နောက်ဆုံးရသတင်းအချက်အလက်
Vol. 2 Ch. 15
ငါးစွပ်ပြုတ် ပေးခဲ့ပြီးနောက် ချန်ကျဲ့ အိမ်ပြန်လာခဲ့သည်။
ကလေးမလေးသည် အငွေ့တထောင်းထောင်း ငါးစွပ်ပြုတ်ကို ကြည့်၍ သွားရည်ကျနေ၏။
သို့သော် သူမသည် အသိတရားရှိစွာသာ ရပ်နေခဲ့သည်။ အပြင်ဘက်သို့လည်း စိတ်အားထက်သန်စွာဖြင့် စောင်ကြ့ည်လျက် ချန်ကျဲ့ ပြန်အလာကို မျှော်နေခဲ့သည်။
ဤသည်မှာ သူမ၏ အစ်ကိုကြီးဖြစ်သူအား အိမ်သို့ အမြန်ပြန်လာစေချင်သည့် ပထဆုံးအကြိမ်ဖြစ်သည်။
နောက်ဆုံးတွင်တော့ ခြံတံခါးဝ၌ ချန်ကျဲ့၏ပုံရိပ် ထွက်ပေါ်လာသည်။ ကလေးမလေးသည်လည်း စိတ်လှုပ်ရှားစွာဖြင့် အော်ပြော၏။
“အစ်ကိုကြီး ပြန်လာပြီပဲ”
“အင်း ပြန်လာပြီ”
ချန်ကျဲ့ အပြုံးဖြင့်တုံ့ပြန်၍ အိမ်ထဲသို့ဝင်လာသည်။ စူးယွင်ကျင်းသည် ညနေစာပြင်နေ၏။ အဖာအထေးများ ပြည့်နှက်နေသော လျှော်ကြမ်းအဝတ်ကို ဝတ်ဆင်ထားသည့်တိုင် သူမ၏ ကိုယ်လုံးကိုယ်ပေါက်လှသော ခန္ဓာကိုယ်လေးမှာ မြင်သာနေမြဲဖြစ်သည်။
အလွန်ဆွဲဆောင်မှုရှိလှပါ၏။
ချန်ကျဲ့ အချိန်ခဏမျှ သဘောတကျ ချီးမွမ်းပြီးနောက် ထမင်းစားစားပွဲသို့ အကြည့်လွှဲလိုက်သည်။
စူးယွင်ကျင်းသည် ငါးစွပ်ပြုတ်ကို တည်ခင်းထားပြီးဖြစ်သည်။ သူမကိုယ်တိုင်နှင့် ကလေးမလေးအတွက်မူ ပန်းကန်လုံးအသေးလေးများဖြင့် ထည့်ထားခဲ့ပြီး ချန်ကျဲ့အတွက်မူ ပန်းကန်လုံးအကြီးထဲတွင် ငါးတစ်ကောင်ကို ခပ်ထည့်ပေးထားသည်။ ကလေးမလေး၏ ပန်းကန်လုံးထဲရှိ စွပ်ပြုတ်ရည်မှာ ပန်းကန်လုံးအပြည့်ဖြစ်ပြီး သူမကိုယ်တိုင်အတွက်မူ ပန်းကန်လုံးတစ်ဝက်သာ ထည့်ထားသည်။
ထို့ပြင် ကျန်သည့် ငါးတစ်ပိုင်းမှာလည်း များသောအားဖြင့် ကလေးမလေး၏ ပန်းကန်ထဲတွင် ဖြစ်သည်။
ထိုအခိုက်အတန့်၌ ကလေးမလေးသည် အလွန်ပျော်ရွှင်နေသည်။ ငါးစွပ်ပြုတ်ကို ပျော်ရွှင်စွာဖြင့် သောက်နေ၏။ စူးယွင်ကျင်းသည်လည်း သူမ၏ ပမာဏနည်းပါးလှသော ငါးစွပ်ပြုတ်ကို တိတ်ဆိတ်ငြိမ်သက်စွာ သောက်နေခဲ့သည်။
ချန်ကျဲ့ တူကိုသုံး၍ မိမိ၏ပန်းကန်ထဲမှ ငါးကို ယူလိုက်သည်။ ၎င်းငါးကို ခွဲခြမ်း၍ အသားတစ်ဝက်ကို စူးယွင်ကျင်းကို ထည့်ပေးလိုက်သည်။
