ချန်ကျိုစစ် ရှင် အရမ်းရဲတင်းလွန်းတယ်
Vol. 2 Ch. 22
ချန်ကျဲ့ အိမ်ပြန်ရောက်ချိန်တွင် ကလေးမလေးသည် တံခါးပေါက်တွင် ထိုင်နေ၍ အနီးအနားရှိ ကလေးများ ဝက်ခြေထောက်ဖြင့် ဆော့ကစားနေသည်ကို အားကျနေသောမျက်လုံးများဖြင့် ကြည့်နေသည်။
၎င်းကို ဝက်ဒူးရိုးဟုလည်း ခေါ်ကြပြီး စူးယွင်ရွေ့တို့အရွယ်ကလေးများ နှစ်ခြိုက်သော အရုပ်ဖြစ်သည်။
ဤခေတ်တွင် ဝက်ခြေထောက်အရုပ် ပိုင်ဆိုင်သည့် ကလေးသည် မျက်မှောက်ခေတ်တွင် Transformersအရုပ်များကို setလိုက်ပိုင်ဆိုင်ထားသည့် ကလေးကဲ့သို့ အခြားကလေးများမှ အားကျရပေသည်။
ကလေးမလေးသည် အခြားကလေးများ သူတို့၏ ဝက်ခြေထောက်အရုပ်ဖြင့် ဆော့ကစားနေသည်ကို ကြည့်နေသည်။ ကစားနေသည့်ကလေးများသည် ယောကျ်ားလေးရော မိန်းကလေးပါ ပါဝင်ပြီး အသက်အကြီးဆုံးသည် ၆နှစ်၊ ၇နှစ် မကျော်ပေ။ အသက်အငယ်ဆုံးသည် ၄နှစ်ခန့် ရှိနိုင်၏။
ထိုကလေးများသည် မြေပြင်တွင် ဆောင့်ကြောင့်ထိုင်၍ ဝက်ခြေထောက်အရုပ်နှင့် အလုပ်ရှုပ်နေကြသည်။
ချန်ကျဲ့ ကလေးမလေးဆီသို့ လျှောက်သွားလိုက်ပြီး မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ ဘာလို့ သူတို့နဲ့ အတူတူ မကစားတာလဲ”
ကလေးမလေးမှ စူပုပ်ပုပ်ဖြင့် ပြောသည်။
“ရွေ့ရွေ့ သူတို့နဲ့ မကစားချင်ဘူး”
ထိုအခါ အနီးရှိ ကလေးများက ပြန်လည်ချေပသည်။
“ငါတို့က နင်နဲ့ မကစားချင်တာပါနော်”
“ပေါက်ကရတွေ လာပြောနေတာပဲ။ ငါကသာ နင်တို့နဲ့ မကစားချင်တာပါနော်…”
ကလေးမလေးသည် ရုတ်ချည်း အော်ဟစ်ပြောသည်။ သို့သော် ကလေးအုပ်စုမှ ပြန်ပြော၏။
“ငါတို့ကသာ နင်နဲ့ မကစားချင်တာပါ”
ချန်ကျဲ့သည် ထိုသို့အပြန်အလှန်ပြောနေခြင်းကို ကြားသောအခါ ကလေးများကိုကြည့်၍ မေးလိုက်သည်။
“မင်းတို့ ဘာလို့ ရွေ့ရွေ့နဲ့ မကစားကြတာလဲ”
ချန်ကျဲ့ထံမှ အမေးခံလိုက်ရသောအခါ ကလေးများသည် တိတ်ဆိတ်သွားပြီး ထွက်ပြေးသွားကြသည်။
ချန်ကျဲ့ ကလေးမလေးကို လှည့်ကြည့်ပြီး မေးသည််။
“သူတို့ဘာလို့…”
“ရွေ့ရွေ့ သူတို့နဲ့ မကစားလို့လေ”
ကလေးမလေးသည် ငြန်းခုံလာ၏။ သူမ၏တုံ့ပြန်မှုကို နားထောင်ပြီးနောက်တွင် ချန်ကျဲ့ သူမ၏ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်သည်။ ကလေးမလေးသည် အတော်လေးခေါင်းမာ၏။ ထို့ကြောင့် ချန်ကျဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မေးသည်။
