မနာလိုခြင်းနှင့် မြင့်တက်နေသော မျက်ခုံးများ
Vol. 2 Ch. 26
ပိုင်မိသားစုမှ ချန်မိသားစုအိမ်သို့ ငါးတစ်ကောင်ယူလာပေးသည့် ကောလာဟလသည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အချိန်ခဏလေးအတွင်း၌ ချန်ကျန်စစ်နေထိုင်ရာ လမ်းတစ်လျှောက်မှာ စကားသံများဖြင့် တညံညံဖြစ်နေတော့သည်။
အားလုံးသည် ရှန်းထောင်ရွာအတွင်း ပိုင်မိသားစု၏ ဂုဏ်သိက္ခာကြီးမားသည့် အဆင့်အတန်းကို သိထားကြသည်။ သာမန်လူတန်းစားများသည် သမားတော်ပိုင်၏ စွမ်းဆောင်ရည်ကိုသာမက ဩဇာကြီးမားသော ငါးဖမ်းကုန်သည်အဖွဲ့၏ဦးစီးမှူး ဝူကျုံးကိုလည်း လေးစားကြသည်။
ထိုသို့အဆင့်အတန်းမျိုးဖြင့် ရပ်တည်နေကြသည်ဖြစ်ရာ ရှန်းထောင်ရွာ၏ မည်သူကများ.. မဟုတ်ပေ၊ ရှန်းထောင်မြို့၏ မည်သူကများ ပိုင်မိသားစုကို ရိုင်းပျဝံ့ပါအံ့နည်း။
ယွီရတနာစံအိမ်၏ ယွီပင်းပင်လျှင် ပိုင်မိသားစုအပေါ် ယဉ်ကျေးမှုထားရှိရပေသည်။
အနည်းဆုံးတော့ အပေါ်ယံ၌ ယဉ်ကျေးမှုထားရှိရမည်ဖြစ်၏။
ထိုသို့သော ပိုင်မိသားစုသည် ယခု၌ နာမည်ဆိုးဖြင့်ကျော်စောသည့် လောင်းကစားသမား၏အိမ်သို့ လာရောက်သွားခဲ့ရာ ရွာသားများကြားတွင် ထင်မြင်ချက်မျိုးစုံ ပျံ့နှံ့နေတော့သည်။
“ဟေ့ ခုနက မြင်ကွင်းကို မြင်လိုက်လား။ ပိုင်မိသားစုက ချန်ကျိုစစ်ရဲ့အိမ်ကို လာသွားတာ ဟုတ်တယ်မလား”
“ဟုတ်တယ်၊ ချန်ကျိုစစ်တို့မိသားစုမှာ တစ်ယောက်ယောက် နေမကောင်းဖြစ်လို့လားပဲ”
“နင်ဘာတွေပြောနေတာတုန်း။ တစ်ယောက်ယောက် နေမကောင်းဖြစ်တယ်ဆိုရင် ပိုင်မိသားစုရဲ့သခင်မ မဟုတ်ဘဲ သမားတော်ပိုင်ကို ခေါ်လိမ့်မှာပေါ့။ ပိုင်မိသားစု သခင်မက ဆေးပညာမှ လေ့ကျင့်မထားတာကို”
“ဟုတ်တယ်၊ ပြီးတော့ သမားတော်ပိုင်နဲ့ ချန်ယုံဝမ်ရဲ့ ရန်ငြိုးဟောင်းကိုလည်း မမေ့ကြနဲ့ဦး။ အခုကျ သူတို့မိသားစုနှစ်စုက ဘယ်လိုလုပ်ပြီး တစ်ယောက်အိမ်တစ်ယောက် သွားလာနေကြတာတုန်း”
“ဟုတ်ပ ဟုတ်ပ၊ အရမ်းထူးဆန်းတာပဲ”
ရွာသားများမှ တစ်ပြိုင်နက်တည်း ထင်ကြေးများကို အကြိတ်အနယ်ပြောနေကြစဉ် လူတစ်ယောက်မှ ပြောလာသည်။
“သူတို့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ငါသိတယ်”