စူးယွင်ကျင်းသည် ချန်ကျဲ့ကို အံ့အားသင့်လျက် ကြည့်လာ၏။ ချန်ကျဲ့ ပြောလိုက်သည်။
“မင်း အားရှိအောင်လို့”
စူးယွင်ကျင်း ငြင်းဆန်ရန်ကြိုးစားသည်။ သို့သော် ချန်ကျဲ့သည် ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး စူးယွင်ကျင်းမှ ငါးပြန်ထည့်ပေးခြင်းကို လက်မခံပေ။ ကူကယ်ရာမဲ့စွာဖြင့် စူးယွင်ကျင်းသည် ငါးကို ကလေးမလေး၏ ပန်းကန်ထဲသို့ ထည့်ပေးရန် ကြိုးစားသည်။ သို့သော် ချန်ကျဲ့ စောင့်ကြည့်နေသည်ကို မြင်သောအခါ ကလေးမလေးသည်လည်း သူမ၏ပန်းကန်ကို ကောက်ယူ၍ ချန်ကျဲ့ဘေးသို့ ပြေးသွားသည်။ သူမ၏ ထိုင်ခုံလေးကိုပါ ဆွဲယူ၍ ချန်ကျဲ့ဘေးတွင် ထိုင်လိုက်သည်။
စူးယွင်ကျင်းမှာ အချိန်ခဏမျှ ဘာပြောရမည်မသိ ဖြစ်သွားရသည်။
“စားလိုက်ပါ”
ချန်ကျဲ့ ပြောလိုက်ပြီး ကလေးမလေးနှင့်အတူ စတင်စားသောက်သည်။ စူးယွင်ကျင်း တစ်ယောက်သာလျှင် ကြိတ်မှိတ်လက်ခံလိုက်ရသော မျက်နှာအမူအရာဖြင့် ကျန်ရစ်ခဲ့သည်။ စူးယွင်ကျင်းထံမှ အနည်းငယ် အထီးကျန်မှုကိုပင် မြင်တွေ့နိုင်သေး၏။
ငါ့ညီမက ငါ့ကို ဘယ်တုန်းက သစ္စာဖောက်သွားတာလဲ။
ညစာသည် စားကောင်းသည့်တစ်နပ်ဖြစ်ခဲ့ပြီး အားရပါးရစားသောက်ပြီးနောက် ညလည်း မှောင်သွားခဲ့သည်။ ကျေးလက်ဒေသတွင် အထူးတလည် လုပ်စရာမရှိကြရာ အားလုံး အိပ်ရာစောစောဝင်ကြသည်။
စူးယွင်ကျင်းသည် ချန်ကျဲ့နှင့် အတူတူမအိပ်ပေ။
ချန်ကျဲ့တို့၏အိမ်သည် ပျက်စီးယိုယွင်းနေသော်ငြား အတွင်းခန်းနှင့် အပြင်ခန်းများ ရှိသည်။ အပြင်ခန်းသည် ကြီးမားပြီး အတွင်းခန်းသည် အနည်းငယ် သေးသည်။ အနည်းငယ်လည်း ရှုပ်ပွနေသည်။
ချန်ကျဲ့သည် အပြင်ခန်းကို တစ်ယောက်တည်း နေရာယူထား၏။ ညီအစ်မနှစ်ယောက်သည်တော့ အခန်းကျဉ်းလေးထဲတွင် ကျဉ်းကျဉ်းကျပ်ကျပ် နေကြရသည်။
စူးယွင်ကျင်းမှ ချန်ကျဲ့အား သတိထားနေသည့်အကြည့်ဖြင့် ကြည့်နေသည်။ ထိုအကြည့်ကို မြင်သောအခါ လတ်တလောတွင် ဘာကိုမျှ မပြောင်းလဲသေးဘဲ အခန်းကျယ်ထဲတွင်သာ အိပ်စက်ရန် ချန်ကျဲ့ ဆုံးဖြတ်လိုက်သည်။
