မနာလိုခြင်း၊ အားကျခြင်းနှင့် အမုန်းတရား
Vol. 2 Ch. 21
“မမ မမ~”
“ဟင်”
စူးယွင်ကျင်းသည် သူမ၏ပါးပြင်နှစ်ဖက် ပူပြင်းလာသည်ဟု ခံစားမိနေသည်။ ထိုစဉ် ကလေးမလေးမှ သူမ၏ အဝတ်အစားများကို ဆွဲလာသည်။
“မမ ဝက်ဆီက ဘယ်လိုအရသာမျိုးလဲဟင်။ စားကောင်းလား”
ကလေးမလေးသည် အရည်ရွှန်းလဲ့သော မျက်လုံးဝိုင်းကြီးများဖြင့် စူးယွင်ကျင်းအား မျှော်လင့်ခြင်းကြီးစွာ ကြည့်နေသည်။ သူမ၏ နှုတ်ခမ်းတစ်ဝိုက်တွင် အဆီကွင်းမနေလျှင် ပိုကောင်းခဲ့လောက်၏။
“ခုနကပဲ တစ်ခုစားခဲ့တယ် မဟုတ်ဘူးလား”
“အရမ်းမြန်မြန်စားလိုက်လို့ အရသာကို မသိလိုက်ဘူး”
ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။ ကလေးမလေး၏ ဤပုံစံမှာ အစဉ်အလာဖြစ်နေလေပြီ။ အရင်တစ်ခေါက်က ငါးစွပ်ပြုတ်ကို မြည်းစမ်းချိန်တွင်လည်း ဤသို့ပင်ဖြစ်သည်။
ချန်ကျဲ့ တခစ်ခစ်ရယ်မော၏။
“ကောင်းပြီ ယွင်ကျင်း၊ ပြောင်းဆန်နည်းနည်း သွားယူပြီး ပြောင်းဆန်ထမင်းချက်ရအောင်။ ဒီနေ့ ဝက်ဆီပြောင်းဆန်ထမင်း စားရအောင်။ ဘယ်လိုလဲ စားကောင်းမယ့်ပုံပဲမလား အစားပုပ်လေး”
ထိုသို့ပြောရင်းဖြင့် ချန်ကျဲ့ ကလေးမလေး၏ ပါးမို့လေးများကို ဖွဖွဖိညှစ်လိုက်သည်။
ကလေးမလေးသည် စိတ်အားထက်သန်စွာ ခေါင်းညိတ်၏။
“အင်း”
စူးယွင်ကျင်းသည် ဘာမျှမပြောပေ။ ပြောင်းဆန်ယူရန် ထွက်သွား၏။ ထိုစဉ် ချန်ကျဲ့ သူမကို ပြောလိုက်သည်။
“အိုး ပြီးတော့ ပြောင်းဆန်၁၀ပေါင်ကိုလည်း သက်သက်ခပ်ထည့်ထားပေးပါဦး။ ပြီးရင် ဦးလေးအာ့ပါးဆီ ယူသွားချင်လို့။ အရင်တစ်ခေါက်က ဦးလေးအာ့ပါးက ငါတို့မိသားစုကို ပြောင်းဆန်၁၀ပေါင် ပေးခဲ့တယ်။ အခု ငါတို့မှာ စားနပ်ရိက္ခာရှိနေပြီဆိုတော့ ပြန်ပေးရမယ်”
“ဒါပေါ့ ပြန်ပေးရမှာပေါ့”
စူးယွင်ကျင်း ပြောင်းဆန်ယူရန် အိမ်ထဲသို့ ဝင်သွားသည်။
ချန်ကျဲ့သည် ဝက်ဆီဆက်ထုတ်နေခဲ့ပြီး မကြာမီတွင် ဆန်မှာ ထုတ်ပိုးပြီးခဲ့သည်။
ဆန်အိတ်ကို သယ်လျက် ချန်ကျဲ့ ဝက်ဗိုက်သား၂ပေါင်ခန့်ကိုလည်း ယူလိုက်သည်။
