နှစ်ထောင်ပေါင်းများစွာကျင့်ကြံပြီးနောက် ထွက်ပေါ်လာသည့်ဓား
Vol. 96 Ch. 1345
အခန်း (၁၃၄၅) နှစ်ထောင်ပေါင်းများစွာကျင့်ကြံပြီးနောက် ထွက်ပေါ်လာသည့်ဓား
လုန်ရှင်းချွမ်က ဓားအလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ထွက်ခွာလာကာ တာအိုစကြာဝဠာ၏ ဗလာနယ်ထဲသို့ ရောက်ရှိလာသည်။
သူ့အရှေ့တွင် မင်းသား’ရွှမ်ချန်’ နှင့် လက်အောက်ငယ်သားများက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဂ္ဂိရတ်ခန်းကို ချိတ်ဆက်ထားသည့် အလင်းတန်းများကို ဖြတ်တောက်တိုက်ခိုက်နေကြသည်။
လုန်ရှင်းချွမ်က ဓားအိမ်ကိုလက်တစ်ဖက်ဖြင့်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အတွင်းမှဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်။
ဓားကိုဆွဲထုတ်လိုက်သည်နှင့် သူ၏စိတ်ဝိညာဉ်နှင့် တန်ခိုးစွမ်းအားများ အပြောင်းအလဲဖြစ်သွားသည်။ သူ၏မျက်နှာက အေးဆေးတည်ငြိမ်နေသော်လည်း ထူးဆန်းသောစွမ်းအားတစ်မျိုး သူ့ထံမှ ထွက်ပေါ်လာသည်။
မင်းသား’ရွှမ်ချန်’ ၏ မျက်ဝန်းများက ပိုမိုစူးရှလာသည်။
သူက အလင်းတန်းများကိုခုတ်ဖြတ်နေခြင်းအားရပ်တန့်လိုက်ပြီး လုန်ရှင်းချွမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လုန်ရှင်းချွမ်က ဓားကို ဓားအိမ်အတွင်းမှ ဖြည်းညင်းစွာ ဆွဲထုတ်နေသည်။ သူ၏လှုပ်ရှားမှုက ဖြည်းညင်းဟန်ရှိသော်လည်း နတ်မိစ္ဆာများကိုတော့ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေသည်။
“ငြိမ်သက်ခြင်းအဆင့်ရှိတဲ့ နက်ရှိုင်းနတ်ဘုရားတစ်ပါး... ပြီးတော့ ငြိမ်သက်ခြင်းအဆင့်ရှိ အမတမှော်ဝင်ဓားတစ်လက်...”
မင်းသား’ရွှမ်ချန်’ စိတ်ထဲမှရေရွတ်လိုက်သည်။
ဤဓားကို “အနန္တချောက်နက်ဓား” ဟု ခေါ်သည်။
ဤဓားက လုန်ရှင်းချွမ်၏ဓား မဟုတ်ပေ။
သူ၏ကိုယ်ပိုင်ဓားဖြစ်သော ‘နဂါးနွေဦးဓား’ က ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ဓားတစ်လက်သာ ဖြစ်သည်။ အချိန်မလုံလောက်သည့်အတွက် သူ၏ဓားကို ငြိမ်သက်ခြင်းအဆင့်ရှိသော ဓားတစ်လက်အဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်သောပစ္စည်းများ မရှာဖွေနိုင်ခဲ့ပေ။
ဤအနန္တချောက်နက်ဓားက သူ၏ဇနီးဖြစ်သူ ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်ပြီးနောက် ကိုင်ဆောင်သောဓားဖြစ်၏။
လုန်ရှင်းချွမ်တို့ ဇနီးမောင်နှံက မကြာခဏ ဓားသိုင်းယှဉ်ပြိုင်လေ့ရှိကြလေရာ လုန်ရှင်းချွမ်က ဤဓား၏ ဒုတိယပိုင်ရှင်ပမာ ဖြစ်နေသည်။
ထို့ကြောင့် သူ့အနေဖြင့် ဓားကိုသန့်စင်ရန်မလိုအပ်ဘဲ အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိသည်။