ညဉ့်နက်လာခဲ့ပြီး ကောင်းကင်ယံတွင် လမင်းကြီးလည်း ထွက်ပေါ်လာသည်။ ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့သည် မိမိတို့၏ အိပ်ရာထက်တွင် အသီးသီးလဲလျောင်းနေကြသော်ငြား အိပ်မပျော်ကြပေ။
လရောင်သည် ပြတင်းပေါင်မှတစ်ဆင့် အခန်းထဲသို့ ဖြာကျနေသည်။ သူတို့နှစ်ဦးသည် ကောင်းကင်ထက်ရှိ လမင်းကြီးကို ငေးစိုက်ကြည့်နေကြရင်းဖြင့် အတွေးထဲ နစ်မြောနေကြသည်။
ကလေးမလေးတစ်ယောက်သာလျှင် ပူပင်ကြောင့်ကြမဲ့စွာဖြင့် အိပ်မောကျနေ၏။ သူမ၏အစ်ကိုကြီးသည် နောက်ထပ် ယုန်ဝကြီးတစ်ကောင် ဖမ်းမိလာသည်ဟု အိပ်မက်မက်ကာ အိပ်နေရင်းမှ လျှာသပ်နေလေသည်။ ယုန်လေးသည် အလွန်ချစ်ဖို့ကောင်းသောကြောင့် သူမ ကြည့်လို့မဝပေ။
ယုန်လေးတွေက အရမ်းချစ်ဖို့ကောင်းတော့ အရမ်းစားကောင်းနေမှာပဲ။
ထိုစဉ် လူကြီးနှစ်ယောက်သည်တော့ အိပ်ရာထက်တွင် လဲလျောင်း၍ ကိုယ်စီအတွေးထဲ နစ်မြုပ်နေကြသည်။
စူးယွင်ကျင်းသည် ဒီနေ့အဖြစ်အပျက်များကို ပြန်ပြောင်းတွေးတောနေခဲ့သည်။ သူမကိုယ်တိုင် အဆိပ်ခပ်ခြင်းမှ စတင်၍ လုစန်းနှင့်လုချင်းစစ်တို့ ပြဿနာရှာခြင်းနှင့် သူမတို့အပေါ် ၁၈၀ဒီဂရီပြောင်းလဲသွားသော ချန်ကျိုစစ်၏ အပြုအမူများအထိ ပြန်လည်တွေးတောနေခဲ့သည်။
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ။
ဒီလူက တကယ်ပဲ ပြုပြင်သွားတာလား။ ဒါမှမဟုတ် သူ့စိတ်သူထိန်းပြီးတော့ ရွေ့ရွေ့ကို မရောင်းခင် ငါသူ့ကို သတိထားတာ လျော့သွားအောင်လို့ လုပ်နေတာလား…
သူမ ရေရွတ်လိုက်ရင်းဖြင့် ကလေးမလေးကို ဆုပ်ကိုင်ထားသောလက်အား ပို၍တင်းကျပ်လိုက်သည်။ ဤရိုးအသည့်ကောင်မလေးသည် သူမကို အစားအသောက် ပေးကမ်းလာသူတိုင်းအား တုံးတုံးအအဖြင့် ခင်တွယ်လွယ်ပေသည်။
ဒီကောင်မလေး ဘယ်လိုလုပ်ပြီး နည်းနည်းလေးမှ သတိမရှိရတာလဲ။
ဒီနေ့ညနေစာစားချိန်တွင် ချန်ကျဲ့နှင့် ကလေးမလေးတို့ ဘေးချင်းယှဉ်ထိုင်သည့်မြင်ကွင်းကို ပြန်စဉ်းစားလိုက်ပြီးနောက် စူးယွင်ကျင်း ညီမဖြစ်သူ၏ ခေါင်းလေးကို ဖြည်းဖြည်းပုတ်လိုက်သည်။
“သစ္စာဖောက်မလေး~”
