နောက်ဆုံးရအချက်အလက်များ
Vol. 2 Ch. 24
[ဒီနေ့အတွက် နောက်ဆုံးရအချက်အလက်များကို မြှင့်တင်ပြီးပါပြီ (အဆင့် ၁)]
[၁၊ ဒီနေ့ သင် သမားတော်ပိုင်ကို ကယ်တင်ခဲ့ခြင်းမှ ရရှိခဲ့တဲ့ အချက်အလက်ဖြစ်ပါတယ်။ သမားတော်ပိုင်က သင့်ကို ငွေသုံးတုံးနဲ့ စမ်းသပ်ခဲ့ပေမဲ့ သင် ငွေသုံးတုံးကို လက်မခံခဲ့ပါဘူး။ သမားတော်ပိုင်က အဲဒါကြောင့် သင့်ကို လေးစားသွားပြီး မနက်ဖြန်ကျရင် သင့်ကို သူ့ရဲ့အလုပ်သင်အဖြစ် ခန့်ဖို့ လာကမ်းလှမ်းပါလိမ့်မယ်]
[၂၊ ဒီနေ့ သင် ဝူကျုံးရဲ့ လေ့ကျင့်ရေးကျောက်တုံးနဲ့ ထိတွေ့မှုရှိခဲ့ခြင်းမှ ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ ဝူကျုံးက အသက်အရွယ်ကြီးရင့်လာပြီး အားအင်လည်း အနည်းငယ် ယုတ်လျော့လာနေပါတယ်။ ဒီရက်တွေအတွင်းမှာ သူက တက်တက်ကြွကြွလေ့ကျင့်၊ အားဆေးတွေလည်း သောက်ပြီးတော့ ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးအတွက် ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်]
[၃၊ ဒီနေ့ သင် မာလျို့နဲ့ ဆုံတွေ့ခဲ့ခြင်းမှ ရရှိတဲ့အချက်အလက် ဖြစ်ပါတယ်။ မာလျို့က ယွီရတနာစံအိမ်ရဲ့ သခင်လေးယွီစန်းလျို့ရဲ့ တန်ဖိုးထားခံရသူဖြစ်ပါတယ်။ ယွီသခင်လေးက မာလျို့ကို ပြင်ပလေ့ကျင့်ရေးကွန်ဖူးကို သင်ကြားပေးထားတာကြောင့် သာမန်လူသုံးလေးယောက်က သူ့အနားကပ်ဖို့ ခက်ခဲပါတယ်]
[၄၊ ဒီနေ့ သင် ယွီရတနာစံအိမ်ရှေ့မှ ဖြတ်သွားခဲ့ခြင်းကြောင့် ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီရတနာစံအိမ်ရဲ့ မိသားစုအကြီးအကဲဖြစ်တဲ့ ယွီပင်းက ချောင်ကုန်သည်အဖွဲ့ဝင်ဖြစ်ပြီးတော့ အသားအရေအကာအကွယ်အဆင့်ကို ထိုးဖောက်ခဲ့ပြီးပါပြီ။ သူက အခု အသားအကာအကွယ်ကို ထိုးဖောက်တက်လှမ်းနိုင်ပြီး မင်ကျင့်မဟာအောင်မြင်မှုကြီးကို ရရှိဖို့အတွက် ကောင်းကင်ရတနာ၊ မြေရတနာတွေကို ရှာဖွေနေပါတယ်။ သူလည်း ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးကို ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာပါ]
[၅၊ ဒီနေ့ သင် ယွီရတနာစံအိမ်ကို ဖြတ်သွားခဲ့ခြင်းမှ ရရှိတဲ့အချက်အလက်ဖြစ်ပါတယ်။ ယွီရတနာစံအိမ်ရဲ့ သခင်လေးယွီစန်းလျို့က စူးယွင်ကျင်းကို တပ်မက်နေပြီး သူမကို အိပ်ယာပေါ်မှာ ညှဉ်းပန်းနှိပ်စက်ချင်နေပါတယ်။ အဲဒီကိစ္စအတွက် မာလျို့ကို ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်]
