← Chapters

ခံစားချက်များ တစ်စတစ်စ မြင့်တက်လာခြင်း

Vol. 2 Ch. 23

ခံစားချက်များ တစ်စတစ်စ မြင့်တက်လာခြင်း

Vol. 2 Ch. 23

နေ့လယ်စာစားခြင်းအမှုသည် အလျင်အမြန် ပြီးဆုံးသွားသည်။ ချန်ကျဲ့ ဗိုက်ကိုပုတ်၍ နေ့လယ်ခင်းတစ်ရေးအိပ်ရန် အခန်းထဲသို့ ပြန်သွားလိုက်သည်။

စူးယွင်ကျင်းသည် ပန်းကန်ဆေးခြင်း၊ အဝတ်လျှော်ခြင်း စသော အိမ်မှုကိစ္စများနှင့် အလုပ်ရှုပ်နေသည်။

ကလေးမလေးသည် ချန်ကျဲ့ပြောထားသည့်အတိုင်း ဝက်ဆီဖတ်တစ်ပန်းကန်ကိုယူ၍ တံခါးနားတွင် ထိုင်ခုံချပြီး ဝက်ဆီဖတ်များကို တဂျွတ်ဂျွတ် ဝါးစားနေသည်။ အချိန်ခဏလေးအတွင်း၌ တစ်ဝက်ခန့်သည် သူမ၏ဗိုက်ထဲသို့ ရောက်သွားခဲ့သည်။

အခြားကလေးများ ရောက်မလာမီ၌ပင် အကုန်စားကုန်သွားနိုင်လောက်၏။

သို့သော် ကလေးများသည် အရသာရှိသောအနံ့၏ ဆွဲဆောင်မှုကြောင့် အချိန်ကိုက်ရောက်လာခဲ့ကြသည်။ အရွယ်သေး၊ အရွယ်ကြီးများ အစုံအလင်ပါဝင်သော ကလေးတစ်အုပ်သည် ဝက်ဆီများကို ပျော်ပျော်ရွှင်ရွှင်စားနေသည့် ကလေးမလေးကိုကြည့်၍ တံတွေးမျိုချမိကြလေသည်။

ကလေးမလေးသည် ထိုကလေးတစ်အုပ်ကို သေချာမကြည့်ဘဲ အစားစားသောက်ခြင်းကိုသာ အာရုံစိုက်နေသည်။

ထို့နောက်တွင် ၅နှစ်အရွယ်ကောင်လေးတစ်ယောက်သည် မထိန်းချုပ်နိုင်တော့ဘဲ စူးယွင်ရွေ့အနီးသို့ ချဉ်းကပ်၍ မေးလာခဲ့သည်။

“နင် ဘာတွေစားနေတာလဲ”

ကလေးမလေးသည် ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောသည်။

“ဝက်ဆီဖတ်ကြော်”

“ဂလု- အရမ်းမွှေးတာပဲ၊ ငါ အဲဒါကို နှစ်သစ်ကူးတုန်းက စားဖူးသလိုပဲ”

“ဟုတ်လား”

“အင်း ငါ့ကို နည်းနည်းကျွေးလို့ရမလား”

ကောင်လေးမှ မဝံ့မရဲမေးသည်။

ကလေးမလေးသည် ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောသည်။

“ဒါဆို နင် နောက်ဆို ငါနဲ့အတူ ကစားရမယ်နော်”

ကောင်လေးသည် တွေဝေသွားပြီး ခဏမျှ ပြန်စဉ်းစားသည်။ ထို့နောက် ပြန်ပြောသည်။

“နင်ငါ့ကိုကျွေးရင် ငါနင်နဲ့ အတူကစားမယ်”

“တစ်ခုယူ”

