← Chapters

ဓားသင်္ချိုင်း

Vol. 2 Ch. 33

ဓားသင်္ချိုင်း

Vol. 2 Ch. 33

လုံဟုတောင် လင်းယွမ်က မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ပြီး ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေသည်။

" ဆယ်နှစ်ကြာသွားပြီ။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။

ဆယ်နှစ်အတွင်း သူက ဤကမ္ဘာကြီးအကြောင်း နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ ကျင့်ကြံခြင်းကို နဝမအဆင့်မှ ပထမအဆင့်ဟု၍ ခွဲခြားထားသည်။

နဝမအဆင့်က အနိမ့်ဆုံးဖြစ်၍ ပထမအဆင့်က အမြင့်ဆုံးဖြစ်ပြီး ၎င်း၏ အထက်တွင် သဘာဝကောင်းကင်အဆင့် ဖြစ်လေသည်။

သဘာဝကောင်းကင်အဆင့် သိုင်းပညာရှင်များက ကောင်ကင်၊မြေကြီးနှင့် တစ်သားတည်းဖြစ်သည်ဟု ပြောကြပြီး တောင်များကို ရွေ့၍ ကျောက်တုံးများကို ကွဲအက်စေနိုင်လေသည်။ စကြာဝဠာလူသားမဟာမိတ်တွင် သူတို့ကို ကြောက်စရာကောင်းသော ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများအဖြစ် သတ်မှတ်နိုင်လေသည်။

ထိုအချက်များအရ လင်းယွမ်က လက်ရှိကမ္ဘာမှာ သူယခင်တစ်ကြိမ် သွားခဲ့သော သိုင်းကမ္ဘာထက် ပို၍ အဆင့်မြင့်သည်ကို သိခဲ့ရသည်။

" နှစ်၇၀ ကျန်သေးတယ်။ " လင်းယွမ်က သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။

နာမည် - ကျန်းရှန်းဖုန်း (လင်းယွမ်)

ရာထူး - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်

စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း

လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း

နေထိုင်ချိန် - နှစ် ၈၀

ဤတစ်ကြိမ်တွင် လင်းယွမ်အတွက် နေထိုင်ရမည့်အချိန်က နှစ် ၂၀မှ နှစ် ၈၀သို့ ပြောင်းလဲသွားခဲ့သည်။ ၎င်းက လင်းယွမ်အတွက် စိတ်ကျေနပ်မှု ရှိစေပြီး ဆင်းသက်ချိန်ကြာမြင့်လေ ပို၍ အကျိုးရှိလေသည်။

" သဘာဝကောင်းကင်အဆင့်..." လင်းယွမ်၏ မျက်လုံးများက အနည်းငယ် မှိတ်သွားသကဲ့သို့ သူ၏ ခန္ဓာကိုယ်ထဲမှ စီးဆင်းနေသော စွမ်းအားများကို ခံစားလိုက်ရသည်။

ဆယ်နှစ်ကာလအတွင်း လင်းယွမ်က အလကားမနေခဲ့ပေ။ သူက သုံးနှစ်အတွင်း ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ပထမအဆင့်သို့ ကျင့်ကြံနိုင်ခဲ့သည်။ ထိုအဆင့်က သိုင်းကမ္ဘာ၏ အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်ဟု ပြောလို့ရပေသည်။

ထို့နောက် ငါးနှစ်ကြာပြီးသောအခါ လင်းယွမ်က သဘာဝကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး လက်ရှိခေတ်တွင် အသန်မာဆုံးထဲမှ လူတစ်ယောက် ဖြစ်လာခဲ့သည်။ လင်းယွမ်က အားလုံးကို လျို့ဝှ​က်ထားပြီး လုံဟုတောင်မှ အခြားသူများပင် သတိမထားမိကြပေ။

" ငါ နှိမ့်ချနေသင့်လား။ " လင်းယွမ်က သက်ပြင်းချပြီး သူ့ဟာသူ တွေးလိုက်သည်။

လုံဟုတောင်၏ ထျန်းရှီဂိုဏ်းက နားမလည်နိုင်သော နက်ရှိုင်းမှုများဖြင့် တာအို၏ ဘိုးဘေးဟု ပြော၍ ရပေသည်။