လုန်ရှင်းချွမ် ဓားကိုဆွဲထုတ်လိုက်သည့်အခါ ဓားသွားအစွန်းက ဓားအိမ်အတွင်းမှ ဖြည်းညင်းစွာထွက်ပေါ်လာပြီး တောက်ပသောဓားအလင်းတန်းများ ဖြာထွက်လာသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဓားချီအရံအတားထက်ပင် ပိုမိုအားကောင်းထက်မြက်သော ဓားချီစွမ်းအားက တာအိုစကြာဝဠာတစ်ခွင် ပြည့်နက်သွားသည်။
လုန်ရှင်းချွမ် ဓားကိုဆွဲထုတ်လိုက်သည်နှင့် လူတိုင်း ပုံရိပ်ယောင်ကမ္ဘာထဲ ပိတ်မိနေသည့်ပမာ ခံစားလိုက်ကြရသည်။
သူတို့ရှေ့မှကမ္ဘာက မိုးကောင်းကင်မဖွင့်လှစ်မီအချိန်သို့ ပြန်လည်ရောက်ရှိသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မူလပရမ်းပတာအခြေအနေဖြင့် ပြည့်နက်သွားသည်။
လုန်ရှင်းချွမ်၏ ဓားအလင်းတန်းက မူလကနဦးအလင်းရောင်ထွက်ပေါ်လာသည့်ပမာဖြစ်ပြီး အမှောင်ထုကိုထိုးခွင်းကာ မူပရမ်းပတာအခြေအနေကို ပိုင်းဖြတ်လိုက်ပြီး ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သည်။
ဖန်ဆင်းခြင်းစွမ်းအားဖြင့် ဤလောကတွင် အသင်္ချေသောကမ္ဘာများ ထွက်ပေါ်လာသည်။
နဂါးမင်းသား’ရွှမ်ချန်’ က လုန်ရှင်းချွမ်ထံမှ ထူးခြားသောစွမ်းအားကို အာရုံခံမိသည့်တိုင် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေဆဲပင်။
သူက နဂါးဘုရင်’ဟွမ်ချန်’ ၏ သားဖြစ်သော်လည်း ဖခင်ထက်သာလွန်သော လက္ခဏာများ ရှိနေသည်။ နဂါးမျိုးနွယ်များထဲတွင် သူ့ကို ဖခင်ဖြစ်သူထက် ပိုမိုမြင့်မားသောအဆင့်သို့ရောက်နိုင်သော အလားအလာရှိသူအဖြစ် မှတ်ယူကြသည်။
လက်ရှိတွင် နဂါးမင်းသား’ရွှမ်ချန်’ က တာအိုဝါဒ နက်ရှိုင်းနတ်ဘုရားအဆင့်နှင့် တူညီသောအဆင့်တွင်ရှိနေပြီး သူ၏ခန္ဓာကိုယ်ထဲတွင် အမတချီစွမ်းအား (၄)မျိုး ပေါင်းစည်းထားနိုင်ပြီဖြစ်သည်။
သူ့အနေဖြင့် တာအိုဝါဒမှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်နှင့် ကိုက်ညီသော ‘သူတော်စင်ငယ်’ အဆင့်သို့ရောက်ရှိရန် မဝေးတော့ပေ။
နတ်မိစ္ဆာ တန်ခိုးစွမ်းအားရှင်များထဲတွင် နဂါးဘုရင်’ဟွမ်ချန်’ နှင့် အခြားသော သူတော်စင်ငယ်များပြီးလျှင် နဂါးမင်းသား’ရွှမ်ချန်’ က ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်၏။
ယခု လုန်ရှင်းချွမ်၏ လှုပ်ရှားမှုကိုရင်ဆိုင်ရသည့်အခါ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ တိုက်ခိုက်ရန်သာ ဖြစ်သည်။ သို့သော် လုန်ရှင်းချွမ်၏ဓားက အလွန်စွမ်းအားကြီးမားသဖြင့် နဂါးမင်းသား’ရွှမ်ချန်’ လျှော့မတွက်ရဲခဲ့ပေ။
လုန်ရှင်းချွမ် တိုက်ခိုက်ရန်ပြင်ဆင်နေသည်ကို အခွင့်ကောင်းယူကာ နဂါးမင်းသား’ရွှမ်ချန်’ က လက်ဦးမှုရဘူရန် ဆုံးဖြတ်ခဲ့သည်။