“ယွင်ကျင်း ငါ ဦးလေးအာ့ပါးအိမ်ကို သွားလိုက်ဦးမယ်။ ဆီအိုးကို ကြည့်ထားပေးဦး”
“အင်း သိပြီ”
ထိုသို့ပြောခဲ့ပြီး ချန်ကျဲ့ အိမ်မှ ထွက်လာခဲ့သည်။ ရွာသားများ အရိပ်ခိုအနားယူသည့် ထနောင်းပင်ကြီးကို ဖြတ်လျှောက်သွားသည်။ ရွာသားများသည် ချန်ကျဲ့ကို နှုတ်ဆက်ကြ၏။ ချန်ကျဲ့သည် ဆန်နှင့်အသားတို့ကို သယ်ယူလာသည်ကို မြင်သောအခါ လူတစ်ယောက်မှ ရုတ်ချည်း စနောက်လာသည်။
“ကျိုစစ် ဆန်နဲ့အသားတွေ သယ်ပြီးတော့ ဘယ်ကိုသွားမလို့တုန်းကွ”
“အာ ဒီတိုင်း ဦးလေးအာ့ပါးဆီ ဆန်နဲ့အသားနည်းနည်း ယူသွားပေးတာပါ”
ထိုလူက ချက်ချင်း ရယ်မောလာပြန်သည်။
“ဟားဟား ကျိုစစ် မင်းက ဦးလေးတွေကို အမြဲကောင်းကောင်းဂရုစိုက်တယ်နော်”
ဦးလေးဟူသော စကားလုံးတွင်ပါဝင်သည့် စောင်းမြောင်းပြောဆိုလိုသည့် အငွေ့အသက်ကို ချန်ကျဲ့ သတိထားမိလိုက်သည်။ သူ့တွင် ဦးလေးအာ့ပါးအပြင် အခြားဦးလေး မရှိသကဲ့သို့ ပြုမူနေခြင်းအား ဆိုလိုခြင်းဖြစ်ပေသည်။ မင်းရဲ့ဦးလေးစန်းလျို့က အဲဒီမှာထိုင်နေတယ် မဟုတ်ဘူးလားဟူ၍ဖြစ်သည်။
အရင်အချိန်က ချန်ကျဲ့ဖြစ်ခဲ့လျှင် ဤသို့သောအပြောအဆိုသည် ချန်ကျဲ့ကို မတိုးသာမဆုတ်သာ အနေအထားသို့ ရောက်စေမည်ဖြစ်သည်။ သို့သော် လက်ရှိချန်ကျဲ့အတွက်မူ ဤသည်မှာ အသေးအမွှားလေးများသာ ဖြစ်၏။
ချန်ကျဲ့ ခပ်ဟဟသာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ဟားဟား ဟုတ်တယ်ဗျ၊ ဒါပေမဲ့ ကျွန်တော် အောက်ခြေကိုရောက်နေတဲ့အချိန်မှာ ဦးလေးအာ့ပါးကပဲ ကူညီဖို့ရောက်လာခဲ့တာ။ ဦးလေးတွေအားလုံးက အတူတူချည်းပဲတော့ မဟုတ်ဘူးလေ ဟုတ်တယ်မလား”
ထို့နောက် ချန်ကျဲ့ ဆက်ပြောသည်။
“ကောင်းပြီ ကျွန်တော် အခု သွားရတော့မယ်၊ ကျွန်တော့်မိသားစုက ညစာစားဖို့ ကျွန်တော့်ကို စောင့်နေတယ်ဗျ”
ချန်ကျဲ့ ဦးလေးအာ့ပါး၏အိမ်သို့ ဆက်လျှောက်လာခဲ့သည်။ ထွက်ခွာသွားသော ချန်ကျဲ့၏ပုံရိပ်ကိုကြည့်နေသည့် ချန်စန်းလျို့၏မျက်နှာမှာ စိတ်အနှောင့်အယှက်ဖြစ်လွန်းသောကြောင့် စိမ်းဖန့်နေသည်။