လင်းယွမ်က သဘာဝကောင်းကင်အဆင့်သို့ ချိုးဖျက်ပြီးချိန်တွင် လုံဟုတောင်အတွင်းမှ ထိုအဆင့်ကို ဖိနှိပ်နိုင်သော နေရာအချို့ကို တွေ့ခဲ့ရသည်။

" ဖြည်းဖြည်းချင်း ကျင့်ကြံရမယ်။ ဒီမှာနေဖို့ အချိန်အများကြီးကျန်သေးတော့ အလျင်လိုစရာမလိုဘူး။ " ထိုသို့တွေးပြီး လင်းယွမ်က ကျောက်တုံးပေါ်မှ ထွက်ခွာသွားသည်။

မကြာမီ သူက လုံဟုတောင်၏ အလယ်မှ တာအိုကျောင်းသို့ ရောက်သွားသည်။ ထိုကျောင်းက လုံဟုတောင်မှ လူငယ်များ နေထိုင်သော နေရာဖြစ်လေသည်။ လုံဟုတောင်တွင် ထိုကဲ့သို့ ကျောင်းမျိုး ရှစ်ကျောင်းရှိလေသည်။

ထျန်းရှီဂိုဏ်းမှ လူငယ်များကို တင်းကျပ်ထားခြင်းမရှိဘဲ သင်ခန်းစာများပြီးလျှင် သူတို့ ဆန္ဒရှိသလို နေခွင့်ပေးလေသည်။ လင်းယွမ်က အထဲသို့ ဝင်လိုက်သောအခါ သူနှင့် ရွယ်တူလူငယ်များကို တွေ့လိုက်ရသည်။

" အကြီးအကဲပင်းယန်.." လင်းယွမ်က မျက်ခုံးများ အနည်းငယ် ပင့်သွား၏။

လူငယ်လေးများက စုတ်ပြဲနေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ယောက်ကို ဝန်းရံထားကြသည်။ ထိုအကြီးအကဲက လုံဟုတောင်ပေါ်တွင် လျှောက်သွားနေပြီး လူငယ်များစွာနှင့် ရောနှောနေထိုင်ကြလေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက လူတိုင်းနှင့် ရင်းနှီးလာခဲ့သည်။

လင်းယွမ်က ထိုအကြီးအကဲကို အာရုံစိုက်မိခြင်းမှာ ထိုလူကြီးက သဘာဝကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည်ကို ခံစားမိသောကြောင့် ဖြစ်သည်။

လုံဟုတောင် ထျန်းရှီဂိုဏ်းတွင် ဆရာကြီးကန်ချင်းသာ သဘာဝကောင်းကင်အဆင့်ဖြစ်သည်ဟု လူအများက သိထားကြသည်။ ထျန်းရှီဂိုဏ်းတွင် သဘာဝကောင်းကင်အဆင့် သိုင်းပညာရှင် သုံးယောက်ရှိလေသည်။ အကြီးအကဲပင်းယန်က သုံးယောက်ထဲမှ တစ်ယောက် ဖြစ်၏။ အကြီးအကဲပင်းယန်က ကာကွယ်သူတစ်ယောက် ဖြစ်ရမည်ဟု လင်းယွမ်က ခန့်မှန်းလေသည်။ ထျန်းရှီဂိုဏ်းက အန္တရာယ်ရှိသောအချိန်ကျမှ သူက ထွက်ပေါ်လာပေလိမ့်မည်။

" အကြီးအကဲ အကြီးအကဲ ကမ္ဘာပေါ်မှာ အသန်မာဆုံးက ဘယ်သူလဲ။ " လူငယ်လေးတစ်ယောက်က မေးလိုက်သည်။

" ကမ္ဘာပေါ်က အသန်မာဆုံးလား။ " အကြီးအကဲပင်းယန်က အနည်းငယ် အံ့ဩသွားပြီးနောက် ရယ်လိုက်သည်။ " အဲ့ဒါ ငါတို့ ထျန်းရှီဂိုဏ်းက ကောင်းကင်သခင်တွေပေါ့။ "

