အဂ္ဂိရတ်ခန်းမ၏တိုက်ခိုက်မှုမြင်ကွင်း
Vol. 96 Ch. 1349
အခန်း (၁၃၄၉) အဂ္ဂိရတ်ခန်းမ၏တိုက်ခိုက်မှုမြင်ကွင်း
နဂါးဘုရင်’ဟွမ်ချန်’ နှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာတို့က ကောင်းချင်းရွှမ်အား တားဆီးထားသည်ကို အခွင့်ကောင်းယူပြီး မဟာအမတ’ရူယိ’ အဂ္ဂိရတ်ခန်းမဆီသို့ ပျံသန်းထွက်ခွာသွားသည်။
ဒါကိုမြင်တော့ ဖန်းယွင်ရှန်းက သူမ၏ နေရိပ်နတ်ဓားကို ဝှေ့ယမ်းလိုက်ရာ အမှောင်ထုအလင်းတန်းများက မြူခိုးများပမာ ကျယ်ပြန့်လာပြီး မဟာအမတ’ရူယိ’ ထံသို့ ဝင်ရောက်လာသည်။
သို့သော် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကလည်း အစွမ်းကုန် ထိုးဖောက်တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ သူ၏လက်ထဲတွင် ရတနာဓားတစ်လက် ထွက်ပေါ်လာပြီး ဖန်းယွင်ရှန်းအား ခုတ်ပိုင်းချလိုက်သည်။
ထိုဓားချက်ကို ဖန်းယွင်ရှန်းက သူမ၏ဓားဖြင့် ခုခံလိုက်သည့်အခါ မျက်လုံးတစ်ရာတာအိုဆရာ၏ နံရိုးအောက်ဘက်မှ ထောင်နှင့်ချီသောမျက်လုံးများ တလက်လက် တောက်ပသွားသည်။
ထို့နောက် အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် အဝါရောင်မြူခိုးတိမ်တိုက်များထွက်ပေါ်လာပြီ ဖန်းယွင်ရှန်းအား ဝိုင်းရံထားကာ သူမကို ရှေ့ဆက်မတိုးစေရန် တားဆီးထားသည်။
လုန်ရှင်းချွမ် ၊ ယွဲ့ကျန့်ပေနှင့် အခြားသူများက မဟာအမတ’ရူယိ’ ကို တားဆီးရန် အလျင်အမြန် ရောက်လာကြသည်။
သို့သော် ကျောက်စိမ်းယုန်နတ်မိစ္ဆာနှင့်အတူ လိုက်ပါလာသည့် အခြားသော နတ်မိစ္ဆာမျိုးနွယ်များကလည်း တာအိုစကြာဝဠာထဲသို့ ရောက်ရှိလာပြီး ကြီးမားသောအရှိန်အဟုန်ဖြင် လုန်ရှင်းချွမ်တို့အုပ်စုထံသို့ ချီတက်လာကြတော့သည်။
ထိခိုက်ဒဏ်ရာနှင့် သေကြေမှုများစွာကို ခံစားခဲ့ရသည့် နဂါးဘုရင်’ဟွမ်ချန်’ တို့ အုပ်စုမှာလည်း နဂါးဘုရင်’ဟွမ်ချန်’ ၏ ကြုံးဝါးသံအောင်တွင် ပြန်တက်တက်ကြွလာကြသည်။
***
မဟာအမတ’ရူယိ’ က သူ၏ ရွှေချိတ်ကောက်ကို ပစ်လွှတ်လိုက်သည်။
ထိုရွှေချိတ်ကောက်က နွားချိုတစ်ခုနှင့်ဆင်တူပြီး လုန်ရှင်းချွမ်၏ ဓားအလင်းတန်းကို ဖယ်ထုတ်ကာ အဂ္ဂိရတ်ခန်းမဆီသို့ အရှိန်မြှင့်ကာ ထွက်ခွာသွားသည်။
အဂ္ဂိရတ်ခန်းမမှ ကောင်းကင်ထိတိုင်မြင့်မားသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ့ထံသို့ ပစ်ခတ်လိုက်သည်။
မဟာအမတ’ရူယိ’ က သူ၏ ရွှေချိတ်ကောက်ကို လှည့်ပတ်လိုက်ရာ ရွှေရောင်အလင်းတန်းများ ကွဲအက်သွားပြီး သူက ရွှေချိတ်ကောက်ကို ရှေ့သို့ ထပ်မံပစ်လွှတ်လိုက်သည်။