အားလုံးသည် ထိုအသံပိုင်ရှင်ကို ကြည့်လိုက်ကြသည်။ ထိုလူမှ ပြော၏။
“မနေ့က ချန်ကျိုစစ်က သမားတော်ပိုင်ကို ကုန်းပိုးပြီး အိမ်ပြန်လိုက်ပို့တာကို ငါတွေ့ခဲ့တယ်။ ကြည့်ရတာ သမားတော်ပိုင်က တောင်ပေါ်မှာ ဆေးပင်တွေရှာရင်း ခြေထောက်ထိခိုက်သွားပုံပဲ၊ အဲ့လိုကနေ ချန်ကျိုစစ်နဲ့ တွေ့ခဲ့တာ ဖြစ်နိုင်တယ်…”
ထိုစကားကိုကြားသောအခါ အားလုံး၏အမူအရာများ၌ မနာလိုအားကျခြင်းများ ထင်ဟပ်သွားကြသည်။
ချန်ကျိုစစ်က အရမ်းကံကောင်းလွန်းတာပဲ။
သမားတော်ပိုင်ကို ကယ်တင်ပေးခဲ့ခြင်းဟူသည် ပိုင်မိသားစုအတွက် ကျေးဇူးပြုခဲ့သည်ဟု ဆိုလိုပေသည်။ ပိုင်မိသားစုမှ ချန်ကျိုစစ်အား အထူးတလည် ဆက်ဆံပေးလျှင် ရှန်းထောင်ရွာအတွင်း ချန်ကျိုစစ်၏အဆင့်အတန်းသည် တစ်ဟုန်ထိုး မြင့်တက်သွားမည်ဖြစ်သည်။
ဆိုးလိုက်တဲ့ကံကွာ။
သမားတော်ပိုင်ကို ကယ်တင်တာ ဘာလို့ ငါမဖြစ်ရတာလဲ။
အဲဒီလိုကံကောင်းမှုကြီးသာ ငါ့အပေါ်တည့်တည့်ကျလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အချိန်ခဏလေးအတွင်း၌ မရေမတွက်နိုင်အောင်သော လူများစွာတို့သည် ချန်ကျဲ့ကို အားကျလျက် ပိုင်မိသားစုအပေါ် ကျေးဇူးပြုသူမှာ သူတို့ဖြစ်လိုကြောင်း ဆန္ဒပြုနေကြသည်။- လူအများစု ဆန္ဒပြင်းပြသည့် အရာတစ်ခုမှာ၊ သမားတော်ပိုင်၏ သားမက်ဝူကျုံးကို ဥပမာထားပါလေ။
ဝူကျုံးသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးဖြစ်သည်။ မျန့်ရွှေမြစ်တစ်လျှောက်တွင် ဝူကျုံးသည် အာဏာရှိသူဖြစ်၏။ သာမန်လူတန်းစားများ မြစ်ထဲတွင် ငါးဖမ်းလိုပါက ဝူကျုံး၏ခွင့်ပြုချက်ကို လိုအပ်သည့်အပြင် အခကြေးငွေ ပေးဆောင်ရသည်။
ငါးဖမ်းကုန်သည်အဖွဲ့သည် ရှန်းထောင်မြို့ရှိ လူအားလုံး ဝင်ရောက်ခွင့်ရရှိလိုသည့် အဖွဲ့အစည်းဖြစ်သည်။ အလုပ်လုပ်ရသည်မှာ လွယ်ကူသောကြောင့်သာမက လခလည်းကောင်းမွန်သောကြောင့် ဖြစ်သည်။ ပို၍အရေးကြီးသည့်အချက်မှာ လုပ်ဆောင်ချက်ကောင်းမွန်လျှင် ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်နိုင်ခြင်းဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည်နှင့်တစ်ပြိုင်နက် အဆင့်အတန်းမြင့်သွားလိမ့်မည်။။