ကလေးမလေးသည် ကောင်လေးကို ဝက်ဆီကြော်တစ်ဖတ် ကမ်းပေးလိုက်သည်။ ကောင်လေးသည်လည်း ယူလိုက်ပြီး ပါးစပ်ထဲသို့ ချက်ချင်း ပစ်ထည့်လိုက်ပြီး ပျော်ရွှင်စွာ ကိုက်ဝါးနေတော့သည်။

ထိုကောင်လေး တကယ်ကြီး စားခွင့်ရသည်ကို မြင်သောအခါ အခြားကလေးများသည်လည်း ဝိုင်းအုံလာကြသည်။

‘ငါလည်း နင်နဲ့ အတူကစားမယ်”

“ငါလည်း နင်နဲ့ ကစားမယ်…”

ရုတ်တရက်ဆန်လှစွာ ကလေးအားလုံးသည် စူးယွင်ရွေ့နှင့် ကစားချင်လာကြသည်။ စူးယွင်ရွေ့သည် ကလေးများကို ဝက်ဆီကြော် တစ်ယောက်တစ်ဖတ်စီ ကျွေးနေခဲ့ပြီး နောက်ဆုံးကျန်ရစ်သည့် ၄နှစ်အရွယ်ကောင်လေးအလှည့်သို့ ရောက်သောအခါ ရပ်သွား၏။

စူးယွင်ရွေ့၏ ပန်းကန်ထဲတွင် ဝက်ဆီကြော်တစ်ဖတ်သာ ကျန်ရစ်တော့သည်။

“ငါလည်း နင်နဲ့ အတူကစားမယ်”

ကောင်လေးသည် နောက်ဆုံးသော ဝက်ဆီကြော်တစ်ဖတ်ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။ စူးယွင်ရွေ့သည်လည်း နောက်ဆုံးတစ်ဖတ်ကို အလွန်စားချင်နေခဲ့သည်။

သူမသည် ကောင်လေးအား မျက်နှာတည်ဖြင့်ကြည့်လျက် ပြောသည်။

“ငါ… နင်နဲ့ မကစားလို့ ရမလား”

ကောင်လေးသည် ထိုစကားကိုကြားသောအခါ စူးယွင်ရွေ့ကိုတစ်လှည့် ပန်းကန်ထဲရှိ နောက်ဆုံးသော ဝက်ဆီကြော်ကို တစ်လှည့်ကြည့်၍ မျက်ရည်များ စီးကျလာသည်။ စူးယွင်ရွေ့ ချက်ချင်း စိတ်မကောင်းဖြစ်သွား၏။

“ကောင်းပြီ ကောင်းပြီ၊ ငါတို့ အတူတူကစားကြမယ်၊ အတူတူကစားကြမယ်”

စူးယွင်ရွေ့ ကောင်လေးအား နောက်ဆုံးသော ဝက်ဆီကြော်တစ်ဖတ်ကို ကမ်းပေးလိုက်သည်။ ကောင်လေးသည် ငိုရင်းဖြင့် ဆတ်ခနဲဆွဲယူပြီး စား၏။ နှုတ်ခမ်းသတ်နေသည့်ကောင်လေးကို သူမ မေးလိုက်သည်။

“စားကောင်းလား”

“အင်း အင်း”

ကောင်လေးမှ ခေါင်းညိတ်သည်။ စူးယွင်ရွေ့ ကူကယ်ရာမဲ့စွာဖြင့် ပြော၏။

“ကြည့်ရုံနဲ့တင် ငါ့ကိုသွားရည်ကျစေတယ်~ ရှလွတ်”

ထိုနေ့ နေ့လယ်တွင် စူးယွင်ရွေ့သည် မင်းသမီးလေးတစ်ယောက်ကဲ့သို့ ဆက်ဆံခံရခြင်းမှာ အဘယ်သို့ဖြစ်သည်ကို တွေ့ကြုံခံစားခဲ့ရသည်။ ကလေးများ၏ကမ္ဘာသည် အလွန်ရိုးရှင်း၏။ သူတို့သည် စူးယွင်ရွေ့၏ အစားအသောက်ကို စားခဲ့ပြီးနောက် စူးယွင်ရွေ့ကို ဂရုစိုက်ပေးကြသည်။