ဒါက မျက်နှာတည့်တည့် ဖြတ်ရိုက်သွားတာ မဟုတ်လား။
ဦးလေးတွေအားလုံးက အတူတူမဟုတ်ဘူးဆိုတာ ဘာသဘောလဲ။
ဒီချန်ကျိုစစ်က တကယ့်ကို လူယုတ်မာအောင်ပွဲခံနေတာပဲ။ အဲဒီဝက်သားလေးကို ဘယ်သူက ဂရုစိုက်မှာမလို့လဲ။
ပြီးတော့ အဲဒီချန်အာ့ပါးကရော ဘယ်လိုတောင် အကွက်စေ့တဲ့ကောင်လဲ။ ကြွားဝါးဖို့ ကြိုးစားနေလိုက်တာများ၊ မွေးကတည်းက ကောင်းကောင်းမွေးမလာဘဲ မသန်စွမ်းဖြစ်ပြီး မွေးလာတာနဲ့ ထိုက်တန်တယ်။
ချန်စန်းလျို့မှာ တွေးလေလေ ဒေါသထွက်လေလေပင်။ ချန်စန်းလျို့ မတ်တပ်ထရပ်ပြီး အိမ်ပြန်လာလိုက်သည်။ ထိုစဉ် အရိပ်အောက်တွင် လေအေးခံနေသူများမှ ပြော၏။
“လောင်ချန် နည်းနည်းလောက် ထပ်မထိုင်တော့ဘူးလား”
“မထိုင်တော့ဘူး၊ ငါဗိုက်ဆာလို့ အိမ်ပြန်စားမလို့”
“မင်း ဒီနေ့လည် ဘာမှမချက်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
“ငါစိတ်ပြောင်းသွားလို့လေ မရဘူးလား။ ဒီနေ့လည်ကို ငါက ဒီတိုင်းစားရုံတင် မဟုတ်ဘူး၊ ကောင်းကောင်းကို စားဦးမှာ။ ငါအိမ်ပြန်ပြီးတော့ တောဟင်းရွက်နဲ့ အသားဆားနယ်ကြော် စားမှာ”
…
ချန်စန်းလျို့ ထွက်ခွာသွားသည်ကိုကြည့်၍ လူအိုအပေါင်းအဖော်အချို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်၍ ပြုံးလိုက်ကြသည်။ ထို့နောက် ချန်စန်းလျို့ကို လက်ညှိုးထိုးညွှန်ပြလျက် ပြောကြသည်။
“အဲဒီကောင်က အကြံအစည်တွေနဲ့ ပြည့်နေတာ။ ကျိုစစ် အောက်ခြေရောက်နေတဲ့ အခြေအနေတုန်းက သူ့ကိုယ်သူ ကမ္ဘာမြေအဆုံးထိ သွားပုန်းနေချင်တာလေ။ အခု ကျိုစစ်က အဆင်ပြေနေတော့ ပြန်ကပ်ပြီး အကျိုးအမြတ်မျှယူချင်နေတာ။ တကယ့်ကိုပဲ…”
အားလုံးသည် စကားပြောရင်းဖြင့် ခေါင်းတရမ်းရမ်းလုပ်နေကြသည်။ မျက်နှာအမူအရာတို့၌ လှောင်ပြောင်ကဲ့ရဲ့ဟန်များ ထင်ဟပ်နေ၏။ အတိအကျဆိုရသော် သူတို့အားလုံးမှာ ဘယ်သူကများ အကြံအစည် မရှိပါအံ့နည်း။ သို့သော် ဤသို့ အရှက်ကင်းမဲ့ခြင်းမှာမူ တော်ရုံ မြင်တွေ့ရတတ်သည့်အရာ မဟုတ်ပေ။
ချန်ကျဲ့ ဦးလေးအာ့ပါး၏အိမ်သို့ ရောက်သောအခါ ခြံတံခါးကို တွန်းဖွင့်၍ အော်ခေါ်လိုက်သည်။