ရွှေချိတ်ကောက်မှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး အရွယ်အစားကြီးမားသော ဓားသွားတစ်လက်ထွက်ပေါ်လာကာ ခရမ်းရောင်တိမ်တိုက်များကို ခုတ်ပိုင်းချလိုက်ပြီး ၊ ဓားသွားက ကျောက်ဖြူနန်းတော်ထက်သို့ ကျရောက်လာသည်။
ရူယိရွှေချိတ်က အဂ္ဂိရတ်ခန်းမကို ချိတ်ဆွဲပြီးနောက် မဟာအမတ’ရူယိ’ က သူ၏ချိတ်ကောက်ကို ပြန်ဆွဲယူလိုက်သည်။
ရူယိရွှေချိတ်ကောက်တွင် လက်ကိုင်ငယ်လေးတစ်ခုရှိပြီး ၎င်းက မဟာအမတ’ရူယိ’ လက်ထဲတွင် ရှိနေသည်။ ချိတ်ကောက်တစ်ဖက်စွန်းကတော့ အလွန်ကြီးမားလှပြီး ကောင်းကင်ဘုံမှ မြို့တော်တစ်မြို့ပမာ အရွယ်အစားကြီးမားလှသော အဂ္ဂိရတ်ခန်းမကြီးအား ချိတ်ဆွဲထားသည်။
မဟာအမတ’ရူယိ’ က ချိတ်ကောက်ကို ဆွဲယူလိုက်သည်နှင့် အဂ္ဂိရတ်ခန်းမကြီး တုန်လှုပ်သွားပြီး သူ့ဘက်သို့ ရွေ့လျားလာသည်။
ကောင်းချင်းရွှမ်က သူမ၏ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
မရေမတွက်နိုင်သော ဓားအလင်းတန်းများထွက်ပေါ်လာပြီး မတုန်လှုပ်သော ဓားတန်ခိုးစွမ်းအားက နဂါးဘုရင်’ဟွမ်ချန်’ ထံသို့ ဝင်ရောက်သွားသည်။
နဂါးဘုရင်’ဟွမ်ချန်’ က အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ရုပ်ခန္ဓာ (၉)ခုခွဲကာ ကောင်းချင်းရွှမ်’၏ဓားချက်ကို ရှောင်တိမ်းလိုက်သည်။
ကောင်းချင်းရွှမ်၏ ပတ်ဝန်းကျင်တွင် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူမ ထိုနေရာမှ ပျောက်ကွယ်သွားသည်။
အချိန်အနည်းငယ်အတွင်း အနီရောင်ဓားအလင်းတန်း ပြန်လည်ထွက်ပေါ်လာပြီး ကောင်းချင်းရွှမ်က မဟာအမတ’ရူယိ’ ၏ နောက်ကျောသို့ ရောက်ရှိလာကာ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
မဟာအမတ’ရူယိ’ က လက်တစ်ဖက်ဖြင့် ချိတ်ကောက်ကိုကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ကောင်းချင်းရွှမ်၏ဓားချက်ကို ကာကွယ္လိုက်သည်။
သူ၏ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့်သရဖူရှိနေပြီး သူ၏ တန်ခိုးစွမ်းအားနှင့်အသက်ဓာတ်စွမ်းအားက သာမန် ‘သူတော်စင်ငယ်’ အဆင့် နတ်မိစ္ဆာများ သို့မဟုတ် တာအိုဝါဒမှ ထျန်းကျွင်းနယ်ပယ် (ထိုက်ရွှီးမူလနတ်ဘုရား) အဆင့်ထက် ပိုမိုအားကောင်းသည်။
သူက လက်တစ်ဖက်ဖြင့် အဂ္ဂိရတ်ခန်းမကို ဆွဲယူနေစဉ် အခြားလက်တစ်ဖက်ဖြင့် ကောင်းချင်းရွှမ်၏ဓားအား ကာကွယ်ထားနိုင်ခဲ့သည်။
ကောင်းချင်းရွှမ်၏တိုက်ခိုက်မှု လွဲချော်သွားပြီး နဂါးဘုရင်’ဟွမ်ချန်’ က သူမနောက်သို့ ရောက်လာပြီး ကြမ်းတမ်းသောနည်းလမ်းဖြင့် တိုက်ခိုက်လိုက်သည်။