ထို့ကြောင့် ရွာသားများစွာတို့သည် သူတို့၏ ကိုယ်ပိုင်အဆက်အသွယ်များကို အသုံးပြု၍ ကျေးဇူးတင်ကြောင်းပြသကာ ငါးဖမ်းကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် လူအနည်းငယ်သာလျှင် အောင်မြင်ခဲ့သည်။
အိမ်နီးချင်းများသည် ချန်ကျဲ့ကို အားကျလွန်း၍ စိမ်းဖန့်ကုန်ကြသည်။ ချန်ကျိုစစ်သည် ကံကောင်းမှုအပုံလိုက်ကြီးအား ခလုတ်တိုက်မိခဲ့ပြီး ကံကြမ္မာကောင်းသည် သူ့ပေါင်ပေါ်သို့ တည့်တည့်ကျရောက်လာသည်ဟု ခံစားနေကြရသည်။
အချို့မှာ ချန်စန်းလျို့ကဲ့သို့ မိမိ၏ကံဆိုးမှုကို ဖြေရှင်းမည့်အစား ချန်ကျိုစစ်၏ ဗိုက်ဖောင်းကားနေသော အခြေအနေကို ကြည့်နေရန် ပိုခက်ခဲနေကြကာ စိတ်မွန်းကြပ်စွာဖြင့် ခြေဆောင့်လာကြ၏။
…
ကျေးလက်ဒေသရှိ ပြည်သူများကြားတွင် ပြောစမှတ်တင်ဖွယ် အဖြစ်အပျက်များမှာ ရှားပါးလှသည်။ ထို့ကြောင့် ဤအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသောအခါ လျင်မြန်စွာ သတင်းပျံ့သွားပြီး စူးစမ်းလိုသည့် လာရောက်ကြည့်ရှုသူများ ပိုများပြားလာခဲ့သည်။
ထိုစဉ် တံခါးပွင့်လာခဲ့ပြီး ပိုင်မိသားစု၏သခင်မ ထွက်လာခဲ့သည်။ စူးယွင်ကျင်းနှင့်အတူ တံခါးနားတွင်ရပ်နေသည့် ချန်ကျဲ့မှ ပြော၏။
“အဒေါ်ပိုင် ကျွန်တော် နေ့လည်စာစားပြီးရင် လာခဲ့ပါ့မယ်”
ပိုင်မိသားစု သခင်မမှ ပြန်ပြောသည်။
“အမ်း အလျင်မလိုပါဘူး။ ဒီနေ့အတွက်တော့ ဘာမှဖိအားဖြစ်စရာ မလိုဘူး၊ မင်းဆန္ဒရှိရင် မနက်ဖြန်မှ လာလို့ရတယ်”
ချန်ကျဲ့ ပြန်လည်တုံ့ပြန်သည်။
“အဒေါ်ပိုင် စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်လည်း နေ့လယ်ခင်းမှာ အားနေတာပဲဆိုတော့ ကျွန်တော်ကူညီနိုင်တာ တစ်ခုခုရှိမလားလို့ လာကြည့်လိုက်ပါမယ်”
ပိုင်မိသားစု သခင်မသည် ချန်ကျဲ့၏ အပြုအမူသဘောထားများကြောင့် ကျေနပ်နေခဲ့သည်။
“ဒါဆိုလည်း ကောင်းပြီ၊ ဒီလိုပဲ သတ်မှတ်လိုက်ကြတာပေါ့။ အခုတော့ အဒေါ် ပြန်လိုက်ဦးမယ်”
