အချိန်ကိုက် ကူညီခြင်း
Vol. 2 Ch. 17
“ဘာလဲဟ”
ချန်ကျဲ့ ယန်ချွမ်ကျင့်စဉ်ကို လေ့ကျင့်နေစဉ် အော်သံတစ်သံ ကြားလိုက်ရသည်။ ချန်ကျဲ့ မျက်လုံးဖွင့်၍ ခြုံပုတ်တစ်ဝိုက်ကို စူးစမ်းကြည့်လိုက်သည်။ ထိုအခါ တောင်စောင်းမှ လူတစ်ယောက် လိမ့်ကျလာသည်ကို မြင်လိုက်ရသည်။
“သမားတော်ပိုင်?!”
ချန်ကျဲ့ သမားတော်ပိုင်ကို ရုတ်ချည်း တွေးမိလိုက်သည်။
သမားတော်ပိုင်သည် ချောက်နက်ကြီးအောက်ခြေသို့ လိမ့်ကျသွားသည်ကို မြင်လိုက်ရသည်။ သူ၏ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်၏၊ နေရာ၌ပင် သတိလစ်သွားလေသည်။
ချန်ကျဲ့ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ထရပ်လိုက်သော်ငြား ပြန်ထိုင်လိုက်သည်။
ခဏလေး၊ ငါ အခုသွားကူညီလိုက်ရင် သူပြုတ်ကျတာကို စောင့်နေသလိုမျိုး၊ ကျေးဇူးအတင်ခံရမယ့် ကိစ္စတစ်ခုခု လုပ်ချင်နေသလိုမျိုး ထင်သွားလိမ့်မယ်။ တစ်ယောက်ယောက်ကို ကယ်တင်တယ်ဆိုတာက အန္တရာယ်ထဲကနေ ကယ်တင်ရမှာ။
အဆုံးမှာတော့ လူတွေက ဆီးနှင်းတောထဲမှာ မီးသွေးယူလာပေးတဲ့သူကို ပိုကျေးဇူးတင်ပြီး မှတ်မိတတ်ကြတာပဲလေ။
ထိုအတွေးဖြင့် ချန်ကျဲ့ မျက်လုံးမှိတ်၍ ယန်ချွမ်ကျင့်စဥ်ကို ဆက်လက်လေ့ကျင့်နေလိုက်သည်။
နာရီဝက်ခန့် ကြာမြင့်ပြီးနောက် သတိလစ်မေ့မြောနေသော သမားတော်ပိုင်သည် ခန္ဓာကိုယ်ကြေမွသွားသကဲ့သို့သော ပြင်းထန်သည့် နာကျင်မှုကို ခံစားရပြီး သတိပြန်လည်လာခဲ့သည်။ လက်များကို လှုပ်ရှားကြည့်သောအခါ အဆင်ပြေပေသည်။ သို့သော် မတ်တပ်ရပ်ရန် ကြိုးစားလိုက်သောအခါတွင်မူ ခြေထောက်များကို လှုပ်ရှားမရတော့ပေ။
ခြေထောက်များကို ထိကိုင်ကြည့်လိုက်သောအခါ ရောင်ရမ်းနေသည်ကို ခံစားလိုက်ရသည်။ ခြေကျင်းဝတ်သည် မူမမှန်တော့ဘဲ စောင်းနေ၏။ အရိုးအဆစ်လွဲခြင်းပင်။
သမားတော်ပိုင်သည် ထိကိုင်ကြည့်လိုက်ပြီး ရုတ်တရက် အားပြင်းပြင်းဖြင့် အဆစ်ကို ပြန်တည့်မတ်လိုက်ရာ ‘ဂျွတ်’ဟူသည့် အသံကို ကြားလိုက်ရသည်။ နာကျင်မှုကြောင့် လေအေးများကိုပင် ရှိုက်သွင်းမိလိုက်ရသည်။
သို့တိုင် သမားတော်ပိုင်သည် ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် လုံးဝ လှုပ်ရှားမရပေ။
