သမားတော်ပိုင်၏ စမ်းသပ်ချက်
Vol. 2 Ch. 18
နောက်ထပ် ၁၅မိနစ်ခန့် ဆက်လျှောက်ပြီးနောက်တွင် သမားတော်ပိုင်မှာ ပို၍လေးလံလာသည်ဟု ချန်ကျဲ့ ခံစားလိုက်ရသည်။ ပို၍ ပို၍ လေးလံလာနေ၏…
သူ၏ခန္ဓာကိုယ်မှ အားနည်းနေဆဲဖြစ်ကြောင်း ဝန်ခံရပေမည်။ ချန်ကျဲ့ လက်လျှော့လုနီးတွင် ယန်ချွမ်ကျင့်စဉ်ကို ရုတ်တရက် သတိရသွားခဲ့သည်။ သို့ဖြင့် အသက်ရှူနှုန်းအား ယန်ချွမ်ကျင့်စဉ်၏ အသက်ရှူနည်းစနစ်အတိုင်း အသုံးပြု၍ ထိန်းညှိလိုက်သည်။
ကနဦးတွင် ပြောင်းလဲမှု ကြီးကြီးမားမား မရှိပေ။ သို့သော် တဖြည်းဖြည်းနှင့် အသက်ရှူနှုန်းမှာ အများကြီးပို၍ ချောမွေ့လာခဲ့ပြီး အားစိုက်မထုတ်ရတော့ကြောင်းကို ခံစားမိလိုက်သည်။ အသက်ရှူနှုန်း သက်သောင့်သက်သာအခြေအနေသို့ ပြန်ရောက်သွားသောအခါ ခန္ဓာကိုယ်သည်လည်း ခြေကုန်လက်ပန်းကျမှုကို မခံစားရတော့ပေ။ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနေပေသည်။
လမ်းလျှောက်သည်နှင့်အမျှ ပို၍သက်သောင့်သက်သာ ဖြစ်လာခဲ့၏။
ဒီယန်ချွမ်ကျင့်စဉ်က တကယ်ကြီး အနှစ်သာရရှိတာပဲ!
သို့ဖြင့် ချန်ကျဲ့သည် တောင်အောက်ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းခဲ့သည်။ နောက်ဆုံးတွင်တော့ ရွာသို့ ပြန်ရောက်ခဲ့ပြီး သမားတော်ပိုင်အား အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။
သမားတော်ပိုင်၏အိမ်တွင် သမားတော်ပိုင်၏ သမီးဖြစ်သူတစ်ယောက်တည်းသာ ရှိနေသည်။ သားမက်ဖြစ်သူသည် ငါးဖမ်းလုပ်ငန်းတွင် အလုပ်များနေသောကြောင့် ပြန်မရောက်သေးပေ။
သမားတော်ပိုင် အပြင်းအထန် ဒဏ်ရာရထားသည်ကို မြင်လိုက်ရသောအခါ သမီးဖြစ်သူသည် ထိတ်လန့်သွားပြီး အရာအားလုံး အဆင်ပြေရဲ့လားဟု ကတိုက်ကရိုက် မေးမြန်းလာသည်။ သမားတော််ပိုင်မှ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ ခြေကျင်းဝတ်လည်သွားရုံပဲ”
ချန်ကျဲ့ သမားတော်ပိုင်အား အိမ်ထဲသို့ ကူညီချီပိုးပေး၍ အိပ်ရာထဲတွင် နေရာချပေးသည်။ ထိုအခါမှသာ သမားတော်ပိုင်မှာ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။
သမီးဖြစ်သူသည် သမားတော်ပိုင်ကို အမြန် ရေခပ်လာပေး၏။