စကားပြောဆိုပြီးနောက်တွင် ပိုင်မိသားစု သခင်မသည် ပြန်သွားခဲ့သည်။ ထွက်ခွာသွားသည့် အဒေါ်ပိုင်ကိုကြည့်၍ ချန်အာ့ပါး ဟူဇစ်အနားသို့ သွားလိုက်သည်။
“ဦးလေးအာ့ပါး”
ချန်ကျဲ့ နှုတ်ဆက်လိုက်ရာ ချန်အာ့ပါးမှ မေးလာသည်။
“ကျိုစစ် ပိုင်မိသားစု သခင်မက ဘာလိုချင်လို့လဲ။ သူမင်းကို ပြဿနာတော့ ရှာမသွားပါဘူးနော်”
ဦးလေးအာ့ပါး၏ စိုးရိမ်နေသည့်အမူအရာကို မြင်သောအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟားဟား ဦးလေးရယ် မစိုးရိမ်ပါနဲ့၊ သတင်းကောင်းပါဗျ။ မနေ့က ကျွန်တော် တောင်ပေါ်မှာ သမားတော်ပိုင်နဲ့ တွေ့ခဲ့တာ… အဲဒီလိုကနေ သမားတော်ပိုင်က အလုပ်သင်တစ်ယောက်လိုအပ်လို့ ကျွန်တော့်ကို ရွေးချယ်လိုက်တာပဲ…”
ချန်ကျဲ့ အခြေအနေကို ရှင်းပြလိုက်သည်။
“ဘာ! သမားတော်ပိုင်က မင်းကို အလုပ်သင်ခန့်ချင်တယ်တဲ့လား”
ချန်အာ့ပါးသည် ပျော်ရွှင်ဝမ်းမြောက်သွား၍ ရယ်မောလာသည်။
“ဟဟ ကောင်းလိုက်တာ၊ တကယ့်ကို ကောင်းမွန်တဲ့ပြောင်းလဲမှုပဲကွာ! သမားတော်ပိုင်ရဲ့ နှစ်ခြိုက်မှုကိုရပြီး သူ့ရဲ့ပညာကို သင်ခွင့်ရတယ်ဆိုတော့ မင်းလည်း အနာဂတ်မှာ ငါ့ရဲ့အရမ်းတော်တဲ့ဦးလေးလိုပဲ လေးစားခံရတဲ့သူ ဖြစ်လာနိုင်ပြီပေါ့။ ဒါဆိုရင် ငါတို့ဦးလေးကြီးရဲ့ မျှော်လင့်ချက်တွေကိုလည်း စိတ်မပျက်စေရတော့ဘူးပေါ့”
“ဟားဟား ကျိုစစ် ငါမင်းကိုဂုဏ်ပြုပါတယ်”
ဟူဇစ်သည်လည်း ပြုံးရယ်လျက် ထပ်ပြောလာသည်။ ထိုအခါ ချန်ကျဲ့ ရယ်မောလျက် ပြောလိုက်သည်။
“ဦးလေးအာ့ပါး ကျွန်တော်တို့အိမ်မှာ နေ့လယ်စာအတွက် ငါးချက်မလို့။ ဒီလိုအောင်ပွဲခံသင့်တဲ့ အချိန်အခါမျိုးမှာ ကျေးဇူးပြုပြီး အဒေါ်အာ့ပါးကိုလည်း အိမ်ကို ခေါ်လာခဲ့ပေးပါလား”
“ဒါက…”
ဦးလေးအာ့ပါး တွေဝေသွားသည်။ ဤရက်ပိုင်း၌ အိမ်တိုင်းအိမ်တိုင်းမှာ ကုတ်ခြစ်သုံးစွဲနေကြရသည် မဟုတ်ပါလော။
နောက်မျိုးဆက်များတွင် တစ်ယောက်ယောက်အား အိမ်သို့ ထမင်းစားဖိတ်ခြင်းသည် ကိစ္စကြီးတစ်ရပ် မဟုတ်တော့ပေ။ သို့သော် ဤခေတ်အခါတွင်တော့ ၎င်းမှာ အလွန်အထူးတလည် အလေးပေးခြင်းဖြစ်ပါ၏။
ဦးလေးအာ့ပါးသည် အချိန်ခဏမျှ တွေဝေနေခဲ့သည်။ သို့သော် နောက်ဆုံးတွင်တော့ ခေါင်းညိတ်လာခဲ့သည်။
