ဝူဟုန်
Vol. 2 Ch. 27
နေ့လယ်စာစားပြီးနောက်တွင် ဦးလေးအာ့ပါးသည် သေရည်မူးသွားခဲ့သည်။
အမှန်အတိုင်းဆိုရသော် ဦးလေးအာ့ပါးသည် အရက်သောက်နိုင်စွမ်း မကောင်းလှပေ။ သေရည်သည် ၁၅နှစ်၊ ၁၆နှစ်ခန့် မြှုပ်နှံထားခြင်းဖြစ်သော်ငြား အရက်ပါဝင်မှု နည်းပါးသည့် ဆန်အရက်မျှသာဖြစ်သည်။ အရင်ဘဝက အရက်အမျိုးအစားမျိုးစုံကို မြည်းစမ်းခဲ့ပြီးဖြစ်သော ချန်ကျဲ့အတွက်မူ ဤသေရည်မျှဖြင့် ထိမိစေရန် မလွယ်ကူပေ။
သို့သော် အသက်အရွယ်ရနေပြီဖြစ်သော ဦးလေးအာ့ပါးအတွက်မူ ဤသေရည်သည် အနည်းငယ်ပြင်း၏။ ဦးလေးအာ့ပါး၏ ခံနိုင်ရည်သည် ဘီယာနှစ်ဘူးခန့်ဖြစ်လိမ့်မည်ဟု ချန်ကျဲ့ ခန့်မှန်းမိသည်။
နောက်ဆုံးတွင် ရှောင်ဟူသည် ဦးလေးအာ့ပါးကို အိမ်သို့ ချီပိုးသွားခဲ့ရသည်။
ထရပ်လိုက်သောအခါ မွန်းလွဲနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ချန်ကျဲ့ မျက်နှာသစ်၍ ဆားဖြင့် သွားတိုက်သည်။ ထို့နောက် စူးယွင်ကျင်းမှ သူ့အား အဝတ်အသစ်တစ်စုံ လဲပေးသည်။
ထိုသို့ပြုလုပ်ခြင်းဖြင့် သူ၏ကိုယ်ပေါ်မှ သေရည်နံ့ကို မခံစားမိလုနီးပါး အတော်လေး မှေးမှိန်သွားစေသည်။
စူးယွင်ကျင်းသည် ပင်စိမ်းအချို့ကိုရှာဖွေ၍ ချန်ကျဲ့၏ခန္ဓာကိုယ်တွင် သုတ်လိမ်းပေးသည်။ ဆေးပင်ရနံ့သည် သေရည်နံ့ကို ဖုံးကွယ်ရာ၌ အထောက်အကူဖြစ်သည်။
ဤသည်မှာ ချန်ကျဲ့အနေဖြင့် သမားတော်ပိုင်၏အိမ်သို့ ပထမဆုံး အလည်သွားရောက်ခြင်းဖြစ်သည်။ သေရည်မူးနေသည့် ပုံစံဖြင့် မကောင်းသည့်ပုံရိပ်မျိုး ချန်ရစ်မထားခဲ့နိုင်ပေ။
ထို့နောက် မကြာမီတွင် ချန်ကျဲ့ သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး လျှော်ထားသည့်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်ရာ အတော်လေး သွက်လက်တက်ကြွဟန် ပုံပေါ်သွားခဲ့သည်။
“မိန်းမ ငါသွားပြီ”
ချန်ကျဲ့ ပြောလိုက်သည်။
စူးယွင်ကျင်း ခေါင်းညိတ်လိုက်ပြီး အင်္ကျီကော်လံစကို ဖြန့်ပေးလိုက်ရင်း ပြောသည်။
“ဂရုစိုက်ပါ၊ ရွေ့ရွေ့နဲ့ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်”
“အမ်း”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကလေးမလေးဘက်သို့ လှည့်ပြောသည်။
“ရွေ့ရွေ့ အစ်ကိုကြီး သွားတော့မယ်”
ကလေးမလေး ပြေးထွက်လာသည်။
“အစ်ကိုကြီး ရွေ့ရွေ့လွမ်းနေမယ်နော်”
“အမ်?”
