← Chapters

အလျှော့မပေးသော ဆန္ဒ

Vol. 2 Ch. 37

အလျှော့မပေးသော ဆန္ဒ

Vol. 2 Ch. 37

ခန်းမထဲတွင် ဆရာကြီးကန်ချင်း၏ ဒေါသတကြီးအော်သံက ပဲ့တင်ထပ်သွား၏။ အခြားတပည့်လေးယောက်က ချက်ချင်း ကြောက်လန့်သွားကြသည်။

ဆရာကြီးကန်ချင်းက သူတို့အပေါ် စည်းကမ်းတင်းကျပ်သော်လည်း တစ်ခါမှ ဒေါသမထွက်ဖူးပေ။ သူတို့က အဆုံးမဲ့ယင်နှင့်ယန်စွမ်းအားကို ကျွမ်းကျင်အောင် မလု​ပ်နိုင်လျှင်တောင် ဆရာကြီးကန်ချင်းက ဆက်လက်ကြိုးစားရန် အားပေးခဲ့သည်။

" ကျန်းရှန်းဖုန်း မင်းက ကျန်းဝူဓားရဲ့ ရွေးချယ်ခံရတဲ့ လူတစ်ယောက်ပဲ။ မင်းကို သင်ပေးဖို့ ငါ့ကို ငါ ယုံကြည်ချက်မရှိလို့ မင်းကို ငါ နံရံတွေပေါ် အခြားကောင်းကင်သခင်တွေရဲ့ အသိအမြင်တွေကို လေ့လာစေခဲ့တာပဲ။ " ဆရာကြီးကန်ချင်း၏ အသံက အနည်ငယ် ပျော့ပျောင်းသွား၏။

" အဲ့ဒီထဲမှာ အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်နှစ်ခုလုံးကို လေ့ကျင့်ဖို့ အကြံပေးထားတာ ရှိလို့လား။ "

" မရှိပါဘူး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ကောင်းကင်သခင်များ၏ အသိအမြင်များထဲတွင် အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန် တစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်ခဲ့ကြသည်။ နှစ်ခုလုံးကို လေ့ကျင့်ရန် ဘာသဲလွန်စမှမရှိပေ။ ထို့အပြင် ကောင်းကင်သခင်များအားလုံးက အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန်တစ်ခုတည်းတွင်သာ လျှောက်လှမ်းခဲ့ကြသည်။

" မရှိဘဲနဲ့ မင်းဟာမင်း ဘယ်လိုတောင် ဆုံးဖြတ်ခဲ့တာလဲ။ ကျင့်ကြံခြင်းလမ်းစဉ်က ဘိုးဘေးတွေရဲ့ အသက်တွေရင်းပြီး ပြည့်စုံအောင်လုပ်ခဲ့တာပဲ။ အဲ့ဒါကို မင်းရဲ့ စိတ်ဆန္ဒအလျောက် ပြောင်းလဲနိုင်မယ် ထင်လို့လား။ "

ဆရာကြီးကန်ချင်းက လင်းယွမ်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။ " ရှန်းဖုန်း မင်းကို ကျန်းဝူဓားက အသိမှတ်ပြုထားတာ မင်းက လမ်းနှစ်ခုတည်းက တစ်ခုကို ရွေးချယ်လိုက်ရုံပဲ။ နှစ်ငါးဆယ် ဒါမှမဟုတ် နှစ်ရှစ်ဆယ်အတွင်းမှာ မင်းက ကောင်းကင်သခင်တစ်ယောက်ဖြစ်လာမှာ သေချာတယ်။ "

" မင်းက ထျန်းရှီဂိုဏ်းတစ်ခုလုံးရဲ့ မျှော်လင့်ချက်ပဲ။ ငါတို့ မင်းအပေါ်မှာ အများကြီးမျှော်လင့်ထားရတာ မင်းဘာလို့ အဲ့လိုလုပ်ရတာလဲ။ " ဆရာကြီးကန်ချင်း၏ မျက်လုံးထဲတွက် စိတ်ပျက်ခြင်းများ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။