“ကောင်းပြီ၊ နေ့လယ်ကျရင် ငါတို့ သေချာပေါက်လာခဲ့ပါ့မယ်”
ချန်ကျဲ့ ပြုံးလျက်ခေါင်းညိတ်လိုက်ပြီး ခြံဝင်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ဦးလေးအာ့ပါးသည်လည်း အိမ်ပြန်သွားခဲ့သည်။ ထိုနေရာတွင် လာရောက်ကြည့်ရှုသူများသာ ကျန်ရစ်ခဲ့ပြီး ထိုလူများထဲမှ တစ်ဦးသည် ချန်စန်းလျို့အား တံတောင်ဖြင့်တွတ်၍ ပြောသည်။
“ဟေ့ကောင် စန်းလျို့၊ မင်းတို့နှစ်ယောက်လုံးက သူ့ရဲ့ဦးလေးတွေပဲကို သူက ဘာလို့ အာ့ပါးကိုပဲ ထမင်းစားဖိတ်ပြီး မင်းကို မဖိတ်ရတာလဲ”
ထိုအချိန်တွင် ချန်စန်းလျို့၏မျက်နှာမှာ သံရောင်ပြောင်းနေပြီဖြစ်သည်။ ချန်စန်းလျို့မှ မည်းမှောင်နေသော မျက်နှာအမူအရာဖြင့်ပြော၏။
“ဘယ်သူက သူထမင်းစားဖိတ်တာကို လိုအပ်နေလို့လဲ၊ ကျေးဇူးကန်းတဲ့ကောင်”
“ဟေး စန်းလျို့၊ မင်း ဒါကတော့ အရမ်းနုံချာတဲ့စိတ်ဓာတ်ဖြစ်သွားပြီနော်။ သူမင်းကို ထမင်းစားမဖိတ်ဘူးဆိုတာနဲ့ပဲ မင်းသူ့ကို စော်ကားပြောဆိုနိုင်တယ်လို့ မဆိုလိုဘူးလေ”
“ဟမ့် ငါပြောတာ မှားနေလို့လား။ သမားတော်ပိုင်နဲ့ ငါ့ဦးလေးနဲ့ကြားမှာ ရန်ငြိုးရှိတယ်။ အဲဒါကို သမားတော်ပိုင်က ချန်ကျိုစစ်ကို အလုပ်သင်အဖြစ် ခန့်တယ်။ အဲဒါက ငါ့ဦးလေးကို အရှက်ခွဲဖို့ရည်ရွယ်ချက်နဲ့ဆိုတာ အသိသာကြီးပဲကို အဲဒီချန်ကျိုစစ်က ငါ့ဦးလေးရဲ့ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ လက်ခံလိုက်တယ်။ ငါပြောပါတယ် အပြင်လူတွေကို ယုံကြည်လို့မရပါဘူးလို့… ဟူး~”
ချန်စန်းလျို့သည် သက်ပြင်းချလျက် လက်နှစ်ဖက်ကို ကျောနောက်ပစ်၍ အိမ်ပြန်သွား၏။ သူ၏ လက်ရှိပုံစံမှာ ဘေးမှကြည့်ရသူများကို အတော်လေး အားရကျေနပ်စေသည်။
ချန်စန်းလျို့၏ပုံစံကိုကြည့်၍ အချို့လူများသည် အထင်မြင်သေးစွာ တံတွေးထွေးကြသည်။ အလွန်အထင်မြင်သေးဖွယ်ကောင်း၏။ ချန်စန်းလျို့သည် သူ၏သားဖြစ်သူအား ငါးဖမ်းကုန်သည်အဖွဲ့အတွင်း ဝင်ရောက်ခွင့်ရလို၍ ပိုင်မိသားစုအား လက်ဆောင်ပဏ္ဍာများဖြင့် ဖားယားခဲ့စဉ်က သူ၏အပြုံးတို့မှာ ကြာပန်းပွင့်အလား ပွင့်လန်းနေခဲ့ပေသည်။ မျက်နှာလိုမျက်နှာရဖြင့် သမားတော်ပိုင်အား ‘’ဦးလေး’ဟုပင် ခေါ်ခဲ့သေးသည်။ သို့ဆိုလျှင် ထိုအချိန်တုန်းက သူသည်လည်း ဦးလေးဖြစ်သူ၏ဂုဏ်သိက္ခာအား မေ့လျော့နေခဲ့သည် မဟုတ်ပါလော။