သူက ဤ ကြောက်မက်ဖွယ်ရာဓားကို လမး်တစ်ဝက်တွင် ရပ်တန့်လိုခဲ့သည်။
တိုက်ကွက်တစ်ခုဆိုသည်က မည်မျှပြင်းထန်ပါစေ ရန်သူကိုထိမှန်အောင်တိုက်ခိုက်နိုင်မှသာ ထိရောက်ပေသည်။
နဂါးမင်းသား’ရွှမ်ချန်’ ၏လက်ထဲတွင် လှံရှည်တစ်လက်ပေါ်လာပြီး လုန်ရှင်းချွမ်ကို အပြင်းအထန် ထိုးစိုက်လိုက်သည်။ သူက လုန်ရှင်းချွမ်ထက် ပိုမိုမြန်ဆန်မည်ဟုလည်း ယုံကြည်နေသည်။
အဂ္ဂိရတ်ခန်းမကို ကိုင်တွယ်ရန်ကြိုးစားနေသော နဂါးဘုရင်’ဟွမ်ချန်’ က ခေါင်းလှည့်ကြည့်လိုက်ပြီး အဖြစ်အပျက်များကိုတွေ့မြင်သည့်အခါ အကြီးအကျယ် မျက်နှာပျက်သွားတော့သည်။
“ရွှမ်ချန်... နောက်ဆုတ်”
နဂါးဘုရင်’ဟွမ်ချန်’ က အဂ္ဂိရတ်ခန်းမ၏ အလင်းတန်းအား ဆုပ်ကိုင်ထားခြင်းကို လက်လွှတ်လိုက်ပြီး လုန်ရှင်းချွမ်နှင့် နဂါးမင်းသား’ရွှမ်ချန်’ တို့ရှိရာသို့ ခုန်ဝင်လာသည်။
“သူက စန့်ချင်အဆက်အနွယ်ရဲ့ ‘ဓားထုတ်ခြင်းနဲ့ဓားကျင့်ကြံခြင်း’ ပညာရပ်ကို ကျင့်ကြံထားတာ ၊ သူ့ဓား ဓားအိမ်ထဲကထွက်လာတာနဲ့ ပထမဆုံးဓားကွက် ထုတ်ဖော်ပြီးသားပဲ”
ဖခင်ဖြစ်သူ၏စကားကိုကြားလိုက်သည်နှင့် နဂါးမင်းသား’ရွှမ်ချန်’ နှလုံးခုန်ရပ်သွားမလို ခံစားလိုက်ရသည်။
သူက အလွန်တရာ ဗဟုသုတကြွယ်ဝသူဖြစ်ပြီး နတ်မိစ္ဆာတစ်ပါးအဖြစ် အမတနယ်ပယ်သို့ တက်လှမ်းခဲ့သည်မှာလည်း နှစ်ထောင်ပေါင်းများစွာရှိပြီဖြစ်သည်။
တိုက်ပွဲများစွာကိုဖြတ်သန်းခဲ့သော ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်၏။
သို့ဖြစ်ရာ စန့်ချင်အဆက်အနွယ်များ၏ ‘ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း’ ပညာရပ်က မည်မျှစွမ်းအားကြီးမားသည်ကို နားလည်ခဲ့သည်။
ထို့ပြင် ဓားအိမ်မှ ပထမဆုံးထွက်လာသည့် ဓားချက်သည် မည်မျှပြင်းထန်ကြောင်းကိုလည်း သိရှိသည်။
လက်ရှိမှာတော့ သူ့အတွက် ဆုတ်ခွာရန် နောက်ကျလွန်းသွားပြီဖြစ်ရာ နဂါးမင်းသား’ရွှမ်ချန်’ က စိတ်အားထက်သန်စွာဖြင့်ပင် ပိုမိုအားစိုက်ပြီး လုန်ရှင်းချွမ်ကို အပြည့်အဝတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်ဆက်တွဲ အကျိုးဆက်များကို မငဲ့ကွက်တော့ပေ။
လုန်ရှင်းချွမ်၏ ဓားထုတ်သည့်အရှိန်က နှေးကွေးသယောင်ထင်ရသော်လည်း ရန်သူ၏တိုက်ကွက် အနားသို့ရောက်လာသည်နှင့် အနန္တချောက်နက်ဓားက ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည်။
အချိန်၏အယူအဆနှင့် အမြန်နှုန်း၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ မှုန်ဝါးသွားသယောင် ထင်မှတ်ရပြီး ကောင်းကင်ယံတွင်လွင့်မျောနေသည့် ဓားတစ်လက်သာလျှင် ကျန်ရစ်ခဲ့သည်။