" ငါတို့ ထျန်းရှီဂိုဏ်းက နှစ်ပေါင်း ၆၈၀၀ သက်တမ်းရှိပြီးတော့ ကောင်းကင်သခင် ၃၆ကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ အားလုံးက ကမ္ဘာပေါ်မှ ပြိုင်ဘက်ကင်းတွေပဲ။ "

" သဘာဝကောင်းကင်အဆင့်တွေတောင် ကောင်းကင်သခင်ရှေ့မှ ရိုရိုသေသေနဲ့ ခေါင်းငုံ့ထားရတယ်။ " အကြီးအကဲပင်းယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ လူငယ်အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ သူတို့က ထျန်းရှီဂိုဏ်း၏ တပည့်များဖြစ်ပြီး သူတို့၏ ကောင်းကင်သခင်က အသန်မာဆုံးဟု ကြားသောအခါ ဂုဏ်ယူမိကြလေသည်။

" ဒါဆို အခု ကောင်းကင်သခင်က ဘယ်သူလဲ။ " လူငယ်လေးတစ်ယောက်က မေးလိုက်သည်။

ထိုစကားများကြားသောအခါ လူငယ်အားလုံးက အကြီးအကဲပင်းယန်ကို မျှော်လင့်ချက်များနှင့် ကြည့်လိုက်ကြသည်။

" လက်ရှိကောင်းကင်သခင်..." အကြီးအကဲပင်းယန်က တုန့်ဆိုင်းသွား၏။ " ငါတို့ ထျန်းရှီဂိုဏ်းမှာ လက်ရှိကောင်းကင်သခင် မထွက်ပေါ်လာသေးဘူး။ "

အကြီးအကဲပင်းယန် မပြောခဲ့သော စကားများလည်း ရှိနေခဲ့သည်။ ကောင်းကင်သခင် မထွက်ပေါ်လာသည်မှာ လက်ရှိမျိုးဆက်ပက် မဟုတ်ဘဲ နှစ်ပေါင်းငါးရာကြာခဲ့ပြီဖြစ်သည်။

ထျန်းရှီဂိုဏ်းက နှစ်ပေါင်း ၆၈၀၀ အမွေအနှစ်ရှိပြီး ကောင်းကင်သခင် ၃၆ယောက်သာ မွေးထုတ်ပေးနိုင်ခဲ့သည်။ ဆိုလိုသည်မှာ ခေတ်တိုင်း ကောင်းကင်သခင်များကို မွေးထုတ်ပေးနိုင်ခြင်း မရှိပေ။ ကောင်းကင်သခင်တစ်ယောက် မထွက်ပေါ်မီ နှစ်ပေါင်း နှစ်ရာမှ သုံးရာအတွင်း ကြာခဲ့လေသည်။ ယခုမူက နောက်ဆုံး ကောင်းကင်သခင် ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း ငါးရာ ကြာသွားခဲ့ပြီဖြစ်သည်။

" ကောင်းကင်သခင်..." အဝေးမှ လင်းယွမ်က တည်ငြိမ်စွာ ကြည့်နေသည်။

သူ၏ နားလည်မှုအရ ကောင်းကင်သခင်တစ်ယောက်က သဘာဝကောင်းကင်အဆင့်ထက် ကျော်လွန်လေသည်။ ထိုလူက ကောင်းကင်သခင်တစ်ယောက်ဖြစ်လာရန် စမ်းသပ်မှုများကိုလည်း ဖြတ်ကျော်ရန် လိုအပ်လေသည်။ မည်သည်တို့ကို စမ်းသပ်သည်ကိုတော့ မသိရပေ။

၎င်းက ထျန်းရှီဂိုဏ်း၏ လျို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်ပြီး သဘာဝကောင်းကင်အဆင့်ရှိသူများပင် သိနိုင်လေသည်။

" သဘာဝကောင်းကင်အဆင့်ကို ဘယ်လိုဖြတ်ကျော်မလဲ။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