အလွန်တရာ ချွန်ထက်မာကျောသော နဂါးလက်သည်းများက မပျက်ဆီးနိုင်သော လှံရှည်များပမာ ကောင်းချင်းရွှမ်၏ အရေးကြီးသော ကိုယ်အင်္ဂါအစိတ်အပိုင်းနေရာများကို ထိုးဖောက်ရန် ကြိုးစားနေသည်။
ကောင်းချင်းရွှမ်က ထိုတိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ လက်ညှိုးနှင့်လက်ခလယ်အသုံးပြုကာ ဓားဝိညာဉ်တစ်ခု ဖန်တီးလိုက်သည်။
သူမ၏လက်ချောင်းများထိပ်တွင် အနက်ရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ဓားအလင်းတန်းထဲတွင် အဖြူရောင်အခိုးအငွေ့များနှင့် မှိန်ဖျော့သည့် အစိမ်ရောင်အလင်းတန်းကိုလည်း တွေ့ရသည်။
ထိုဓားဝိညာဉ်က နဂါးဘုရင်’ဟွမ်ချန်’ ၏ လက်သည်းများအား ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ကြမ်းတမ်းချွန်ထက်သော နဂါးလက်သည်းများမှာ ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
နဂါးလက်သည်းများတစ်လျှောက် ဖြတ်သန်းစီးဆင်းနေသည့် ရွှေရောင်ဖျော့ဖျော့ မိစ္ဆာချီအနှစ်သာရမှာ အစိမ်းရောင်အလင်းတန်းနှင့်ထိတွေ့လိုက်သည်နှင့် ရွှေမှုံများအဖြစ် ပြိုကွဲပျောက်ကွယ်သွားသည်။
သတ်ဖြတ်လိုသည့်အငွေ့အသက်များလွှမ်းခြုံနေသည့် အဖြူရောင်အခိုးအငွေ့များနှင့် နဂါးအကြေးခွံများထိတွေ့မိသည်နှင့် နဂါးအကြေးခွံများ ချက်ချင်းပေါက်ကွဲထွက်သွားသည်။
အနက်ရောင်ဓားအလင်းတန်းက ရောယှက်သွားပြီး နဂါးဘုရင်’ဟွမ်ချန်’ ၏ အသားများကို ဖြတ်တောက်ပစ်လိုက်သည်။
ကောင်းချင်းရွှမ်က သူ၏လက်ချောင်းတစ်ချောင်းကို ချက်ချင်းဖြတ်တောက်ပစ်လိုက်သည်။
နဂါးဘုရင်’ဟွမ်ချန်’ ထံမှ ခပ်တိုးတိုးညည်းတွားသံထွက်ပေါ်လာပြီး ကောင်းချင်းရွှမ်၏လက်ချောင်းထိပ်မှာတော့ အကြင်နာတရားကင်းမဲ့သည့် ဓားဝိညာဉ်အစွန်းက ထင်ကျန်နေဆဲ ဖြစ်သည်။
နဂါးဘုရင်’ဟွမ်ချန်’ ၏ လက်ချောင်းတစ်ချောင်းကို ဖြတ်တောက်ပြီးသည့်တိုင် ဓားဝိညာဉ်အရှိန်အဟုန်က ကျဆင်းသွားခြင်းမရှိဘဲ နဂါးဘုရင်’ဟွမ်ချန်’ ရှိရာသို့ ဆက်လက်ခုတ်ပိုင်းချလိုက်သည်။
တာအိုဝါဒမှ ထျန်းကျွင်းနယ်ပယ် (ထိုက်ရွှီးမူလနတ်ဘုရား)အဆင့်နှင့်တူညီသော နဂါးမျိုးနွယ် ‘သူတော်စင်ငယ်’ အဆင့် ကျင့်ကြံသူဖြစ်သည့် နဂါးဘုရင်’ဟွမ်ချန်’ ရုတ်တရက် ခန္ဓာကိုယ်တစ်ချက်လှိမ့်လိုက်သည်။
ထို့နောက် သူကပါးစပ်ဟလိုက်ရာ အနက်ရောင်လှိုင်းတံပိုးများ ထွက်ပေါ်လာသည်။ ထို အနက်ရောင်လှိုင်းတံပိုးများက ဗလာနယ်တစ်ခွင်ဖြတ်သန်းသွားပြီး ပြင်လယ်ပြင်တစ်ခု ထွက်ပေါ်လာသည်။
အနက်ရောင်ပင်လယ်ကြီးက ကောင်းချင်းရွှမ်၏ဓားကို ပိတ်ဆို့ထားချိန် ၊ နဂါးဘုရင်’ဟွမ်ချန်’ ကိုယ်တိုင်သည်လည်း အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ပင်လယ်ထဲသို့ ခုန်ချလိုက်သည်။