“ဟူဇစ် ဦးလေးအာ့ပါး အိမ်မှာရှိကြလားဗျ”
ခြင်းတောင်းရက်လုပ်နေသည့် ဟူဇစ်နှင့် ဦးလေးအာ့ပါးသည် အသံကြားသောအခါ ထွက်လာကြသည်။ ချန်ကျဲ့ လက်ထဲရှိ ဆန်ထုပ်နှင့် အသားတို့ကို ကိုင်မြှောက်ပြလိုက်သည်။
ချန်ကျဲ့ မိမိ၏လာရင်းအကြောင်းရင်းကို ပြောပြလိုက်သည်။ ထိုအခါ တုတ်ကောက်ကို အမှီပြုရပ်နေသည့် ဦးလေးအာ့ပါးမှ ပြော၏။
“ကျိုစစ် မင်းတို့မိသားစုက ခက်ခဲတဲ့အခြေအနေဖြစ်နေတာ၊ မင်းတို့ အခုလောလောဆယ် စားထားလိုက်ပါ။ ဒီလောက်မြန်မြန်ကြီး ပြန်ပေးဖို့ မလိုပါဘူး”
ချန်ကျဲ့မှ ပြန်ပြောသည်။
“မလိုပါဘူး၊ ကျွန်တော် အသက်မွေးဝမ်းကြောင်းဖို့အတွက် နည်းလမ်းရှာတွေ့ထားပြီ။ ကျွန်တော် ဒီနေ့ ပစ္စည်းအတော်များများ ဝယ်လာခဲ့တယ်။ ပြီးတော့ ကျွန်တော် ဆန်ကို ပြန်ပေးဖို့လိုတယ်လေ အဒေါရယ်”
ချန်ကျဲ့ ဆန်ထုပ်အား အဒေါ်အာ့ပါး၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
“ဘုရားရေ ကျိုစစ်၊ ဒါက ၁၀ပေါင်လောက်ရှိနိုင်တယ်နော်။ အရမ်းများလွန်းတယ် အရမ်းများလွန်းတယ်”
အဒေါ်အာ့ပါးသည် ကိုင်မြှောက်ကြည့်ရုံဖြင့် ဆန်နှင့်ဂျုံတို့၏ အလေးချိန်ကို သိနိုင်သောကြောင့် ပြောလာခဲ့သည်။ ချန်ကျဲ့ ပြန်ပြောလိုက်သည်။
“မများပါဘူးဗျာ မများပါဘူး ယူထားလိုက်ပါ။ ဒီရက်ပိုင်းအတွင်း အဒေါ်တို့က ကျွန်တော်တို့ကို အများကြီး ဂရုစိုက်ပေးခဲ့တာပဲကို။ ပြီးတော့ ဒီအသားကိုလည်း ယူထားလိုက်ပါ။ ဟူဇစ်က ကြီးထွားနေတဲ့အရွယ်လေ၊ အသားစားတာ သူ့အတွက်ကောင်းတယ်”
“အာ ကျိုစစ်”
“ကောင်းပြီ၊ ဒီအကြောင်း ဆက်မပြောကြရအောင်ပါ။ ကျွန်တော်သွားတော့မယ် လိုက်မပို့နဲ့တော့။ ဟူဇစ် ပြန်သွား ပြန်သွား။ ငါတို့က မိသားစုတွေပဲဟာ လောကဝတ်တွေထိန်းသိမ်းနေဖို့ မလိုဘူး။ ငါသွားပြီ…”
ချန်ကျဲ့ ထိုနေရာမှ တခဏအတွင်း ပြန်ထွက်လာခဲ့သည်။
အဒေါ်အာ့ပါးသည် ဆန်ထုပ်နှင့် အသားကို ကိုင်ထားရင်းဖြင့် ရှက်ရွံ့မှုကို ခံစားနေရ၏။
“အိမ်ထောင်ဦးစီး ဒါက?”
