← Chapters

ဇနီးလေး တစ်ခုလောက်စားကြည့်ပါ

Vol. 2 Ch. 20

ဇနီးလေး တစ်ခုလောက်စားကြည့်ပါ

Vol. 2 Ch. 20

လက်တွန်းလှည်းကိုတွန်း၍ ချန်ကျဲ့ ရွာထဲသို့ အမြန်ပြန်လာခဲ့သည်။

ချန်ကျဲ့သည် ယန်ဇဲ့မြစ်လက်တက်ဘေးရှိ မျန့်ရွှေစီရင်စုတွင် နေထိုင်ခြင်းဖြစ်သည်။ မျန့်ရွှေစီရင်စုသည် မြို့ကြီး၈မြို့ကို အစိုးရပြီး မြို့တစ်မြို့လျှင် ရွာ၃ရွာမှ ၅ရွာအတွင်း ရှိသည်။

ဥပမာဆိုရသော် ချန်ကျဲ့သည် မျန့်ရွှေစီရင်စု၊ ရှန်းထောင်မြို့၊ ရှန်းထောင်ရွာမှ ဖြစ်သည်။ ရှန်းထောင်မြို့၏‌လက်အောက်တွင် အထက်မက်မွန်ရွာ၊ ကျုံးထောင်၊ အောက်မက်မွန်ရွာဟူသည့် ရွာသုံးရွာလည်း ရှိသည်။

ချန်ကျဲ့သည် အချိန်သိပ်မကြာလိုက်ဘဲ ရွာသို့ ပြန်ရောက်လာခဲ့သည်။

ချန်ကျဲ့ ရွာအပြင်မှ လှည်းတွန်းပြန်လာသည့် မြင်ကွင်းကို ရွာသားအားလုံးသည် အံ့အားသင့်စွာ ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျဲ့သည် လှည်းတစ်စီးအပြည့်စာ ပစ္စည်းများ ဝယ်ခြမ်း၍ ပြန်လာခဲ့သောကြောင့် ဖြစ်သည်။

ထို့ပြင် လှည်းတွင် ပြည့်နေသည့် ပစ္စည်းများသည် အရည်အသွေးကောင်းမွန်သော ပစ္စည်းများဖြစ်ကြသည်။ ဆန်အိတ်များ၊ ကျစ်ကြိုးဖြင့်ချည်နှောင်ထားသည့် ဝက်အဆီတုံးကြီးအပြင် အမျိုးမျိုးသော အရသာရည်များ၊ ဟင်းခတ်များ ပါဝင်ပေသည်။ ၎င်းပစ္စည်းအားလုံးကို ပေါင်းလိုက်ပါက ငွေ၂တုံး၊၃တုံးခန့် တန်ကြေးရှိနိုင်၏။

ချန်ကျိုစစ်တစ်ယောက် ချမ်းသာသွားပြီပဲ!

သို့ဖြင့် ချန်ကျဲ့သည် ရွာသားများ၏ မနာလိုအားကျသော အကြည့်များကြားမှ လှည်းကို ဆက်တွန်းလာခဲ့သည်။

“ဦးလေးအာ့ပါး”

လမ်းတွင် ချန်ကျဲ့သည် ချန်အာ့ပါးကိုတွေ့သောကြောင့် ခေါ်လိုက်သည်။ ချန်အာ့ပါးသည် ချက်ချင်း အံ့အားသင့်စွာ ပြောလာသည်။

“ကျိုစစ် ဒါတွေက ဘာတွေလဲ”

ချန်ကျဲ့ ပြောလိုက်သည်။

“အာ ကျွန်တော်တို့ အိမ်မှာ စားနပ်ရိက္ခာပြတ်နေလို့ တချို့တလေ ဝယ်လာခဲ့လိုက်တာ”