အချက်အလက်စနစ်သည် အဆင့်၁သာ ရှိသေးသောကြောင့် အသုံးဝင်သည့် သတင်းအချက်အလက်၅ခုသာလျှင် ပြသပေးနိုင်သည်။ ထို့ကြောင့် ချန်ကျဲ့မှာ ပိုမိုသိရှိလိုသော ခံစားချက်ကြီး ကျန်ရစ်နေခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချက်အလက်တစ်ခုစီတိုင်းသည် သူ့အတွက် အလွန်အရေးကြီးသောကြောင့် ဖြစ်၏။
နံပါတ်တစ်အချက်အလက်ကို ဥပမာဆိုရသော် ချန်ကျဲ့ အနာဂတ်အတွက် ချထားခဲ့သည့် အစီအစဉ်သည် အကျိုးသက်ရောက်မှုရှိသည်ဟု ဆိုနိုင်ပေသည်။ သမားတော်ပိုင်သည် ချန်ကျဲ့ကို အလုပ်သင်အဖြစ် ခေါ်ယူရန် ဆန္ဒရှိနေ၏။ ဆိုလိုသည်မှာ ချန်ကျဲ့သည် သမားတော်ပိုင်နှင့် ဆက်ဆံမှုရှိတော့မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဝူကျုံးနှင့် အဆက်အသွယ်ရှိနိုင်လိမ့်မည်။ သို့ဖြင့် နောက်ဆုံးတွင် ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်မည့် သူ၏အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဟု ဆိုလိုပေသည်။
အသက်မွေးဝမ်းကြောင်းအတွက် အလားအလာသည် ယခင်ထက်ပို၍ တောက်ပလာလေပြီ။
စူးညီအစ်မအတွက်လည်း ယုံကြည်အားထားရသော ဝင်ငွေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်လိမ့်မည်။
နံပါတ်၂အချက်သည် ဝူကျုံးနှင့် ဆက်နွယ်မှုရှိသော သမားတော်ပိုင်၏ ခြံဝင်းထဲရှိ ကျောက်တုံးများကို ထိကိုင်မိခြင်းမှ ရရှိခဲ့သော အချက်အလက်ဖြစ်သည်။
အချက်အလက်များအရ ဝူကျုံးသည် ရှန်းထောင်မြို့၏ ရွာအကြီးအကဲရာထူးကို ယှဥ်ပြိုင်ရအတွက် ပြင်ဆင်မှုအားဖြင့် လေ့ကျင့်ရေးနည်းလမ်းများကို ရှာဖွေနေပြီး သူ၏ခန္ဓာကိုယ်ကို အင်အားဖြည့်တင်းနေခဲ့သည်။
ရွာအကြီးအကဲရာထူးသည် မြို့တော်ဝန်နှင့် ဆင်တူပြီး အထက်မက်မွန်၊ ကျုံးထောင်၊ အောက်မက်မွန်နှင့် ရှန်းထောင်ရွာများအားလုံးကို အုပ်ချုပ်ခွင့်ရသောကြောင့် သူ၏အာဏာသည် လုံးဝ မသေးငယ်ပါချေ။
ထို့ပြင် ထိုအချက်အလက်နှင့် နံပါတ်၄အချက်အလက်ကို ဆက်စပ်လိုက်လျှင် ယွီရတနာစံအိမ်၏ မိသားစုအကြီးအကဲ ယွီပင်းသည်လည်း ရှန်းထောင်မြို့၏ ရွာအကြီးအကဲရာထူးကို ယှဉ်ပြိုင်ရန်အတွက် အသားအကာအကွယ်ကို ထိုးဖောက်တက်လှမ်း၍ အင်အားတိုးတက်ရန် ကြိုးစားနေကြောင်း သိရှိနိုင်သည်။
ထို့ပြင် ယွီပင်း၌ ချောင်ကုန်သည့်အဖွဲ့၏ နောက်ခံလည်းရှိသည်။