ချန်အာ့ပါးသည်လည်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။ သို့သော် အဒေါ်အာ့ပါး ခေါင်းညိတ်ပြလိုက်သည်။
“ကျိုစစ်က စေတနာကောင်းနဲ့ လာပေးသွားတာလေ။ လက်ခံလိုက်ရအောင်ပါ”
“ဒါက ဒါက တစ်ခုခုမှားနေသလို ခံစားနေရတယ်… ကျွန်မ အမြဲ သူ့ကို အမလေးနော်…”
အဒေါ်အာ့ပါးသည် သူမ၏ အရင်က ချန်ကျိုစစ်အပေါ် အထင်သေးခဲ့သည့် သဘောထားအတွက် နောင်တရနေသည်။
သူမသည် သာမန် ကျေးလက်သူတစ်ဦးဖြစ်သည်။ အခြားသူများထံမှ အကျိုးအနည်းငယ်မျှ ရရှိလိုက်သည်နှင့် ပြန်ဆပ်ရန် တာဝန်ရှိသည်ဟု ခံစားရသူဖြစ်သည်။ အခြားသူထံမှ ကျေးဇူးပြုခံရပါကလည်း ထိုသူ့အပေါ အကြွေးတစ်စုံတစ်ရာ တင်သွားသည့်အလား စိတ်မသက်မသာ ခံစားရတတ်ပေသည်။
သူမသည် တစ်ဖန်ပြန်စဉ်းစားကြည့်ပြီးနောက် အိမ်ထဲသို့ ဝင်သွား၏။ ထို့နောက် အဝါရောင်တရုတ်ဆီးသီးများထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကို ယူလာသည်။
“ဟူဇစ် ဒီတရုတ်ဆီးသီးတွေကို ကျိုစစ်ဆီ ယူသွားပေးလိုက်၊ မစားခင်မှာ ထုပ်ထားဖို့လည်း ပြောလိုက်ဦး။ နည်းနည်းလည်း ချဉ်တယ်လို့”
ဟူဇစ် ပြန်ပြောသည်။
“ဟုတ်ကဲ့”
ထို့နောက် ဟူဇစ်သည် ချန်ကျဲ့နောက်သို့ အမြန်လိုက်သွားသည်။
ချန်ကျဲ့နောက်သို့ အလျင်အမြန်ပင် လိုက်မီသွားပြီး အကြောင်းရင်းကို ရှင်းပြသည်။ ချန်ကျဲ့ မငြင်းဆန်ဘဲ အနည်းငယ်မာနေသည့် တရုတ်ဆီးသီးများကို ထိကိုင်ကြည့်ပြီး ပြောလိုက်သည်။
“ကောင်းပြီ၊ အဒေါ်အာ့ပါးကို ငါ့အစား ကျေးဇူးတင်တယ်လို့ ပြောပေးပါဦး၊ သွားတော့”
နှစ်ယောက်သား လက်ပြနှုတ်ဆက်ခဲ့ပြီးနောက် ဟူဇစ်သည် အိမ်ပြန်လမ်းတွင် ချန်စန်းလျို့၏အိမ်ကို ဖြတ်သွားခဲ့သည်။
တံခါးဝတွင် အဒေါ်စန်းလျို့ရှိနေသည်။ အရင်က ချန်ကျိုစစ်အား ပုလိပ်ရောဂါကဲ့သို့ ရှောင်ဖယ်နေတတ်သည့် အဒေါ်စန်းလျို့သည် ဒီနေ့တွင်တော့ သူ့အပေါ် ထူးထူးခြားခြား ပျူငှာနေခဲ့သည်။
“ရို့ ကျိုစစ် အလုပ်များနေတာလား။ တစ်ရက်တလေလောက် အဒေါ့်အိမ်ကို လာစမ်းပါဦး။ မင်းရဲ့ဦးလေးစန်းလျို့က မနေ့ကပဲ မင်းအကြောင်း ပြောနေသေးတာ၊ မင်းကိုလွမ်းလို့တဲ့လေ”