ထိုသို့ပြောခဲ့ပြီး ချန်ကျဲ့ အိမ်သို့ ဆက်ပြန်လာခဲ့သည်။ ထိုစဉ် မ‌နီးမဝေးရှိ သစ်ပင်ကြီးအောက်၌ ချန်ကျဲ့၏ ဦးလေးနောက်တစ်ယောက်ဖြစ်သော ချန်စန်းလျို့သည် ချန်ကျဲ့၏ အသုံးအဖြုန်းကြီးမှုအကြောင်းကို မကျေမနပ်ပြောဆိုနေသည်။ ချန်ကျဲ့သည် သူတို့၏ဦးလေးဖြစ်သူ၏ အမွေများကို ဖြုန်းတီးသည်ဟု ပြောဆိုနေသည်။ ဤသို့ဖြစ်လာလိမ့်မည်ကို သိခဲ့လျှင် သူတို့၏ဦးလေးသည် သူ့အား အမွေဆက်ခံခွင့် ပေးခဲ့လိမ့်မည်။ သူကိုယ်တိုင်သည်တော့ မိသားစု၏ဂုဏ်သိက္ခာကို ဘယ်သောအခါမျှ ညှိုးနွမ်းစေလိမ့်မည်မဟုတ်ဟု ပြောနေပေသည်။

ချန်စန်းလျို့၏စကားများကို နားထောင်နေကြသူများသည် ယဉ်းကျေးမှုဖြင့် ပြုံးနေခဲ့ကြသော်ငြား စိတ်ထဲတွင်တော့ ထေ့ငေါ့ပြုံးနေကြသည်။

သူ့ကို ဘာကိစ္စ အမွေလွှဲပေးရမှာလဲ။ သခင်ကြီးချန်မှာ သမီးတစ်ယောက်ရှိနေတာပဲကို ဘာလို့ သူ့ကို ပေးရမှာလဲ။ ပြီးတော့ သူ့ရဲ့ နှလုံးသားမရှိ၊ သစ္စာမရှိတဲ့ အကျင့်စရိုက်နဲ့ဆိုရင် အဲဒီအမွေတွေသာ သူ့လက်ထဲမှာ အဆုံးသတ်သွားရင် ခွေးဆီ အသားပေါက်စီ ကျွေးလိုက်သလို ပြန်မရဘဲ ဖြစ်သွားမှာပေါ့။ သူက ချန်ကျိုစစ် အဆင်ပြေမပြေကို ဂရုတောင်စိုက်မှာမလို့လား။

သေချာပေါက်ပင် သူတို့သိထားသည့်အရာများမှာ အိမ်နီးချင်းအဖြစ်သာ ဖြစ်သည်။ သို့ဖြစ်ရာ အပြင်ပန်း‌ပင်ဖြစ်စေ လိုက်လျောညီထွေရှိမှုကို ထိန်းသိမ်းထားရမည်ဖြစ်ရာ အလိုက်သင့် ရယ်မောပစ်လိုက်ရလေသည်။

ထို့နောက် ချန်ကျဲ့ လှည်းတွန်း၍ ဖြတ်သွားသောအခါ အားလုံး၏အာရုံကို ရုတ်ချည်း ဆွဲဆောင်သွားခဲ့သည်။

“ဟေး ကြည့်ကြ ချန်ကျိုစစ်ပဲ”

“ဟုတ်ပ တကယ် ကျိုစစ်ပဲ။ သူ အချီကြီးရလာလို့နေမှာ။ သူဝယ်လာတဲ့ပစ္စည်းတွေကို ကြည့်ပါဦး။ ဆန်အိတ်တွေအပြည့်ပဲ။ အိတ်လိုက်‌တွေဝယ်လာတာ ဒါတွေအားလုံး ဘယ်လောက်တောင် ကုန်ကျမလဲ”

“အဟုတ်ပဲ ကြည့်ကြစမ်း၊ ဝက်သားလည်းပါတယ်။ ချန်ကျိုစစ်တစ်ယောက် တကယ်ကြီး အချီကြီးရလာတာဖြစ်မယ်”

“ဒီပမာဏဆို ငွေ၂တုံး၊၃တုံးလောက် တန်ကြေးရှိမှာ။ ချန်ကျိုစစ်က ဘယ်တုန်းက အဲ့လောက်ချမ်းသာသွားတာလဲ”

“ဘာတွေ အရမ်းအံ့ဩစရာရှိလို့လဲ။ ကုလားအုတ်ဆိုတာ မြင်းထက်တော့ ပိုကြီးတာပဲလေ။ ချန်မိသားစုက ချမ်းသာတယ်လေ။ အများကြီးဆုံးရှုံးထားရင်တောင်မှ ငွေတုံးနည်းနည်းကျန်နေသေးတယ်ဆိုတာ ပုံမှန်ပါပဲ။ ချောင်ကြိုချောင်ကြားတစ်ခုခုမှာ တန်ဖိုးရှိတာ တစ်ခုခုရှာတွေ့ခဲ့လားမှ မသိတာ”

“ဟုတ်တယ်”

ပြောနေစဉ်တွင် ချန်စန်းလျို့၏ မျက်လုံးကြီးများသည် ဦးခေါင်းမှ ပြုတ်‌ထွက်သွားတော့မည့်အတိုင်းပင်။

သူ့မိသားစုမှာ ဘယ်လိုလုပ်ပြီး ပိုက်ဆံရှိနေသေးတာလဲ?!