အခြားတပည့်လေးယောက်ကလည်း စိတ်မကောင်းဖြစ်သွားကြသည်။ လင်းယွမ်က သူ၏ ကျင့်ကြံခြင်းတွင် လမ်းမှားကို လျှောက်ခဲ့သောကြောင့် ဆရာကြီးကန်ချင်းက ဤမျှအထိ စိတ်ပျက်ဒေါသထွက်သွားသည်ကို သူတို့ နားလည်သွားကြသည်။

" အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်တို့က ဆန့်ကျင့်ဘက်လမ်းနှစ်ခုပဲ။ နှစ်ခုလုံးကို လေ့ကျင့်တာက မင်းရဲ့ အခြေခံကို ထိခိုက်စေနိုင်တယ်။ အနာဂတ်မှာ တစ်ခုခုလွဲချော်သွားတာ သိခဲ့ရင်တောင် မင်းပြန်စနိုင်မယ်ထင်လို့လား။ "

ဆရာကြီးကန်ချင်း၏ စိတ်ထဲတွင် နောင်တရသွား၏။ အစကတည်းက ဤအသိပညာများကို လင်းယွမ်အား ပြောပြခဲ့သင့်ပေသည်။

လူအများစုအတွက် အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန်တစ်ခုတည်းကိုပင် ကျွမ်း​ကျင်နိုင်ရန် အလွန်ခက်ခဲလေသည်။ ချင်းပင်းကဲ့သို့ ပါရမီရှိသူများပင် သဘာဝကောင်းကင်အဆင့်၏ အခြေခံကို နားလည်နိုင်ရန် တစ်နှစ်နီးပါး အချိန်ယူခဲ့ရလေသည်။ ယင်ယန်နှစ်ခုလုံးကို ကျွမ်းကျင်နိုင်ရန် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုမိုခက်ခဲလေသည်။ ထို့ကြောင့် လင်းယွမ်ကဲ့သို့ ပါရမီရှင်တစ်ဦးက ယင်နှင့်ယန် နှစ်ခုလုံးကို ကျင့်ကြံနိုင်လိမ့်မည်ဟု မတွေးမိခဲ့ခြင်း ဖြစ်သည်။

ကျောက်နံရံများပေါ်တွင် ဘိုးဘေးများ၏ အသိအမြင်များက ယင်နှင့်ယန် နှစ်ခုလုံးအား ကျင့်ကြံနိုင်မည့် နည်းလမ်းများကို ဖော်ပြထားခြင်းမရှိ လင်းယွမ် အောင်မြင်ခဲ့သည့်အပေါ် ဆရာကြီးကန်ချင်းက တကယ် နားမလည်နိုင်ဖြစ်ရလေသည်။

" ကျွန်တော် သိတယ်။ " လင်းယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ " ဒါပေမယ့် အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန် နှစ်ခုလုံးကို လေ့ကျင့်တာက မှန်ကန်တဲ့ လမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော် ခံစားရတယ်။ "

သူ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းက သူ့ကို လှည့်စားမည်မဟုတ်ပေ။ ယင်နှင့်ယန်ကို ပေါင်းစပ်ပြီး ကျင့်ကြံခြင်းက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖြတ်မြင်ခဲ့သောကြောင့် ထိုလမ်းစဉ်၏ အဆုံးသတ်က သေခြင်းမဖြစ်နိုင်ပေ။

" မင်းခံစားရတာလား။ " ဆရာကြီးကန်ချင်းက ဒေါသကြောင့် ရယ်မိလုနီးပါး ဖြစ်သွား၏။

သာမန်အသိပညာများပင် သမိုင်းမှ သင်ယူခဲ့ခြင်း ဖြစ်၏။ ကောင်းကင်သခင် ၃၆ယောက်က နှစ်ပေါင်း ၆၈၀၀တိုင်အောင် အနာဂတ်တပည့်များအတွက် လမ်းခင်းပေးခဲ့လေသည်။ သို့သော် လင်းယွမ်က ၎င်းတို့ကို ထိုကဲ့သို့ ငြင်းပယ်ခဲ့လေသည်။

ယင်နှင့်ယန်ကို ပေါင်းစပ်ခြင်းက အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန်ထက် သာလွန်သော မဟာတာအိုဖြစ်၏။ သို့သော် ထိုလမ်းကြောင်းကို ဖြတ်ကျော်နိုင်ရန် မျိုးဆက်များက ကြီးမားသော စတေးမှုများ ပြုလုပ်ပြီး ကြိုးစားခဲ့ကြသည်။