အိမ်တွင် သူ ကူညီပေးနိုင်သည့်အရာ မရှိတော့ကြောင်း ယူဆလိုက်ပြီးနောက် ချန်ကျဲ့ အိမ်အပြင်ဘက်သို့ ပြန်ထွက်လိုက်သည်။ အိမ်အပြင်တွင် အရွယ်အစားစုံလင်သော ကျောက်တုံးများ ကွဲကြေပြန့်ကျဲနေ၏။ အင်အားလေ့ကျင့်ရေးအတွက် အသုံးပြုထားပုံရသည်။
ဝူကျုံးဟု အမည်ရသော သမားတော်ပိုင်၏ သားမက်သည် အဆင့်တက်လှမ်းပြီးသော မင်ကျင့်သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း ချန်ကျဲ့ မှတ်မိသည်။
ဤကျောက်တုံးများသည် သူ၏သိုင်းပညာလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်ပေသည်။
ချန်ကျဲ့ တွေးတောနေစဉ် သမားတော်ပိုင်သည် သမီးဖြစ်သူအား အော်ခေါ်လိုက်သည်။
“ဗီရိုထဲက ငွေတုံးသုံးတုံး သွားယူပြီး သူ့ကို ပေးလိုက်ပါ”
သမီးဖြစ်သူသည် အံ့ဩသွား၍ သမားတော်ပိုင်အား ကြည့်လာသည်။
“အဖေ အရမ်းများမနေဘူးလား”
သမားတော်ပိုင်မှ ပြောသည်။
“ငါ့အသက်က ငွေသုံးတုံးတောင် မတန်ဘူးလား”
အမျိုးသမီးသည် တွန့်ဆုတ်သွား၏။ ထို့နောက် ချက်ချင်း ပြန်ရှင်းပြသည်။
“သမီး အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး အဖေရယ်”
သမားတော်ပိုင်မှ မေးသည်။
“သူ ဘယ်သူလဲ သိလား”
“ဘယ်သူမို့လဲ”
ပိုင်မိသားစုသည် ရှန်းထောင်ရွာသို့ ပြန်ပြောင်းရွှေ့လာသည်မှာ မကြာသေးပေ။ ထို့ကြောင့် မျိုးဆက်သစ်များသည် ကောင်းစွာ မသိကျွမ်းကြပေ။
“ချန်ယုံဝမ်ရဲ့မြေးပဲ”
“အာ! အဲဒီလောင်းကစားသမား ချန်ကျိုစစ်တော့ မဟုတ်လောက်ပါဘူးနော်!”
“ရှူး တိုးတိုးပြောစမ်းပါ”
သမားတော်ပိုင်သည် တိုးတိုးပြောရန် လက်ဟန်ပြလိုက်ပြီး ဆက်ပြောသည်။
“ဟူး~ အဲဒီတုန်းက ငါ ချန်ယုံဝမ်ကို ရှုံးခဲ့တယ်။ ငါ့စိတ်ထဲမှာ လက်မခံနိုင်ခဲ့ပေမဲ့လည်း သူ့ရဲ့ဆေးပညာက တကယ့်ကို ထူးချွန်ပြောင်မြောက်ပါတယ်။ ချန်ကျိုစစ်က အမည်ကျော်ကြားတဲ့ သမားတော်တစ်ယောက်ရဲ့ မျိုးဆက်လို့ သတ်မှတ်ရနိုင်တဲ့သူပဲလေ”
“သူ လောင်းကစားစွဲသွားတာတော့ နှမြောစရာပါပဲ။ ဒါပေမဲ့ ဒီနေ့ သူ့ရဲ့ဆေးပညာအပေါ် နားလည်မှုက အတော်လေး ဆန်းသစ်တာကို ငါမြင်တွေ့ခဲ့ရတယ်။ သူ့မှာ ပါရမီလည်းရှိ…”
“အဖေ.. အဖေ သူ့ကို အလုပ်သင်အဖြစ် ခေါ်ဖို့တွေးနေတာတော့ မဟုတ်ပါဘူးနော်”
သမားတော်ပိုင်မှ ပြောသည်။