ချန်ကျိုစစ် ဒီလောက်တောင်ဖြုန်းတီးထားတာ အကုန်မကုန်သေးဘူးဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါ့ဦးလေးက စည်းစိမ်ဥစ္စာတွေ ဘယ်လောက်တောင် ချန်ထားခဲ့တာလဲ။

အဲဒီပိုက်ဆံတွေကို ငါ့ကိုသာ ပေးခဲ့လို့ကတော့ကွာ။

ချန်စန်းလျို့သည် မနာလိုမှုကြောင့် မျက်လုံးများပင် စိမ်းဖန့်လာသည်။ အနီးဝန်းကျင်ရှိ လူများ၏ ပြောစကားများကို ကြားသောအခါ ချန်စန်းလျို့သည် ထေ့ငေါ့ပြုံးလိုက်၏။

“ဟမ့် ဖြုန်းတီးနေတဲ့အရူးကောင်၊ ပိုက်ဆံရှိတယ်ဆိုရင်တောင် ဒီလိုမျိုးသုံးပစ်လို့ ဘယ်ဖြစ်မလဲ! လယ်သမားမိသားစုတစ်စုက ဘယ်လိုနေထိုင်သင့်တာမလို့လဲ။ အဲဒီလိုအသားမျိုးကို စားနိုင်ရဲ့လား။ ဘယ်လို သင့်တင့်လျောက်ပတ်အောင်နေရမယ်ဆိုတဲ့ အသိကို မရှိဘူးပဲ”

အရိပ်ထဲတွင် ယာယီအနားယူနေသည့် လူအုပ်သည် ချန်စန်းလျို့၏အသံထဲမှ မနာလိုမှုများကို ကြားသိနိုင်ပေသည်။

သူတို့သည် အချင်းချင်း အကြည့်ချင်းသာ ဖလှယ်လိုက်ကြပြီး ဘာမျှမပြောကြပေ။

ချန်ကျဲ့သည်တော့ အခြားသူများ၏စကားများကို အာရုံမစိုက်ပါချေ။ လှည်းကို သူ၏အိမ်သို့ တန်းတန်းမတ်မတ် တွန်းသွားခဲ့သည်။ ဝင်ပေါက်သို့ရောက်သောအခါ ကလေးမလေးသည် ‌တံခါးနားရှိ ထိုင်ခုံလေးတွင် ထိုင်နေသည်။ မြေပြင်ပေါ်ရှိ တစ်ခုခုကို ငေးစိုက်ကြည့်နေ၏။

အချိန်အတော်ကြာ စောင့်ကြည့်နေပြီးနောက် တစ်ခုခုကို သတိထားမိသွားပုံဖြင့် မြေပြင်ပေါ်ရှိအရာ အနည်းငယ်ကို လက်ဖြင့်ဖျစ်ညှစ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် အရသာခံ၍ ‌ရေရွတ်နေ၏။

“ပုရွက်ဆိတ်လေးတွေရေ ပျောက်မသွားကြနဲ့နော်၊ မဟုတ်ရင် အစားခံရလိမ့်မယ် သိရဲ့လား”

“ရွေ့ရွေ့ အစ်ကိုကြီးပြန်ရောက်ပြီ”

ချန်ကျဲ့ အော်ခေါ်လိုက်ရာ ကလေးမလေးသည် ချက်ချင်း မော့ကြည့်လာသည်။ ထို့နောက် လှည်းပေါ်ရှိ ပစ္စည်းများကို ချက်ချင်း အကြည့်ရောက်သွား၏။

“အသားပဲ အသား!”

