှိန်အဝါများသည် ပြင်းထန်စွာ ထွက်ပေါ်လာပြီး ရတနာလှံ၏ တိုက်ခိုက်မှုကို တားဆီးသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ကာ ကောင်းကင်သို့ ထွင်းဖောက်စေပြီး မဟာလမ်းစဉ်ကို ချိုးဖျက်ရန် ကြိုးစား၏။
အင်အားနှစ်ခုသည် တစ်ခုနှင့်တစ်ခု တိုက်မိသွားခဲ့သည်။ ရီဖူရှင်း၏ စွမ်းအားများမှာ နောက်သို့ ပြန်ဆုတ်လာခဲ့သော်လည်း သူ၏ အရှိန်အဟုန်ကတော့ အားနည်းသွားခဲ့ခြင်း မရှိပေ။
တစ်ချိန်တည်းတွင် အစွမ်းထက်လှသည့် နတ်ဆိုးစွမ်းအားများ ဝင်ရောက်လာသည်။ ရှင်းခိုင်သည် သူ့ခေါင်းကို မော့ကာ ကောင်းကင်မှ ရောက်ရှိလာသည့် အခြားတစ်ယောက်ကို ကြည့်သည်။
ယူချင်းသည် တောက်ပနေသည့် ပုဆိန်ကို သူ့လက်ထဲတွင် ကိုင်ထားခဲ့ပြီး ကောင်းကင်မှ နေ၍ ခုတ်ပိုင်းလာခဲ့သည်။ နတ်ဆိုးအလင်းများသည် ကောင်းကင်တွင် တောက်ပနေပြီး ပုဆိန်ကြီးက ခုတ်ပိုင်းလိုက်သည့်အခါ ယင်းသည် ကောင်းကင်ကို တစ်ဝက်ပိုင်းဖြတ် ဖွင့်လှစ်လိုက်သကဲ့သို့ ထင်မှတ်ရလေသည်။
"မင်းက အချိန်ကောင်း ရောက်လာတာပဲ" ရှင်းခိုင်က ပြောသည်။
သူ၏ အေးစက်မှုတို့ ပြည့်နေသည့် မျက်လုံးများက ယူချင်းထံသို့ ရောက်ရှိသွားကာ သတ်ဖြတ်လိုသည့် ဆန္ဒက ပို၍ အားကောင်းလာသည်။
မက်မွန်ပွဲတော်အတွင်းတွင် ယူချင်းနှင့် ရီဖူရှင်း နှစ်ယောက်လုံးသည် ထူးချွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့သည်။ ယခုအခါ ယူချင်းက သူနှင့် တိုက်ခိုက်ရန် တက်ကြွစွာ ရောက်ရှိလာပြီဖြစ်ရာ သူက ဒေသနန်းတော်၏ အဆုံးအဖြတ်ကို ယူရန် မလိုအပ်တော့ပေ။