ဓားအလင်းတန်းက ကောင်းကင်ဖွင့်လှစ်သည့်အလင်းရောင်ပမာ ဗလာနယ်ကိုဖြတ်သန်းပြီး တောက်ပလင်းလက်သွားသည်။
နဂါးမင်းသား’ရွှမ်ချန်’ ၏လက်ထဲမှ လှံရှည် ထက်ပိုင်းကျိုးသွားသည်။
ခဏအတွင်း သူ၏အမြင်အာရုံတွင် တောက်ပသည့်အဖြူရောင် ဓားအလင်းတန်းများဖြင့်ပြည့်နက်သွားကာ တခြားမည်သည့်အရာကိုမှ တွေ့မြင်နိုင်ခြင်း မရှိတော့ပေ။
တိုက်ပွဲ၏အရေးကြီးဆုံးအချိန်တွင် နဂါးဘုရင်’ဟွမ်ချန်’ ရောက်လာပြီး သူက လေထဲသို့ လက်ဖြင့်ဆုပ်ကိုင်လိုက်ရာ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နဂါးအသွင်ပြောင်းလဲသွားကာ ဓားအလင်းတန်းများ နဂါးမင်းသား’ရွှမ်ချန်’ ဆီသို့ မရောက်ရှိအောင် တားဆီးလိုက်သည်။
မဟာတာအို၏စူးရှတေးသံနှင့် ကောင်းကင်ကိုးထပ်မှ နဂါးဟိန်းသံတို့ တပြိုင်တည်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား တုန်လှုပ်သွားစေသည်။
သို့သော် လုန်ရှင်းချွမ်၏ဓားကတော့ အတားအဆီးများအားလုံးကို ချိုးဖျက်ပြီး ကောင်းကင်ကိုဖွင့်လှစ် မြေကြီးကိုခွဲဖြတ်သည့် အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက်ရွေ့လျားနေဆဲပင်။
ဓားအလင်းတန်းက နဂါးဘုရင်’ဟွမ်ချန်’ ၏ တန်ခိုးစွမ်းအားဖြင့်ဖန်ဆင်းထားသော ရွှေရောင်နဂါးကို အသံတိတ်ထိုးဖောက်ဖြတ်သန်းသွားသည်။
စကြာဝဠာတစ်ခုလုံး လွှမ်းခြုံထားသည့်ပမာဖြစ်သော ရွှေရောင်နဂါးကြီးမှာ သတ်ဖြတ်ခံလိုက်ရသည့်ပမာ ရွှေရောင်အလင်းတန်းများ မှေးမှိန်သွားသည်။
နဂါးကြီးကိုသတ်ဖြတ်ပြီးသည့်တိုင် ဓားအလင်းတန်းက အားလျော့သွားခြင်းမရှိဘဲ ရှေ့သို့ဆက်လက်ရွေ့လျားနေပြီး နဂါးမင်းသား’ရွှမ်ချန်’ ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားသည်။
နဂါးမင်းသား’ရွှမ်ချန်’ ထံမှ နာကျင်စွာအော်ဟစ်သံထွက်ပေါ်လာပြီး အလင်းတန်းများတောက်ပသွားကာ လူသားအသွင်ပျောက်ကွယ်ပြီး မူလပုံစံ ထွက်ပေါ်လာသည်။
ဗလာနယ်ထဲတွင် ကြီးမားသော အနက်ရောင်နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
နဂါးကြီး၏ဦးခေါင်းက တောင်တစ်လုံးပမာ ကြီးမားပြီး ခန္ဓာကိုယ်ကလည်း မြစ်တစ်စင်းပမာ ရှည်လျားသည်။ သို့သော် နဂါးကြီးမှာ ခါးလယ်မှပိုင်းဖြတ်ထားခြင်းခံရပြီး ခန္ဓာကိုယ်တစ်ဝက်သာလျှင် ကျန်ရှိတော့သည်။
နဂါးဘုရင်’ဟွမ်ချန်’ နောက်ဆုံးတော့ အနားသို့ ရောက်ရှိလာခဲ့သည်။
သူက အနက်ရောင်နဂါးကြီးရှေ့တွင်ရပ်ပြီး လုန်ချင်းရွှမ်၏ဓားကို အတင်းအကျပ် ခုခံထားခဲ့သည်။