ချန်ကျဲ့ ကလေးမလေးကို ကြည့်လိုက်သည်။
‘အစ်ကိုကြီး ညကျပြန်လာမှာပါ”
ရွေ့ရွေ့ မော့ကြည့်လာသည်။
“အမ် အဲဒါလည်း ရွေ့ရွေ့ လွမ်းနေဦးမှာပဲ”
“မင်းက ဒီတိုင်း အစ်ကိုကြီးကို စကားချိုချိုလေးတွေ ပြောနေရုံပါပဲ”
ချန်ကျဲ့ ကလေးမလေး၏ဆံပင်လေးများကို အသာထိုးဖွလိုက်ပြီး ပြောသည်။ ထို့နောက် အိမ်မှ ထွက်လာခဲ့သည်။
…
သမားတော်ပိုင်၏နေအိမ်သည် ရွာထဲတွင် အကြီးဆုံး အုတ်ကြွပ်မိုးအိမ်ဖြစ်သည်။ ဝူကျုံး ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးတစ်ဦး ဖြစ်လာပြီးနောက် ဆောက်လုပ်ခဲ့သည့် အံ့ချီးဖွယ်ဆောက်လုပ်မှုကြီးဖြစ်သည်။
ထို့နောက် သမားတော်ပိုင်သည် ထိုခြံဝင်းထဲရှိ နေအိမ်အဖြစ်ရော ဆေးပညာလေ့ကျင့်ရေးအခန်းအဖြစ်ပါ အသုံးပြုနိုင်သည့် သီးသန့်အိမ်အသေးလေးတွင် ဆေးခန်းဖွင့်ခဲ့သည်။
ချန်ကျဲ့ ရောက်ရှိချိန်တွင် သမားတော်ပိုင်၏အိမ်တံခါးမှာ ပိတ်ထား၏။ တံခါးခေါက်သော်ငြား မည်သူမျှ ပြန်ဖြေမလာပေ။
ချန်ကျဲ့ နောက်တစ်ကြိမ် တံခါးခေါက်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ခြံဝင်းထဲမှ အသံထွက်ပေါ်လာသည်။ မကြာမီ တံခါးပွင့်လာခဲ့ပြီး ချွေးများရွှဲနစ်နေသော အပေါ်ပိုင်းအဝတ်ဗလာဖြင့် လူငယ်တစ်ဦးထွက်ပေါ်လာသည်။
ချန်ကျဲ့ ထိုလူငယ်ကို အကဲခတ်ကြည့်လိုက်သည်။ ထိုလူငယ်သည် လက်တံရှည်လျားပြီး ကျယ်ပြောသည့် ပခုံးရှိသည်။ ခန္ဓာကိုယ်တွင် ကြံ့ခိုင်သော ကြွက်သားများ အပြည့်ဖြင့် ကြံ့ခိုင်သန်မာသော ရင်အုပ်ကျယ်ရှိသည်။ ခါးသည် အနည်းငယ် သွယ်လျပြီး မတုတ်ခိုင်ပေ။
လူငယ်၏ ခြေတံများသည် တုတ်ခိုင်သည်လည်းမဟုတ်၊ သေးသွယ်သည်လည်း မဟုတ်ဘဲ ရှည်လျားသည်။ ထိုလူငယ်သည် အလွန်တရာ အင်အားကြီးမားသည့် အသွင်အပြင်ကို ဖော်ဆောင်နေပေသည်။
ချန်ကျဲ့ သူ၏အရင်ဘဝက ကြားဖူးခဲ့သော သိုင်းပညာလေ့ကျင့်ရန် သင့်တော်သည့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များကို ချက်ချင်းတွေးမိလိုက်သည်။
မျောက်ဝံကဲ့သို့ လက်များ၊ အလွန်သေးသွယ်သော ခါး၊ ရှိခိုးကောင်ကဲ့သို့ ခြေထောက်များဟူ၍။
“ဘယ်သူ့ကို လာရှာတာလဲ”
လူငယ်မှ ချန်ကျဲ့ကိုမေးသည်။
“ကျွန်တော်က သမားတော်ပိုင် အသစ်ခန့်ထားတဲ့ အလုပ်သင်ပါ။ ဒါနဲ့ မင်းက?”