ထိုသို့ပြောပြီးနောက် စူးယွင်ကျင်း ရယ်မောလိုက်သည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အိပ်မက်ကဲ့သို့ ခံစားရသည်။
အမြဲတမ်း ဒီလိုဖြစ်နေမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ…
စူးယွင်ကျင်း စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း အိပ်ပျော်သွားခဲ့သည်။ အထူးသဖြင့် ဒီနေ့ညတွင် သက်သောင့်သက်သာ အိပ်ပျော်ခဲ့ပေသည်။
ထိုစဉ် ချန်ကျဲ့သည် ကောင်းကင်ထက်မှ လရောင်ကို ကြည့်နေခဲ့သည်။ မနေ့ကထိတိုင် သူသည် သူ၏ကုမ္ပဏီတွင် သူ့အား မှီခိုအားထားရာမိန်းမငယ်လေးများနှင့် စကားဖောင်ဖွဲ့နေခဲ့သေးသည်။ ယခုတွင်မူ ရုတ်တရက်ကြီး ဤကမ္ဘာသို့ ရောက်လာခဲ့သည်။
သို့သော် ၎င်းသည်လည်း အတော်လေး ကောင်းမွန်ပါ၏။ ချန်ကျဲ့၏ လက်ရှိဘဝသည် ဆင်းရဲမွဲတေ၍ အရည်အချင်းမရှိသော်ငြား အနည်းဆုံးတော့ ငယ်ရွယ်သေးသည်။
ချန်ကျဲ့၏ ဤခန္ဓာကိုယ်သည် ၁၈နှစ်အရွယ်သာ ရှိသေးလေရာ အမှန်တကယ် ငယ်ရွယ်ပေသည်။ အတိတ်ဘဝ၌ ချန်ကျဲ့သည် အောင်မြင်မှုရရှိပြီး အင်တာနက်ခေတ် ထွန်းကားမှုမှ အကျိုးခံစားခဲ့ရသည်။ စားသောက်ဆိုင်တစ်ဆိုင် ရောင်းချပြီး တိုက်ရိုက်ထုတ်လွှင့်ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို စတင်တည်ထောင်ကာ အမျိုးသမီးဝန်ထမ်းငယ်လေးများကို ပြုစုပျိုးထောင်ခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုများမှ ငွေအမြောက်အများ ရှာဖွေနိုင်ခဲ့သည်။ သို့သော်ငြား သူသည် အသက်၄၀နီးပါးသို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ကုန်ဆုံးသွားခဲ့ပြီးသည့် ငယ်ရွယ်နုပျိုမှုကို ပြန်လည် မရရှိနိုင်တော့ပေ။
လက်ရှိဘဝတွင် အတိတ်ဘဝမှ ငွေကြေးဥစ္စာများကို ဆုံးရှုံးသွားခဲ့ရပြီး ဤကမ္ဘာ၏ ဘဝရှင်သန်ရေး လိုအပ်ချက်များသည် အတော်လေး ခက်ခဲကြမ်းတမ်းသည့်တိုင် ငယ်ရွယ်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်သေးပေသည်။ အသက်အရွယ်ကြီးရင့်ခြင်းအား ကြုံတွေ့ဖူးသူများသာလျှင် ငယ်ရွယ်မှု၏တန်ဖိုးကို နားလည်နိုင်မည်ဖြစ်သည်။