ဥပမာ တတိယမျိုးဆက်ကောင်းကင်သခင် ယင်နှင့်ယန် အင်အားစုများကို စုစည်းပြီး ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ခန္ဓာကိုယ်ပေါက်ကွဲခြင်းဖြင့်သာ အဆုံးသတ်ခဲ့လေသည်။

လမ်းကြောင်းအသစ်များကို ရှာဖွေခြင်းက စွန့်လွှတ်မှုများ ရှိပြီး ကောင်းကင်သခင်များလည်း ၎င်းကို မလွတ်မြောက်နိုင်ပေ။

သို့သော် လင်းယွမ်က ကျန်းဝူဓားကို လက်ခံပြီးနောက် ကောင်းကင်သခင်တစ်ယောက် ဖြစ်လာရန် သတ်မှတ်ထားခဲ့ပြီး အန္တရာယ်ကို လက်မခံနိုင်ပေ။ ခြုံထဲမှ ငှက်ဆယ်ကောင်ထက် လက်ထဲမှ ငှက်တစ်ကောင်ကို တန်ဖိုးထားခြင်းက ပိုကောင်းလေသည်။ မသေချာသော လမ်းစဉ်တစ်ခုအတွက် အနာဂတ် ကောင်းကင်သခင်တစ်ယောက်ကို စတေးခြင်း မလုပ်နိုင်ပေ။

" ရှန်းဖုန်း ဒီနေ့ကစပြီး မင်းငါ့နားမှာ နေရမယ်။ ထိုက်ယင်နဲ့ ထိုက်ယန်တို့ရဲ့ လွှမ်းမိုးမှုကို ချေဖျက်ဖို့ ငါ့ရဲ့ အစစ်အမှန်ချီနဲ့ မင်းရဲ့ ခန္ဓာကိုယ်ကို နေ့တိုင်း ပြုပြင်ပေးမယ်။ ဆယ်နှစ်အတွင်း မင်းရဲ့ အခြေခံက သန့်စင်ပြီး ပြန်လည်ကျင့်ကြံနိုင်လိမ့်မယ်။ " ဆရာကြီးကန်ချင်းက ခနတိတ်ဆိတ်သွားပြီး လေးနက်စွာ ပြောလိုက်သည်။

" ဟမ် " ဘေးမှ အကြီးအကဲဝတုတ်က ဆရာကြီးကန်ချင်းကို အံ့ဩစွာ စိုက်ကြည့်နေသည်။

သဘာဝကောင်းကင် အထွတ်အထိပ်အဆင့် စွမ်းအားကြီးသူတစ်ယောက်ပင် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို နေ့စဉ်သန့်စင်ပေးရန် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လေသည်။ ထိုလုပ်ရပ်က ဆရာကြီးကန်ချင်းအား သူ့ကိုသူ ပျက်စီးစေပေလိမ့်မည်။ သူ၏ သဘာဝကောင်းကင် အစောပိုင်းအဆင့်နှင့် အောင်မြင်ခဲ့လျှင်တောင် သူ၏ သက်တမ်းက အနည်းဆုံး နှစ်နှစ်ဆယ် လျော့ကျသွားပေလိမ့်မည်။

" အကိုကြီး မင်း..." အကြီးအကဲပင်းယန်က သက်ပြင်းချလိုက်သည်။

ဆရာကြီးကန်ချင်းက တင်းမာသော အမူအရာနှင့် ရှိနေသော်လည်း ထျန်းရှီဂိုဏ်း၏ အနာဂတ်အတွက် အကောင်းဆုံး လုပ်ပေးချင်နေလေသည်။

လင်းယွမ်က နှစ်ငါးရာအတွင်း ကျန်းဝူဓား၏ ပထမဆုံး ရွေးချယ်ခံရသူဖြစ်ပြီး လမ်းမှားလျှောက်သွားလျှင်တောင် သူက လက်မလျှော့ဘဲ အကောင်းဆုံး ကြိုးစားကြည့်ချင်နေသည်။