“ဘာလို့ မရရမှာလဲ။ ငါတစ်ချိန်က သူ့အဖိုးကို ရှုံးခဲ့ပေမဲ့ အခုကျ ငါသူ့ကို ငါ့ရဲ့အလုပ်သင်အဖြစ် ခေါ်ထားမယ်။ ကွယ်လွန်ပြီးတဲ့ ချန်ယုံဝမ်တောင် ငါပိုင်ဝမ်ကျင်းရဲ့ ကျယ်ပြောတဲ့စိတ်နှလုံးကို သိသွားစေမယ်လေ”
“ဘယ်လိုပဲဖြစ်ဖြစ်… ထားပါလေ၊ အရင်ဆုံး သူ့ကို ငွေတုံးတွေပေးလိုက်။ သူလက်ခံရင်တော့ ဒီကိစ္စကို ဒီမှာပဲထားလိုက်ပြီး အကြွေးပြန်ဆပ်ပြီးပြီလို့ သဘောထားလိုက်တာပေါ့။ သူ လက်မခံရင်တော့ မနက်ဖြန်ကျ သူ့အိမ်ကိုသွားပြီး ငါဒီမှာ အရမ်းအလုပ်များနေလို့ အလုပ်သင်ခေါ်ချင်ပါတယ်လို့ ပြောပြီး သူ လုပ်ဖို့ ဆန္ဒရှိမလားလို့ မေးလိုက်”
သမားတော်ပိုင်သည် ထိုသို့ညွှန်ကြား၍ သမီးဖြစ်သူအား စေလွှတ်လိုက်သည်။
မကြာမီတွင် သမီးဖြစ်သူသည် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။ ထိုအခါ ကွဲကြေနေသည့် ကျောက်တုံးကို လက်ဝါးဖြင့် ရိုက်ကြည့်နေသည့် ချန်ကျဲ့ကို မြင်လိုက်ရ၏။ သူမ ပြုံးလိုက်ပြီး ပြော၏။
“ကျိုစစ် ဟုတ်တယ်မလား”
“မင်္ဂလာပါ အဒေါ်”
ချန်ကျဲ့ အမျိုးသမီးရှိရာသို့ လျှောက်လာလိုက်သည်။ အမျိုးသမီးမှ ပြောသည်။
“အမ်း ငါတို့ ဒီနေ့ မင်းအပေါ် ကြီးမားတဲ့ ကျေးဇူးကြွေးတင်သွားခဲ့တယ်။ မင်းကြောင့်သာ မဟုတ်ခဲ့ရင် ငါတို့သခင်ကြီးတော့ အခုနေ အန္တရာယ်ကျရောက်နေလောက်ပြီ။ ငါ အများကြီး ပြောမနေတော့ဘူး- ကြင်နာမှုအတွက် ကျေးဇူးတင်စကားတွေ မလိုအပ်ဘူးတဲ့။ ဒီမှာ ဒီငွေသုံးတုံးကို ယူလိုက်ပါ”
“အာ မဟုတ်တာ၊ ကျွန်တော် လက်မခံနိုင်ပါဘူး”
ချန်ကျဲ့ ချက်ချင်း ငြင်းလိုက်သည်။ သို့သော် အမျိုးသမီးမှ ထပ်တိုက်တွန်း၏။
“ယူလိုက်ပါ”
ချန်ကျဲ့ ဘေးသို့ ချက်ချင်း ခုန်ရှောင်လိုက်သည်။
“အဒေါ် ကျွန်တော် လူကို လိုက်ပို့ပေးပြီးသွားပြီဆိုတော့ ဒီမှာ ဆက်မနေတော့ပါဘူး။ ကျေးဇူးပြုပြီး သမားတော်ပိုင်ကို ကျွန်တော်ပြန်နှင့်ပြီလို့ ပြောလိုက်ပါဗျ”
ချန်ကျဲ့ သမားတော်ပိုင်၏ခြံဝင်းထဲမှ ထွက်ပြေးသည့်အလား ထွက်ခွာလာခဲ့သည်။
အိမ်ထဲမှ ပိုင်ဝမ်ကျင်းသည် ပြတင်းပေါက်မှတစ်ဆင့် စောင့်ကြည့်နေခဲ့သည်။ ပိုက်ဆံမယူဘဲ ထွက်သွားသည့် ချန်ကျဲ့ကို မြင်သောအခါ ပြုံး၍ခေါင်းညိတ်လိုက်သည်။ ဘာမှထပ်မပြောတော့ပေ။