ဝံပုလွေချောက်တစ်ဝိုက်ကို အကဲခတ်ကြည့်လိုက်ပြီးနောက် သမားတော်ပိုင် စတင်၍ ကြောက်ရွံ့လာခဲ့သည်။ ဤနေရာသည် ဖြတ်သန်းသွားလာသူ အရမ်းနည်းပါး၏။ ဝံပုလွေများရှိသည်ဟူသော ကောလာဟလများလည်းရှိသည်။ သူ၏ခြေထောက်များကို မလှုပ်ရှားနိုင်လေရာ ဝံပုလွေရောက်လာခဲ့လျှင် အဘယ်သို့ လုပ်ရပါအံ့နည်း။
ထို့ပြင် ဝံပုလွေများနှင့် ပက်ပင်းမတွေ့ခဲ့လျှင်သော်မှ တောအတွင်းပိုင်းနှင့် တောအပြင်၏ အပူချိန်ကွာခြားချက်မှာ သိသာထင်ရှားသည်။ ဤနေရာတွင် တစ်ညလုံးနေရပြီး အေးခဲသွားရလျှင်လည်း အလွန်အန္တရာယ်များ၏။
ဘယ်လိုတောင် ကံဆိုးရတာလဲကွာ!
ထိုအတွေးဖြင့် သမားတော်ပိုင်သည် ထရပ်၍ မိမိကိုယ်ကိုယ် ကယ်တင်ရန် ကြိုးစားသည်။ သစ်ပင်တစ်ပင်ကို ထောက်ကူ၍ နောက်ဆုံးတွင်တော့ ထရပ်နိုင်ခဲ့သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင် ပြန်လဲကျသွား၏။ ဤမျှ အချိန်တိုအတွင်း လမ်းပြန်လျှောက်နိုင်ရန်အတွက် အလွန်နာကျင်လွန်းနေသည်။
“တစ်ယောက်ယောက်ရှိလား”
သမားတော်ပိုင် အော်ဟစ်လိုက်ရာ သစ်ပင်ပေါ်မှ ငှက်တစ်အုပ်ကိုသာ လန့်ပြေးသွားစေခဲ့သည်။
ကျယ်ပြောသည့်တောအုပ်ထဲတွင် သူ၏အသံတစ်ခုတည်းသာလျှင် ပဲ့တင်ထပ်သွား၏။ ထိုနေရာတစ်ခုလုံးမှာ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေပြီး သမားတော်ပိုင်၏ စိတ်ထဲသို့ ကြောက်ရွံ့စိတ်များ ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။
“တစ်ယောက်ယောက်ရှိလား~”
သမားတော်ပိုင် အကြိမ်ရေအနည်းငယ် ထပ်အော်လိုက်သည်။ သို့သော် တုံ့ပြန်မှုမရှိပေ။ ထိုအစား အဝေးတစ်နေရာမှ ဝံပုလွေအူသံကိုသာ ကြားလိုက်ရသည်။
“အာဝူး~~~”
ထိုအသံကြောင့် သမားတော်ပိုင်မှာ လုံးဝကြောက်ရွံ့သွားခဲ့သည်။
ချန်ကျဲ့ ဆူညံသံများကြောင့် နိုးထလာခဲ့သည်။ ယန်ချွမ်ကျင့်စဉ်ကို တစ်ပတ်စာအပြည့် လေ့ကျင့်ပြီးနောက် သူခံစားနေရသော အိပ်ရေးပျက်ခြင်းမှ အားအင်ေလျာ့နည်းခြင်းကို ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။ မှုန်မှိုင်းနေသော စိတ်သည် ပြန်လည်ကြည်လင်လာခဲ့သည့်အပြင် ခန္ဓာကိုယ်သည်လည်း အားအင်အသစ်များ ပြန်လည်ရရှိလာသကဲ့သို့ ခစားရသည်။
