← Chapters

ပိုင်မိသားစုဝင်မှ အိမ်သို့ အလည်လာခြင်း

Vol. 2 Ch. 25

ပိုင်မိသားစုဝင်မှ အိမ်သို့ အလည်လာခြင်း

Vol. 2 Ch. 25

လေ့ကျင့်ခန်းလုပ်ပြီးနောက် ချန်ကျဲ့၏တစ်ကိုယ်လုံးမှာ ချွေးများစိုရွှဲနစ်နေသည်။ ထိုစဉ် စူးယွင်ကျင်းလည်း ချက်ပြုတ်ပြီးစီးခဲ့သည်။

ချန်ကျဲ့လည်း မနက်ခင်းလေ့ကျင့်ခန်းပြီးဆုံး၍ စူးယွင်ကျင်းသည် ချန်ကျဲ့အား ရေနွေးနွေးတစ်ဇလုံယူလာပေးပြီး ပုဝါတစ်ထည်ကို ညင်သာစွာ ကမ်းပေးသည်။

“ပင်ပန်းသွားပြီ”

ချန်ကျဲ့ အပြုံးဖြင့် စူးယွင်ကျင်းကို ပြောလိုက်သည်။ စူးယွင်ကျင်းမှလည်း ချိုသာနွေးထွေးစွာ ပြန်ပြုံးပြသည်။

ချန်ကျဲ့သည် စူးယွင်ကျင်း၏အပြုံးကြောင့် ညှို့ယူဖမ်းစားခံလိုက်ရသည်။ ထို့နောက် စူးယွင်ကျင်း၏မျက်နှာ နီမြန်းနေသည်ကို သတိထားမိလိုက်သည်…

“မင်းဘာလို့ မျက်နှာတွေနီနေတာလဲ။ နေမကောင်းဖြစ်နေတာတော့ မဟုတ်ဘူးမလား”

ချန်ကျဲ့ စိုးရိမ်ပူပန်စွာ မေးမြန်းလိုက်ပြီး သဘာဝဆန်လှစွာ စူးယွင်ကျင်း၏နဖူးလေးကို လက်ဖမိုးဖြင့် ထိကြည့်လိုက်သည်။ မကြာသေးမီကမှ လေ့ကျင့်ခန်းလုပ်ထားသည့် ချန်ကျဲ့၏ လက်ကြီးကြီးသည် အမျိုးသားတစ်ယောက်၏ ဟော်မုန်းများ၏ နွေးထွေးမှုကို ထုတ်လွှတ်နေသည်။

ထိုအပြုအမူကြောင့် စူးယွင်ကျင်းသည် ထပ်မံပူနွေးလာရသည်။ ထို့နောက် အပြေးတစ်ပိုင်းဖြင့် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။

“ကျွန်မ… ကျွန်မ ရွေ့ရွေ့ကို သွားနှိုးလိုက်ဦးမယ်”

ထို့နောက် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။

“သူဒီနေ့ ဘာလို့ အရမ်းထူးဆန်းနေတာလဲ”

ချန်ကျဲ့ ချွေးသုတ်ရင်းဖြင့် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ ၁၈နှစ်အရွယ် သူ၏ခန္ဓာကိုယ်သည် အနည်းငယ်ပိန်ပါးနေသေး၏။ သို့သော် ထိုပိန်သေးကျစ်လျစ်မှုကြောင့်ပင် သူ၏အရင်ဘဝတွင် ရှိခဲ့သည့် ဘီယာဗိုက်နှင့် ခါးထက်ရှိ အဆီပိုများ ရှိမနေခြင်းဖြစ်လေရာ အကောင်းဘက်မှ စဉ်းစားနိုင်ပေသည်။

“ဒါပေမဲ့လည်း အရမ်းပိန်နေသေးတယ်၊ အသားဓာတ်များများရဖို့အတွက် ငါအသားများများစားပေးဖို့လိုတယ်။ ပြီးရင် ကြွက်သားရှိတဲ့ ခန္ဓာကိုယ်တည်ဆောက်ရမယ်”