အမျိုးသမီးသည်လည်း ထွက်ခွာသွားသည့် ချန်ကျဲ့၏ပုံရိပ်ကိုကြည့်လျက် ချန်ကျဲ့အပေါ် အရင်ထက် အနည်းငယ်ပို၍ အမြင်ကောင်းရှိလာခဲ့သည်။ ကြည့်ရသည်မှာ ချန်ကျိုစစ်သည် လူများ ပြောဆိုနေကြသကဲ့သို့ အရမ်းမဆိုးရွားပုံရ၏။
အမျိုးသမီးသည် အိမ်ထဲသို့ ပြန်ဝင်သွားပြီးနောက် ပြောသည်။
“အဖေ သူ ပိုက်ဆံယူမသွားဘူး”
ပိုင်ဝမ်ကျင်းမှ ပြန်ပြောသည်။
“အားကျုံးပြန်ရောက်လာရင် ငါးကြီးကြီးတစ်ကောင် ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ။ မနက်ဖြန်ကျ သမီး သူ့အိမ်ကိုသွားပြီး သူ့ကို ငါ့ရဲ့အလုပ်သင်လုပ်ဖို့ ဆန္ဒရှိလားလို့ မေးလိုက်ပါ”
“ဟုတ်ကဲ့”
ချန်ကျဲ့ ပိုင်မိသားစုနေအိမ်မှ ထွက်လာပြီးနောက် နောက်ပြန်ခေါင်းလှည့်ကြည့်လိုက်သည်။ ရွာထဲရှိ အစိမ်းရောက်အုတ်များနှင့် ဆောက်လုပ်ထားသော အတော်အတန်ကြီးမားသည့် အုတ်ကြွပ်မိုးအိမ်ကိုကြည့်၍ အနည်းငယ် မနာလိုအားကျဖြစ်မိ၏။
ချန်ကျဲ့သည် ဒီနေ့အဖြစ်အပျက်အတွက် လုံးဝ ငွေကြေးလက်ခံလိမ့်မည် မဟုတ်ပေ။
ငွေကို လက်ခံလိုက်ခြင်းသည် ကြင်နာမှုအား ပြန်ဆပ်ပြီးပြီဟု အဓိပ္ပာယ်ရ၏။ သို့သော် သူ၏ ရည်မှန်းချက်သည် ငွေသုံးတုံး မဟုတ်ပါချေ။ သူ၏ရည်မှန်းချက်မှာ သမားတော်ပိုင်ကို လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြု၍ ငါးဖမ်းကုန်သည်အဖွဲ့ဟူသော သစ်ပင်ကြီးပေါ်သို့ တက်လှမ်းရန်ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့အား အထင်မသေးသင့်ပေ။
သာ့ချန်သည် ဟန်လူမျိုးများအား အလွန်သတိတကြီးထားရှိသော တိုင်းတစ်ပါးသားများမှ တည်ထောင်ထားသည့် တိုင်းပြည်တစ်ခုဖြစ်သည်။ ထို့ကြောင့် အစိုးရရုံးများနှင့် စီရင်စု ရာဇဝတ်တရားသူကြီးများ နေရာအနှံ့ ရှိကြသည့်တိုင် အများစုမှာ မုလန်လူမျိုးများ၏ အိမ်တော်အစေခံများ သို့မဟုတ် မုလန်လူမျိုးများ၏ ထောက်ခံချက်ဖြင့် လက်ရှိနေရာသို့ တင်မြှောက်ခံထားရသည့် ဟန်လူမျိုးများ ဖြစ်ကြသည်။
သို့ဖြစ်ရာ နယ်မြေ၏အာဏာကို အမှန်တကယ် ဆုပ်ကိုင်ထားသူများမှာ ဒေသခံများကို ကြီးကြပ်အုပ်ချုပ်ရန်အတွက် မုလန်လူမျိုးများမှ စေလွှတ်ထားသော အုပ်ချုပ်ရေးအရာရှိများ ဖြစ်ပေသည်။