ချန်ကျဲ့ ယဉ်ကျေးစွာ မေးလိုက်သည်။
ထိုအခါ လူငယ်လေးမှ ပြုံးပြလာ၏။
“ခင်ဗျားက ချန်ကျိုစစ်ဖြစ်ရမယ် ဟုတ်တယ်မလား။ လာ ဝင်ခဲ့ ဝင်ခဲ့ပါ။ ငါက သမားတော်ပိုင်ရဲ့မြေး ဝူဟုန်ပါ”
ချန်ကျဲ့ ပြောလိုက်သည်။
“အဲဒါဆို မင်းက သခင်လေးဝူပေါ့”
လူငယ်လေးမှ ရယ်မောသည်။
“ဘာကို သခင်လေးဝူလဲဗျာ၊ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ အခုကစပြီး ငါ့ကို နာမည်ပဲခေါ်ပါ”
ဝူဟုန်သည် ချန်ကျဲ့ကို ခြံဝင်းထဲသို့ ဦးဆောင်ခေါ်သွားရင်းဖြင့် ယဉ်ကျေးပျူငှာစွာ စကားပြောဆိုသည်။ ထို့နောက် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောလာသည်။
“ကျိုစစ် မင်းအကြောင်းကို ငါသိပြီးပြီ။ ငါ့အဖိုးမှာ မင်းရှိနေလို့ ကံကောင်းသွားတာ၊ မဟုတ်ရင် အဖိုးတော့ အန္တရာယ်ကျရောက်ခဲ့လောက်မှာ။ မင်းရဲ့ကြင်နာမှုက ငါတို့မိသားစုအပေါ် အများကြီးသက်ရောက်မှုရှိခဲ့ပါတယ်”
ချန်ကျဲ့ အမြန်ပြန်ပြောလိုက်သည်။
“သခင်လေးဝူ.. အစ်ကိုဝူ အဲဒီအကြောင်း မပြောပါနဲ့တော့ဗျာ။ ဘာကို ကြင်နာမှုတွေ၊ မကြင်နာမှုတွေလဲ… သမားတော်ပိုင်က ငါ့ကို အလုပ်သင်အဖြစ် ခေါ်ပေးပြီး အသက်မွေးဝမ်းကြောင်းနိုင်ဖို့ ပညာတစ်ခုသင်ကြားပေးတာ၊ သမားတော်ပိုင်ကမှ တကယ့်ကျေးဇူးရှင်ပါ။ ငါ… ငါက အဲဒီနေရာမှာ ရှိနေခဲ့ရုံပဲ၊ ဒီတိုင်း တိုက်ဆိုင်သွားတာပါ”
ချန်ကျဲ့မှ ယဉ်ကျေးစွာ ပြောဆိုနေသောအခါ ဝူဟုန်သည် ချန်ကျဲ့ကိုကြည့်၍ ချန်ကျဲ့အား ပို၍လေးစားမိလေသည်။
ကြင်နာမှုကို ပြသခဲ့ပြီး အဲဒါကနေ အခွင့်ကောင်းမယူဘူး။ သူက တကယ် ကိုယ့်ကိုယ်ကို ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာ နားလည်မှုရှိတဲ့သူပဲ။
အခြားသူအပေါ် အကူအညီပေးခြင်းသည် ကောင်းမွန်သောလုပ်ရပ်ဖြစ်သည်။ သို့သော် အကူအညီပေးပြီးနောက်တွင် အချို့လူများသည် ထိုအကြောင်းကို အဆက်မပြတ် အသားပေးပြောနေတတ်ကြ၏။
“ငါမင်းအပေါ် ကြင်နာမှုကို ပြသခဲ့တယ်၊ မင်းငါ့အပေါ် အကြွေးတင်နေတယ်…”