ရွေ့ရွေ့သည် ရုတ်ချည်း ထရပ်၍ အမြန်ပြေးသွား၏။ ပါးစပ်မှလည်း အသားဟု အော်ဟစ်နေသေးသည်။ သို့သော် လှည်းအနီး‌သို့ ရောက်သောအခါ ချန်ကျဲ့ကို ရုတ်တရက် အော်ခေါ်လာသည် ။

“အစ်ကိုကြီး~”

သေချာမသိသူများသည် ဤကလေးမလေးမှာ သူ၏အစ်ကိုကြီးအား အလွန်ချစ်မြတ်နိုးသည်ဟု အထင်ရောက်သွားနိုင်ပေသည်။

ခြံတံခါးကိုဖွင့်လိုက်ပြီး ချန်ကျဲ့ လှည်းကို အထဲသို့ တွန်းဝင်လိုက်သည်။ ‌ရွေ့ရွေ့သည်တော့ လှည်းပေါ်ရှိပစ္စည်းများကို စူးစိုက်ငေးမောကြည့်လျက် ရုတ်တရက် အော်ခေါ်ပြန်သည်။

“မမ အစ်ကိုကြီး ပြန်လာပြီ!”

“အစ်ကိုကြီးရယ် ပစ္စည်းတွေအများကြီး ဝယ်လာတယ်”

ထိုအခါ စူးယွင်ကျင်း အိမ်ထဲမှ ထွက်လာ၏။ ချန်ကျဲ့နှင့်အတူ ပစ္စည်းအပြည့်လှည်းကို မြင်လိုက်ရသောအခါ သူမ၏မျက်နှာလေးသည် အံ့အားသင့်သော အမူအရာသို့ ပြောင်းလဲသွား၏။

“ဒါတွေက?! ဘာတွေလဲ?!”

အိမ်တွင် ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရှိကြောင်း သူမ ကောင်းစွာသိပါ၏။

အဲဒါဆို ချန်ကျိုစစ်က ဒီလောက်ပိုက်ဆံတွေကို ဘယ်ကနေ ရှာနိုင်ခဲ့တာလဲ။

စူးယွင်ကျင်းသည် မယုံသင်္ကာဖြစ်နေခဲ့သည်။

သို့တိုင် ချန်ကျဲ့သည် ဘာမျှမပြောဘဲ ဟင်းခတ်ပစ္စည်းများကို ကလေးမလေးအား ကမ်းပေးနေသည်။

“ဒါတွေ အထဲကို ကူသယ်ပေးဦး”

“ဟုတ်ကဲ့”

ကလေးမလေးသည် အလွန်အမင်း ပျော်ရွှင်ဝမ်း‌မြောက်၍ ဟင်းခတ်ပစ္စည်းများကို ဆွဲယူကာ ပစ္စည်းများကို အားတက်သရော ကူသယ်ပေးနေသည်။

ချန်ကျဲ့သည် ဆန်တစ်အိတ်ကို ပခုံးပေါ်တင်၍ ဝက်သားတုံးကြီးကိုလည်း အိမ်ထဲသယ်သွားရင်းဖြင့် စူးယွင်ကျင်းကို ပြောလိုက်သည်။

“အဲဒီမှာပဲ ရပ်မနေနဲ့လေ၊ ပစ္စည်းတွေ ကူသယ်ပေးဦး”

ခဏမျှကြာမြင့်ပြီးနောက် စူးယွင်ကျင်းသည် မဆိုင်းမတွ တုံ့ပြန်လာသည်။

“ကောင်းပြီ~”

စူးယွင်ကျင်းသည်လည်း ပစ္စည်းများကို ကူသယ်ပေးခဲ့ပြီး ခဏအကြာတွင် အားလုံးကို အိမ်ထဲသို့ ရွှေ့ပြီးခဲ့သည်။ ထိုအခါမှသာ စူးယွင်ကျင်း မေးလိုက်သည်။

“ဒါတွေကို ဘယ်ကနေ ရခဲ့တာလဲ”

ချန်ကျဲ့ ရယ်မောလိုက်သည်။

“ဟက် ငါဒီနေ့ နည်းနည်းကံကောင်းပြီး တောင်ပေါ်မှာ ဂျင်ဆင်းတစ်မြစ် ရှာတွေ့ခဲ့တာ။ အဲဒီဂျင်ဆင်းကို မြို့ထဲမှာ သွားရောင်းပြီးတော့ ဒီဆန်နဲ့ဂျုံတွေ အားလုံးကို ဝယ်လာခဲ့တာ”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် လက်တစ်ဆုပ်စာ ငွေစများကို ထုတ်ယူလိုက်သည်။ ငွေ၈စခန့် ရှိနိုင်၏။