အရင်က စူး‌ယွင်‌ရွေ့ကို ပေးမကစားခဲ့သည့် ဝက်ခြေထောက်အရုပ်လေးကို သူမအား အရင် ကစားခွင့်ပေးလာခဲ့သည်။

အရင်က စူးယွင်ရွေ့ကို လျစ်လျူရှုခဲ့သော ကလေးများသည် သူမကို စကား စပြောလာကြသည်။

စူး‌ယွင်ရွေ့သည် မိမိမှာ ကလေးများ၏ဘုရင်တစ်ပါး ဖြစ်လာသကဲ့သို့ အချိန်တစ်ခုကြာ ခံစားလိုက်ရပေသည်။

ထိုစဉ် ခြံဝင်းထဲရှိ စူးယွင်ကျင်းသည် ထိုမြင်ကွင်းကိုကြည့်၍ ပြုံးနေခဲ့သည်။ ထို့နောက် အိမ်ထဲသို့ လှည့်ကြည့်သည်။ - ဤပြောင်းလဲမှုအားလုံးသည် ထိုအမျိုးသား၏ ပြောင်းလဲမှုမှ အရင်းခံလာခဲ့ခြင်းဖြစ်သည်။

ချန်ကျဲ့ အိပ်ရာနိုးလာသောအခါ အပြင်ဘက်တွင် ပျော်ရွှင်စွာ ကစားနေသည့် စူးယွင်ရွေ့ကို တွေ့ရသည်။ သို့သော် စူးယွင်ကျင်းကို မတွေ့ရပေ။ ချန်ကျဲ့ စူးယွင်ရွေ့ကို မေးလိုက်သည်။

“ရွေ့ရွေ့ မင်းမမ ဘယ်ရောက်နေလဲ”

မြင်းစီးတိုက်ခိုက်ခြင်းကစားနည်းတွင် ကောင်လေးတစ်ယောက်၏ ကျောပေါ်တက်စီးနေသည့် စူးယွင်ရွေ့မှ ပြောသည်။

“မမရယ် ခြင်းတောင်းယူသွားတယ်၊ တောဟင်းရွက်တွေ သွားတူးတာထင်တယ်”

ချန်ကျဲ့ ထိတ်လန့်သွားခြင်းနှင့်အတူ စိတ်နှလုံးလည်း လှုပ်ခါသွားရသည်။

စူးယွင်ကျင်းသည် ဘယ်သောအခါမှ အနားမယူပေ။

ချန်ကျဲ့လည်း ပျင်းရိသောကြောင့် အိမ်ထဲတွင်သာ တင်ပျဉ်ခွေထိုင်၍ ယန်ချွမ်ကျင့်စဉ်ကို စတင်ကျင့်ကြံသည်။ လေ့ကျင့်သည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အခြေအနေသည် နေ့စဉ်နှင့်အမျှ တိုးတက်လာနေသည်ကို ခံစားရသည်။

ဒါက ငါရဲ့အရင်ဘဝတုန်းက ချီသိုင်းပညာဆိုတာမျိုးများလား။

ချန်ကျဲ့ ဤကမ္ဘာ၏ သိုင်းပညာကို သင်ယူလို၏။ သို့သော် လေ့ကျင့်မှု မစတင်မီ၌ ခိုင်ခံ့သော အခြေခံအုတ်မြစ် ‌တည်ဆောက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်းကို ‌နားလည်သည်။

သို့ဖြင့် နေ့လယ်ခင်းအချိန် ကုန်လွန်သွားခဲ့သည်။

စူးယွင်ကျင်း အိမ်ပြန်ရောက်လာပြီး ညစာချက်ပြုတ်သည်။ တောဟင်းရွက်နှင့် တို့ဟူးအနှစ်စွပ်ပြုတ်၊ ပြောင်းဆန်မုန့်ပြားတို့ဖြင့် ညစာစားခဲ့ကြသည်။