ရေကိုအသုံးပြုပြီး ချက်ချင်း အဝေးသို့ထွက်ပြေးသွားနိုင်သဖြင့် နောက်ဆုံး ကောင်းချင်းရွှမ်၏ဓားချက်ကို ရှောင်တိမ်းနိုင်ခဲ့သည်။ အနည်းဆုံးတော့ သူ၏လက်သည်းများအားလုံး ဖြတ်တောက်ခံရခြင်းမှ ကင်းလွတ်ခဲ့သည်ပင်။
နဂါးဘုရင်’ဟွမ်ချန်’ ပြန်ဆုတ်သွားပြီးနောက် ကောင်းချင်းရွှမ်က သူ့နောက်သို့ လိုက်လံတိုက်ခိုက်ခြင်းမရှိပေ။ သူမက မဟာအမတ’ရူယိ’ ကို ဆက်လက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ကျယ်ပြန့်လှသော ပင်လယ်ပြင်မှ လှိုင်းလုံးကြီးများထွက်ပေါ်လာပြီး သူမထံသို့ ရိုက်ခတ်လာသည်။
နတ်မိစ္ဆာမျိုးနွယ်အများစုတွင် ၎င်းတို့၏ မွေးရာပါ အရည်အချင်းများနှင့် စွမ်းရည်များ ရှိကြသည်။ အခြားသူများနှင့် တိုက်ခိုက်ရာတွင် ထိုမွေးရာပါ စွမ်းရည်များအား အထင်သေးရန် မဖြစ်နိုင်ပေ။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကဲ့သို့ပင် နဂါးဘုရင်’ဟွမ်ချန်’ ၏ မွေးရာပါစွမ်းရည်သည်လည်း အလွန်အားကောင်းသည်။ ထိုစွမ်းရည်က သူသင်ယူထားခဲ့သော အမြင့်ဆုံးသိုင်းပညာရပ်များအားလုံး၏ အသုံးဝင်မှုထက်ပင် ကျော်လွန်သည်။
နဂါးဘုရင်’ဟွမ်ချန်’ ၏ မွေးရာပါစွမ်းရည်က မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ နံရိုးအောက်မှ ထောင်နှင့်ချီသည့် မျက်လုံးများမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကဲ့သို့ ဖိအားမပေးနိုင်သော်လည်း ၎င်းတွင် ထူးခြားမှုတစ်ခု ရှိသည်။
ကောင်းချင်းရွှမ်က သူ့ကို လုံးဝ ကြောက်ရွံ့ခြင်း မရှိသော်လည်း အဟန့်အတားဖြစ်နေခြင်းကြောင့် များစွာ စိတ်အနှောက်အယှက် ဖြစ်ရသည်။
အန္တရာယ်များသော တိုက်ပွဲသည် ခဏအတွင်းမှာပင် သိသာထင်ရှားသော အပြောင်းအလဲကို တွေ့ကြုံခဲ့ရသည်။
အခြားသော မဟာနတ်မိစ္ဆာများက ဖန်းယွင်ရှန်း ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများများကို ဟန့်တားထားစဉ် မဟာအမတ’ရူယိ’ က ထိုအခွင့်အရေးကိုအသုံးချကာ အဂ္ဂိရတ်ခန်းမကို တိုက်ခိုက်ခဲ့သည်။
သူ၏လက်တစ်ဖက်က အဂ္ဂိရတ်ခန်းမကိုချိတ်ထားသည့် ရူယိရွှေချိတ်ကောက်ကိုကိုင်ထားသည်ဖြစ်ရာ အဂ္ဂိရတ်ခန်းမမှာ ရွေ့လျားနိုင်ခြင်းမရှိဘဲ နောက်ပြတ်ဆုတ်၍ မရခဲ့ပေ။
သူက အခြားလက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ချက်ချင်းပင် အလွန်တရာ ကျယ်ပြန့်လှပြီး အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်းရှိသည့် လက်ဖဝါးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အဂ္ဂိရတ်ခန်းမထက်သို့ ကျရောက်လာသည်။