ယန်ချွမ်ကျင့်စဉ်တွင် တိုက်ခိုက်ရေးနည်းလမ်းများ မပါဝင်သော်ငြား ပြန်လည်သက်သာစေရန်အတွက် အလွန်အကျိုးရှိပေသည်။
ချန်ကျဲ့ နိုးလာပြီးနောက် ထကြည့်လိုက်ရာ သမားတော်ပိုင် နိုးနေပြီကို မြင်လိုက်ရသည်။ သမားတော်ပိုင်သည် သိသိသာသာပင် စိုးရိမ်ထိတ်လန့်နေ၏။ ယခုအချိန်သည် အချိန်ကိုက်ဖြစ်သည်ဟု ခံစားရသောကြောင့် ချန်ကျဲ့ ဝါးခြင်းတောင်းကို ပခုံးထက် ပြန်ကောက်လွယ်လိုက်သည်။ ထို့နောက် တောင်စောင်းကိုပတ်လျှောက်၍ မိမိကိုယ်ကိုယ် သမားတော်ပိုင်၏ မြင်ကွင်းအတွင်း ရောက်ရှိကြောင်း သေချာစေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သမားတော်ပိုင်သည် ချန်ကျဲ့ကို သတိထားမိခဲ့သည်။
သမားတော်ပိုင်သည် မိမိ၏ဒုက္ခဖြင့် ရုန်းကန်နေရစဉ်တွင် တောင်စောင်းပေါ်မှ ဖြတ်လျှောက်သွားသည့် ဆေးပင်စုဆောင်းသူ လူငယ်တစ်ဦးကို ရုတ်တရက် မြင်လိုက်ရသောအခါ အလွန်ဝမ်းသာသွားခဲ့သည်။
အသက်ရှင်ရန် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသောကြောင့် အော်ပြောလိုက်သည်။
“လူငယ်လေး၊ လူငယ်လေး မင်းက ဘယ်မိသားစုရဲ့ သားလေးလဲ။ ငါ့ကို လာပြီးကယ်ပေးပါဦး!”
“အာ…”
သမားတော်ပိုင် အော်ပြောလိုက်သည်။ ထို့နောက် လူငယ်လေးသည် သူ၏အော်သံကို မကြားလိုက်သည့်အလား လှည့်ထွက်သွားပြီး တောင်စောင်းအောက်ဘက်သို့ ဦးတည်ပျောက်ကွယ်သွားခဲ့သည်။
သမားတော်ပိုင် ထိတ်ပျာသွား၏။
“ဟေ့ ဒီမှာ ဒီမှာ…”
သမားတော်ပိုင်၏ အော်ခေါ်သံများအကြား၌ပင် ချန်ကျဲ့၏ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
သမားတော်ပိုင်သည် မိုးကြိုးအပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ဤအခြေအနေမှာ ကျယ်ပြောသည့်ပင်လယ်ကြီးထဲ နစ်မြုပ်လုနီးတွင် ရုတ်တရက် သစ်သားတစ်ချပ် မျောလာသကဲ့သို့ပင်၊ သို့သော် ထိုသစ်သားချပ်ကို ဆုပ်ကိုင်တော့မည့်အချိန်တွင် လှိုင်းတစ်လုံးရိုက်ခတ်လာခဲ့ပြီး သစ်သားချပ်အား အဝေးသို့ လွင့်စေသွားစေခဲ့လေသည်။
အသက်ရှင်နိုင်မည့် မျှော်လင့်ချက်ကို မိမိ၏မျက်လုံးရှေ့တွင်ပင် လွတ်ထွက်သွားရခြင်းသည် အလွန်ကြေကွဲဖွယ်ကောင်းလှပေသည်။
သမားတော်ပိုင်သည် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်သို့ လဲကျသွား၏။