သို့ဖြစ်ရာ ချန်ကျဲ့သည် ပြီးပြည့်စုံသော အချက်အလက်ကို ရရှိခဲ့ခြင်းဖြစ်၏။ ဝူကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့ကို ကိုယ်စားပြုပြီး ယွီပင်းသည် ချောင်ကုန်သည်အဖွဲ့ကို ကိုယ်စားပြုသည်။ အပေါ်ယံတွင် ထိုလူနှစ်ဦးသည် ရှန်းထောင်မြို့၏ ရွာအကြီးအကဲရာထူးအတွက် ယှဉ်ပြိုင်နေသည်ဟု ထင်ရသော်ငြား တကယ်တမ်းတွင် ကုန်သည်အဖွဲ့နှစ်ခုသည် အောက်ခြေလူတန်းစားများကို ထိန်းချုပ်ခွင့်အတွက် ကြိုးပမ်းအားထုတ်နေကြသည့် ဖြစ်နိုင်ချေမှာ အလွန်များသည်။
ထို့ပြင် အချက်အလက်များမှ ယွီပင်းသည် အသားအကာအကွယ်ကို ထိုးဖောက်၍ မင်ကျင့်မဟာအောင်မြင်မှုကြီးသို့ ဝင်ရောက်နိုင်ရန် ကောင်းကင်ရတနာ၊ မြေရတနာများကို စုဆောင်းရှာဖွေနေခြင်းကဲ့သို့သော အခြားအချက်အလက်များကိုလည်း ကောက်ချက်ချနိုင်သည်။
၎င်းအချက်သည် ယွီပင်းသည် မင်ကျင့်မဟာအောင်မြင်မှုသို့ ဝင်ရောက်ခြင်းသည် သူ့အား ဝူကျုံးကို အနိုင်ရယူနိုင်စေမည်ဟု ယုံကြည်နေကြောင်း ညွှန်ပြနေသည်။ သို့ဖြစ်ရာ ဝူကျုံးသည် အသားအကာအကွယ်ကို ထိုးဖောက်တက်လှမ်းခြင်း မရှိသေး၊ သို့မဟုတ် ထိုးဖောက်တက်လှမ်းပြီးခဲ့လျှင်သော်မှ ဝူကျုံး၏အင်အားသည် လျော့နည်းနေသည်ဟု ညွှန်ပြနေပေသည်။
ထိုအချက်ကိုကြည့်ခြင်းအားဖြင့် ရှန်းထောင်မြို့၏ အင်အားအကြီးမားဆုံးသူများသည် အသား အကာအကွယ်အဆင့်ဖြစ်ကြောင်းကို သိရှိနိုင်သည်။
ချန်ကျဲ့ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာပြီး အနှစ်ချုပ်လိုက်သည်။
လက်ရှိတွင် သူနှင့် အသက်ဆိုင်ဆုံးသော အချက်အလက်များမှာ နံပါတ်တစ်အချက်နှင့် နံပါတ်ငါးအချက်များ ဖြစ်သည်။
ထိုအချက်အလက်နှစ်ခုသည် အကြောင်းအရာတစ်ခုကို ပြောပြနေ၏။ အဘယ်အကြောင်းကြောင့် မသိပေ သူ၏ဇနီး စူးယွင်ကျင်းသည် ယွီပင်း၏သား ယွီစန်းလျို့၏ မျက်စိကျခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ယွီစန်းလျို့သည် ချန်ကျဲ့မှ စူးယွင်ကျင်းကို သူ့ထံ ဆက်သရန် အတင်းအကျပ် ခိုင်းစေလိုသည်။ မာလျို့သည် ဤကိစ္စကို တာဝန်ယူထားသူဖြစ်၏။
ထို့ပြင် မာလျို့သည် သိုင်းကျင့်ကြံသူတစ်ဦးဖြစ်သည်။ မာလျို့သည် သိုင်းပညာရှင်အဖြစ်သို့ မရောက်ရှိသေးသော်ငြား သာမန်လူများမှ ကိုင်တွယ်နိုင်မည့်သူလည်း မဟုတ်ချေ။ လူသုံးလေးငါးယောက် အနားကပ်ရန်ပင် ခက်ခဲသည်ဟုဆိုရာ အတော်လေး အထင်ကြီးစရာကောင်းပေသည်။ ချန်ကျဲ့ထက်ပင် ပို၍ အင်အားကြီးမားသေးသည်။
သေချာပေါက်ပင် ထိုသို့ဖြစ်ရခြင်းမှာ ချန်ကျဲ့သည် နည်းစနစ်ကျသော တိုက်ခိုက်ရေးပညာကို မလေ့ကျင့်ရသေးသောကြောင့် ဖြစ်ပါသည်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုသာ နှိုင်းယှဉ်လိုက်လျှင် ချန်ကျဲ့မှာ အများကြီး နောက်ကျကျန်ခဲ့မည်ဟု မထင်ပါချေ။