အခုမှ ဒီလိုစကားတွေ လာပြောနေတာ ထွီ~ ကျိုးကြောင်းဆီလျော်မှုကို မရှိဘူး။
နေ့လယ်ခင်းတွင် ချန်ကျဲ့သည် ၇ပေါင်၊ ၈ပေါင်ခန့် အလေးချိန်ရှိသော ငါးကြင်းကြီးကိုချက်ခဲ့သည်။ အတွင်းကလီစာများ ထုတ်ပြီးသည့်တိုင် ထိုငါးကြင်းသည် ၆ပေါင်၊ ၇ပေါင်ခန့် အလေးချိန်ရှိသေးသည်။ လေအိတ်၊ အသည်း၊ ငါးဥ စသော အတွင်းကလီစာများသည်လည်း စားသုံးနိုင်ပေသည်။
အိုးကြီးတစ်အိုးကို ပွက်ပွက်ဆူအောင် တည်ထားပြီး ပြောင်းဆန်ထမင်းမှာလည်း ကျက်သွားခဲ့သည်။ နေ့လယ်စာစားချိန်သို့ ရောက်သောအခါ ချန်အာ့ပါးတို့ ရောက်လာခဲ့သည်။ ချန်ရှောင်ဟူနှင့် အဒေါ်အာ့ပါးတို့ကိုပါ အတူခေါ်လာခဲ့သည်။
သို့သော် ချန်အာ့ပါးသည် လက်ဗလာရောက်လာခဲ့ခြင်း မဟုတ်ပေ။ အဝါရောင်သေရည်တစ်အိုးကို ယူလာခဲ့ပေးသည်။ မြေသင်းနံ့အရ မကြာမီကမှ တူးဖော်ထားခြင်း ဖြစ်ပေလိမ့်မည်။ ဤသေရည်ကို ချန်ရှောင်ဟူ မွေးဖွားသည့်နေ့က မြှုပ်နှံထားခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း နှစ်အိုးရှိသည်ဟု ချန်အာ့ပါးမှ ပြောပြသည်။
ဒီနေ့သည် ဝမ်းမြောက်ပျော်ရွှင်ဖွယ် အခါသမယဖြစ်သောကြောင့် သေရည်တစ်အိုးကို တူးဖော်လာခဲ့သည်။ တန်ဖိုးအရ နှိုင်းယှဉ်ကြည့်ပါလျှင် ထိုသေရည်တစ်အိုးသည် ငါးတစ်ကောင်၏တန်ဖိုးထက် ပိုများပေသည်။
ချန်အာ့ပါးသည် တစ်ပါးသူထံမှ အခွင့်ကောင်းယူတတ်သူ မဟုတ်ပေ။ သူ၏မိသားစုကိုပါ စားသောက်ရန် အတူခေါ်လာခဲ့သော်ငြား ချန်ကျဲ့မှ သေရည်အား လက်မခံဘဲ ငြင်းဆန်မည်ကို စိုးရိမ်နေခဲ့သည်။ ဤနည်းဖြင့် သူ၏မိသားစုသည် ချန်ကျဲ့၏ငါးကို စားသောက်ပြီး ချန်ကျဲ့သည် သူ၏သေရည်ကို သောက်သုံးကာ မည်သူ့ကိုမျှ အခွင့်ကောင်းယူသည်ဟု သတ်မှတ်နိုင်တော့မည် မဟုတ်ပေ။