“ဒါဆို ရွေ့ရွေ့က ဘာလို့ သူတို့နဲ့ မကစားတာလဲ”
“သူတို့ သူတို့က မမကို ဂြိုဟ်ဆိုးလို့ပြောတယ်။ ရွေ့ရွေ့ကိုလည်း ဂြိုဟ်ဆိုးအသေးလေးတဲ့”
ကလေးမလေးမှ ပြောသည်။
“ရွေ့ရွေ့နဲ့ ကစားရင် ကံဆိုးလိမ့်မယ်တဲ့…”
ကလေးမလေး၏စကားများကို ကြားသောအခါ ချန်ကျဲ့ သက်ပြင်းချလိုက်သည်။ ကလေးများသည် ဤသို့ စက်ဆုပ်ဖွယ်စကားလုံးများကို သူတို့ဘာသာ တွေးမိကြလိမ့်မည် မဟုတ်ပေ။ လူကြီးများမှ သင်ပေးထားခြင်းသာ ဖြစ်လိမ့်မည်။ ဤအချက်သည်လည်း အတိတ်ကာလများတွင် စူးညီအစ်မနှစ်ယောက်မှာ အဘယ်မျှများပြားသည့် အခက်အခဲများကို ရင်ဆိုင်ခဲ့ရကြောင်း ပြသနေပေသည်။
စကားပြောနေစဥ် ကလေးမလေး၏မျက်လုံးများသည် ချန်ကျဲ့၏လက်ထဲရှိ အဝါရောင်တရုတ်ဆီးသီးများကို မလွှဲတမ်းကြည့်နေ၏။
“အစ်ကိုကြီး ဒါက ဘာလဲ”
ချန်ကျဲ့သည် ကလေးမလေး၏ တက်ကြွနေသောပုံစံကိုကြည့်၍ မထိန်းချုပ်နိုင်စွာ ရယ်မောမိရသည်။
ဒီကလေးက ဘယ်လိုလုပ်ပြီး တရုတ်ဆီးသီးကိုတောင် မသိရတာလဲ”
ဤသို့မေးမြန်းလာခြင်းသည် သူမ စားကြည့်ချင်နေကြောင်း သိသာထင်ရှားပေသည်။
“တရုတ်ဆီးသီးတဲ့၊ ဒါပေမဲ့ နည်းနည်းမာပြီး ချဉ်တယ်”
ကလေးမလေးသည် လျှာသပ်၏
“ရွေ့ရွေ့ စားကြည့်လို့ရလား”
ကလေးမလေးသည် မျှော်လင့်တကြီးဖြင့် ချန်ကျဲ့ကိုကြည့်လျက် နှုတ်ခမ်းကို ဖိကိုက်ထားသည်။
“ချဉ်လည်း ကိစ္စမရှိဘူးဆိုရင် စားလေ”
ချန်ကျဲ့ ပြောလိုက်သည်။
ချန်ကျဲ့ ကလေးမလေးကို တရုတ်ဆီးသီးအား ကမ်းပေးလိုက်သည်။ တစ်ကိုက်ကိုက်လိုက်ပြီးနောက် ကလေးမလေး၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွား၏_ ချဉ်လိုက်တာ
ကလေးမလေး လက်လျှော့သွားလိမ့်မည်ဟု ချန်ကျဲ့ ထင်ထားခဲ့သည်။ သို့သော် ခဏမျှ ကျင့်သားရစေပြီးနောက်တွင် ကလေးမလေးသည် နောက်ထပ် သေးသေးတစ်ကိုက် ကိုက်စားပြန်သည်။ ထို့နောက် မသက်မသာခံစားချက်ကြီးကြောင့် မျက်နှာရှုံ့မဲ့သွားပြန်၏။ သို့တိုင် ခဏရပ်ပြီးနောက် နောက်တစ်ကိုက် ထပ်စားပြန်သည်။
သို့ဖြင့် တစ်ကိုက်ပြီးတစ်ကိုက် ကိုက်စားရင်း သူမသည် အချဉ်အရသာနှင့် ပျော်ရွှင်မှုကို ခံစားနေခဲ့သည်။ နောက်ဆုံးတွင် တစ်ဝက်ကျော်ခန့် စားကုန်သွားခဲ့သည်။
ကလေးမလေးသည် တကယ်ကို အစားမရွေးပေ။
ချန်ကျဲ့သည် ကလေးမလေးကို အိမ်ထဲပြန်ခေါ်သွားသည်။ စားသောက်ဖွယ်ရာများမှာ အဆင်သင့်ဖြစ်နေလေပြီ။ ဒီနေ့ နေ့လည်စာသည် ဝက်အဆီအကြွင်းအကျန်ဖြင့် ရောချက်ထားသည့်ထမင်းဖြစ်သည်။