၎င်းသည် ရိုးရှင်းသော ညစာတစ်နပ်ဖြစ်သော်ငြား မိသားစုဝင်များသည် အလွန်ပျော်ရွှင်ခဲ့ကြသည်။ ဤသို့ အဆင့်မြင့်သောအစားအသောက်များကို ရွာသားများသည် ပွဲတော်နေ့များတွင်သာ စားရလေ့ရှိ၏။

ဤခေတ်၏ သာမန်လူတန်းစားများအတွက်မူ တစ်နှစ်ပတ်လုံး အသားငါးမစားရဘဲ ဖြတ်သန်းရခြင်းမှာ ပုံမှန်ဖြစ်သည်။

ကလေး‌မလေးနှင့် စူးယွင်ကျင်းတို့ နှစ်ဦးလုံးသည် တောဟင်းရွက်နှင့် တို့ဟူးအနှစ်စွပ်ပြုတ်ဟင်းလျာကို အလွန်စိတ်ကျေနပ်ကြပါ၏။

ဗိုက်ပြည့်သွားပြီးနောက်တွင် စူးယွင်ကျင်းသည် ပန်းကန်ဆေးသည်။ ကလေးမလေးသည် ချန်ကျဲ့ဆီ အပြေးရောက်လာပြီး သူမ၏တစ်နေ့တာစွန့်စာခန်းများအကြောင်းနှင့် သူမ မည်မျှပျော်ရွှင်ခဲ့ရသည်တို့ကို ပြောပြနေသည်။

ကလေးမလေး ဤသို့ပုံစံကိုမြင်ရသည်တွင် ချန်ကျဲ့ပြုံးလိုက်ပြီး ခေါင်းလေးကို ဖွဖွပုတ်ပေးလိုက်သည်။

အားလုံးရှင်းလင်းသိမ်းဆည်းပြီးနောက် ညအမှောင်ကျရောက်လာခဲ့သည်။ စူးယွင်ကျင်းသည် ကိုယ်ကိုကိုင်း၍ ချန်ကျဲ့အတွက် အိပ်ရာပြင်ပေးနေသည်။ ချန်ကျဲ့သည် သူမ၏ ကိုယ်ကိုကိုင်းထားသော ပုံရိပ်လေးမှ လှပတင့်တယ်သော ခန္ဓာကိုယ်ကောက်ကြောင်းကို စူးစမ်းကြည့်ရှုနေသည်။ ချန်ကျဲ့ စူးယွင်ကျင်းကို အသိအမှတ်ပြုမိခြင်းအား မလွှဲရှောင်နိုင်ပေ။

၎င်းမှာ ယောင်္ကျားတစ်ယောက်မှ သန့်ရှင်းစင်ကြယ်စွာ အလှအပအား အသိအမှတ်ပြုခြင်း ဖြစ်ပါ၏။

စူးယွင်ကျင်း အိပ်ရာခင်းပြီး၍ ပြန်လှည့်ထွက်သောအခါ ချန်ကျဲ့၏ သိသာသော အကြည့်များကို မြင်လိုက်ရ၏။ စူးယွင်ကျင်းသည် ထိတ်ပျာသွားခဲ့ပြီး အတွင်းခန်းထဲသို့ အလျင်စလို ပြေးဝင်သည်။

ချန်ကျဲ့ စူးယွင်ကျင်းကို လှမ်းဆွဲလိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။ စူးယွင်ကျင်းမှာ မထိန်းချုပ်နိုင်စွာ အော်သံပြုမိလိုက်၏။

“အား”

ချန်ကျဲ့သည် စူးယွင်ကျင်း၏ခါးလေးကို လက်မောင်းများဖြင့် ပွေ့ဖက်ထားပြီး သစ်ခွပွင့်များအလား နူးညံ့သည့်လေသံဖျော့လေးဖြင့် နားသို့ကပ်ပြောလိုက်သည်။