လုန်ရွှယ်ကျီးကဲ့သို့ နက်ရှိုင်းနတ်ဘုရားတစ်ပါးအနေဖြင့် အမတချီစွမ်းအား(၅)ခု ပေါင်းစည်းထားပြီးဖြစ်သော နဂါးဘုရင်’ဟွမ်ချန်’ ၏ ခန္ဓာကိုယ်အား ထိခိုက်အောင်ပြုလုပ်ရန် မဖြစ်နိုင်ပေ။
သို့တိုင် နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့ပြီးနောက် အားကုန်လုနီးပါးဖြစ်နေသော ဓားအလင်းတန်းမှာ နဂါးဘုရင်’ဟွမ်ချန်’ ၏ ခန္ဓာကိုယ်အား တုန်ခါသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသေးသည်။
နဂါးဘုရင်’ဟွမ်ချန်’ အံ့အားသင့်ခြင်းနှင့် အမျက်ထွက်ခြင်းတို့ကို တပြိုင်တည်းခံစားခဲ့ရသည်။ သူက အရင်ဆုံး သေဆုံးလုနီးပါးဖြစ်နေသော အနက်ရောင်နဂါးကို လှမ်းကြည့်လိုက်သည်။
အခြားသော နတ်မိစ္ဆာမျိုးနွယ်တန်ခိုးစွမ်းအားရှင်များ၏ မျက်နှာများတွင်လည်း အံ့အားသင့်မှုများ ပြည့်နက်နေခဲ့သည်။
ထို့နောက် သူတို့အားလုံး သတိဝင်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဂ္ဂိရတ်ခန်းမအား ချိတ်ဆက်ထားသည့်အ လင်းတန်းများကို အရေးမစိုက်တော့ဘဲ နဂါးမင်းသား’ရွှမ်ချန်’ ကို ဝိုင်းဝန်းကာကွယ်ပေးလိုက်ကြသည်။
နဂါးဘုရင်’ဟွမ်ချန်’ က ခေါင်းကိုလှည့်လိုက်ပြီး အမျက်ဒေါသပြည့်နေသော မျက်ဝန်းများဖြင့် လုန်ရှင်းချွမ်ကို စူးစိုက်ကြည့်လိုက်သည်။
လုန်ချင်းရွှမ်၏ဓားသွားက နဂါးဘုရင်’ဟွမ်ချန်’ ထံသို့ ထိုးညွှန်ထားသည်။
လက်ထဲတွင်ဓားကိုဆုပ်ကိုင်ထားရင်း သူ၏မျက်နှာအမူအရာကတော့ စောစောကလို အေးဆေးတည်ငြိမ်ခြင်း မရှိတော့ပေ။
ယခု သူ၏ ချောမောခန့်ညားသောမျက်နှာတွင် ပြင်းထန်သော အာရုံစိုက်မှုတစ်ခု ပါရှိနေသည်။ ထိုမျက်နှာသွင်ပြင်က ငြိမ်သက်နေသော်လည်း အလွန်အကျွံစိတ်အားထက်သန်နေသည့်ပမာ ဖြစ်သည်။
သူ၏ သိုင်းပညာရပ်အပေါ် အာရုံစိုက်မှုနှင့် ဓားသိုင်းလမ်းစဉ်အပေါ် စိတ်အားထက်သန်မှုတို့ပင် ဖြစ်၏။
နဂါးဘုရင်’ဟွမ်ချန်’ က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။ ထို့နောက် သူ၏ရုပ်သွင် တစ်ချက်တုန်ခါသွားပြီး ခန္ဓာကိုယ်က ရွှေရောင်နဂါးကိုးကောင်အဖြစ် ကွဲထွက်သွားကာ လုန်ချင်းရွှမ်အား ဝိုင်းရံထားလိုက်သည်။
“ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်း” အတတ်ပညာတွင် ဓားကို ပထမဆုံးအကြိမ် ထုတ်ဖော်လိုက်သည်နှင့် ဓားတန်ခိုးစွမ်းအားကို တားဆီးမရနိုင်ပေ။
ဤသည်က ရာစုနှစ်ပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းထောင်ချီပြီး ၊ ပြီးပြည့်စုံအောင်ကျင့်ကြံထားသည့် ဓားစွမ်းအားကို ထုတ်လွှတ်ခြင်းပင် ဖြစ်သည်။
ထို့နောက်မှာတော့ ၎င်းက လက်ရှိကျင့်ကြံခြင်းအဆင့်၏ မျှော်လင့်ထားသည့်စွမ်းအားသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ယခု အမတချီစွမ်းအားများက လုန်ရှင်းချွမ်၏ ခန္ဓာကိုယ်အား လှည့်ပတ်နေသည်။