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမအတွင်းရှိ ခရမ်းရောင်ဝိညာဉ်ခန်းမထဲမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယခု ရန်တိ ၊ နျဲ့ကျင်းရှန် ၊ လုန်ရွှယ်ကျီး ၊ ကောင်းရွှယ်ပေါ်နှင့် လူသားအသွင်ပြောင်းလဲထားသော အင်္ဂါဂြိုဟ်ပုဆိန်သွားလျံရှည်တို့သာ ကျန်ရစ်တော့သည်။
သူတို့ (၅)ယောက်က အထူးပုံစံတစ်ခုအတိုင်း ထိုင်နေကြပြီး ရန်တိက အလယ်ဗဟိုတွင် ရှိနေသည်။ ကျန် (၄)ယောက်ကတော့ မတူညီသည့် ထောင့် (၄)ခုတွင် ထိုင်နေကြ၏။
သူတို့ပြုလုပ်ထားသည့် အစီအရင်ဖွဲ့စည်းမှုက အတိတ်တစ်ချိန် အဂ္ဂိရတ်ခန်းမကို သိမ်းပိုက်စဉ်က ခန်းမဝိညာဉ်’ထျန်းစူး’ ကို ဖိနှိပ်ရန် အသုံးပြုခဲ့သော အစီအရင်ပင် ဖြစ်သည်။
အစီအရင်ပြုလုပ်ကြသူများ ပြောင်းလဲသွားသည့်တိုင် လုန်ရွှယ်ကျီးနှင့် ကောင်းရွှယ်ပေါ်တို့သည်လည်း ဤအစီအရင်၏ အသွင်ပြောင်းလဲမှုနှင့် ရင်းနှီးပြီးသားဖြစ်လေရာ အခြားသူများနှင့် လွယ်ကူစွာပင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြသည်။
ရန်တိ၏ ဦးခေါင်းထက်တွင် ကြီးမားသော မီးပြင်းဖိုကြီးတစ်ခု လွင့်မျောလျှက်ရှိသည်။ ထိုမီးပြင်းဖိုမှာ ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုပင် ဖြစ်၏။
ရွှမ်ရှောက်ကျိကျင်းမီးပြင်ဖိုထဲတွင် ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ထိုင်လျှက်ရှိသည်။
သူက မျက်လုံးများကို မှေးမှိတ်ထားပြီး စကားဆိုခြင်းမရှိသလို လှုပ်ရှားမှုလည်းမရှိဘဲ အိပ်ပျော်နေသည့်ပမာ သို့မဟုတ် သူ၏ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့်ပမာ ဖြစ်သည်။
လက်ရှိတွင် ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းမှ အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နေပုံရသော လူငယ်သည် အတွေးအမြင်မရှိ ၊ စိတ်ဆန္ဒမရှိသော အခွံသက်သက်ပမာ ဖြစ်နေသည်။
“ကျွန်တော်တို့မှာ ရန်သူတွေအများကြီးရှိတယ် ၊ ဒီအန္တရယ်ကို ကျွန်တော် ရင်ဆိုင်ရမယ်”
ရန်ကျောက်ကဲ၏အသံက ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်း ထွက်ပေါ်လာသည်။ သို့သော် ထိုအသံက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။
သူ၏အသံက ခရမ်းရောင်ဝိညာဉ်ခန်းမနှင့် အဂ္ဂိရတ်ခန်းမတစ်ခွင် ပျံ့နှံ့သွားဟန်ရှိသော်လည်း တကယ်တမ်း ခန်းမထဲတွင်ရှိနေသော လူ(၅)ယောက်သာလျှင် ထိုအသံကို ကြားနိုင်သည်။
ရန်ကျောက်ကဲက...