ထောက်ခံချက်ဖြင့် ရာထူးရယူထားသည့် ဟန်လူမျိုး ရာဇဝတ်တရားသူကြီးများ၏ အာဏာကို ကန့်သတ်ထိန်းချုပ်ရန်အတွက် အုပ်ချုပ်ရေးအရာရှိများသည် ဒေသခံများကို ဦးစီးခန့်ခွဲခြင်းတွင် ဒေသခံကုန်သည်အဖွဲ့များကို များစွာ အသုံးပြုကြသည်။ ထိုနည်းဖြင့် အာဏာပိုင်ဆိုင်မှုကို ဟန်ချက်ညီစေနိုင်သည့်အပြင် အကျိုးအမြတ်လည်း ရရှိနိုင်ပေသည်။
သို့ဖြင့် ဒေသခံကုန်သည်အဖွဲ့များသည် အင်အားအာဏာကြီးမားကြပြီး အဖွဲ့ခေါင်းဆောင်သည် စီရင်စု ရာဇဝတ်တရားသူကြီးနှင့် တန်းတူရပ်တည်နိုင်ပေသည်။
ထို့ပြင် ဒေသအလိုက် ကုန်သည်အဖွဲ့၏ လွှမ်းမိုးမှုသည် အစိုးရရုံးတော်၏ အစိုးရ အရာရှိများထက်ပို၍ ခြိမ်းခြောက်မှု ကြီးမားပေသည်။
ထို့ကြောင့် ဤကမ္ဘာ၌ ကုန်သည်အဖွဲ့တစ်ခုသို့ ဝင်ရောက်ခြင်းသည် အနာဂတ်အတွက် အတော်လေး အလားအလာရှိသော ရွေးချယ်မှုဖြစ်ပါ၏။
ဤသည်မှာ ၂၀ရာစုနှစ်အစောပိုင်း ရှန့်ဟိုင်တွင် အစိမ်းရောင်ကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ကြခြင်းနှင့် ဆင်တူပေသည်။
ပိုင်မိသားစုနေအိမ်မှ ထွက်ခွာလာပြီးနောက် ချန်ကျဲ့ မြို့ထဲသို့ တန်းတန်းမတ်မတ် ဦးတည်ခဲ့သည်။ မကြာမီတွင် ငါးဖမ်းကုန်သည်အဖွဲ့၏ လက်အောက်ခံဖြစ်သည့် ဆေးဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့သည်။
ထို့နောက် သူ ဒီနေ့ ရရှိခဲ့သည့် ဆယ်နှစ်သက်တမ်းဂျင်ဆင်းကို ငွေသုံးတုံး၊ ငွေ၈စဖြင့် ရောင်းချခဲ့သည်။
ဈေးနှုန်းမှာ မများလှသော်ငြား ခေါင်းပုံဖြတ်သည့် နှုန်းထားလည်း မဟုတ်ပါချေ။
လက်ထဲတွင် ပိုက်ဆံရှိလာပြီဖြစ်ရာ ချန်ကျဲ့ စတင်၍ ဈေးဝယ်ထွက်သည်။ သူ၏အိမ်သည် တစ်နပ်စာအတွက် စားနပ်ရိက္ခာရှိရန်ပင် ခက်ခဲခဲ့သည်။ သို့သော် ယခုအချိန်မှစ၍ ထိုသို့အခြေအနေမျိုး မဖြစ်စေရပေ။ ထို့ကြောင့် ချန်ကျဲ့သည် အခြေခံလိုအပ်ချက်များကို စတင်ဝယ်ယူသည်။
ဦးစွာ ပြောင်းဆန်ပေါင်တစ်ရာကို ဝယ်ယူသည်။ ထို့နောက် ဝက်ဆီအဖြစ် ပြုလုပ်ရန်အတွက် ဝက်အဆီသားအချို့ကို ဝယ်ယူသည်။
ထို့နောက် ဆီ၊ ဆား၊ ကြာညို့နှင့် ရှာလကာရည်တို့ကို ဝယ်ယူသည်။
အိမ်ထောင်စုတစ်ခုကို စတင်ပါက လိုအပ်ချက် ၇ချက်ရှိသည်ဟု ပြောလေ့ရှိကြ၏။ - ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ကြာညို့၊ ရှာလကာရည်နှင့် လက်ဖက်ရည်တို့ဖြစ်သည်။