ထိုသို့တွေးတောရင်းဖြင့် ချန်ကျဲ့ ခန္ဓာကိုယ်ရှိချွေးများကို သုတ်နေသည်။ ထို့နောက် ပုဝါကို ဘေးချလိုက်ပြီး အဝတ်များပြန်ဝတ်သည်။

တစ်ဖက်၌ စူးယွင်ကျင်းသည် ကလေးမလေးကို အိပ်ရာနှိုးနေသည်။ ကလေးမလေးသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကိုပွတ်သပ်နေစဉ် ကိုယ်လက်ဆေးကြောသန့်စင်ပြီးနေသည့် ချန်ကျဲ့ကို မြင်လိုက်၍ ပြောလာသည်။

“အစ်ကိုကြီး ဒီနေ့ အစောကြီးနိုးနေတာပဲ၊ တောင်ပေါ်ကို သွားမလို့လား”

ထိုအခါ စူးယွင်ကျင်းလည်း ချန်ကျဲ့အား စိုးရိမ်ပူပန်စွာ ကြည့်လာသည်။

အနောက်ဘက်တောင်သည် အန္တရာယ်များ၏။ ထိုတောင်ပေါ်တွင် ဝံပုလွေများရှိနေသောကြောင့် ပုံမှန်အားဖြင့် မည်သူမျှ တောင်ပေါ်မတက်ရဲကြပေ။ ကျားများရှိသည်ဟူသော ကောလာဟလများလည်းရှိသည်။

တောင်ပေါ်သို့တက်သွားကြသူများသည် မကြာခဏ တောရိုင်းတိရစ္ဆာန်ကြီးများ၏ ကိုက်ဖြတ်စားသုံးခံရပြီး သေဆုံးသွားတတ်ကြသည်။ အလွန်အမင်း အခြေအနေဆိုးရွားသူများသာလျှင် အရဲစွန့်၍ တောင်ပေါ်တက်ကြခြင်းဖြစ်သည်။

ချန်ကျဲ့ ပြောလိုက်သည်။

“ငါဒီနေ့ မသွားတော့ဘူး”

“အဲဒါဆိုကောင်းတယ်”

စူးယွင်ကျင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကလေးမလေးသည်တော့ အနည်းငယ် စိတ်ပျက်သွား၏။ သူမ၏ ရိုးရှင်းသည့်စိတ်လေးထဲတွင် တောင်ပေါ်တက်ခြင်းသည် ယုန်များနှင့် အခြားသော အရသာရှိသည့်စားစရာများကို ကောက်ယူနိုင်သည့် ရတနာသိုက်ကြီးအား ရှာဖွေခြင်းကဲ့သို့ ဖြစ်ပေသည်။

ချန်ကျဲ့ တောင်ပေါ်သို့မသွားရန် ဆုံးဖြတ်လိုက်သည့် အကြောင်းရင်းမှာ စနစ်၏အချက်အလက်တွင် ဒီနေ့ ‌သမားတော်ပိုင်သည် သူ့အား အလုပ်သင်အဖြစ် ခေါ်ယူလိမ့်မည်ဟု ဖော်ပြထားသောကြောင့်ဖြစ်သည်။ သူမနေ့က သည်းခံကျော်ဖြတ်ခဲ့သည့် ပင်ပန်းခက်ခဲမှုများသည် ဒီနေ့ဒီအချိန်အတွက် ဖြစ်ပါ၏။

ဤသို့ အရေးကြီးသည်အချိန်တွင် ချန်ကျဲ့ မည်သို့သော အတိမ်းအစောင်းမျှ အဖြစ်မခံနိုင်ပါချေ။ ထို့ကြောင့် စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေရန် ဆုံးဖြတ်ခဲ့သည်။