“ဒါက ကျန်တဲ့ငွေပဲ။ မင်း သိမ်းထားလိုက်”

“ကျွန်မလား”

စူးယွင်ကျင်းသည် အံ့အားသင့်သွားပြီး ချန်ကျဲ့အား ကြည့်လာသည်။ ချန်ကျဲ့ တခစ်ခစ်ရယ်မောလိုက်မိသည်။

“အင်းလေ မင်းက ငါ့ဇနီးပဲဟာ၊ ငါပိုင်တဲ့အရာက မင်းပိုင်တာပဲပေါ့”

ဇနီး ဟုတ်လား?

စူးယွင်ကျင်းသည် ပစ္စည်းများ သယ်ယူနေဆဲဖြစ်သော ချန်ကျဲ့ကို ကြည့်လိုက်သည်။ ထို့နောက် ပျော်ရွှင်သည့် လိပ်ပြာငယ်လေးအလား ရွှင်ပျနေသည့် စူးယွင်ရွေ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် စူးယွင်ကျင်းမှာ မျက်ရည်များ ကျဆင်းလာခဲ့သည်။

သူမသည် အငိုသန်သူ မဟုတ်ပါချေ။ သို့သော် အမှောင်ထုအား တွေ့ကြုံခံစားခဲ့ရသည်ဖြစ်ရာ ဒီငွေ‌ရောင်တောက်ပသည့် အလင်းရောင်ကို မြင်တွေ့လိုက်ရသည်တွင် စိတ်လှုပ်ရှားသွားခဲ့ပေသည်။

စူးယွင်ကျင်းသည် ငွေကြေးကို ဂရုမစိုက်ပါချေ။ သူမ အမှန်တကယ် ဂရုစိုက်သည်မှာ ချန်ကျိုစစ်၏နှလုံးသားထဲတွင် သူမအတွက် နေရာတစ်နေရာရှိသည်ဟူသော အချက်ဖြစ်သည်။ ထို့ပြင် ချန်ကျိုစစ်သည် ငွေရှာရချိန်တွင် ‌ငွေများကို လောင်းကစားမပစ်ဘဲ မိသားစုအတွက် အရေးတကြီးလိုအပ်နေသည့် စားနပ်ရိက္ခာများကို ဝယ်လာခဲ့သည်။ ချန်ကျိုစစ်သည် အမှန်တကယ် ပြုပြင်ပြောင်းလဲသွားခဲ့လေပြီ။

“မမ အစ်ကိုကြီးက အသားတွေအများကြီး ဝယ်လာပေးတာလေ၊ မမက ဘာလို့ ငိုနေသေးတာလဲ”

ကလေးမလေးသည် မျက်ရည်များကို တိတ်တိတ်လေးသုတ်နေသော အစ်မဖြစ်သူအား မြင်သောအခါ နားမလည်နိုင်စွာ မေးမြန်းလာသည်။ သူမ၏ မျက်ရည်များမှာ များသောအားဖြင့် ဆာလောင်မှုကြောင့် ကျခဲ့ခြင်းဖြစ်၏။ သို့ဖြစ်၍ စားစရာရှိနေလေရာ အဘယ်ကြောင်များ ငိုနေရသနည်း။ ကလေးမလေးမှာ နားမလည်နိုင်ပါချေ။

နောက်ဆုံး‌တွင်တော့ ချန်ကျဲ့သည် ပစ္စည်းများအားလုံးကို အိမ်ထဲတွင် နေရာချထားပြီးခဲ့လေပြီ။ အိမ်ထဲတွင် မြေအောက်သိုလှောင်ခန်းတစ်ခန်းရှိပြီး ယခင်ကမူ ဂေါ်ဖီများ သိမ်းဆည်းသိုလှောင်ရန် အသုံးပြုခဲ့သည်။ ပစ္စည်းများကို သိုလှောင်ခန်းတွင် နေရာချထားပြီးနောက် ချန်ကျဲ့ ဝက်သားကိုကြည့်လိုက်ပြီး စူးယွင်ကျင်းကို ပြောလိုက်သည်။