သို့ဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ကျေးဇူးတင်သည့်ခံစားချက်မှာ ပျောက်ကွယ်သွားပြီး မကျေမချမ်းသော ခံစားချက်များပင် ဖြစ်ပွားလာနိုင်ပေသည်။ စစ်မှန်သော ပညာရှိလူကောင်းများသည် အခြားသူအပေါ် မည်သည့်မျှော်လင့်ချက်မျှ မထားရှိဘဲနှင့် ကူညီပေးကြသူများ ဖြစ်ပေသည်။
ကျေးဇူးတရားအား နားလည်သူများသည် ထုတ်မပြောလျှင်သော်မှ မှတ်မိကြပေလိမ့်မည်။ ကျေးဇူးတရားအား ဂရုမစိုက်သူများသည်တော့ မိမိဘက်မှ ကူညီပေးလျှင်ပင် အမျက်ဒေါသထွက်ကြမည်ဖြစ်၏။ သို့ဖြစ်ရာ ၎င်းအတွက် အဘယ်ကြောင့်များ စိတ်အနှောင့်အယှက်ဖြစ်ရပါအံ့နည်း။
ဝူဟုန်သည် ချန်ကျဲ့အား ခြံဝင်းထဲရှိ ကျောက်ထိုင်ခုံထက်တွင် ထိုင်ရန် ဖိတ်ခေါ်သည်။ လက်ဖက်ရည်တစ်ခွက် လောင်းထည့်ပေးပြီး ပြောသည်။
“အဖိုးက နေ့လယ်ခင်း တစ်ရေးအိပ်တတ်တဲ့ အကျင့်ရှိတယ်။ သူ မကြာခင် နိုးလာတော့မှာပါ။ ခဏလောက်စောင့်ပေးပါဦး”
ချန်ကျဲ့ ပြောလိုက်သည်။
“အလျင်မလိုပါဘူး အလျင်မလိုပါဘူး”
သမားတော်ပိုင် အိပ်ရာနိုးသည်ကို စောင့်ဆိုင်းနေစဉ် ချန်ကျဲ့နှင့် ဝူဟုန်တို့သည် စကားစမြည်ပြောဆိုနေခဲ့ကြသည်။
ချန်ကျဲ့သည် စကားပြောကောင်းသူဖြစ်၏။ ထို့ပြင် ချန်ကျဲ့သည် သမားတော်ပိုင်အား ကယ်တင်ပေးထားခဲ့သူဖြစ်ရာ ဝူဟုန်သည်လည်း ချန်ကျဲ့အပေါ် အမြင်ကောင်းရှိသည်။ အချိန်ခဏမျှ ကြာမြင့်ပြီးနောက်တွင် နှစ်ဦးသားမှာ အချင်းချင်း၏ အခြေအနေများကို သိသွားခဲ့ကြသည်။
ဝူဟုန်သည် ရွာထဲတွင် မနေပေ။ ဆရာဖြစ်သူ၏အိမ်တွင် နေထိုင်သည်။
သူ၏ဆရာသည် စီရင်စု၏အကြီးအကဲကျန်း ဖြစ်သည်။
သမားတော်ပိုင်၌ အစိုးရရုံးတော်တွင် အလုပ်လုပ်သည့် သွေးသောက်ညီနောင်တစ်ဦး ရှိသည်။ ထိုညီနောင်သည် အကြီးအကဲကျန်းလီယဲ့နှင့် ဆက်ဆံရေးကောင်းမွန်သည်။
တစ်ချိန်က သမားတော်ပိုင်သည် ၅နှစ်အရွယ်ဝူကျုံးကိုခေါ်၍ သူ၏သွေးသောက်ညီနောင်ဆီသို့ အလည်အပတ်သွားခဲ့သည်။ ထို့နောက် တိုက်တိုက်ဆိုင်ဆိုင်ပင် အကြီးအကဲကျန်းလည်း ရှိနေခဲ့သည်။ အကြီးအကဲကျန်းသည် လက်တံရှည်ရှည်၊ ခါးသွယ်သွယ်၊ ရှိခိုးကောင်ကဲ့သို့ ခြေတံများရှိသည့် မွေးရာပါ သိုင်းပညာပါရမီရှင်လေး ဝူဟုန်ကို အကဲခတ်ကြည့်ခဲ့သည်။
အကြီးအကဲကျန်းသည် ဝူဟုန်အား တပည့်အဖြစ် လက်ခံချင်ကြောင်းကို သမားတော်ပိုင်ကို ပြောပြခဲ့သည်။ သမားတော်ပိုင်သည်လည်း ၎င်းမှာ ကောင်းမွန်သည့်အရာဟု တွေးခဲ့သည်။