မနက်စာစားပြီးနောက် ချန်ကျဲ့ ယန်ချွမ်ကျင့်စဉ်ကို ထပ်မံလေ့ကျင့်သည်။ ယန်ချွန်ကျင့်စဉ်သည် အမှန်တကယ်ပင် အံ့ချီးဖွယ်ကောင်းလှပေသည်။ ကျင့်စဥ်တစ်ပတ်တိုင်း၌ ထိုးထွင်းသိမြင်မှုအသစ်များကို ခံစားနိုင်သည်။ တစ်ခါတရံတွင် သိသာထင်ရှားပေါ်လွင်ခြင်းမရှိသော အသေးစိတ်အရာလေးတစ်ခုသည် ခန္ဓာကိုယ်၏အင်္ဂါအစိတ်အပိုင်းတစ်ခုကို များစွာ အကျိုးဖြစ်ထွန်းစေနိုင်သည်။

ယန်ချွမ်ကျင့်စဉ်တစ်ပတ် ကျင့်ကြံပြီးနောက်၌ ချန်ကျဲ့ လန်းဆန်းတက်ကြွစွာဖြင့် ထရပ်လိုက်သည်။ ထိုစဉ် တံခါးအပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ချန်ကျန့် လန့်သွားသည်။ အိမ်နီးချင်းများလည်း ထို့နည်းတူစွာပင်။

ချန်မိသားစု၏တံခါးကို ခေါက်နေသူအား မြင်သောအခါ အိမ်နီးချင်းများအားလုံး အံ့အားသင့်ကုန်ကြသည်။

ဘာလို့ သူဖြစ်နေတာလဲ!

သမားတော်ပိုင်ရဲ့သမီး၊ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးဝူကျုံးရဲ့ဇနီး၊ ရှန်းထောင်မြို့ရဲ့ ဂုဏ်အရှိဆုံး အမျိုးသမီး။

ရှန်းထောင်မြို့၏ အင်အားအကြီးဆုံးသူများမှာ ငါးဖမ်းကုန်သည်အဖွဲ့ကို ကိုယ်စားပြုသည့် ဝူကျုံးနှင့် ချောင်ကုန်သည်အဖွဲ့ကို ကိုယ်စားပြုသည့် ယွီရတနာစံအိမ်၏ ယွီပင်းတို့ဖြစ်သည်။

ထို့ကြောင့် ရိုသေလေးစားအခံရဆုံးသော အမျိုးသမီးများသည် သူတို့နှစ်ဦး၏ ဇနီးများဖြစ်ကြသည်။

သို့သော် ဝူကျုံးသည် ဇနီးဖြစ်သူ၏ မိသားစုထဲသို့ လက်ထပ်ဝင်ခဲ့ခြင်းဖြစ်သည်ကိုလည်း မမေ့လျော့သင့်ပေ။ ဝူကျုံး၏ ထွန်းတောက်မှုသည် ယောက္ခထီးဖြစ်သူ ပိုင်ဝမ်ကျင့်၏ ငါးဖမ်းကုန်သည်အဖွဲ့နှင့် အဆက်အသွယ်‌ကြောင့်ဟု မှတ်ယူနိုင်ပေသည်။ ထို့ကြောင့်ပင် ပိုင်မိသားစု၏အဆင့်အတန်းသည် ဝူကျုံး၏မိသားစုထက် အဆင့်အတန်းမြင့်မား၏။

ဝူကျုံးသည်လည်း သူ၏ဇနီးနှင့် ယောက္ခထီးဖြစ်သူအား အလွန်ကျေးဇူးတင်၏။ ထို့ကြောင့် ရိုသေလေးစားမှုကို အများအပြား ထုတ်ဖော်ပြသသည်။

သို့သော် ယွီပင်းသည်တော့ ထိုသို့မဟုတ်ပေ။ ယွီပင်းသည် ‌စီရင်စု၏ ချောင်ကုန်သည်အဖွဲ့မှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ကံကြမ္မာကို ကိုယ်တိုင်တည်ဆောက်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ယွီပင်းသည် ဇနီးဖြစ်သူအပေါ် အလွန်မောက်မာသည်။ ကိုယ်လုပ်တော်သုံးယောက်ပင် ယူထားခဲ့သေး၏။