ချန်ကျဲ့ သာမန်ကာလျှံကာသာ ခေါင်းညိတ်လိုက်ပြီး ကျော်သွားလိုက်သည်။ ထို့နောက် စိတ်ထဲမှတွေးမိလိုက်၏။
‘ငါ့ကိုလွမ်းတယ်တဲ့လား။ ငါဦးလေးအာ့ပါးဆီ အသားယူသွားပေးတာကို မနာလိုနေတာနဲ့ ပိုတူတယ်”
ချန်ကျဲ့ သူမကို ဂရုမစိုက်နိုင်ပါချေ။
ချန်ကျိုစစ် ထွက်သွားသည်ကိုကြည့်၍ အဒေါ်စန်းလျို့သည် အိမ်ထဲသို့ပြန်ဝင်သွားရာ စူပုပ်နေသည့် ချန်စန်းလျို့ကို မြင်လိုက်ရသည်။ သူမ ပြောလိုက်သည်။
“ကျွန်မ ခုနက ချန်ကျိုစစ်ကို တွေ့လိုက်တယ်။ ကြည့်ရတာ အာ့ပါးတို့အိမ်ကနေ ပြန်လာပုံပဲ”
ချန်စန်းလျို့မှ ကဲ့ရဲ့၏
“ဦးလေးနဲ့ တူလေးကြားက ချစ်ခင်မှုပေါ့လေ”
“မဟုတ်သေးဘူးလေ။ ရှင်ကလည်း သူ့ရဲ့ဦးလေးပဲ မဟုတ်ဘူးလား။ ဘာလို့ အသားကို အာ့ပါးတို့အိမ်ကိုပဲ သွားပေးပြီး ကျွန်မတို့ကို လာမပေးရတာလဲ။ အဲဒါက ဘယ်လို တူမျိုးလဲရှင်”
အဒေါ်စန်းလျို့သည် ဒေါသဖြင့် မကျေမနပ်ပြောနေသည်။
“ဟမ့် ချန်ယုံဝမ်တုန်းကလည်း ချန်အာ့ပါးကို ပိုချစ်ခဲ့တာလေ။ ချန်အာ့ပါးကို လက်မှုပညာသင်ပေးပေမဲ့ ငါ့ကိုတော့ ဆေးပညာကို လုံးဝသင်မပေးခဲ့ဘူး။ သူသာ ငါ့ကိုသင်ပေးခဲ့ရင် ငါအခု သမားတော်တစ်ယောက်ဖြစ်နေလောက်ပြီ။ နေ့တိုင်း မြေကြီးကို ထွန်ယက်နေမဲ့အစား ဘဝရဲ့စည်းစိမ်ကို ခံစားနေရလောက်မှာ”
ချန်စန်းလျို့သည် ဒေါသတကြီးဖြင့် ဝမ်းကွဲဖြစ်သူ၏ နာမည်ကိုပင် ထုတ်ပြောနေခဲ့သည်။ သူတို့မိသားစု၏ စည်းစိမ်အများစုမှာ တကယ်တမ်းတွင် ချန်ယုံဝမ်မှ ပေးထားခဲ့ခြင်းဖြစ်ကြောင်းကိုပင် မေ့လျော့နေခဲ့သည်။ ချန်အာ့ပါးတို့မိသားစုသည် ခြင်းတောင်းရက်လုပ်ခြင်း အတတ်ပညာကိုသာ သင်ယူခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်က ချန်ယုံဝမ်သည် မည်သူ့ကိုပို၍ မျက်နှာသာပေး ချစ်ခင်ခဲ့သည်မှာ သိသာထင်ရှားလှပေသည်။
သို့တိုင် ချန်စန်းလျို့သည် မတရားခံရသည်ဟု ခံစားနေရလေသည်။ မတင်းတိမ်နိုင်သော လူ့စိတ်သဘာဝသည် ဆင်ကို မျိုရန်ကြိုးစားနေသည့် မြွေတစ်ကောင်ကဲ့သို့ အမြဲတစေ ပို၍ လိုချင်တပ်မက်နေပေသည်။