ထိုအမတချီစွမ်းအားများက အမတစွမ်းအားရောင်ဝါအဖြစ်ပြောင်းလဲသွားပြီး ဓားသွားနှင့်အတူ ရွေ့လျားသွားကာ နဂါးမျိုးနွယ်အုပ်စုကို ယှဉ်ပြိုင်တိုက်ခိုက်လိုက်သည်။
ဖြောင့်မတ်ခြင်းချီစွမ်းအား ၊ ပြောင်းလဲခြင်းချီစွမ်းအား ၊ တောက်ပခြင်းချီစွမ်းအား ၊ နက်ရှိုင်းချီစွမ်းအား...။
ယခု လုန်ရှင်းချွမ်က အမတချီစွမ်းအားရောင်ဝါ (၄)ခု ပေါင်းစည်းထားသည်။
နှစ်ပေါင်းထောင်နှင့်ချီပြီး အစစ်အမှန်နတ်ဘုရားအဆင့်တွင်ရှိနေခဲ့ပြီး သူ၏ပထမဆုံးပွဲဦးထွက်က လူတိုင်းကို အံ့အားသင့်စေခဲံသည်။
ဤခြေလှမ်းကိုတက်လှမ်းပြီးသည့်နောက် သူက နက်ရှိုင်းနတ်ဘုရားအဆင့် အထွတ်ထိပ်သို့ ရောက်ရှိသွားခဲ့သည်။
နဂါးဘုရင်’ဟွမ်ချန်’ က အမတချီစွမ်းအားရောင်ဝါ’(၄)မျိုးပေါင်းစည်းထားသော နက်ရှိုင်းနတ်ဘုရားများနှင့် တိုက်ခိုက်ခဲ့ဖူးသည်ပင်။
သို့သော် အနန္တချောက်နက်ဓားဖြင့် လုန်ချင်းရွှမ်၏ ဓားအလင်းတန်းက လည်ပတ်နေခဲ့သည်။ ဓားအလင်းတန်းက ခွဲထွက်သွားလိုက် ၊ ပြန်လည်ပေါင်းစည်းလိုက်ဖြင့် အလင်းနှင့်အမှောင် ရောယှက်နေသည်။
ပိုပြီးအံ့သြစရာကောင်းသည်မှာ လုန်ရှင်းချွမ်က သူ၏ ရွှေရောင်နဂါးဖြင့်တိုက်ခိုက်မှုကို အဝေးသို့တွန်းထုတ်နိုင်ခဲ့သည်။
ဒေါသထွက်နေသည့် နဂါးဘုရင်’ဟွမ်ချန်’ က စိတ်ကိုရှင်းလင်းအောင်ထားလိုက်ပြီး ရှေ့တွင်ရှိနေသောရန်သူကို ပြန်လည်သုံးသပ်ကြည့်နေသည်။
လုန်ရှင်းချွမ်က ဓားအိမ်အတွင်းမှဓားကို ပထမဆုံးဆွဲထုတ်လိုက်ချိန်တွင် ပြိုင်ဘက်မရှိ ထက်ရှသောဓားချီစွမ်းအားကို အသုံးပြုပြီးပြီ ဖြစ်သည်။ သို့သော် သူ့ကို လုံးဝ လျှော့တွက်၍မရနိုင်ပေ။
ရွှေရောင်နဂါးကိုးကောင်က တစ်ကောင်းတည်းအဖြစ် ပြန်လည်ပေါင်းစည်းသွားပြီး နဂါးဘုရင်’ဟွမ်ချန်’ ၏ မျက်နှာက မှုံမှိုင်းလျှက် ရှိသည်။
ထို့နောက် သူက စိတ်အေးအေးထားပြီး နောက်ထပ်တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။
ဤတိုက်ကွက်တွင် ပြောင်းလဲမှုများစွာ မပါဝင်ဘဲ အလွန်ပင် ရိုးရှင်းသည်။
သူက လုန်ရှင်းချွမ်ကို သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့်ဖိနှိပ်ထားပြီး ရန်သူကို သူနှင့်ယှဉ်ပြိုင်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။
ထိုအချိန် နွယ်ပင်ဧကရီ ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသောတန်ခိုးစွမ်းအားရှင်များသည်လည်း အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွင်းမှထွက်လာကာ ဗလာနယ်အာကာသဆီသို့ ရောက်ရှိလာကြသည်။