ထပ်မံ၍ ငြင်းဆန်မရနိုင်လေရာ ချန်ကျဲ့ သေရည်အိုးကို လက်ခံယူလိုက်သည်။ စားသောက်သောအခါ ချန်ကျဲ့နှင့် ချန်အာ့ပါးတို့သည် ထိပ်ဆုံးထိုင်ခုံတွင် ထိုင်ကြသည်။ ရှောင်ဟူသည် နာခံစွာဖြင့် ဘေးတွင် မတ်တပ်ရပ်နေသည်။ စူးယွင်ကျင်းနှင့် အဒေါ်အာ့ပါးတို့သည် စားပွဲတွင် ဝင်ထိုင်ရန် မဝံ့ရဲကြသောကြောင့် မီးဖိုချောင်၌သာ ကိုယ့်ကိုယ်ကိုယ် အလုပ်ရှုပ်နေစေလိုက်ကြသည်။
ကလေးမလေးသည် အစားအသောက်များ၏ ဆွဲဆောင်ခြင်းကို ခံနေရသည့်တိုင် ရပ်ကြည့်နေရုံသာ တတ်နိုင်သည်။ ချန်ကျဲ့ မတ်တပ်ရပ်၍ အဒေါ်အာ့ပါးကို ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။ စူးယွင်ကျင်းနှင့် ကလေးမလေးတို့ကိုလည်း ဝင်ထိုင်ရန် တိုက်တွန်းသည်။ သူတို့သည် တွန့်ဆုတ်နေကြသော်ငြား ချန်ကျဲ့သည် အတင်းအကျပ်တိုက်တွန်း၏။ ထို့ကြောင့် နောက်ဆုံးတွင် မတတ်သာဘဲ ဝင်ထိုင်ကြရသည်။
စားသောက်ပွဲအတွင်း၌ ချန်ကျဲ့သည် သူမိုက်မဲစွာပြုမူနေခဲ့သည့် အချိန်များအတွင်းတွင် သူ၏မိသားစုကို ဂရုစိုက်ပေးခဲ့ခြင်းအတွက် ချန်အာ့ပါးကို ကျေးဇူးတင်ခဲ့သည်။ အထူးသဖြင့် စူးယွင်ကျင်းကို ဂရုစိုက်ပေးခဲ့ခြင်းအတွက် ဖြစ်သည်။
ဦးလေးအာ့ပါးမှ ပြောသည်။
“ယွင်ကျင်းက မိန်းမကောင်းလေးပါ။ သူမင်းနဲ့အတူ ဒုက္ခတွေအများကြီး ခံစားခဲ့ရတာ၊ မင်းသူ့ကို ကောင်းကောင်းဆက်ဆံရမယ်နော်…”
ဦးလေးအာ့ပါးမှ စကားပြောနေစဉ်တွင် စူးယွင်ကျင်းမှာ မျက်ရည်များ ဝဲတက်လာခဲ့သည်။ အဒေါ်အာ့ပါးသည် အခြေအနေကို တက်ကြွသွားစေရန် အမြန်ကြိုးစားလိုက်သည်။ ဟူဇစ်နှင့် ကလေးမလေးသည်တော့ မိမိ၏တွဲဖက်ကို ရှာတွေ့သွားသည့်အလား ငါးကြင်းချက်ကို ထက်သန်ပြင်းပြစွာ အငမ်းမရ စားနေကြသည်။
နောက်ဆုံးတွင် ဦးလေးအာ့ပါးသည် အသက်အရွယ်မှ ဇာတိပြလာသောကြောင့် ကောင်းကောင်းမသောက်နိုင်ပေ။ အဆုံးတွင် သိသိသာသာ သေရည်မူးသွားခဲ့ပြီး ချန်ကျဲ့၏လက်ကို ဖမ်းဆုပ်ထား၍ ချန်ကျဲ့အား သမားတော်ပိုင်ထံမှ ဆေးပညာကို သေချာသင်ယူရန်၊ မျိုးရိုးစဉ်ဆက် အရည်အချင်းကို ပျောက်ပျက်မသွားအောင် ထိန်းသိမ်းရန်တို့ကို စိတ်အားထက်သန်စွာ တိုက်တွန်းပြောဆိုနေခဲ့သည်။
ထို့နောက် မျက်ရည်စွက်သော ရယ်မောခြင်းတို့ဖြင့် ချန်အာ့ပါးမှ ပြောသည်။
“ကျိုစစ် မင်းကောင်းကောင်းသင်မယ်ဆိုရင် ငါတကယ် အရမ်းပျော်တယ်၊ တကယ်ပြောတာ!”