ထို့ကြောင့် ယွီပင်း၏ဇနီးသည် ပိုင်မိသားစု၏ သမီးဖြစ်သူနှင့် မယှဉ်နိုင်ပေ။

သို့ဖြစ်ရာ ပိုင်မိသားစုမှ ချန်ကျဲ့တို့နေအိမ်တံခါးကို တကယ်ကြီး ခေါက်နေခဲ့ရာ ဘေးမှဝိုင်းကြည့်နေကြသည့် ရွာသားများမှာ အတင်းအဖျင်းများ စတင်ပြောဆိုကြကုန်သည်။

ကျွီ~

တံခါးဖွင့်လိုက်ပြီး ချန်ကျဲ့ အဒေါ်ပိုင်ကို ခေါင်းပြူကြည့်လိုက်သည်။ ချန်ကျဲ့သည် အခွင့်အရေးမှာ ရောက်ရှိလာခဲ့ပြီဟု ချက်ချင်း နားလည်လိုက်သည်။ သို့သော် ချန်ကျဲ့၏မျက်နှာအမူအရာသည် ကနဦးတွင် တောင့်ခဲသွားခဲ့ပြီး ‌ထို့နောက်မှ ဝမ်းမြောက်ဝမ်းသာဟန်သို့ ပြောင်းသွားကာ ပြောလိုက်သည်။

“အဒေါ်ပိုင် ဘာကိစ္စများရှိလို့ပါလဲ။ ယွင်ကျင်းရေ ရေနွေးအိုးတည်ပြီး လက်ဖက်ရည်ကောင်းကောင်းလေး နှပ်ပေးပါဦး…”

အဒေါ်ပိုင်သည် ချန်ကျဲ့၏ အပြုအမူကြောင့် ကျေနပ်သွားပြီး တခစ်ခစ်ရယ်မောလာသည်။

“ဟားဟားဟား ကျိုစစ်၊ အလုပ်ရှုပ်ခံဖို့ မလိုပါဘူးကွယ်။ ငါမင်းအတွက် ငါးတစ်ကောင်ယူလာပေးတာ ပြီးတာနဲ့ ပြန်တော့မှာ”

ချန်ကျဲ့ : “အာ ‌အဒေါ်ရယ် ကျွန်တော် ဘယ်လိုလုပ်ပြီး အကြောင်းရင်းမရှိဘဲနဲ့ ဒီလိုတန်ဖိုးကြီးတဲ့ငါးကို လက်ခံရဲမှာလဲဗျာ”

အဒေါ်ပိုင်မှ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

“အကြောင်းရင်းမရှိဘဲဆိုတာ ဘာကိုဆိုလိုတာလဲ။ မင်းကြောင့်သာ မဟုတ်ခဲ့ရင် မနေ့က ငါတို့အိမ်ရဲ့သခင်ကြီးမှာ အန္တရာယ်ကြုံနေလောက်ပြီ။ ပြီးတော့ ဒါက ဘာမှ တန်ဖိုးကြီးတာလည်း မဟုတ်ပါဘူး။ မင်းရဲ့ဦးလေးမှာ တခြားအရည်အချင်းရယ်တော့ မရှိလှပေမဲ့ ငါးတစ်ကောင်ရဖို့လောက်ကတော့ သူ့အတွက် ခက်ခဲတဲ့အရာ မဟုတ်ပါဘူး”

ချန်ကျဲ့ တစ်စုံတစ်ရာ ထပ်ပြောချင်သော်ငြား အဒေါ်ပိုင်မှ ဆက်ပြောသည်။

“မင်း အဒေါ့်ကို ဒီနေရာမှာ ဒီငါးကြီးကိုင်ပြီး အကြာကြီးရပ်ခိုင်းထားတော့မှာလား”

ချန်ကျဲ့လည်း မတတ်သာဘဲ အဒေါ်ပိုင်၏လက်ထဲမှ ငါးကြင်းကြီးကို လှမ်းယူလိုက်ရသည်။ ဤငါးသည် တကယ်ကြီး လေးလံပေသည်။ ၇ပေါင်၊ ၈ပေါင်ခန့် အလေးချိန်ရှိနိုင်၏။