ထိုပစ္စည်းများအားလုံးကို ဝယ်ယူပြီးနောက် အပေါင်ဆိုင်ပိုင်ရှင်ထံမှ ပစ္စည်းပြန်ရွေးရန်အတွက် အပေါင်ဆိုင်သို့ သွားခဲ့သည်။
စူးယွင်ကျင်းသည် အဆိပ်ဝယ်ရန်အတွက် သူမ၏အမေချန်ရစ်ခဲ့သော ဆံထိုးကို ပေါင်နှံခဲ့သည်အား ချန်ကျဲ့မှတ်မိပေသည်။ ထိုဆံထိုးလေးမှာ ကြေးဖြင့်ပြုလုပ်ထားပြီး ငွေရည်လောင်းထားခြင်းဖြစ်ရာ အထူးတလည် တန်ဖိုးမရှိလှပေ။ သို့သော် သောက်ကျင့်မကောင်းသည့် ဆိုင်ပိုင်ရှင်သည် ချန်ကျဲ့အား ငွေတုံးတစ်တုံး တောင်းဆိုနေပေသည်။
ချန်ကျဲ့ ပြန်လည်စဥ်းစားတွေးတောပြီးနောက် တောင်းဆိုသည့် ငွေကြေးကို ပေးရန်သာ ဆုံးဖြတ်ခဲ့သည်။
ကနဦးတွင် ချန်ကျဲ့သည် ညီအစ်မနှစ်ယောက်အတွက် အဝတ်အစားအသစ်များ ဝယ်ပေးချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရရှိလာသည့် ငွေအများစုကို သုံးစွဲပြီးနောက်၌ သူ့လက်ထဲတွင် ငွေ၈စသာလျှင် ကျန်ရစ်တော့လေသည်။
ချန်ကျဲ့သည် ရွာသားတစ်ဦးထံမှ လက်တွန်းလှည်းတစ်စီးကို ငှားရမ်းလိုက်သည်။ ထို့နောက် ဝယ်ယူထားသည့်ပစ္စည်းများကို လှည်းဖြင့်တွန်း၍ အိမ်သို့ သယ်ယူခဲ့သည်။
သို့သော် အိမ်ပြန်လမ်းတွင် မထင်မှတ်ဘဲ လူတစ်စုနှင့် ပက်ပင်းတိုးခဲ့သည်။ ကျောက်ပေါက်မျက်နှာဖြင့် အဖွဲ့ခေါင်းဆောင်သည် ချန်ကျဲ့ကို မြင်သောအခါ ပြုံးရယ်လျက် ရှေ့သို့လျှောက်လာ၏။ အထူးသဖြင့် လှည်းအပြည့်ပစ္စည်းများကို မြင်သောအခါ အဝေးမှပင် အော်ပြောလာသည်။
“ညီနောင် ကျိုစစ်!”
ချန်ကျဲ့ ထိုလူကို မှတ်မိပါ၏။ ယွီမျိုးရိုး ရတနာစံအိမ်၏ လက်ပါးစေ မာလျို့ဖြစ်၏။ မာကာအိုကဲ့သို့သော နိုင်ငံများတွင် မာလျို့ကဲ့သို့သော လူများကို လောင်းကစားအေးဂျင့်များဟု ခေါ်ကြသည်။
မနေ့က ရရှိခဲ့သည့် သတင်းအချက်အလက်များထဲတွင် ယွီရတနာစံအိမ်၏ သခင်လေးနှင့် မာလျို့တို့၏ ပူးပေါင်းကြံစည်သည့် အကြောင်းအရာ ပါဝင်ပါသည်။
ထိုဝက်ခေါင်း ယွီစန်းလျို့သည် ချန်ကျဲ့၏ဇနီးကို မျက်စိကျနေခဲ့ပြီး ချန်ကျဲ့အား ထောင်ချောက်ဆင်၍ စူးယွင်ကျင်းအား သူ့လက်ထဲသို့ ရောက်ရှိစေရန် ကြံစည်ထားခဲ့သည်။
ဤမာလျို့သည် ယွီစန်းလျို့၏ လက်ပါးစေဖြစ်၏။ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပြုံးလိုက်သည်။
“အို ညီနောင်မာလျို့ပဲကိုး ဟမ်”