“ငယ်ရွယ်စဉ်မှာ အချိန်ရဲ့တန်ဖိုးကို မသိကြဘူး။ အသက်၄၀ရောက်မှ နောင်တရရင်တော့ အချည်းနှီးပဲ”ဟူသည့် ဆိုရိုးစကားအတိုင်းပင်။
ထိုအတွေးဖြင့် ချန်ကျဲ့ လမင်းကို ငေးကြည့်နေခဲ့သည်။ သို့သော် ဤကမ္ဘာတွင် နေထိုင်ရခြင်းသည် လွယ်ကူလိမ့်မည် မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် သေချာအစီအစဉ်ချထားရန် လိုအပ်ပေသည်။
အရင်ဆုံး ဒီကမ္ဘာမှာ သိုင်းပညာလေ့ကျင့်ဖို့ မဖြစ်မနေလိုအပ်တယ်။ ဒီကမ္ဘာမှာ သိုင်းပညာကျင့်ကြံသူကို အလေးအမြတ်ထားကြတာမလို့ သိုင်းပညာ မကျင့်ကြံနိုင်ရင် အချည်းနှီးဖြစ်ရလိမ့်မယ်။ ဒါပေမဲ့ ယန်ချွမ်ကျင့်စဉ်က ထူးဆန်းတယ်၊ သိုင်းပညာတစ်ခုနဲ့ မတူဘူး။ ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေပေမဲ့ သေစေနိုင်လောက်တဲ့ အစွမ်းမရှိဘူး။ တိုက်ခိုက်ရေးနဲ့သက်ဆိုင်တဲ့ သိုင်းပညာအချို့ကို သင်ယူဖို့ ငါနည်းလမ်းရှာရမယ်။
ပြီးတော့ စားဝတ်နေရေးကိစ္စလည်း ရှိသေးတယ်။
ဒီနေ့အတွက် အစားအသောက်ကတော့ အတော်လေး အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ မနက်ဖြန်အတွက်တော့ မသေချာနိုင်တော့ဘူး။
ထို့ကြောင့် ရှင်သန်ရပ်တည်ရေးအတွက် နည်းလမ်းရှာဖွေရပေမည်။ ချန်ကျဲ့ စဉ်းစားထားပြီးဖြစ်၏။ စိုက်ပျိုးရေး၊ ကုန်သွယ်ရေးနှင့် ချမ်းသာကြွယ်ဝသည့် မိသားစုထံတွင် အလုပ်လုပ်ခြင်းများသည် ရွေးချယ်နိုင်သည့် အလုပ်များ မဟုတ်ပေ။
ဒေသဆိုင်ရာ ကုန်သည်အဖွဲ့တစ်ခုသို့ ဝင်ရောက်ပြီး လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခြင်းသည် မျှော်လင့်ချက်ရှိသော ရွေးချယ်စရာတစ်ခုဟု ထင်မှတ်ရပေသည်။
သို့သော်ငြား သူ့တွင် အဆက်အသွယ် မရှိပေ။
ထို့ကြောင့် ရှေ့ဆက်ရမည့်လမ်းသည် အတော်လေး ခက်ခဲပေသည်။
ဒင်~
ချန်ကျဲ့ လွတ်မြောက်ရာလမ်းကို တွေးတောနေစဉ်တွင် နားထဲ၌ အချက်ပေးသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ချန်ကျဲ့ ရွှင်ပျသွားပြီး အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ ညသန်းခေါင်ကျော်သွားပြီဖြစ်၏။ သတင်းအချက်အလက်စနစ်သည် ညသန်းခေါင်အချိန်တိုင်းတွင် အသစ်ပြန်ပို့ခြင်း ဖြစ်နိုင်ပေသည်။ ချန်ကျဲ့သည် ဤစနစ်ကို ရရှိသည်မှာ အချိန်မကြာသေးသောကြောင့် လုပ်ဆောင်ပုံကို သိရှိအောင်လေ့လာနေဆဲ အခြေအနေဖြစ်သည်။