မဖြစ်ဘူး။ ငါဒီကမ္ဘာရဲ့သိုင်းပညာကို သင်ဖို့နည်းလမ်းရှာရမယ်။ ဒီယန်ချွမ်ကျင့်စဉ်က အရမ်းအင်အားကြီးမားတာကို ငါ ခံစားသိနိုင်ပေမဲ့ သူ့မှာ တိုက်ခိုက်မှုစွမ်းရည် မပါဝင်ဘူး။
အဲဒီလိုသာဆို အလုပ်ဖြစ်မှာ မဟုတ်ဘူး။
ပြီးတော့ ယွီစန်းလျို့နဲ့ မာလျို့ရဲ့ ငါ့ဇနီးအပေါ် မလျှော့တမ်းစွဲလမ်းနေတာကြီးက ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး!
ချန်ကျဲ့၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တောက်လောင်သွားသည်။
ချန်ကျဲ့သည် စောင့်ကြည့်ခံရသည့် ခံစားချက်ကို မကြိုက်ပေ။ ထိုသို့ကြုံတွေရသည်နှင့် ၎င်းကိုချေမှုန်းပစ်ရန် နည်းလမ်းရှာဖွေရမည်ကို သူနားလည်၏။ သို့သော် ကံဆိုးစွာဖြင့် သူ၏ကိုယ်ပိုင်အင်အားမှာ မလုံလောက်ပေ။ အချိန်ကောင်းနှင့် အခွင့်အရေးကိုစောင့်ဆိုင်းပြီး… ဦးဆောင်ထိုးနှက်ချက်ဖြင့် အပြတ်အသတ်ထိုးနှက်ပစ်ရမည် ဖြစ်သည်။
ချန်ကျဲ့ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် အနားယူရန် အချိန်မဟုတ်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် ထထိုင်လိုက်ပြီး ယန်ချွမ်ကျင့်စဉ်ကို ထပ်မံလေ့ကျင့်သည်။
တစ်ညတာသည် အထူးတလည် အဖြစ်အပျက်များမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့နံနက် ချန်ကျဲ့ တင်ပျဉ်ခွေထိုင်၍ တရားထိုင်နေစဉ်တွင် အတွင်းတံခါး တိတ်တိတ်လေး တွန်းဖွင့်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ စူးယွင်ကျင်းသည် အင်္ကျီကြယ်သီးများကို တပ်ရင်း အခန်းထဲမှ ထွက်လာခဲ့ပြီး မနက်စာချက်ပြုတ်ရန် ပြင်ဆင်သည်။
သို့သော် စူးယွင်ကျင်းသည် အခန်းအပြင်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ထိုင်လျက် အနေအထားဖြင့် သူမကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသော ချန်ကျဲ့ကို သတိထားမိလိုက်သည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွား၏။
စူးယွင်ကျင်းသည် ချန်ကျဲ့မှာ ဤအချိန်ကြီး အိပ်ရာနိုးနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ မနက်စာပြင်ဆင်ပြီးသည့်တိုင် ချန်ကျဲ့ အိပ်ရာနိုးမည့်အချိန်ကို အမြဲတမ်းလိုလို အကြာကြီး စောင့်ဆိုင်းရတတ်သည် မဟုတ်ပါလော။
ဒါပေမဲ့ ဒီနေ့က?