သွားပြီ၊ ငါတကယ် သေတော့မှာပဲ။ ဖြစ်နိုင်တာတော့ ဒါက ကံကြမ္မာပဲဖြစ်ပါလိမ့်မယ်။
သမားတော်ပိုင်သည် မိမိ၏နှလုံးသားမှာ ပြာအဖြစ် ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရသည်။ သို့သော် မကြာမီက တောင်စောင်းမှ ပျောက်ကွယ်သွားသော လူငယ်လေးသည် ရုတ်တရက် ပြန်ရောက်လာသည်။ လူငယ်လေးသည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ဝေ့ဝဲကြည့်ရှုနေသည်။
သမားတော်ပိုင်၏ အသက်ရှင်ရန် မျှော်လင့်ချက်လေးသည် ပြန်လည်လင်းလက်လာခဲ့သည်။ အဘယ်အရပ်မှ အင်အားများ ရောက်လာခဲ့သည် မသိပေ၊ လက်ဝှေ့ယမ်း၍ အော်ခေါ်ရန် အင်အားရှိလာခဲ့သည်။
“ဒီမှာ ဒီမှာ…”
နောက်ဆုံးတွင်တော့ လူငယ်လေးသည် အသံလာရာ အရပ်မျက်နှာကို အတည်ပြုနိုင်သွားပုံရ၏။ သမားတော်ပိုင်ဘက်သို့ ကြည့်လာခဲ့သည်။ ထို့နောက် သမားတော်ပိုင်ကို မြင်သွားခဲ့ပြီး အမြန်ဦးတည်လာသည်။
လူငယ်လေးသည် ချောက်နက်အောက်ခြေသို့ အမြန်ဆင်းလာခဲ့၏။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသောအခါ ချန်ကျဲ့မှ ဦးစွာ စကားစပြောလိုက်သည်။
“သမားတော်ပိုင်လား”
သမားတော်ပိုင်သည် သူ၏ရှေ့ရှိ လူငယ်လေးကို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားရသည်။ သို့သော် မည်သူမည်ဝါဖြစ်ကြောင်းကို မမှတ်မိနိုင်ပေ။
လူငယ်လေးမှ မေးသည်။
“သမားတော်ပိုင် ဘယ်လိုဖြစ်တာလဲဗျာ”
သမားတော်ပိုင်မှ ခါးသီးစွာပြုံးလျက် ပြန်ပြောသည်။
“ငါ ဆေးပင်တွေစုဆောင်းရင်းနဲ့ သတိလက်လွတ်ဖြစ်သွားတာ။ အဲ့လိုနဲ့ ဒီထဲကိုပြုတ်ကျပြီး ခြေကျင်းဝတ် အဆစ်လွဲသွားတယ်”
“အာ ပြင်းထန်လား။ ကျွန်တော် ကူကြည့်ပေးမယ်လေ”
သမားတော်ပိုင်မှ ပြုံးလိုက်ပြီး ပြန်လည်တုံ့ပြန်သည်။
“စိုးရိမ်ဖို့ မလိုပါဘူး။ ဒါပေမဲ့ အခု လောလောဆယ်တော့ ငါ ခြေထောက်လှုပ်မရဘူး။ အဲဒါကြောင့် လမ်းလည်း မလျှောက်နိုင်ဘူး”
လူငယ်လေးမှ ပြောသည်။
“အာ ဒါက… ဒီတောက အရမ်းကြမ်းတမ်းတယ်။ ပြီးတော့ ဒီနားမှာ ညဘက်ဆို ဝံပုလွေတွေရှိတယ်။ အရမ်းအန္တရာယ်များတယ်…”