“ကျွန်တော် လှုပ်ရှားတဲ့အခါ အဂ္ဂိရတ်ခန်းမတစ်ခုလုံး မလွဲမသွေ တုန်ခါလာလိမ့်မယ် ၊ အကြီးအကဲတို့ (၅)ယောက်က အစီအရင်တည်ဆောက်ပြီး အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ပေးပါ”
အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာတွင် ကမ္ဘာပေါင်းများစွာ မရှိခဲ့ပါက သူ့အတွက် ပြဿနမရှိပေ။ ယခု ထိုကမ္ဘာများစွာက သူ့ကိုချုပ်နှောင်ထားသော ဝန်ထုပ်ဝန်ပိုးများစွာနှင့် ဆင်တူနေသည်။
အကယ်၍ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပြီး အတားအဆီးကိုဖြတ်ကျော်လိုသည်ဆိုလျှင်တောင်မှ သူက ဤကမ္ဘာများ၏ ငြိမ်းချမ်းရေးကို မထိခိုက်စေရန် သဘာဝအတိုင်း ရှောင်ရှားသွားမည် ဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ သူက ဤကမ္ဘာများကို ဘယ်တော့မှ စွန့်ပစ်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေက ရန်ကျောက်ကဲအတွက် အတားအဆီးတစ်ခု မဟုတ်ခဲ့ပေ။
ရန်ကျောက်ကဲစကားကိုကြားတော့ လူ(၅)ယောက်က ပြုံးလိုက်ပြီး...
“မင်း လုပ်ချင်တာကိုသာ လုပ်ပါ”
ဟု ပြန်လည်ဖြေကြားလိုက်သည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ကောင်းပြီ...”
သူ၏ရယ်သံက ခရမ်းရောင်ဝိညာဉ်ခန်းမတစ်ခုလုံး၌ ပဲ့တင်ထပ်သွားလေသည်။
***
အဂ္ဂိရတ်ခန်းမအပြင်ဘက်မှာတော့ မဟာအမတ’ရူယိ’ ၏ လက်ဖဝါးကြီးက ကျောက်ဖြူနန်းတော်ကြီးအား ထိမိလုနီးပါး ဖြစ်နေချိန် ကျောက်ဖြူနန်းတော်တစ်ခုလုံး ရုတ်တရက် အလင်းတန်းများ ထွက်ပေါ်လာသည်။
ယခင်က တစ်ခါမှမကြုံဖူးသော စွမ်းအားကြီးမားလှသည့် တန်ခိုးစွမ်းအားတစ်ခု အတွင်းမှ ထွက်ပေါ်လာသည်။
ထို့နောက် လူတိုင်းရှေ့တွင် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဂ္ဂိရတ်ခန်းမအတွင်းမှထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများက သန့်စင်သည့်ရွှေရောင်မှသည် ခရမ်းရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုခရမ်းရွှေရောင်အလင်းတန်းများ စုစည်းသွားပြီး လက်တစ်ဖက်အဖြစ်ပြောင်းလဲသွားကာ လက်ဖဝါးက ကောင်းကင်ထက်သို့ ပင့်မြှောက်လိုက်ပြီး မဟာအမတ’ရူယိ’ ၏ လက်ဖဝါးကြီးကို ဖမ်းယူလိုက်သည်။
မဟာအမတ’ရူယိ’ အံ့အားသင့်နေစဉ်မှာပင် အဂ္ဂိရတ်ခန်းမထက် အခြားနေရာတစ်ခုတွင် ခရမ်းရွှေရောင်အလင်းတန်းများ စုစည်းလာပြီး ဒုတိယလက်တစ်ဖက် ထပ်မံထွက်ပေါ်လာကာ မဟာအမတ’ရူယိ’ ၏ မျက်နှာအား ဖြတ်ရိုက်လိုက်လေတော့၏။