ချန်ကျဲ့ စူးယွင်ကျင်းကို ကြည့်နေသည်။ သူမ၏ လက်များသည် အင်္ကျီကြယ်သီးတပ်နေခဲ့သည့်တိုင် လည်တိုင်သားဖြူဖြူမှာ ပေါ်လွင်နေခဲ့ပြီး ပို၍သေချာကြည့်လိုက်သော် အနီရောင်အတွင်းခံကို မြင်နေခဲ့ရသည်။ ထို့ပြင် ၎င်းအနီရောင်အတွင်းခံတွင် ပန်းထိုးထားသည့် ဝံ့ကြွားဟန်ရှိသော ဘဲရုပ်သဏ္ဍာန်ကိုပင် ဝိုးတဝါး မြင်တွေ့ခဲ့ပေသည်။
အရမ်းဖြူတာပဲ!
၎င်းမှာ ချန်ကျဲ့၏စိတ်ထဲသို့ ဝင်ရောက်လာသည့် တစ်ခုတည်းသော အတွေးဖြစ်၏။ စူးယွင်ကျင်းသည်တော့ လန့်သွားလျက် သူမ၏ရင်ဘတ်ကို အလျင်စလို ဖုံးလိုက်သည်။
သူမသည် အတွင်းခန်းထဲသို့ ပြန်ပြေးသွားခဲ့ပြီး ခဏကြာပြီးနောက်တွင် အင်္ကျီကို သေချာကြယ်သီးတပ်ပြီး ပြန်ထွက်လာသည်။ သူမ၏မျက်နှာသည် အငွေ့တထောင်းထောင်းထွက်နေသည့် ရေနွေးအိုးကဲ့သို့ နီရဲနေခဲ့သည်။
ချန်ကျဲ့မှ အလွန်တည်ငြိမ်စွာဖြင့်
“ငါတို့တွေ လင်မယားဖြစ်တာ အချိန်ကြာနေပါပြီကွာ၊ ဒီလိုလုပ်ဖို့ လိုလို့လား”
စူးယွင်ကျင်းသည် အံ့အားသင့်စွာဖြင့် ချန်ကျဲ့ကို ကြည့်လာပြီးနောက် မီးဖိုချောင်ထဲသို့ ချက်ပြုတ်ရန် အမြန်ထွက်သွားခဲ့သည်။ ချန်ကျဲ့ ရှုပ်ထွေးသွား၏။
အဲဒီအကြည့်က ဘာအဓိပ္ပာယ်လဲဟ?!