သမားတော်ပိုင်သည် ညဘက်တွင် ဝံပုလွေများရှိသည်ဟု ကြားသောအခါ သိသိသာသာ တုန်ယင်သွား၏။ သို့သော် ချန်ကျဲ့မှ နောက်ထပ်ဆက်ပြောသော စကားများသည် သူ့အား ပြန်လည်၍ စိတ်တည်ငြိမ်သွားစေခဲ့သည်။
“သမားတော်ပိုင် ဒီလိုလုပ်ရင်ရော၊ ကျွန်တော် သမားတော််ပိုင်ကို ကျောပိုးပြီး တောင်အောက်ဆင်းမယ်လေ”
“အာ ဒါက… ဒါက သိပ်မကောင်းလောက်ဘူးလားလို့”
သမားတော်ပိုင်မှ ယဉ်ကျေးစွာ ငြင်းပယ်သည်။ ထိုအခါ ချန်ကျဲ့ ရယ်မော၍ ပြောလိုက်သည်။
“ဒီလိုအချိန်မျိုးမှာ ယဉ်ကျေးနေဖို့ မလိုပါဘူးဗျာ”
ချန်ကျဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
“လာပါ သမားတော်ပိုင် ခုန်တက်လိုက်”
“ဒါက… ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လူငယ်လေး”
“အာ ဘာလို့ အဲဒီလိုပြောရတာလဲဗျာ။ ကျွန်တော်တို့က တစ်ရွာတည်းသားတွေပဲဟာ၊ လူတစ်ယောက် ဒုက္ခရောက်နေတာကို ဒီတိုင်းဘေးရပ်ကြည့်မနေနိုင်ဘူးလေ”
ချန်ကျဲ့သည် သမားတော်ပိုင်ကို ကျောပိုးထားလျက် ရှေ့ဆက်လျှောက်နေသည်။ သမားတော်ပိုင်သည် ပိန်ပါးသေးသွယ်၏။ ထို့ကြောင့် အရမ်းမလေးလံပါချေ။ သို့ဖြစ်ရာ ချန်ကျဲ့ ကျောပိုးရသည်မှာလည်း အရမ်းကြီး အားစိုက်မထုတ်ရပါချေ။
“မင်းခုနက ငါတို့က တစ်ရွာတည်းသားတွေလို့ ပြောလိုက်တယ်လေ- မင်းလည်း ရှန်းထောင်ရွာကပဲလား”
ချန်ကျဲ့ ဖြေလိုက်သည်။
“ဟုတ်ပါတယ်”
“မင်းကို ရင်းနှီးသလိုဖြစ်နေတာ မထူးဆန်းတော့ပါဘူး။ မင်း ဘယ်အိမ်က လူငယ်လေးလဲ”
သမားတော်ပိုင်သည် ချန်ကျဲ့နှင့် စကားစမြည်ပြောဆိုသည်။
“အို ကျွန်တော့်အဖိုးက ချန်ယုံဝမ်ပါ”
“ဘယ်သူ?”
သမားတော်ပိုင် ထိတ်လန့်သွားပြီး အသံသည်လည်း အနည်းငယ် ပြောင်းလဲသွား၏။ ချန်ကျဲ့ ပြောလိုက်သည်။
“သမားတော်ပိုင် စိတ်မလှုပ်ရှားပါနဲ့ဗျာ။ ခင်ဗျားနဲ့ ကျွန်တော့်အဖိုးကြားမှာ ရန်ငြိုးဟောင်းတွေရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒါက မျိုးဆက်ဟောင်းတွေကြားမှာ ဖြစ်ခဲ့တာပဲ။ ကျွန်တော့်လို မျိုးဆက်သစ်လူငယ်တစ်ယောက်က ဝင်စွက်ဖက်ဖို့ မသင့်ပါဘူး”
“ပြီးတော့ ဒီမြင့်မားတဲ့တောင်တန်းနဲ့ ထူထပ်လွန်းတဲ့ တောအုပ်ကြီးထဲမှာ ဒီလိုကိစ္စတွေအကြောင်း ပြောတာက ဘာမှ အသုံးမဝင်ပါဘူး။ ကျွန်တော်တို့တွေ ရွာကို ဘေးကင်းကင်းနဲ့ ပြန်ရောက်တော့မှ အဲဒီအခါကျ တခြားအကြောင်းအရာတွေ ပြောလို့ရပါတယ်”