ချန်ကျဲ့ အဒေါ်ပိုင်အား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ စူးယွင်ကျင်းနှင့် ကလေးမလေးတို့လည်း အိမ်တံခါးဝသို့ထွက်လာ၍ အဒေါ်ပိုင်ကို နှုတ်ဆက်ကြသည်။ ကလေးမလေးသည် ငါးကြီးကို ချက်ချင်းမြင်သွား၏။

ကလေးမလေးသည် ထိုငါးကြီးထံမှ အကြည့်မလွှဲနိုင်တော့ဘဲ သွားရည်ကျနေတော့သည်။

ထိုအခါ စူးယွင်ကျင်းသည် ကလေးမလေးကို ဖွဖွပုတ်လိုက်သည်။ စူးယွင်ကျင်းသည် ဧည့်သည်အမြင်တွင် ရယ်စရာတစ်ခုကဲ့သို့ မြင်သွားစေမည်အား ရှောင်ရှားသင့်သည်ဟု တွေးနေခဲ့သည်။ သို့သော် ကလေးမလေးသည် ဂရုမစိုက်ပါချေ။ သူမ၏စိတ်ထဲတွင် ထိုငါးကြင်းကြီးကို အိုးထဲသို့ထည့်၍ ချက်ပြုတ်နေသည့်မြင်ကွင်းအား ပုံဖော်နေပြီဖြစ်သည်။

“အာ မင်းက ယွင်ကျင်းပဲဖြစ်မယ်။ ထင်ထားတဲ့အတိုင်းပဲ တကယ်ကို လှလှလေး ကြီးပြင်း‌လာတာပဲ”

“အဒေါ်”

စူးယွင်ကျင်း အပြုံးလေးဖြင့် တောင်းပန်လိုက်ပြီး ကလေးမလေးကို ဆွဲလိုက်သည်။ ကလေးမလေးသည် လောဘကြီးသော်ငြား မတုံးအပါချေ။ စူးယွင်ကျင်း၏ ဆိုလိုရင်းကို နားလည်လိုက်ပြီး ကြွပ်ဆတ်စွာ ခေါ်လာခဲ့သည်။

“အ‌ဒေါ်ပိုင်!”

“အိုး ဘယ်လိုတောင် ချစ်ဖို့ကောင်းတဲ့ ကလေးလေးလဲ”

အဒေါ်ပိုင်သည် ကလေးမလေးအား ချစ်မြတ်နိုးစွာဖြင့် သူမ၏ ပါးဖောင်းဖောင်းလေးများကို ဖိညှစ်ထိုးကြည့်သည်။ ရေနွေးအိုးသည် မဆူသေးပေ။ အိမ်တွင် ကျန်နေသည့် တစ်ခု‌တည်းသော သောက်စရာမှာ ဆန်ပြုတ်တစ်ခွက်သာဖြစ်သည်။ လက်ဖက်ရည်မှာ တစ်ခွက်စာ‌သော်မှ ရှိမနေပေ။

၎င်းအခြေအနေမှာ အနည်းငယ် ရှက်ဖို့ကောင်းနေ၏။

အိမ်၏ရိုးရှင်းမှုကို မြင်သောအခါ အဒေါ်ပိုင်သည် ဘာမျှမပြောပေ။ စူးယွင်ကျင်းအား ပညာရှိမိသားစု၏ သခင်မလေးသည် ဤသို့ ခက်ခဲသည့်အချိန်များကို ကျော်ဖြတ်ခဲ့ရရှာသည်ဟူသော အကြည့်မျိုးဖြင့်သာ တစ်ချက်ကြည့်လာခဲ့သည်။

လောကွတ်စကားအနည်းငယ် ပြောဆိုပြီးနောက်တွင် အဒေါ်ပိုင်သည် သူမ၏ လာရင်းရည်ရွယ်ချက်ကို ပြောပြသည်။