အကြီးအကဲကျန်း ကျန်းလီယဲ့က သာမန်လူတစ်ဦး မဟုတ်ပေ။ အကြီးအကဲကျန်းသည် မျန့်ရွှေစီရင်စု၏ အစောင့်အရှောက်ကြီး၁၃ဦးအနက်မှ တစ်ဦးဖြစ်သည်။ အမည်ကျော်ကြားသော စွမ်းအင်ပြောင်းလဲဆရာကြီးဖြစ်၏။
ငါးဖမ်းကုန်သည်အဖွဲ့၏ ခေါင်းဆောင်ပင်လျှင် အကြီးအကဲကျန်းကို လေးစားမှုဖြင့် ဆက်ဆံရသည်။
အကြီးအကဲကျန်း၏ အဆင့်အတန်းသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးရာထူးမျှထက် အလွန်တရာမြင့်မားသည်။ အကြီးအကဲကျန်းမှ ဝူဟုန်အား တပည့်အဖြစ် လက်ခံလိုခြင်းသည် ပိုင်မိသားစုအတွက်မူ အဆင့်အတန်းမြင့်မားသည့် မိသားစုတစ်စုနှင့် လက်ထပ်ထိမ်းမြားလိုက်ခြင်းကဲ့သို့ ဖြစ်ပေသည်။
ထို့ကြောင့် ဝူဟုန်အား အကြီးအကဲကျန်း၏ တပည့်ခံရန် သဘောတူညီခဲ့သည်။
အကြီးအကဲကျန်းသည် အလွန်စည်းကမ်းတင်းကျပ်၏။ သူသည် တပည့်ဖြစ်သူအား သူနှင့်အတူ နေထိုင်၍ သင်ယူစေလိုသည်။ ဤသို့နေထိုင်မှုပုံစံသည် ၁၅နှစ်ကြာမြင့်ခဲ့ပြီး အကြီးအကဲကျန်းသည် ဝူဟုန်ကို အလွန်တရာ ချစ်မြတ်နိုးသည်။ သို့ဖြင့် ဆရာတပည့်ဆက်ဆံရေးကို ကျော်လွန်ကာ ဝူဟုန်အား သူ၏ မွေးစားသားအဖြစ် သတ်မှတ်ခဲ့သည်။
အကြီးအကဲကျန်းသည် သူလက်ရှိ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့် အစိုးရရုံးတွင် ဝူဟုန်ကို အလုပ်လုပ်နိုင်ရန်ပင် စီစဉ်ပေးခဲ့သည်။
ဝူဟုန် ဤတစ်ကြိမ် ပြန်လာရသည့် အကြောင်းအရင်းမှာ သမားတော်ပိုင်ကြောင့် ဖြစ်သည်။ မနေ့က သမားတော်ပိုင်သည် တောင်စောင်းမှ ပြုတ်ကျခဲ့ပြီး ပိုင်မိသားစုမှ လူတစ်ယောက်စေလွှတ်၍ ဝူဟုန်ကို အကြောင်းကြားခဲ့သည်။ ဝူဟုန်သည် အဖိုးဖြစ်သူကို စိုးရိမ်သောကြောင့် အကြီးအကဲကျန်းလီယဲ့ကို ပြောပြခဲ့သည်။ သို့ဖြင့် ခွင့်ရက်၇ရက် ရရှိခဲ့သည်။
သို့ဖြင့် ဝူဟုန်သည် မြို့တော်မှ အမြန်ပြန်လာခဲ့သည်။
သူတို့စကားပြောနေကြစဉ် သမားတော်ပိုင် အိပ်ရာနိုးလာသည်။ သမားတော်ပိုင်သည် တုတ်ကောက်တစ်ချောင်းကို အမှီပြု၍ အခန်းထဲမှ ထွက်လာသောအခါ စကားပြောနေသည့် လူနှစ်ယောက်ကို မြင်လိုက်ရသည်။ လူငယ်နှစ်ယောက်သည်လည်း သမားတော်ပိုင်ကို မြင်၍ ထရပ်လာသည်။