ချက်ထားသည့် ဝက်ဆီကို အိုးတစ်ခုထဲတွင် ထည့်ထားသည်။ အိုးကြီးတစ်အိုး အပြည့်ဖြစ်ရာ နောက်နှစ်လ၊ သုံးလစာအတွက် လုံလောက်ပေသည်။ သို့သော် ချန်ကျဲ့သည် အလွန်ရိုးရိုးရှင်းရှင်း မစားလိုပေ။ ထို့ကြောင့် ဤဝက်ဆီပမာဏသည် တစ်လခန့်သာ အသုံးခံနိုင်ပေလိမ့်မည်။
ဝက်ဆီတုံး အကြွင်းအကျန်များကို ခပ်ယူထားပြီး ပူနွေးဆဲအချိန်တွင် အတုံးသေးလေးများအဖြစ် လှီးထားခဲ့သည်။ ထို့နောက် လတ်ဆတ်သောပြောင်းဆန်ကို
ခူးခပ်ထည့်သည်။ ဝက်ဆီတုံးအကြွင်းအကျန်လေးများကို ပြောင်းဆန်ထမင်းထဲသို့ထည့်ပြီး လှီးထားသည့် ကြက်သွန်မြိတ်အနည်းငယ်နှင့် ကြာညို့အနည်းငယ်ထည့်သည်။
သို့ဖြင့် ဝက်ဆီတုံးအကြွင်းအကျန်နှင့် ရောထားသည့်ထမင်းမှာ အဆင်သင့်ဖြစ်သွားခဲ့သည်။
“စားဖို့ အဆင်သင့်ဖြစ်ပြီ”
စူးယွင်ကျင်းမှ အော်ပြောလျက် စားစရာများကို စားပွဲပေါ်တွင် နေရာချသည်။ ကလေးမလေးသည် မထိန်းချုပ်နိုင်စွာဖြင့် ဝက်ဆီထမင်းပန်းကန်ကို ငေးစိုက်ကြည့်နေသည်။ သွားရည်များလည်း စီးကျနေ၏။
ချန်ကျဲ့ ကလေးမလေးကို ပမာဏများများ ထည့်ပေးလိုက်သည်။ ထို့နောက် စူးယွင်ကျင်းအတွက် ထည့်ပေးသည်။ သူမထံသို့ ပန်းကန်ကမ်းပေးရင်းဖြင့် ချန်ကျဲ့ ပြောခဲ့သည်။
“ပင်ပန်းသွားပြီ ဇနီးလေး”
စူးယွင်ကျင်း တန့်သွား၏။ သူမ၏ပါးမို့လေးများမှာ နှင်းဆီရောင်သန်းသွားသည်။
၎င်းမှာ ထူးဆန်းသည့် ခံစားချက်တစ်မျိုးဖြစ်၏။
ချန်ကျဲ့ ကိုယ်တိုင်အတွက် တစ်ပန်းကန်ထည့်လိုက်ပြီး စူးယွင်ကျင်းကို ပြောသည်။
“မိန်းမ ဒီနေ့လယ်ကို ရွေ့ရွေ့အတွက် ဝက်ဆီဖတ်တစ်ပန်းကန် ချန်ထားလိုက်ပါ”
“ဟင်”
စူးယွင်ကျင်း နားမလည်နိုင်စွာဖြင့် ချန်ကျဲ့ကို ကြည့်လိုက်သည်။
ချန်ကျဲ့ ပြုံး၍ ပြောသည်။
“ရွေ့ရွေ့ ဒီနေ့လယ်ကို ထိုင်ခုံလေးယူပြီးတော့ တံခါးပေါက်နားမှာ ဝက်ဆီသွားချေ။ ကလေးတစ်ယောက်ယောက်က ရွေ့ရွေ့နဲ့ ကစားချင်တယ်ဆိုရင် သူ့ကို တစ်ဖတ်ကျွေးလိုက်။ အဲဒါဆိုရင် သူတို့တွေ နောက်ကို ရွေ့ရွေ့နဲ့ ကစားကြလိမ့်မယ်”
“ဟင်၊ ရွေ့ရွေ့က ဘာလို့ အဲဒီစိတ်တိုစရာကောင်းတဲ့သူတွေကို ဝက်ဆီကျွေးရမှာလဲ”
ကလေးမလေးသည် ချန်ကျဲ့ကို နားမလည်နိုင်စွာ ကြည့်နေသည်။