“ကျိုစစ် ငါတို့သခင်ကြီးက အသက်အရွယ်ကြီးရင့်လာနေပြီ။ ပြီးတော့လည်း မနေ့တုန်းက ထိခိုက်ထားသေးတယ်။ အဲဒါကြောင့် ငါတို့ဆေးခန်းမှာ ကူညီပေးဖို့ အလုပ်သင်တစ်ယောက် လိုအပ်နေတယ်။ နင် စိတ်ဝင်စားလား”

အဒေါ်ပိုင်၏ စကားအဆုံး၌ ကလေးမလေးမှအပ စူးယွင်ကျင်းနှင့် ချန်ကျဲ့တို့နှစ်ဦးလုံးမှာ မျက်လုံးများ တောက်ပသွားကြသည်။

ရှေးခေတ်တွင် လူသိများသည့် အဆိုတစ်ခုရှိသည်။ ‘လူတစ်ယောက်က အဆင့်မြင့်အရာရှိတစ်ဦး မဖြစ်နိုင်ဘူးဆိုရင် နာမည်ကျော်ကြားတဲ့ သမားတော်ဖြစ်ဖို့ ရည်မှန်းချက်ထားပါ’ဟူ၏။

သမားတော်၏ လူမှုအဆင့်အတန်းသည် ရှေးခေတ်အချိန်ကာလများကတည်းက အဆင့်အတန်းမြင့်မားခဲ့သည်။ လွန်ခဲ့သည့်၂ရက်ကပင် လောင်းကစားသမားတစ်ယောက်ဖြစ်ခဲ့သည့် ချန်ကျဲ့သည် ကောင်းကောင်းသင်ယူခဲ့လျှင်သော်မှ မြေကွက်တစ်ကွက်မျှ ကျန်နိုင်မည့်သူ မဟုတ်ပေ။ ဤလမ်းကြောင်းအတိုင်း ဆက်သွားလျှင် သူ့အတွက်‌ မျှော်လင့်နိုင်သည့် အကောင်းဆုံးအခြေအနေမှာ အသုံးမကျသည့် တောသားတစ်ဦးသာဖြစ်၏။

သို့သော် သမားတော်ပိုင်၏ အလုပ်သင်မှာမူ ကွာခြား၏။ နှစ်အနည်းငယ်ကြာမြင့်ပြီးနောက်တွင် ချန်ကျဲ့အနေဖြင့် ဆေးပညာကို လေ့ကျင့်နိုင်ပြီး ရောဂါများကို ကုသနိုင်ကောင်းသည်။

အဲဒါဆို ဘဝက လုံးဝ တိုးတက်သွားပြီ မဟုတ်ဘူးလား။

၎င်းမှာ အလွန်ကြီးမားသည့် အခွင့်အရေးကြီးဖြစ်သည်။ ထိုသို့အခွင့်အရေးကြီးသည် သူမ၏ခင်ပွန်းသည်ထံသို့ တန်းတန်းမတ်မတ် ရောက်ရှိလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။ ကောင်းကင်ဘုံရှိ သူမ၏ယောက္ခမဖြစ်သူသည် ဤမိသားစုအား အမှန်တကယ် ကြည့်ရှုစောင့်ရှောက်ပေးနေသည့်အလား ထင်မှတ်ရပေသည်။

စူးယွင်ကျင်းသည် အလွန်ကျေနပ်ပီတိဖြစ်နေခဲ့သည်။ ချန်ကျဲ့သည် စနစ်၏အချက်အလက်မှတစ်ဆင့် မိမိအား အလုပ်သင်အဖြစ် ခေါ်ယူခံရမည့်ကိစ္စကို ကြိုသိထားပြီးဖြစ်သော်ငြား ဤအခိုက်အတန့်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘဝလမ်းကြောင်းအတွက် အစီအစဉ်၏ ပထမဆုံးခြေလှမ်းမှာ အောင်မြင်သွားခဲ့ပြီ မဟုတ်ပါလော။

All Chapters