“မင်း ဒီနေ့ည အပြင်ခန်းမှာ အိပ်ပါ”

စူးယွင်ကျင်း၏မျက်နှာ နီမြန်းသွား၏။ သို့သော် စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ရွေ့ရွေ့ ရှိနေတယ်နော်။ ကျွန်မကို အမြန်လွှတ်”

“မလွှတ်ရင်ရော”

ချန်ကျဲ့မှ သူမ၏ ကိုယ်လေးသို့ကပ်၍ အသက်ရှူသွင်းလိုက်ရာ စူးယွင်ကျင်း၏တစ်ကိုယ်လုံး အားအင်ဆုတ်ယုတ်သွားသည့်အလား ခံစားလိုက်ရသည်။ ဒီနေ့ညတွင်တော့ ချန်ကျဲ့၏လက်မှ မလွတ်မြောက်နိုင်တော့ဟု သူမ တွေးနေစဉ်တွင် ချန်ကျဲ့သည် ရုတ်တရက် သူမကို လွှတ်ပေးလိုက်သည်။ စူးယွင်ကျင်း ချန်ကျဲ့ကို လှည့်ကြည့်လိုက်သည်။ သူမကို အဘယ်ကြောင့် လွှတ်ပေးလိုက်သည်ကိုလည်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

ထို့နောက် ‌ချန်ကျဲ့မှ အပြုံးဖြင့် ပြောလာသည်။

“မင်း ဆန္ဒမရှိဘူးဆိုရင် ငါမင်းကို တွန်းအားမပေးပါဘူး”

စူးယွင်ကျင်းမှာ ရုတ်တရက် ခံစားချက်များ လှိုက်တက်သွားရသည်။

ဒီအမျိုးသားဟာ ဘယ်လောက်တောင် နူးညံ့လိုက်သလဲ။

စူးယွင်းကျင်းမှာ အနေခက်စွာဖြင့် မည်သို့မည်ပုံ တုံ့ပြန်သင့်ကြောင်း အဖြေရှာနေစဉ် အတွင်းခန်းထဲမှ အသံတစ်ခုသည် သူမကို ခေါ်လာခဲ့သည်။

“မမ~”

စူးယွင်ကျင်း ချန်ကျဲ့ကို မော့ကြည့်လိုက်သည်။

“သွားလေ”

ချန်ကျဲ့သည် အမြဲနားလည်မှုရှိ၏။ စူးယွင်ကျင်းသည် နှုတ်ခမ်းများကို ဖိကိုက်၍ ဆောင်းဦးရာသီရေကြည်ကဲ့သို့ နှစ်လို‌ဖွယ်သော အကြည့်များဖြင့် ချန်ကျဲ့ကို မော့ကြည့်လာခဲ့ကာ ပြောခဲ့သည်။

“ကျွန်မကို အချိန်နည်းနည်းပေးပါ”

ထိုသို့ပြောခဲ့ပြီးနောက် စူးယွင်ကျင်းသည် တစ်စုံတစ်ခုထံမှ ထွက်ပြေးနေသည့် လူတစ်ယောက်အလား အတွင်းခန်းထဲသို့ ပြေးဝင်လာခဲ့သည်။ ထို့နောက် တံခါးပိတ်လိုက်ပြီး တံခါးကိုမှီ၍ စိတ်နှလုံးမှာ အတွေးများဖြင့် လေးလံနေသည်။

ကလေးမလေးသည် စူးယွင်ကျင်းအား ရှုပ်ထွေးနေဟန်ဖြင့် ကြည့်၍ မေးလာသည်။

“မမ ဘာဖြစ်လို့လဲ။ အစ်ကိုကြီးက မမကို အနိုင်ကျင့်လို့လား”

“မဟုတ်ပါဘူး၊ အိပ်ရအောင်”