“ဝက်ဆားငန်လုပ်ရအောင်လို့ ဝက်သားနည်းနည်းလှီးရအောင်။ ကျန်တာကိုတော့ ဝက်ဆီလုပ်ဖို့ ချန်ထားမယ်”

စူးယွင်ကျင်း ခေါင်းညိတ်သည်။ ချန်ကျဲ့သည် ဓားတစ်ချောင်းရှာ၍ အဆီတုံးကို လှီးဖြတ်သည်။ ဦးစွာ ဝက်သားဆားငန်လုပ်ရန်အတွက် ၅ပေါင်ခန့်ရှိသော အတုံးကြီးတစ်တုံး လှီးလိုက်သည်။

ထို့နောက် ၂ပေါင်ခွဲခန့်ရှိသော ဝက်သားကိုလှီး၍ ဦးလေးအာ့ပါးအတွက် ဖယ်ထားလိုက်သည်။

ကျန်ရှိသည့်အဆီများကို အတုံးကြီးများအဖြစ်တုံး၍ သန့်ရှင်းအောင် ဆေးကြောသည်။ ထို့နောက် ဝက်ဆီထုတ်သည်။

ကလေးမလေးသည် မီးဖိုစင်ကို မှီ၍ အိုးထဲကို စူးစိုက်ကြည့်နေသည်။ ထို့နောက် အသားထည့်လိုက်ပြီး စက္ကန့်ပိုင်းမျှအကြာတွင် မေးလာ၏။

“အစ်ကိုကြီး မကျက်သေးဘူးလားဟင်”

မြင်ရုံဖြင့် သွားရည်ကျနေသည့် ကလေးမလေးကိုကြည့်၍ ချန်ကျဲ့ မထိန်းချုပ်နိုင်စွာ ရယ်မောမိရသည်။ ထိုစဉ် စူးယွင်ကျင်းမှ ပြောလာ၏။

“အဲဒီလောက်မြန်မြန်ကြီး မကျက်နိုင်ဘူးလေ”

ကလေးမလေးမှ စူပုတ်‌ပုတ်ဖြင့် မကျေမနပ်ပြောလာသည်။

“ဘာလို့ မကျက်သေးတာလဲ”

ချန်ကျဲ့ ဘာမျှမပြောပေ။ ချန်ကျဲ့သည် အိုးထဲရှိ ဝက်အဆီတုံးများ တဖြည်းဖြည်း ကျုံ့လာ၍ ရွှေညိုရောင်သန်းလာပြီး အဆီထွက်လာခြင်းကို စောင့်ကြည့်နေသည်။ ကျက်သွားသောအခါ ညှပ်ဖြင့် သုံးတုံးထုတ်ယူလိုက်သည်။ ထို့နောက် တစ်တုံးကို အေးအောင် မှုတ်ပေး၍ ကလေးမလေးကို ပေးလိုက်သည်။

ကလေးမလေးသည် အသားတုံးကို မဆိုင်းမတွ ပါးစပ်ထဲထည့်စားပစ်သည်။ နှုတ်ခမ်းတစ်ဝိုက်တွင်လည်း ဆီကွင်းနေသေး၏။ ချန်ကျဲ့လည်း တစ်တုံးစားကြည့်လိုက်သည်။

အမ်းး အရသာရှိတယ်။

နောက်ဆုံးကျန်သည် အသားတစ်တုံးကိုကြည့်လိုက်ပြီး ထိုအသားတုံးကို ချန်ကျဲ့ လက်ဖြင့်ကောက်ယူလိုက်သည်။ ထို့နောက် စူးယွင်ကျင်းကို ကမ်းပေးသည်။

“စားကြည့်”

စူးယွင်ကျင်းသည် အချိန်ခဏမျှ တွန့်ဆုတ်သွား၏။ သို့သော် မငြင်းဆန်ပါချေ။ ပါးစပ်ဟလိုက်ပြီး ချန်ကျဲ့ပေးလာသည့် ကြွပ်ရွသော အသားတုံးကို ကိုက်ယူလိုက်သည်။ ထိုဖြစ်စဉ်တွင် ချန်ကျဲ့၏လက်ချောင်းထိပ်များကို မတော်တဆ ထိသွားခဲ့သည်။

ချက်ချင်းပင် သူမ၏မျက်နှာလေးမှာ နီမြန်းလာခဲ့၏…

All Chapters