သမားတော်ပိုင် တိတ်ဆိတ်သွား၏။ ထို့နောက် သက်ပြင်းရှည်ကြီး ရှူထုတ်လိုက်သည်။
“အင်း အဲဒါတွေက အခုအချိန်မှာ ဇာတ်လမ်းဟောင်းတွေ ဖြစ်နေပါပြီ။ အမှန်အတိုင်းပြောရရင် မင်းရဲ့အဖိုးက အရည်အချင်းရှိတယ်ဆိုတာကိုတော့ ငါအသိအမှတ်ပြုပါတယ်။ ငါ့သူ့ကို ရှုံးသွားတဲ့အချိန်မှာ ငါ အဲဒါကို လက်ခံခဲ့ပါတယ်”
ချန်ကျဲ့သည် အချိန်ကိုက်ကို သေချာရွေးချယ်ခဲ့ပေသည်။ သမားတော်ပိုင်သည် သေခြင်းတရားကို ပွတ်ကာသီကာ ကြုံတွေ့ခဲ့ရပြီး တုန်လှုပ်ဖွယ်သော စိတ်ခံစားချက် အတက်အကျများကို မကြာသေးမီကမှ တွေ့ကြုံဖြတ်သန်းထားရလေရာ ရန်ငြိုးဟောင်းများကို လွှတ်ချရန်အတွက် ပိုမိုလွယ်ကူသွားစေခဲ့သည်။
သို့ဖြင့် သူတို့နှစ်ဦးသည် တောင်ရိုးတစ်လျှောက်လုံး စကားစမြည်ပြောဆိုရင်းဖြင့် ဆင်းလာခဲ့ကြသည်။ သမားတော်ပိုင်သည် ချန်ကျဲ့၏ တစ်ချိန်က အပျော်အပါးများဖြင့် အချိန်ကုန်ခဲ့ပြီး ချန်မိသားစု၏ စည်းစိမ်ဥစ္စာများကို ပျက်စီးကုန်ဆုံးစေခဲ့ဖူးသည့် အကြောင်းများကို ချန်ကျဲ့ကို အနည်းငယ် ဆိုဆုံးမခဲ့သေည်။ ချန်ယုံဝမ်၏ ကံကြမ္မာအတွက် နှမြောတသဖြစ်မိကြောင်းလည်း ဖော်ပြခဲ့သည်။
“ကျိုစစ်၊ လမ်းမှားကနေ ပြန်ပြင်ဆင်နိုင်တာ ကောင်းပါတယ်။ နောက်နောင်ကို အဲဒီလိုတွေ လျှောက်မလုပ်နဲ့တော့။ မင်းအဖိုး တစ်သက်လုံးတည်ဆောက်ခဲ့ရတဲ့ ဂုဏ်သိက္ခာကို မင်းလက်ထဲမှာ ပျက်စီးမသွားစေသင့်ဘူး”
“ဟုတ် ဟုတ်ကဲ့”
ချန်ကျဲ့ နာခံစွာ ခေါင်းညိတ်သည်။ သူတို့ တောင်ရိုးတစ်လျှောက် လျှောက်လာခဲ့သည်မှာ ၁၅မိနစ်ခန့်ရှိပြီဖြစ်သည်။ ချန်ကျဲ့သည် အလွန်အမင်း ချွေးထွက်နေ၏။ သမားတော်ပိုင်မှ သူ့အပေါ် အမြင်ကောင်းစေရန်အတွက် ချန်ကျဲ့သည် အားစိုက်ထုတ်ခြင်းအရာ၌ အချောင်ခိုခြင်း မရှိပါချေ။
ချန်ကျဲ့၏ အသက်ရှူနှုန်း လေးလံလာနေသည်ကို ခံစားမိသောအခါ သမားတော်ပိုင်မှ ပြောသည်။
“ခဏနားရအောင်လေ”
“ဘာမှမဖြစ်ပါဘူး။ သမားတော်ပိုင်ရဲ့ ဒဏ်ရာကို နှောင့်နှေးစေလို့ မဖြစ်ဘူး။ အချိန်သိပ်မကြာခင် တောင်အောက်ကို ဆင်းနိုင်တာ ပိုကောင်းလိမ့်မယ်”
ချန်ကျဲ့ ထိုသို့ပြောလိုက်ပြီး ရှေ့သို့ဆက်လျှောက်ခဲ့သည်။