သတင်းအချက်အလက်ဇယား :
[ဒီနေ့အတွက် နောက်ဆုံးရ သတင်းအချက်အလက်များ (အဆင့် ၁)]
[၁၊ သင် ဒီနေ့ လုစန်းနဲ့ဇနီးကို ရိုက်နှက်ခဲ့တယ်။ ရရှိတဲ့ သတင်းအချက်အလက် : လုစန်းနဲ့ဇနီးက အငြိုးထားပေမဲ့ သင့်ရဲ့ကြမ်းကြုတ်မှုကို ကြောက်ရွံ့ပြီး လက်တုံ့မပြန်ရဲဘူး]
[၂၊ သင် ဒီနေ့ ချန်အာ့ပါးနဲ့ သားဖြစ်သူကို တွေ့ခဲ့တယ်။ အရင်က ချန်အာ့ပါး စားဝတ်နေရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ အချိန်တုန်းက ချန်ယုံဝမ် (ချန်ကျိုစစ်ရဲ့အဖိုး)က အနီးအနားရွာက ဝါးခြင်းတောင်းရက်လုပ်ဆရာနဲ့ ဆက်သွယ်ပေးပြီး ခြင်းတောင်းရက်လုပ်ပညာကို သင်ယူနိုင်ဖို့ ကူညီပေးခဲ့တယ်။ အဲဒီကျေးဇူးကို ချန်အာ့ပါးက တစ်သက်တာ မှတ်ထားခဲ့တယ်]
[၃၊ သင် ဒီနေ့ ချန်စန်းလျို့နဲ့ တွေ့ခဲ့တယ်။ ရရှိတဲ့ အချက်အလက် : ချန်စန်းလျို့က ချန်ယုံဝမ်ရဲ့ သဘောအကျဆုံး တူပါ။ ချန်ယုံဝမ်က သူ့ကို ပစ္စည်းဥစ္စာ အများအပြား ပေးခဲ့ပါတယ်။ ဒါပေမဲ့ ချန်စန်းလျို့က ချန်ယုံဝမ်က ကြင်နာမှုမရှိဘူး၊ ဆေးပညာသင်ပေးဖို့ ငြင်းဆန်တယ်၊ အမွေဆက်ခံသူမရှိဘဲ သေသွားသင့်တယ်… ဆိုပြီး နောက်ကွယ်မှာ အမြဲပြောလေ့ရှိတယ်]
[၄၊ သင် ဒီနေ့ ဟေးတောင်တန်းကို ဖြတ်သွားခဲ့သည်။ ရရှိတဲ့အချက်အလက် : ဟေးတောင်ရဲ့ နွားအိုချောက်ကမ်းပါးမှာ အရည်အသွေးကောင်းမွန်တဲ့ ဆယ်နှစ်သက်တမ်းရှိတဲ့ ဂျင်ဆင်းပင်ရှိတယ်]
[၅၊ သင် ဒီနေ့ သမားတော်ပိုင်အကြောင်း ကြားခဲ့တယ်။ ရရှိခဲ့သော အချက်အလက် : သမားတော်ပိုင်က မနက်ဖြန်ကို ဟေးတောင်ကို သွားပြီး ဆေးဖက်ဝင်အပင်တွေ စုဆောင်းပါမယ်။ အဲဒီမှာ ဝံပုလွေချောက်ထဲကို မတော်တဆ ချော်ကျပြီး ခြေကျင်းဝတ်ဒဏ်ရာရပါမယ်။ မတော်တဆဖြစ်ချိန်မှာ အနားမှာ ဘယ်သူမှ ရှိမနေပါဘူး။ ကောင်းကင်ဘုံကလည်း သူ့အော်သံကို မကြားနိုင်သလို ပထဝီမြေကြီးကလည်း သူ့ကို ပြန်ဖြေလိမ့်မှာ မဟုတ်ပါဘူး]