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ရွေ့ရွေ့ ဒါကိုမှတ်ထား၊ လူတိုင်းက သူငယ်ချင်းမိတ်ဆွေ လိုအပ်တယ်။ သူငယ်ချင်းများများရှိရင် ဘဝက ပိုကောင်းမွန်လိမ့်မယ်။ ရွေ့ရွေ့လည်း နေ့တိုင်း တစ်ယောက်တည်း မကစားချင်ပါဘူး ဟုတ်တယ်မလား။ အစ်ကိုကြီးပြောတာကို နားထောင်ရင် မကြာခင် ရွေ့ရွေ့မှာ သူငယ်ချင်းတွေ အများကြီးရှိလာမယ်လို့ အာမခံတယ်”
“တကယ်လား”
ကလေးမလေးသည် အံ့အားသင့်လျက် မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။
“အစ်ကိုကြီးပြောတာကို နားထောင်လိုက်၊ အဲ့လိုလုပ်တာ မှန်တယ်”
ချန်ကျဲ့ပြောနေစဉ် စူးယွင်ကျင်းလည်း ဝင်ပြောသည်။
“အဲဒါက အရမ်းများ… ကျွန်မတို့အိမ်က မချမ်းသာဘူးလေ”
ထိုအခါ ချန်ကျဲ့ တခစ်ခစ်ရယ်မောသည်။
“အဆင်ပြေသွားမှာပါ။ ငါရှိနေသ၍ ငါတို့မိသားစု အစာမငတ်စေရပါဘူး”
ထိုသို့ပြောရင်းဖြင့် ချန်ကျဲ့သည် မိမိ၏ရင်ဘတ်ကို ပုတ်ပြလျက် ထပ်ပြောသည်။
“ဒါနဲ့ မိန်းမ.. ငါမင်းအတွက် ဒီဟာလေး ပြန်ရွေးလာခဲ့တယ်”
ထိုသို့ပြော၍ ချန်ကျဲ့ ဟောင်းနွမ်းနေသည့် ဆံထိုးလေးကို ထုတ်ယူလိုက်သည်။
စူးယွင်ကျင်းသည် ဆံထိုးကိုမြင်သောအခါ ခန္ဓာကိုယ်လေး သိသိသာသာတုန်သွားခဲ့ပြီး ဆံထိုးကို ကြောင်အစွာ ငေးစိုက်ကြည့်နေသည်။ မျက်ရည်စက်များလည်း ကျဆင်းလာ၏။
ထိုဆံထိုးလေးသည် သူမ၏အမေ ချန်ထားရစ်ခဲ့သည့် တစ်ခုတည်းသော အမှတ်တရပစ္စည်းလေးဖြစ်သည်။ သို့သော် နှမြောတသဖွယ်ကောင်းလောက်အောင် သူမသည် ဆံထိုးလေးကို အပေါင်ဆိုင်တွင် ပေါင်နှံပစ်ခဲ့သည်။
ထို့နေ့က ချန်ကျိုစစ်ထံမှ ရိုက်နှက်ခံရပြီးနောက်တွင် စူးယွင်ကျင်းသည် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။ ထို့ကြောင့် ဆံထိုးဖြင့် အပေါင်ဆိုင်သို့သွားခဲ့ပြီး ပြား၂၀၀ဖြင့် ပေါင်နှံခဲ့သည်။ ထိုငွေများဖြင့် အဆိပ်တစ်ထုပ်နှင့် ဆန်ဖြူနှစ်ပေါင်ကို ဝယ်လာခဲ့သည်။
သူမ ချန်ကျိုစစ်၏ စားစရာထဲသို့ အဆိပ်ခတ်ခဲ့သည်။ သို့သော် အံ့အားသင့်ဖွယ်ကောင်းစွာဖြင့် ချန်ကျိုစစ် သိသွားခဲ့သည်…
ဤဆံထိုးအား ဘယ်သောအခါမှ ပြန်ရတော့မည်မဟုတ်ဟု သူမ တွေးထားခဲ့သည်။ သို့သော် ဒီနေ့တွင် သူမ၏ မျက်စိရှေ့တည့်တည့်သို့ ပြန်ရောက်လာခဲ့သည်။
သူမ မျက်ရည်များကို ထိန်းထားခဲ့သော်ငြား စိတ်နှလုံးမှ ဝမ်းနည်းမှုဖြင့် ငိုကြွေးခဲ့သည်။
ဆံထိုးကို ရင်ဘတ်ထက်တွင် ဆုပ်ကိုင်ရင်း အသံမထွက်စေဘဲ ရှိုက်ငိုနေခဲ့သည်။