စူးယွင်ကျင်းသည် စိတ်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် ဖြေး‌နှေးစွာဖြင့် အိပ်ရာပေါ်သို့ တက်လိုက်သည်။ ကလေးမလေးမှ ပြော၏။

“မမ တံခါးမင်းတုံးမချ‌ရသေးဘူး”

စူးယွင်ကျင်း တံခါးမင်းတုံးကို တစ်ချက်ကြည့်လိုက်သည်။

“မလိုပါဘူး”

“အင်း”

ကလေးမလေးသည် နားလည်သလိုရှိသော်ငြား ရှုပ်ထွေးနေဟန်ဖြင့် ပြန်တုံ့ပြန်လာသည်။

အရင်က စူးယွင်ကျင်းသည် ချန်ကျိုစစ်၏ ‌‌စိတ်လိုက်မာန်ပါအပြုအမူများကို ကြောက်ရွံ့သောကြောင့် ညဘက်တွင် တံခါးမင်တုံးချပြီး အိပ်လေ့ရှိခဲ့သည်။ သို့သော် ဒီနေ့တွင်တော့ တခါးမင်းတုံး မချတော့ပေ။

ချန်ကျဲ့သည် စူးယွင်ကျင်းထွက်သွားရာဘက်သို့ ငေးကြည့်နေရင်းမှ ခေါင်းခါယမ်းလိုက်သည်။ တို့ဟူးအပူကို အမြန်ကြီး စားလို့မရဘူးလေ။

အတိတ်ကာလများတွင် သူမအပေါ် သူပြုလုပ်ထားခဲ့သည့် ထိခိုက်နာကျင်စေမှုများမှာ အလွန်များပြားပြင်းထန်လွန်း၏။ ယခုအချိန်တွင် သူမကို ဖိအားပေးတိုက်တွန်းခြင်းသည် စိတ်ပိုင်းဆိုင်ရာထိခိုက်ဒဏ်ရာများ ကျန်ရစ်စေနိုင်လိမ့်မည်။ သို့ဖြစ်ရာ ကိစ္စများကို ဖြည်းဖြည်းချင်း တိုးတက်စေခြင်းသာလျှင် ပို၍ကောင်းမွန်ပေလိမ့်မည်။

အနည်းဆုံးတော့ အရာအားလုံးသည် အကောင်းဘက်သို့ ပြောင်းလဲနေခြင်းဖြစ်သည်။ မကြာမြင့်သည့် အချိန်အတွင်း ဤငန်းလေး၏လိုက်လျောမှုကို ရယူနိုင်ပြီး ပျော်ရွှင်နိုင်လိမ့်မည်ဟု ချန်ကျဲ့ ယုံကြည်ပါသည်။

အိပ်ရာထက်တွင် လှဲလျောင်း၍ မကြာမီတွင် ချန်ကျဲ့ အိပ်ပျော်သွားခဲ့သည်။ သို့သော် ညသန်းခေါင်အချိန်တွင် ချန်ကျဲ့ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ လေးနာရီ၊ ငါးနာရီခန့်သာ အိပ်စက်ရသေးသော်ငြား ယန်ချွမ်ကျင့်စဉ်ကို အသုံးပြုထားခြင်းကြောင့် သူ၏စိတ်ဝိဉာဉ်သည် တက်ကြွကြည်လင်နေပေသည်။

ချန်ကျဲ့ အိပ်ရာနိုးလာရခြင်းမှာ အိပ်ရေးဝသွားသောကြောင့် မဟုတ်ပါချေ။ စနစ်၏ အသိပေးသံကြောင့် နိုးလာခြင်းဖြစ်သည်။

နေ့စဉ်သတင်းအချက်အလက်များကို ထပ်မံအသစ်တိုးတက်စေခဲ့ပြီးဖြစ်သည်။

“ဇယား”

ချန်ကျဲ့ အချက်အလက်ဇယားကို ဆင့်ခေါ်လိုက်သည်။

All Chapters