“မင်း ရောက်နေပြီပဲ”
သမားတော်ပိုင်သည် လောကွတ်စကားများ ပြောဆိုမနေဘဲ ဝူဟုန်ကို ပြောသည်။
“သိုလှောင်ခန်းထဲကိုသွားပြီး ဆေးအိတ်နှစ်အိတ် ယူလာခဲ့”
“ဟုတ်ကဲ့”
ဝူဟုန်သည် ဘေးချင်းကပ်ရှိ သိုလှောင်ရုံထဲသို့ ချက်ချင်း ဝင်သွားပြီး ဆေးအိတ်နှစ်အိတ်ကို ယူလာသည်။
ထို့နောက် သမားတော်ပိုင်မှ ပြောသည်။
“ဆေးပင်တွေအကုန်လုံးကို မြေကြီးပေါ်လောင်းချလိုက်”
ထို့နောက် မြေပြင်ထက်တွင် ဆေးပင်များ ဖုံးလွှမ်းသွားသည်။ ထိုဆေးမြစ်ဆေးပင်များသည် ရှုပ်ထွေးစုပုံလျက် ရောထွေးနေသည်။
သမားတော်ပိုင်မှ ဆက်ပြောသည်။
“ဒီနေ့အတွက် မင်းရဲ့တာဝန်က ဒီဆေးပင်တွေကို ခွဲခြားဖို့ပဲ။ ဒါတွေအကုန် ခွဲခြားပြီးတာနဲ့ မင်းပြန်လို့ရပြီ”
ထိုသို့ပြောပြီးသည်နှင့် သမားတော်ပိုင်သည် လက်ကိုကျောနောက်ပစ်လျက် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ မနေ့ကမူ ချန်ကျဲ့အား ဧည့်သည်တစ်ဦးအဖြစ် ယဉ်ကျေးပျူငှာနေခဲ့ပြီး ဒီနေ့တွင်မူ သခင်တစ်ယောက်အဖြစ် တင်းမာနေခဲ့သည်။
သူ၏အလုပ်သင်ကို ကိုင်တွယ်ရာတွင် သမားတော်ပိုင်သည် စိတ်မနူးညံ့ပါချေ။ သို့မဟုတ်ပါဘဲ ကလေးတစ်ယောက်ကဲ့သို့ ဆက်ဆံနေလျှင် စစ်မှန်သော ပညာရပ်အား အဘယ်သို့များ သင်ကြားပေးရပါအံ့နည်း။ သမားတော်ပိုင်သည် သူ၏အသိပညာများကို စိတ်ရင်းမှန်ဖြင့် သင်ပေးလိုခြင်းဖြစ်သည်။
မြေပြင်ထက်တွင် စုပုံရှုပ်ထွေးနေသည့် ဆေးပင်များကိုကြည့်၍ ဝူဟုန်မှ ပြောသည်။
“ကျိုစစ် ကောင်းကောင်းလုပ်နော်။ ငါမင်းကို အဖော်ပြုမပေးတော့ဘူး”
ထိုသို့ပြောခဲ့ပြီးနောက် ဝူဟုန်သည် တစ်ဖက်ဘေးသို့သွား၍ ကျောက်တုံးတစ်တုံးကို မ,ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုလေ့ကျင့်ခန်း ပြုလုပ်နေသည်။
ချန်ကျဲ့သည် မြေပြင်တွင် ပြန့်ကျဲနေသည့် ဆေးပင်များကို ကြည့်လိုက်သည်။ အချို့မှာ အပိုင်းပိုင်း လှီးဖြတ်ထား၏။ တမင်ရည်ရွယ်၍ ရောထားခြင်းမှာ သိသာလှပေသည်။ သူ၏ ပထမဆုံးသင်ခန်းစာမှာ ဤသို့ဖြစ်နေလိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။