ကလေးမလေးသည် နားမလည်နိုင်စွာဖြင့် အစ်မဖြစ်သူအား ကြည့်နေခဲ့သော်ငြား ဝက်ဆီထမင်းကို ပါးစပ်ထဲသို့ အဆက်မပြတ် ထိုးထည့်စားနေမြဲပင်။ ကလေးမလေးသည် သူမ၏ အစ်မဖြစ်သူမှာ အဘယ်ကြောင့် ထပ်ငိုနေရပြန်သည်ကို သိချင်နေခဲ့၏။
ဝက်ဆီထမင်းက အရမ်းစားကောင်းလွန်းလို့ ပျော်ပြီး မျက်ရည်ကျလာတာများလား။
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်နေခဲ့သည်။ ချန်ကျဲ့သည် သူမ၏ခံစားချက်များကို ခံစားမိသောကြောင့် သူမ၏ လက်လေးကို ဆုပ်ကိုင်ပေးရန် လက်လှမ်းလိုက်သည်။
စူးယွင်ကျင်းသည် သူမ၏လက်များအား နွေးထွေးမှုတစ်ခုမှ ဆုပ်ကိုင်လိုက်သည်ကို ခံစားမိလိုက်သည်။ သူမ တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ဖူးသည့် ခံစားချက်တစ်မျိုးဖြစ်လေရာ သူမ၏တည်ငြိမ်မှုမှာ ပျက်ပြားသွားရသည်။
ချန်ကျဲ့ စူးယွင်ကျင်းနားသို့ တီးတိုးကပ်ပြောလိုက်သည်။
“အကုန်လုံး အတိတ်မှာ ကျန်ခဲ့ပါပြီ။ အခုကစပြီးတော့ ငါ မင်းနဲ့ ရွေ့ရွေ့ကို တတ်နိုင်သမျှ အကောင်းဆုံးဘဝကို ပေးပါ့မယ်”
စူးယွင်းကျင်း ချန်ကျဲ့၏မျက်လုံးများကို မော့ကြည့်လာသည်။ သူမသည် ဤအမျိုးသား၏ နူးညံ့သောအကြည့်များထဲတွင် အရည်ပျော်သွားခဲ့ရသည်။ ဤအမျိုးသားသည် ဤမျှ နူးညံ့နိုင်သည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မတွေးထင်ခဲ့ဖူးပါချေ။
“စား စားကြရအောင်”
စူးယွင်ကျင်းနှင့် ချန်ကျဲ့တို့နှစ်ဦး အကြည့်ချင်းဆုံသွားခဲ့သည်။ ထို့နောက်တွင် စူးယွင်ကျင်းသည် ရှက်ရွံ့စွာဖြင့် မျက်လွှာချ အကြည့်လွှဲလိုက်သည်။ ချန်ကျဲ့၏ရှုထောင့်မှ ကြည့်သော် သူမ၏ နားရွက်လေးများ နီရဲသွားသည်မှာ ဆွဲဆောင်မှုရှိသော မက်မွန်သီးလေးများကဲ့သို့ တစ်ကိုက် ကိုက်ကြည့်ချင်စိတ် ပေါက်လာစေသည်။
ဂျွတ်!
စိတ်ခံစားချက်များ လွှမ်းမိုးသွားပြီး ချန်ကျဲ့ စူးယွင်ကျင်းကို တစ်ချက်နမ်းရှိုက်လိုက်သည်။ လန့်သွားသော စူးယွင်ကျင်းသည် မျက်နှာလေးကို အုပ်ကိုင်လျက် ရှက်ရွံ့မှုများ၊ မယုံကြည်နိုင်ခြင်းများဖြင့် နီမြန်းလာလေသည်။ ကလေးမလေး ရှိနေသည်ကို တွေးမိသောအခါ ချန်ကျိုစစ်သည် အလွန် ရဲတင်းလွန်းသည်ဟု သူမ တွေးလိုက်သည်။
ထိုစဉ် ကလေးမလေးသည် တစ်စုံတစ်ရာကို ကြားလိုက်သည့်အလား လူကြီးနှစ်ယောက်ကို မော့ကြည့်လာသည်။ ထို့နောက်တွင် ထိုထူးဆန်းသည့် လူကြီးနှစ်ယောက်ကို ဂရုမစိုက်တော့ဘဲ ဆက်လက်၍ စားနေတော့သည်။