ဇာတ်လမ်းတစ်ခုခု ရှိနေတာလား။
ချန်ကျဲ့ သေချာကောက်ချက်မချနိုင်ဘဲ ရှိနေသည်။
သို့သော် မကြာမီတွင် ချန်ကျဲ့ မစဉ်းစားတော့ပေ။ အရုဏ်တက်ချိန်ရောက်ပြီဖြစ်ရာ အိပ်ရာထရတော့မည်။ အိပ်ရာထဲတွင် ပျင်းရိမနေသင့်ပေ။ ချန်ကျဲ့ အိပ်ရာထလိုက်ပြီး အပြင်ဘက်တွင် ခန္ဓာကိုယ်အတွက် အကြောလျှော့လေ့ကျင့်ခန်းများ ပြုလုပ်သည်။ ထိုစဉ် ခြံဝင်းထဲရှိ ကျောက်တုံးကြီးတစ်တုံးကို သတိထားမိလိုက်သည်။
ချန်ကျဲ့ ကျောက်တုံးကို ရွှေ့ရန်ကြိုးစားကြည့်သော်ငြား ရွှေ့မရပေ။ ထို့ကြောင့် ချန်ကျဲ့သည် စတင်လေ့ကျင့်ရန်အတွက် သင့်တော်မည့်အရွယ်အစားရှိ ကျောက်တုံးများကို ရှာဖွေလိုက်သည်။
ကျင့်ကြံရန်ကျင့်စဉ်မရှိခြင်းသည် ပြဿနာကြီး မဟုတ်ချေ။ ခန္ဓာကိုယ်ကို အားကောင်းသန်မာစေရန် လေ့ကျင့်ခြင်းဖြင့် စတင်နိုင်၏။
ထို့ကြောင့် ယနေ့မှစတင်၍ ချန်ကျဲ့သည် တစ်နေ့လျှင် ကျောက်တုံး အကြိမ်တစ်ရာ မ,မည်။ ဖားခုန် အကြိမ်နှစ်ရာ ခုန်မည်။ ခုန်လွှားလေ့ကျင့်ခန်း အကြိမ်နှစ်ရာ ခုန်မည်။ ထိုသို့ သူအရင်ဘဝက သိရှိခဲ့သော ခန္ဓာကိုယ်လေ့ကျင့်ခန်းအားလုံးကို အသုံးပြု၍ ခိုင်မာသော ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ်အားလုံးကို ဦးစွာ တည်ဆောက်မည်။
ဤနည်းဖြင့် ချန်ကျဲ့သည် မနက်ခင်းအလင်းရောင်ကို မျက်နှာမူ၍ ချွေးများရွှဲနစ်သည်အထိ မနက်ခင်းလေ့ကျင့်ခန်းကို လုပ်ဆောင်သည်။ ချန်ကျဲ့ အဝတ်များကို ချွတ်၍ အပေါ်ပိုင်းအဝတ်ဗလာဖြင့် ဆက်လက်လေ့ကျင့်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့၏ လုပ်ဆောင်ချက်များကို စိတ်ဝင်တစားဖြင့် မီးဖိုချောင်ထဲမှ လှမ်းကြည့်နေခဲ့သည်။
စူးယွင်ကျင်းသည် ချန်ကျဲ့၏ ခန္ဓာကိုယ်ထက်ရှိ ရွှေရောင်နေအလင်းဖြာကျမှုကြောင့် တောက်ပနေသည့် ချွေးစက်များကို မြင်နေရသည်။ ချန်ကျဲ့၏ ယောက်ျားပီသသော ဖယ်ရိုမုန်းများ လှိုက်တက်နေပုံသည် စူးယွင်ကျင်း၏ ပါးပြင်နှစ်ဖက်ကို ပူပြင်းနီမြန်းလာစေသည်။
စူးယွင်ကျင်းသည် ဤသို့ ယောက်ျားပီသသော မြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးပါချေ။ စူးယွင်ကျင်းသည် ရုတ်တရက် နှလုံးခုန်နှုန်းမြန်လာခြင်းကို ခံစားလိုက်ရပြီး မျက်နှာပူလာခဲ့သော်ငြား အကြည့်လည်း မလွှဲနိုင်ပေ။
ဒါက ယောင်္ကျားတစ်ယောက်ရဲ့ အသွင်အပြင်ဆိုတာလား။
စူးယွင်ကျင်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထို့နောက် အမြန်ခေါင်းငုံ့လိုက်ပြီး သူမကိုယ်သူမ ဆူလိုက်သည်။
“စူးယွင်ကျင်း နင်ဘယ်လိုတောင် အရှက်မဲ့ရတာလဲ။ အဲဒါက နင်ကြည့်သင့်တဲ့ မြင်ကွင်းလားလို့”
သို့သော် အခြားအသံတစ်ခုမှ စူးယွင်ကျင်းကို ပြောလာသည်။
“သူက နင့်ရဲ့ယောက်ျားပဲလေ၊ ကြည့်တာ ဘာမှားလို့လဲ”