" ဆရာ..." လင်းယွမ်က ဆရာကြီးကန်ချင်းကို ကြည့်ပြီး သူ၏ ခေါင်းကို ခါလိုက်သည်။ " ထိုက်ယင်နဲ့ ထိုက်ယန်ကို ပေါင်းစပ်တာက သေခြင်းအဆုံးသတ်မဟုတ်ဘူးလို့ ကျွန်တော် ခံစားနေရတုန်းပဲ။ ဆရာ ကျွန်တော်ကို တွန်းအားပေးရင် ကျွန်တော်က အနာဂတ်ကျင့်ကြံခြင်းမှာ ချို့ယွင်းချက် ရှိလာနိုင်တယ်။ "

လင်းယွမ်က ဆရာကြီးကန်ချင်း၏ အကြံဉာဏ်ကို ငြင်းပယ်လိုက်သည်။ ဆရာကြီးကန်ချင်းက သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးလျှင် သူ၏ လျို့ဝှက်ချက်များအားလုံး ထွက်ပေါ်သွားပေလိမ့်မည်။ ထို့အပြင် လင်းယွမ်က ယင်နှင့်ယန် ပူးတွဲလေ့ကျင့်ခြင်းက မှားယွင်းမှုတစ်ခုဟု မယုံကြည်နိုင်ပေ။

ကောင်းကင်ကိုဆန့်ကျင်သော နာယလည်နိုင်စွမ်း၏ အသိအမြင်များနှင့် ၎င်းက ယခင် ကောင်းကင်သခင်များအားလုံးထက် သာလွန်သော လမ်းစဉ်တစ်ခုဖြစ်လိမ့်မည်ဟု ယုံကြည်လေသည်။ သို့သော် လင်းယွမ်က ဆရာကြီးကန်ချင်းအား ၎င်းကို မပြောပြနိုင်ပေ။

" ကောင်းပြီလေ။ ဒါက မင်းရဲ့ ရွေးချယ်မှုပဲ။ နောက်မှ နောင်တမရနဲ့။ " ဆရာကြီးကန်ချင်းက သူ၏ ခေါင်းကို ခါလိုက်သည်။ သူက ရွေးချယ်စရာမရှိဘဲ နာကျင်စွာဖြင့် လင်းယွမ်ကို ခွင့်ပြုပေးလိုက်ရသည်။

ကျင့်ကြံခြင်းက ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး ဘယ်သူမှ တွန်းအားပေးလို့မရပေ။ မကြာမီ ဆရာကြီးကန်ချင်းတို့က ခန်းမထဲမှ ထွက်ခွာသွားကြသည်။

လင်းယွမ်က နံရံရှေ့သို့သွားပြီး တွေးတောနေသည်။ ဆရာကြီးကန်ချင်း၏ စကားများကို သူ မစိုးရိမ်ပေ။ သူက အသိစိတ်ဆင်းသက်ခြင်းမျှသာ ဖြစ်ပြီး သူက ယင်နှင့်ယန် ပေါင်းစပ်လေ့ကျင့်ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးလျှင်တောင် မူလကမ္ဘာရှိ သူ၏ ခန္ဓာကိုယ်ကို ထိခိုက်စေမည်မဟုတ်ပေ။ ရှင်းရှင်းပြောရလျှင် သူက ကြိုးစားကြည့်ရန် အခွင့်အရေးများစွာ ရှိနေလေသည်။

ထို့အပြင် လင်းယွမ်က တတိယကောင်းကင်သခင်၏ ခြေလှမ်းနောက်သို့ လိုက်ခြင်းမဟုတ်ပေ။ တတိယကောင်းကင်သခင်က သူ၏ ခန္ဓာကိုယ်ထဲမှ ထိုက်ယန်စွမ်းအားများထဲသို့ ပြင်ပမှ ထိုက်ယင်စွမ်းအားများ အတင်းအကျပ် ပေါင်းစပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏ နှစ်ပေါင်းတစ်ရာနီးပါးလေ့ကျင့်ထားသော ထိုက်ယန်စွမ်းအားများက အခြေအမြစ်မရှိသော ထိုက်ယင်စွမ်းအားများ ပေါင်းစပ်လာသောအခါ ယင်ယန်ညီမျှခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်ပေါက်ကွဲသွားခြင်း ဖြစ်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters