ဂျင်ဆင်း
Vol. 2 Ch. 16
နောက်တစ်နေ့ အရုဏ်တက်ချိန်၌
ချန်ကျဲ့ အိပ်ချင်မူးတူဖြစ်နေစဉ် သူ၏ရှေ့တွင် အရိပ်တစ်ခု ရွေ့လျားနေသည်ကို ခံစားမိသည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကလေးမလေးသည် သူ့ရှေ့တွင်ထိုင်၍ သူ့ကို စိုးရိမ်ကြောင့်ကြစွာဖြင့် ကြည့်နေလေသည်။
ချန်ကျဲ့ ကိုယ်ကိုလှည့်လိုက်ရာ ကလေးမလေးသည် စိတ်လှုပ်ရှားသွား၏။
“အစ်ကိုကြီး အမြန်ထတော့၊ အစ်ကိုကြီးနောက်ကျောကို နေထိုးနေပြီ”
“ဘယ်အချိန်ရှိပြီလဲ”
ချန်ကျဲ့ မေးလိုက်သည်။ ကလေးမလေးမှ ပြန်ဖြေသည်။
“၅:၃၀ပါ”
“ဘာလဲကွာ ငါပြန်အိပ်ဦးမယ်”
ချန်ကျဲ့သည် ဤခေတ်အခါ၏ အချိန်သတ်မှတ်ပုံကို ကျင့်သားမရသေးပေ။ နေ့တစ်နေ့အား ၁၂နာရီကြာချိန်အဖြစ် ခွဲခြားသတ်မှတ်သည့် ရှေးခေတ်ကာလတွင် မနက်၅:၃၀သည် မနက်၆:၃၀ဖြစ်သည်။
“အစ်ကိုကြီး ထတော့၊ မမ ထမင်းချက်ပြီးနေပြီ။ မမရယ် စောင့်နေတာ အတော်ကြာနေပြီ”
ကလေးမလေးသည် စိတ်လောနေ၏။
အတိအကျဆိုရသော် ချန်ကျဲ့ မည်သည့်အချိန်တွင် အိပ်ရာထသည်ဖြစ်စေ စူးယွင်ရွေ့ ဂရုမစိုက်ပါချေ။ သို့သော် ဒီနေ့အတွက် မနက်စာသည် မနေ့က ကျန်သည့် ယုန်သားပါဝင်ပြီး လတ်လတ်ဆတ်ဆတ် အသစ်ချက်ပြုတ်ထားသည့် ပြောင်းဆန်ထမင်းဖြစ်ရာ သူမ စားချင်စိတ် ပြင်းပြနေခဲ့သည်။
သို့သော် သူမ၏ မမသည် အစ်ကိုကြီး အိပ်ရာနိုးမှ စားရမည်ဟု ပြောထားသောကြောင့် ကလေးမလေးမှာ ချန်ကျဲ့၏အိပ်ရာဘေးတွင် စိတ်လောစွာဖြင့် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ချန်ကျဲ့သည်လည်း အိပ်ရာထဲတွင် အချိန်ကြာ အိပ်စက်ရခြင်းကို အထူးတလည် နှစ်ခြိုက်သူ မဟုတ်ပါချေ။ သို့သော် မနေ့ညက စနစ်၏ အချက်အလက်များကို ဖတ်ပြီးနောက်တွင် အိပ်မပျော်နိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့သည်။
အရေးအကြီးဆုံး အချက်အလက်မှာ ၅ခုမြောက် အချက်အလက်ဖြစ်သည့် သမားတော်ပိုင် ဝံပုလွေချောက်ထဲသို့ ပြုတ်ကျသွားသည့်အချက် ဖြစ်သည်။
ဝံပုလွေချောက်သည် နက်ရှိုင်းပြီး အန္တရာယ်များသော ချောက်ဖြစ်သည်။ ထိုချောက်ထဲတွင် တောဝံပုလွေများ ပြည့်နှက်နေသည်ဟူသော ကောလာဟလများလည်း ရှိသည်။ သမားတော်ပိုင်သည် ထိုချောက်ထဲသို့ ပြုတ်ကျသွားပြီး ကောင်းကင်နှင့်မြေကြီးထံမှလည်း အကူအညီ မတောင်းခံနိုင်သည့်အပြင် ခြေကျင်းဝတ်လည်း အဆစ်လည်သွားသေးသည်။
မည်မျှအထိ ကူကယ်ရာမဲ့နေလိမ့်မည်ကို စဉ်းစားကြည့်ပါလေ။
အဲဒီအချိန်မှာ ငါသာ အဲဒီနေရာကိုဖြတ်သွားရင်းနဲ့ သူ့ကို ကယ်တင်ပေးလိုက်ရင် သမားတော်ပိုင် သေချာပေါက် ငါ့ကို အရမ်းကျေးဇူးတင်သွားမှာပဲ။
တစ်စုံတစ်ယောက်ကို ကူညီပေးခြင်းဖြင့် မိမိအပေါ် ကြီးမားသော ကျေးဇူးကြွေးတင်စေခြင်းသည် အကျိုးကျေးဇူး မြောက်များစွာကို ရရှိစေနိုင်လိမ့်မည်ဖြစ်ကြောင်း သေချာပေသည်။
သမားတော်ပိုင်၏ သမက်ဖြစ်သူသည် ငါးဖမ်းကုန်သည်အဖွဲ့၏ တပည့်တစ်ဦးဖြစ်ပြီး ရှန်းထောင်ရွာ ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးဖြစ်ကြောင်း ချန်ကျဲ့ မှတ်မိသည်။
သူနဲ့ အဆက်အသွယ်ရအောင် လုပ်လိုက်တာက ကုန်သည်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာချင်တဲ့ ငါ့ရဲ့ရည်မှန်းချက်ကို ပြည့်ဝစေနိုင်မယ့် အဆက်အသွယ်ပဲ မဟုတ်ဘူးလား။
ချန်ကျဲ့သည် ထိုသို့ အချိန်အတော်ကြာ တွေးတောနေခဲ့ပြီး မနက်၂နာရီကျော်မှသာ အိပ်ပျော်သွားခဲ့သည်။
အိပ်ရာထသောအခါ ချန်ကျဲ့မှာ ခေါင်းမကြည်မလင် ခံစားနေရသည်။ ညီအစ်မနှစ်ယောက်သည် နိုးနေကြပြီး မနက်စာလည်း ပြင်ဆင်ထားပြီးလေပြီ။ ချန်ကျဲ့အနေဖြင့်လည်း ၈နာရီ၊ ၉နာရီလောက်အထိ အိပ်နေလျှင် ကြည့်ကောင်းလိမ့်မည် မဟုတ်ပေ။ သမားတော်ပိုင်၏ ကိစ္စလည်း ရှိသေးလေရာ အချိန်နောက်ကျသွားတာကြောင့် ကယ်ရမယ့်အခွင့်အရေးကို လက်လွတ်မခံရခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။
ချန်ကျဲ့ မျက်နှာသစ်ပြီးနောက်တွင် ကလေးမလေးသည် အရမ်းစားချင်နေသည့် ပြောင်းဆန်မနက်စာကို စားလိုက်ရပြီဖြစ်သည်။
ပြောင်းဆန်သည် စားမကောင်းလှပေ။ မာနေ၏။ သို့သော် ကလေးမလေးသည်တော့ စိတ်ကျေနပ်အားရစွာ စားသောက်ပေသည်။ ဤခေတ်ကာလတွင် အရာရှိဆန်ဟု ခေါ်ကြသော ဆန်ဖြူကို အရာရှိများနှင့် ချမ်းသာကြွယ်ဝသူများသာလျှင် စားနိုင်ကြသည်။
ပြောင်းဆန်နှစ်ပန်းကန်နှင့် ကျန်သည့် ယုန်သားတစ်ဝက်ကျော်ခန့်ကို စားသောက်ပြီးနောက် ချန်ကျဲ့ ဆက်မစားတော့ပေ။
ချန်ကျဲ့ ထရပ်လိုက်ပြီး သူ တောင်နောက်သို့ သွား၍ တစ်စုံတစ်ရာ အမဲလိုက်ရကောင်းရနိုင်လို့ငြား သွားကြည့်မည်ဟု စူးယွင်ကျင်းကို ပြောလိုက်သည်။
ထိုအခါ စူးယွင်ကျင်းသည် ချန်ကျဲ့ကို စိုးရိမ်စွာ ကြည့်လာသည်။ သို့သော် ကလေးမလေးမှ မေးလာသည်။
“ဒီနေ့ရော ယုန်ဝဝလေး စားရမှာလား”
ချန်ကျဲ့ ကလေးမလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်၍ ပြောလိုက်သည်။
“ရွေ့ရွေ့စားချင်ရင် စားရမှာပေါ့”
စူးယွင်ကျင်းသည် အချိန်ခဏမျှ စဉ်းစားတွေးတောနေခဲ့ပြီး အိမ်ထဲသို့ ဝင်သွားသည်။ ထို့နောက် ချန်ကျဲ့အတွက် ဖျင်အိတ်လေးတစ်အိတ်ယူ၍ ပြန်ထွက်လာသည်။
“ဂရုစိုက်သွား၊ ကျွန်မတို့အိမ်မှာ အစာခြောက်ကုန်နေပြီ။ ထမင်းချက်ပြီး ကျန်ထားတဲ့ ထမင်းခြောက်နည်းနည်းတော့ ကျန်သေးတယ်။ ရှင် တောင်ပေါ်မှာ ဗိုက်ဆာရင် နည်းနည်းေလာက်စားလိုက်”
“ရှင် နောက်ကို တောင်ပေါ် ထပ်သွားမယ်ဆိုရင် ကျွန်မကို ကြိုအသိပေးထား၊ ကျွန်မ ရှင့်အတွက် ဆိတ်သားမုန့်နည်းနည်း ပြင်ထားပေးမယ်”
ချန်ကျဲ့ ထမင်းခြောက်များကို ကြည့်လိုက်သည်။ ဤသည်မှာ စူးယွင်ကျင်း၏ ဂရုစိုက်သော အပြုအမူဖြစ်ကြောင်းကို ချန်ကျဲ့ သိသည်။ ထိုစဉ် ကလေးမလေးသည် ထမင်းခြောက်ဟူသော စကားကို ကြားသောအခါ လျှာသပ်လာ၏။
ထမင်းခြောက်တွေက အရမ်းမွှေးတယ်။
ကလေးမလေးမှာ ထမင်းခြောက်များကို စားချင်နေမိ၏။
ချန်ကျဲ့ စူးယွင်ကျင်းကို ပြုံးပြလိုက်ပြီး ကလေးမလေး၏ခေါင်းကို ဖွဖွပုတ်လိုက်သည်။ သူတို့နှစ်ဦးကို ဒီနေ့လည်း အပြင်မသွားကြရန် မှာခဲ့သည်။ ချန်ကျဲ့သည် စားနပ်ရိက္ခာအခြေအနေကို တွက်ချက်ပြီးနောက် တောင်ပေါ်သို့ ဦးတည်ထွက်လာခဲ့သည်။
ချန်ကျဲ့ တောင်ပေါ်သို့ စောစောသွားရပေမည်။ သမားတော်ပိုင် ချောက်ထဲသို့ ပြုတ်ကျမည့်အချိန်ကို သူ မသိထားပေ။
ငါ အရမ်းနောက်ကျသွားရာက တကယ်ကြီး သမားတော်ပိုင်ကို ဝံပုလွေတစ်ကောင်က ကိုက်ချီသွားနိုင်တယ်။
သမားတော်ပိုင် အစားခံရခြင်း၊ မခံရခြင်းမှာ အရေးမကြီးပေ။ အဓိကအချက်မှာ သူ၏ အနာဂတ်မျှော်မှန်းချက်များကို မထိခိုက်စေရန်သာ ဖြစ်၏။
လက်ရှိအချိန်တွင် သမားတော်ပိုင်သည် ချန်ကျဲ့၏ အစီအစဉ်အတွက် အလွန်အရေးကြီးသည်။
တောင်ပေါ်တက်ပြီးနောက် ချန်ကျဲ့ ဝံပုလွေချောက်ကို အရင်သွားကြည့်သည်။ မည်သည့်လှုပ်ရှားမှု အရိပ်အယောင်မျှ မတွေ့ရပေ။ ထို့နောက် နွားအိုချောက်ကမ်းပါးသို့ ဆက်သွားသည်။ စနစ်၏အချက်အလက်တွင် ဖော်ပြထားသည့် တည်နေရာတွင် ချန်ကျဲ့ နှံ့နှံ့စပ်စပ် ရှာဖွေသည်။ ကျောက်တုံးကြီးတစ်တုံးကိုပင် ဖယ်ကြည့်လိုက်သေး၏။ ကျောက်တုံးအောက်ရှိ အက်ကွဲကြောင်းတွင် ဂျင်ဆင်းကို ရှာတွေ့သွားခဲ့သည်။
ဆယ်နှစ်သက်တမ်းရှိ ဂျင်ဆင်းသည် ကောင်းကင်ရတနာ၊ မြေကြီးရတနာများကို မယှဉ်နိုင်သော်ငြား အတော်လေး အဖိုးတန်ပေသည်။ ခန္ဓာကိုယ်ကို အားဖြည့်တင်းရန်အတွက် အလွန်ကောင်းမွန်၏။ ဤဂျင်ဆင်းကို ငွေ၃တုံးမှ ၅တုံးအတွင်း တန်ကြေးဖြင့် ရောင်းချနိုင်ပေသည်။
သာ့ချန်၏ ငွေကြေးစနစ်အရ ငွေတစ်တုံးသည် ပြားတစ်ထောင်နှင့် ညီမျှသည်။ သို့ဖြစ်ရာ ဤပမာဏသည် များပြားသောပမာဏ ဖြစ်ပေသည်။
လက်ရှိ သာ့ချန်တွင် ပြောင်းဆန်ဈေးနှုန်းသည် တစ်ပေါင်လျှင် ၁၀ပြားဖြစ်သည်။ ဝက်သားသည် တစ်ပေါင်လျှင် ပြား၂၀ဖြစ်သည်။ ကျေးလက်ဒေသများတွင် ငွေနှစ်တုံးသည် ဆင်းရဲသော မိသားစုတစ်စု၏ သမီးမိန်းကလေးကို အစေခံအဖြစ် ဝယ်ယူရန် လုံလောက်သည်။
မြေရှင်၏အိမ်တွင် ရေရှည်အလုပ်သမားအဖြစ် လုပ်ကိုင်နေသော သန်မာသည့်အလုပ်သမားတစ်ယောက်၏ လုပ်ခလစာသည် တစ်နေ့လျှင် ၁၀ပြားသာ ဖြစ်၏။ သင်္ဘောကျင်းရှိ ပို၍အကျိုးအမြတ်များသော အလုပ်များပင်လျှင် တစ်နေ့လျှင် ပြား၃၀သာ ရရှိကြသည်။
ဤဆယ်နှစ်သက်တမ်းရှိ ဂျင်ဆင်းမှာ ငွေ၃တုံးမှ ၅တုံးခန့်ဖြင့် ရောင်းချနိုင်လေရာ ပြောင်းဆန် ပေါင်၃၀၀မှ ပေါင်၅၀၀နှင့် ညီမျှ၏။ မိသားစုတစ်စုကို နှစ်တစ်ဝက် ကျွေးမွေးရန် လုံလောက်ပေသည်။
ဤဈေးနှုန်းမှာ ဈေးပေါလွန်းသည်ဟု မတွေးလိုက်လေနှင့်။
ဂျင်ဆင်းသည် လူများ စိတ်ကူးကြသလောက် တန်ဖိုးမကြီးပါချေ။ ဂျင်ဆင်း၏တန်ဖိုးသည် ဂျင်ဆင်း၏ သက်တမ်းအပေါ်တွင် မူတည်သည်။ ဤတစ်ခုမှာ ဆယ်နှစ်သက်တမ်းရှိ ဂျင်ဆင်းဖြစ်၏။ အကယ်၍များ သက်တမ်းနှစ်ဆယ်ရှိသည့် ဂျင်ဆင်းဖြစ်ခဲ့လျှင် ဈေးနှုန်းသည်လည်း နှစ်ဆမြင့်တက်သွားမည်ဖြစ်သည်။
နှစ်သုံးဆယ်သက်တမ်းဖြစ်လျှင် ၎င်းဈေးနှုန်းကို ထပ်မံ၍ နှစ်ဆတက်ရမည်။ ဆယ်နှစ်သက်တမ်းတိုင်းတွင် ဈေးနှုန်းသည်လည်း နှစ်ဆနီးပါး တိုးမြှင့်သွားခြင်းဖြစ်၏။
ချန်ကျဲ့ရှာတွေ့သည် ဤဂျင်ဆင်းသည် သက်တမ်းနုသေးသည်။
သို့သော် ချန်ကျဲ့ စိတ်ကျေနပ်ပါသည်။ ဤဂျင်ဆင်းကို ရောင်းချခြင်းဖြင့် အနည်းဆုံးတော့ သူ၏ငွေကြေးပိုင်းဆိုင်ရာ ဖိအားများကို အတော်များများ သက်သာစေမည်ဖြစ်သည်။ အနည်းဆုံးတော့ မဝေးသော အနာဂတ်ကာလတစ်ခုအထိ စားစရိတ်ကို ဖြေရှင်းပေးနိုင်ပြီဖြစ်သည်။
ထိုသို့တွေး၍ ချန်ကျဲ့ ဂျင်ဆင်းကို ဂရုတစိုက် ထုပ်ပိုးလိုက်ပြီး နောက်ကျောတွင်လွယ်ထားသော ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
ဦးလေးအာ့ပါး ရက်လုပ်ထားသော ဤခြင်းတောင်းသည် အတော်လေး ခိုင်ခံ့ပေသည်။
ဂျင်ဆင်းကို ခြင်းတောင်းထဲသို့ ထည့်ပြီးနောက်တွင် ချန်ကျဲ့သည် တန်ဖိုးသိပ်မကြီးသော အခြားဆေးပင်များကိုပါ တူး၍ ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခြင်းတောင်းကို နောက်ကျောတွင် ပြန်လွယ်လိုက်ပြီး ဆေးဖက်ဝင်အပင်စုဆောင်းသူအဖြစ် ဟန်ဆောင်ကာ ဝံပုလွေချောက်အနီးသို့ ချဉ်းကပ်သွားသည်။
ချန်ကျဲ့သည် သမားတော်ပိုင်ကို ကယ်တင်ရန်အတွက် သွားနေခြင်းဖြစ်သော်ငြား ပွင့်ပွင့်လင်းလင်း ဝင်သွား၍ မရပေ။ သို့မဟုတ်ပါက သံသယဖြစ်သွားနိုင်ပေသည်။ သို့ဖြစ်ရာ ဆေးပင်စုဆောင်းသူအဖြစ် ဟန်ဆောင်လိုက်ခြင်းမှာ ပိုကောင်းသည်။ ချန်ကျဲ့သည်လည်း ဆေးပညာအကြောင်း အနည်းငယ် သိထားသည်ဖြစ်ရာ အဆင်ပြေပေသည်။
သို့ဖြင့် ချန်ကျဲ့ ဝံပုလွေချောက်ထဲသို့ ရောက်လာခဲ့သည်။ သို့သော် သမားတော်ပိုင်ကို မတွေ့ရပေ။
ငါ အစောကြီး ရောက်လာတာလား။
ချန်ကျဲ့ တွေးလိုက်ပြီး သစ်ပင်ကြီးတစ်ပင်ကို မှီနေလိုက်သည်။ ချန်ကျဲ့သည် ဒီနေ့မနက် စောစောထခဲ့ရသောကြောင့် အိပ်ရေးမဝဘဲ ခေါင်းမကြည်မလင် ဖြစ်နေခဲ့သည်။
ချန်ကျဲ့ အိပ်ချင်နေသော်ငြား တောနက်ထဲတွင် အိပ်ခြင်းသည် သေမင်းကို ဖိတ်ခေါ်ခြင်းဖြစ်၏။
သူမျက်လုံးပြန်ဖွင့်လိုက်ချိန်ကျ ဝံပုလွေတစ်ကောင် ဆွဲသွားတာ ခံနေရမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ထို့ကြောင့် ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို ကျင့်ကြံနေလိုက်သည်။
ချန်ကျဲ့ ယန်ချွမ်ကျင့်စဉ်ကို စတင် လေ့ကျင့်ပြီး အသက်ရှူခြင်းကို ထိန်းညှိလိုက်သည်နှင့်တစ်ပြိုင်နက် မောပန်းနွမ်းနယ်မှုများ လျင်မြန်စွာ ပျောက်ကင်းသွားပြီး စိတ်ကြည်လင်သွား၏။ ချန်ကျဲ့ ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေအားလုံး တိုးတက်လာခဲ့သည်။။
အချိန်ကြာကြာ အိပ်ရေးဝဝ အိပ်စက်ခဲ့ရသည့်အလား ခံစားရပေသည်။ ထို့နောက် မကြာမီ၌ သူကိုယ်တိုင်ပင် သတိမထားမိလိုက်ဘဲ တရားထိုင်သည့်အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ချန်ကျဲ့ တရားထိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီး မကြာမီတွင် ဦးဆောင်း ဆောင်းထားပြီး မီးခိုရောင်အဝတ်အစားများ ဝတ်ဆင်ထားသော ဆေးပင်တူးသည့် ပေါက်ချွန်ကို ကိုင်ထားသည့် မုတ်ဆိတ်မွေးဖြင့် လူအိုကြီးတစ်ဦးသည် ဝံပုလွေချောက်ကို ဖြတ်သွား၏။ လူအိုကြီးသည် အောက်ကိုငုံ့ကြည့်လိုက်ရာ တောင်စောင်းတစ်ခုတွင် ပေါက်နေသော မွန်ဂိုပဲရိုင်းပင်တစ်ပင်ကို မြင်တွေ့လိုက်ရသည်။
လူအိုကြီးသည် မျက်လုံးအစုံတို့ တောက်ပသွားပြီး ဂရုတစိုက်ဖြင့် ထိုအပင်ရှိရာသို့ သွားလိုက်သည်။ တောင်စောင်းတွင်ရပ်၍ ဆေးပင်တူးသည့်ပေါက်ချွန်ကို ထုတ်ယူကာ ဆေးပင်ကို စတင် တူးတော့မည်အပြုတွင် ရုတ်တရက် မြွေတစ်ကောင် ထွက်လာခဲ့၏။
“အား!”
လူအိုကြီးသည် အထိတ်တလန့်ဖြင့် နောက်သို့ ခုန်ဆုတ်လိုက်ပြီး ကျောက်တုံးတစ်တုံးပေါ်သို့ ခြေနောက်ပြန်လှမ်းလိုက်ရာ ရုတ်ချည်း ဟန်ချက်ပျက်သွားလေသည်။
“အား~”
လူအိုကြီးသည် စိတ်ချောက်ချားစွာ အော်ဟစ်လျက် တောင်စောင်းမှ ချောက်ကြီးထဲသို့ ပြုတ်ကျသွားခဲ့တော့သည်။