လွန်ခဲ့သော နှစ်နှစ်က သဘာဝကောင်းကင်အဆင့်သို့ ရောက်သွားပြီးနောက် သူ၏ ကျင့်ကြံခြင်းအရှိန်က သိသိသာသာ လျော့ကျသွားခဲ့သည်။ ထိုအရှိန်နှင့်ဆိုလျှင် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့်ပင် သဘာဝကောင်းကင်အဆင့်မှ ချိုးဖျက်ရန် နှစ်ငါးဆယ်လောက် ကြာသွားပေလိမ့်မည်။ ၎င်းက အမှန်တကယ် ထူးဆန်းလေသည်။

ကောင်းကင်ကိုဆန့်ကျင်သောနားလည်နိုင်စွမ်းနှင့်ပင် နှစ်ငါးဆယ်ကြာလျှင် အခြားသူများဆိုလျှင် နှစ်ပေါင်းနှစ်ရာမှ သုံးရာအထိ ကြာသွားနိုင်လေသည်။ အတိတ်မှ ကောင်းကင်သခင်များက အသက်တစ်ရာပင် မကျော်ကြပေ။

" လျို့ဝှက်ချက်တစ်ခု ရှိနေတာလား။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်ပြီး နေရာအချို့သို့ ကြည့်လိုက်သည်။ ထိုနေရာများက သဘာဝကောင်းကင်အဆင့်ထက် ကျော်လွန်သော နေရာများ ဖြစ်ကြလေသည်။

" အဲ့ဒါ တောင်ထိပ်တွေပဲ..." အကြီးအကဲပင်းယန်က လင်းယွမ်ကို မော့ကြည့်ပြီး ပြုံးလိုက်သည်။ " လဝက်ကြာရင် နှစ်နှစ်ဆယ်ကြာတိုင်း ပြုလုပ်တဲ့ ဓားသင်္ချိုင်းကို သွားရမယ့် ခရီးစဉ် စတင်လိမ့်မယ်။ "

" အချိန်​ကျရင် ကောင်းကောင်းအသုံးချပါ။ အဲ့ဒါက မင်းရဲ့ အနာဂတ်အတွက် အကျိုးရှိစေလိမ့်မယ်။ " အကြီးအကဲပင်းယန်က အဓိပ္ပါယ်ရှိရှိ ပြောလိုက်သည်။

" ဓားသင်္ချိုင်းကို သွားတာလား။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။

အခြားသူများပြောလျှင် လင်းယွမ်က ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် အကြီးအကဲပင်းယန်က ထျန်းရှီဂိုဏ်း၏ ကာကွယ်သူတစ်ယောက် ဖြစ်လေသည်။ ထျန်းရှီဂိုဏ်းအပေါ် သူ၏ နားလည်မှုက လင်းယွမ်ထက် ပိုလေသည်။

" လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲပင်းယန်။ " လင်းယွမ်က ဓားသင်္ချိုင်းအကြောင်းကို ကောင်းကောင်းနားမလည်သေးသော်လည်း အကြီးအကဲပင်းယန်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

ဤဆယ်နှစ်အတွင်း အကြီးအကဲပင်းယန်ကလည်း လင်းယွမ်ကို ကောင်းကောင်း စောင့်ရှောက်ခဲ့လေသည်။ ချန်ရှင်း၏ ဂရုစိုက်မှုအပြင် အကြီးအကဲပင်းယန်ကလည်း လင်းယွမ်၏ သွေးကြောနှင့်ခြင်ဆီများကို သန့်စင်ရန် သူ၏ ယွမ်စွမ်းအားကို အကြိမ်ကြိမ် အသုံးပြုခဲ့လေသည်။

အကြီးအကဲပင်းယန်က လင်းယွမ်မှာ အလွန်ငယ်သေးသောကြောင့် ထိုအကြောင်းကို မသိဟု ထင်ခဲ့လေသည်။ သို့သော် လင်းယွမ်က အသိစိတ်ဆင်းသက်လာခြင်း ဖြစ်သောကြောင့် မွေးကတည်းက ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters