← Chapters

ဘိုးဘေးကြီး လက်သီးထိုးချက် သင်ခန်းစာများ

Vol. 2 Ch. 28

ဘိုးဘေးကြီး လက်သီးထိုးချက် သင်ခန်းစာများ

Vol. 2 Ch. 28

နေ့လယ်ခင်းတွင် ချန်ကျဲ့သည် ဆေးပင်များကို ရွေးထုတ်နေသည်။

ဤတာဝန်မှာ မလွယ်ကူပေ။ သမားတော်ပိုင် ရွေးချယ်ပေးထားသည့် ဆေးပင်များသည် မှားယွင်းရန် လွယ်ကူသည်။

အချို့ဆေးပင်များကို အခြောက်ခံထားသည်။

လတ်ဆတ်သော ဆေးပင်များလည်း ရှိသည်။

ထို့ပြင် ချန်ကျဲ့မှာ အမျိုးအစားတူသည့် အခြောက်ခံထားသော ဆေးပင်များနှင့် လတ်ဆတ်သော ဆေးပင်များကို ခွဲခြားရမည်ဖြစ်သည်။

ဤသည်မှာ အလွန်များပြားသည့် အလုပ်ပမာဏဖြစ်သည်။

လတ်ဆတ်သော မွန်ဂိုပဲရိုင်းပင်များနှင့် ဟွမ်းချီပြားများသည် လုံးဝ ကွဲပြားခြားနားသောအရာများ ဖြစ်ကြသည်။

ဖန့်ဖုန်း၊ ဒန်ရှင်ဆေးမြစ်၊ ပန်းလန်ကျင်၊ ဂျင်ဆင်းမြစ်၊ ခေါင်းလောင်းပန်း၊ ချန်းဟူ၊ မွန်ဂိုပဲရိုင်းပင်၊ နွယ်ချိုတို့ကိုလည်း ခွဲထုတ်ရမည်ဖြစ်သည်။

ဆေးပင်၊ဆေးမြစ်များနှင့်ပတ်သက်၍ အခြေခံအသိမရှိသူဖြစ်ပါက ထိုအမျိုးအစားအနည်းငယ်ဖြင့်ပင် မူးဝေသွားနိုင်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ချန်ကျဲ့သည် စာမတတ်သော်ငြား ငယ်စဉ်က အတင်းအကျပ် နားထောင်စေခြင်း၊ ကြည့်ရှုစေခြင်းတို့ဖြင့် သင်ကြားခံခဲ့ရသော ဆေးဖက်ဝင်အပင်များအကြောင်း အသိပညာသည် ယခုအချိန်တွင် အကူအညီဖြစ်ခဲ့သည်။

ခက်ခဲသော်ငြား နှစ်နာရီခန့်မျှ ယောက်ယက်ခတ်နေပြီးနောက်တွင် ချန်ကျဲ့ အားလုံးကို ခွဲခြားပြီးစီးခဲ့သည်။

ထိုစဉ် ဝူဟုန်သည်လည်း နှစ်နာရီကြာ လေ့ကျင့်နေခဲ့သည်။ ချန်ကျဲ့ ထရပ်၍ တင်းမာနေသော အကြောများကို ဖြေလျော့လိုက်ပြီး ဝူဟုန်ကို မေးမြန်းလိုက်သည်။

“အစ်ကိုဝူ မင်းလေ့ကျင့်နေတာက ဘယ်လိုသိုင်းအမျိုးအစားလဲ”

ဝူဟုန်သည် ချန်ကျဲ့ ဆေးပင်များကို ခွဲခြားပြီးစီးသွားကြောင်း မြင်သောအခါ ပြုံးလိုက်ပြီး ပြောလာသည်။

“မင်းက အတော်မြန်သားပဲ။ မင်း မှောင်တဲ့အထိ လုပ်နေရလောက်မယ်လို့ ငါထင်နေတာ”

ချန်ကျဲ့ ပြန်ပြောသည်။

“ငါ့မှာ အခြေခံအသိပညာလေးရှိလို့ပါ”

ဝူဟုန်မှ ပြောသည်။

“ငါက ခန္ဓာကိုယ်ကြံ့ခိုင်အောင် လေ့ကျင့်နေတာလေ။ မင်းလည်း ဒီလိုမျိုးကို စိတ်ဝင်စားတယ်လား ကျိုစစ်”

ချန်ကျဲ့ ပြန်ပြောသည်။

“စိတ်ဝင်စားတယ်။ ငါက ပုံမှန်ဆို လေ့ကျင့်ခန်းသိပ်မလုပ်ဖြစ်ဘူး။ အဲဒါကြောင့် တစ်ခါတလေ တောင်ပေါ်တက်တဲ့အခါ တောရိုင်းတိရစ္ဆာန်တွေနဲ့ ကြုံတွေ့ခဲ့ရင် အရမ်းအန္တရာယ်များတယ်လေ”

ဝူဟုန်သည် အဖိုးဖြစ်သူ၏ အတွေ့အကြုံများကို ပြန်စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

“ဟုတ်တယ်၊ ငါတို့ရဲ့ အနောက်ဘက်တောင်က သာ့ပါး‌တောင်ရဲ့ ဟေးတောင်တန်းနဲ့ ဆက်နေတာ။ အဲဒီမှာ တောရိုင်းတိရစ္ဆာန်တချို့ ရှိ‌တယ်။ မင်းတို့ သမားတော်တွေက တောင်ပေါ်ကို ဆေးပင်ရှာဖို့ မဖြစ်မနေ သွားရတော့ ကိုယ်ခံပညာနည်းနည်းလောက် သင်ထားဖို့ လိုအပ်တယ်”

ထိုအခါ ချန်ကျဲ့ပြောလိုက်သည်။

“ဟုတ်တယ် အစ်ကိုဝူရ၊ မင်းငါ့ကို သင်ပေးနိုင်မလား”

ဝူဟုန် ဘာမှပြန်မပြောပေ။ ထို့ကြောင့် ချန်ကျဲ့ ချက်ချင်း ထပ်ပြောလိုက်သည်။

“ဒါပေါ့ဗျာ၊ အကယ်၍ ဂိုဏ်းရဲ့လျှို့ဝှက်ချက်တို့ ဘာတို့ ပါနေရင်တော့ အဲဒီအကြောင်းကို အစ်ကိုဝူ စိတ်ထဲထားမနေပါနဲ့တော့”

ထိုအခါ ဝူဟုန်မှ ပြောသည်။

“အဲဒါတွေ မလိုအပ်ပါဘူး။ ဒီကိုလာ၊ ငါမင်းရဲ့အရိုးတွေကို စမ်းကြည့်မယ်”

ချန်ကျဲ့ အလွန်ပျော်ရွှင်သွားသည်။ ဝူဟုန်မှ ချန်ကျဲ့၏အရိုးများကို စမ်းကြည့်ပေးပြီး ပြောသည်။

“အမ် ငါအခုပဲ မင်းရဲ့အရိုးတွေကို စမ်းကြည့်ခဲ့တာတော့ မင်းမှာ ပါရမီရှိတယ် ဒါပေမဲ့ အရမ်းကြီးတော့လည်း မဟုတ်ဘူး။ သာမန်လောက်ပဲ”

“သိုင်းပညာမှာ အောင်မြင်မှု ကြီးကြီးမားမားရဖို့တော့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ ကိုယ်ခံပညာနည်းနည်းလောက် သင်ယူဖို့အတွက်တော့ ပြဿနာမရှိဘူး”

ဝူဟုန်မှ ဆက်ပြောသည်။

“အရင်ဆုံး ငါနဲ့အတူ လက်ဝှေ့ထိုးနည်းတစ်ခု သင်ကြည့်လိုက်။ ကျန်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လေ့ကျင့်တာကတော့ နောက်မှ ဖြည်းဖြည်းချင်း လေ့ကျင့်လို့ရတယ်”

ဝူဟုန်မှ ဆက်ပြောသည်။

“လာ ငါနဲ့အတူ တစ်ခါလောက် လေ့ကျင့်ကြည့်”

ဝူဟုန်သည် မဆိုင်းမတွ ကိုယ်နေဟန်ထားပြောင်းလိုက်ကာ ချန်ကျဲ့ကို သင်ကြားပေးရန် အသင့်ဖြစ်နေသည်။

ချန်ကျဲ့ အံ့ဩသွား၏။ သိုင်းပညာကို ဤသို့ရိုးရှင်းစွာ သင်ယူနိုင်လိမ့်မည်ဟု ချန်ကျဲ့ မျှော်လင့်မထားခဲ့ပေ။

ဤသို့အကျိုးခံစားခွင့်များ ရရှိခြင်းမှာ တကယ်တမ်းတွင် ချန်ကျဲ့သည် သမားတော်ပိုင်အား ကယ်တင်ပေးခဲ့ဖူးသောကြောင့် ဖြစ်၏။ ထိုအကြောင်းရင်းကြောင့် သူ့အပေါ် တုံ့ပြန်မှုကောင်းမွန်ကြကာ ဝူဟုန်နှင့်လည်း အဆင်ပြေပြေ ပေါင်းသင်းနိုင်ခြင်းဖြစ်သည်။

ထို့ပြင် ဝူဟုန် ချန်ကျဲ့အား သင်ကြားပေးသည်မှာ အလွန်ကြီးကျယ်၍နက်နဲသောသိုင်းပညာ မဟုတ်ပါချေ။ သိုင်းပညာလေ့ကျင့်သူတိုင်း သင်ယူနိုင်သည့် ဘိုးဘေးကြီး လက်သီးထိုးချက်သိုင်း ဖြစ်သည်။

ဤလက်ဝှေ့ထိုးနည်းသည် တန်ဖိုးကြီးမားသည့်အရာ မဟုတ်ပေ။ မြို့တွင်းရှိ စာအုပ်ဆိုင်များတွင် ငွေ၅တုံးခန့်ဖြင့် ဝယ်ယူနိုင်၏။ သို့သော် ဝူဟုန်မှ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးခြင်းသည်တော့ ကွာခြားပေသည်။

ဘိုးဘေးကြီး လက်သီးထိုးချက်ကို စုန့်မင်းဆက်အား တည်ထောင်ခဲ့သော ဧကရာဇ် ကျောင်းခွမ်းယင် ဖန်တီးခဲ့သည်ဟု ဆိုကြသည်။ ၎င်းသိုင်းပညာကို ‘လက်သီးတစ်ရာ၏ မိခင်'ဟုလည်း ခေါ်ကြသည်။

ထိုသိုင်းပညာသည် မနက်နဲပေ။ အတော်လေး အခြေခံကျသော သိုင်းကွက်များဖြစ်ပြီး များသောအားဖြင့် သိုင်းပညာလေ့ကျင့်သူများသည် ၎င်းကို အခြေခံအုတ်မြစ်တည်ဆောက်ရန်အတွက် အဓိက အသုံးပြုကြသည်။ ထို့ကြောင့်ပင် ၎င်းအမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဝူဟုန်ကိုယ်တိုင်သည်လည်း ဤသိုင်းပညာကို အသုံးပြု၍ အခြေခံအုတ်မြစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဤသိုင်းပညာတွင် သိုင်းကွက်၃၂ကွက်ပါရှိပြီး ချန်ကျဲ့သည် ဝူဟုန်နှင့်အတူ နှစ်ကြိမ်လေ့ကျင့်ခဲ့သည်။ ထိုအခါ သူ၏ကြွက်သားများမှ ပူပြင်းတောက်လောင်သောစွမ်းအင်များ နိုးကြွလာသည်ကို ခံစားလိုက်ရသည်။

ဝူဟုန်မှ ပြောသည်။

“မှတ်မိပြီလား”

ချန်ကျဲ့ ပြန်ပြောသည်။

“မှတ်မိပြီ”

ဝူဟုန်မှ ပြောသည်။

“ကောင်းတယ်။ မင်း အချိန်ရရင် ဒီသိုင်းကွက်တွေကို လေ့ကျင့်နေ။ လေ့ကျင့်ပြီးတဲ့အခါ ခန္ဓာကိုယ်ကြံ့ခိုင်မှုလေ့ကျင့်ရေးအတွင် ကျောက်တုံးတစ်တုံးကို ရွှေ့ပြောင်းကြည့်။ ဒီသိုင်းပညာက ကြီးကျယ်နက်နဲလှတာမျိုး မဟုတ်ပေမဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ တိုးတက်မှု ပထမအဆင့်နှစ်ဆင့်ဖြစ်တဲ့ အရေပြားသန့်စင်ခြင်းနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်‌တွေအတွက် အကျိုးရှိတယ်”

“မကြာခဏ လေ့ကျင့်ပေးပြီး သေချာစဉ်းစားသုံးသပ်ပေးရင် ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရလိမ့်မယ်”

ဝူဟုန်၏ စကားပြီးဆုံးသည်နှင့် ချန်ကျဲ့ ဝူဟုန်အား ချက်ချင်း ကျေးဇူးတင်စကားဆိုလိုက်သည်။

“အစ်ကိုဝူကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် မှတ်ထားလိုက်ပါပြီ”

ဝူဟုန်မှ ပြန်ပြောသည်။

“အမ်း သိုင်းကွက်တွေနဲ့ပတ်သက်လို့တော့ ပုံသေလှုပ်ရှားမှုပုံစံရယ်လို့ မရှိဘူး။ အဲဒါကတော့ ပြိုင်ဘက်အလိုက် လို‌က်လျောညီထွေဖြစ်အောင် ထိန်းညှိတိုက်ခိုက်နိုင်တဲ့ မင်းရဲ့အရည်အချင်းအပေါ်ပဲ မူတည်တယ်။ ကျန်တာကတော့ မင်းကိုယ်တိုင်ရဲ့ လေ့ကျင့်မှုအပေါ်မှာ မူတည်တယ်”

ထိုအခါ ချန်ကျဲ့ ဝူဟုန်ကို ချက်ချင်း ဦးညွှတ်အရိုအသေပြု၍ ပြောလိုက်သည်။

“နားလည်ပါပြီ”

ဝူဟုန်မှ ထပ်ပြောသည်။

“အင်း အချိန်ရရင် ပိုများများလေ့ကျင့်၊ နားမလည်တာရှိရင် ငါ့ကိုမေးလို့ရတယ်”

“ဟုတ်”

ချန်ကျဲ့ ချက်ချင်း သဘောတူလိုက်သည်။ ထိုစဉ် အိမ်တံခါး ပွင့်လာခဲ့သည်။ သမားတော်ပိုင်သည် ဝူဟုန်ထံမှ ချန်ကျဲ့ လက်ဝှေ့ထိုးနည်း သင်ယူနေသည့်မြင်ကွင်းကို မြင်တွေ့ခဲ့ပြီးဖြစ်၏။ သို့သော် သူထွက်လာပြီး မဟန့်တားခဲ့ပေ။

ဤသို့ခေတ်ပျက်ကြီးတွင် မိမိကိုယ်တိုင်မှာ သမားတော်ကောင်းတစ်ဦး ဖြစ်ချင်လျှင်သော်မှ လက်တွေ့အသုံးချနိုင်သော ပညာရပ်များကို တတ်မြောက်ထားရန် လိုအပ်သည်။ အလွန်အမင်း တော်လွန်းမနေလျှင်သော်မှ အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိရပေမည်။

ဤခေတ်ကာလတွင် သိုင်းပညာသင်ယူခြင်းသည် မှန်ကန်သောရွေးချယ်မှု ဖြစ်ပါ၏။

နောက်ပိုင်းခေတ်ကာလများတွင် မည်သို့ပင်ဖြစ်စေ စာလေ့လာခြင်းသည် သေချာပေါက် မှန်ကန်သည့်ရွေးချယ်မှုဖြစ်ခြင်းနှင့် အလားတူပင် ဖြစ်သည်။

သမားတော်ပိုင် ထွက်လာသောအခါ ဝူဟုန်သည် ချက်ချင်း ထိုင်ခုံတစ်ခုံယူပေးသည်။ သမားတော်ပိုင်သည် ထိုင်ခုံတွင်ထိုင်၍ ချန်ကျဲ့အား ခွဲခြားပြီးသည့် ဆေးပင်များကို ပြစေသည်။

သေချာစစ်ဆေးကြည့်ခဲ့သည်မှာ တစ်နာရီ၏ လေးပုံတစ်ပုံခန့်ပင် အချိန်ယူခဲ့လေသည်။

ရုတ်တရက်ပင် သမားတော်ပိုင်၏မျက်နှာအမူအရာ တင်းမာလာပြီး ချန်ကျဲ့ကို ကြည့်လာသည်။ ဆေးပင်ပုံတစ်ခုထဲမှ ဆေးမြစ်အသေးလေးတစ်ပိုင်းကို ညွှန်ပြ၏။

“ဒါကိုသေချာကြည့်စမ်း၊ ဒါက ဘာလဲ”

ထိုအခါ ချန်ကျဲ့သည် ထိုဆေးမြစ်ပိုင်းလေးကို ချက်ချင်းကောက်ယူကြည့်လိုက်သည်။ ၎င်းသည် ဖန့်ဖုန်းနှင့်လည်း အနည်းငယ်ဆင်တူကာ ချန်းဟူနှင့်လည်း အနည်းငယ်ဆင်တူပေသည်။

အချိန်တစ်ခုအထိ ချန်ကျဲ့မှာ တကယ်ပင် မခွဲခြားနိုင်ပေ။ ထိုအခါ သမားတော်ပိုင်မှ ပြောသည်။

“ပထမဆုံးသင်ခန်းစာက ဆေးပင်ခွဲခြားခြင်းပဲ။ အဲဒီမှာ လေ့လာ၊ အနံ့ခံ၊ အ‌ထိအတွေ့နဲ့ အရသာခံခြင်းဆိုပြီး နည်းလမ်း၄မျိုးပါဝင်တယ်”

“ဆေးပင်ရဲ့ ပုံစံကို လေ့လာ၊ ခွဲခြားဖို့ခက်နေသေးရင် အနံ့ခံ၊ အရသာခံကြည့်”

ချန်ကျဲ့ ချက်ချင်းနားလည်သွားပြီး အနံ့ခံကြည့်လိုက်သည်။ အနံ့ကွာခြားမှုကို သတိထားမိပြီးနောက် အရသာခံကြည့်ရာ ခါးသက်သည့်အရသာ၏ ကွာခြားချက်ကိုလည်း ရှာတွေ့ခဲ့သည်။

“ဖန့်ဖုန်းပါ”

ချန်ကျဲ့ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။ သမား‌ေတာ်ပိုင်မှ တည်ကြည်လေးနက်စွာဖြင့် ပြောသည်။

“ဖန့်ဖုန်းက အနွေးဓာတ်၊ ချန်းဟူက အအေးဓာတ်ရှိတယ်။ အအေးဓာတ်ကို ကုသဖို့အတွက် အနွေးဓာတ်ရှိတဲ့အပင်ကို သုံးရင် ဒါမှမဟုတ် ဒါရဲ့ပြောင်းပြန်သုံးလိုက်ရင် လူကို သေစေနိုင်တယ်”

“ဆရာ ကျွန်တော် မှားသွားတယ်”

ချန်ကျဲ့ အမှားကို ချက်ချင်းဝန်ခံခဲ့သည်။ သမားတော်‌ပိုင်မှ ပြောသည်။

“ကျိုစစ် ငါမင်းကို ဒီနေ့သင်ပေးချင်တာက ဆေးပင်ခွဲခြားခြင်း မဟုတ်ဘဲ သင်ခန်းစာတစ်ခု ပေးချင်တာပဲ။ ဒီလောကမှာ ဘယ်သူမဆို အမှုမဲ့အမှတ်မဲ့ဖြစ်တတ်ပြီး အမှားလုပ်နိုင်တယ်။ ဒါပေမဲ့ သမားတော်တွေကတော့ အမှားလုပ်လို့မရဘူး။ ဘာလို့ဆိုရင် မင်းလုပ်လိုက်တဲ့ အမှားတစ်ခုတိုင်းအတွက် ပေးဆပ်လိုက်ရမှာက လူတစ်ယောက်ရဲ့အသက်ပဲ”

“ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်တော် နားလည်ပါပြီ”

ချန်ကျဲ့ ရိုးသားပွင့်လင်းစွာ အမှားဝန်ခံ၍ သင်ခန်းစာကိုလည်း မှတ်သားထားလိုက်သည်။

သမားတော်ပိုင်မှ တည်ကြည်လေးနက်စွာဖြင့် ပြောသည်။

“သွား၊ စာရွက်နဲ့‌စုတ်တံ ယူလာခဲ့။ ဆေးကျမ်းထဲကနေ ဒီဆေးပင်တွေအကြောင်း သက်ဆိုင်ရာအကြောင်းအရာတွေကို အကြိမ်၂၀ကူးရေးပြီး စိတ်ထဲမှာ သေချာမှတ်ထားပါ”

“ဟုတ်ကဲ့ ကျွန်တော် အခုလုပ်လိုက်ပါ့မယ်”

ချန်ကျဲ့ စိတ်ရင်းမှန်ဖြင့် ဝမ်းမြောက်ပျော်ရွှင်စွာ စုတ်တံကိုယူ၍ စတင်ကူးရေးသည်။

ဝူဟုန်သည် ကျောင်းတွင် ‌အမှားတစ်ခုပြုလုပ်ပြီးနောက် ဖြစ်သွားတတ်သည့် ရင်းနှီးသော သူငယ်ချင်းတစ်ယောက်၏ မျက်နှာအမူအရာကို သတိရမိပြီး ထိုမြင်ကွင်းကို ပြုံးရယ်လျက် ကြည့်နေခဲ့သည်။

သမားတော်ပိုင်သည် ဝူဟုန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြော၏။

“ငါမင်းကို မပြောလိုက်မိဘူး ဟုတ်တယ်မလား။ သွား၊ မင်းလည်း ကူးရေး”

“အာ အဖိုး၊ ကျွန်တော်မှ ဆေးပညာသင်မနေတာကို ဆေးကျမ်းကူးတာက ဘာအသုံးဝင်မှာလဲလို့”

“ဆေးကျမ်းတွေက အသုံးမဝင်ဘူးတဲ့လား။ ဒါဆိုလည်း အပ်စိုက်မှတ်ကျမ်းကို အကြိမ်၂၀ကူးရေး၊ အကြိမ်ရေ မလျော့စေနဲ့”

“အာ အဖိုး ကျွန်တော်…”

ဝူဟုန်၏မျက်နှာမှာ ခါးသက်နေသည့် အမူအရာသို့ပြောင်းသွားရသည်။ သို့သော် သမားတော်ပိုင်သည်တော့ တည်ကြည်လေးနက်သည့် အမူအရာဖြစ်နေဆဲပင်။

“ဘာလဲ ငါအခု မင်းကို မထိန်းချုပ်နိုင်တော့ဘူးပေါ့လေ”

“ကောင်းပါပြီ စိတ်မဆိုးပါနဲ့ သခင်ကြီးရယ်။ ကျွန်တော် ကူးရေးပါ့မယ်”

ဝူဟုန်သည် မျက်နှာရှုံ့မဲ့လျက် ထိုင်ခုံတစ်လုံးကိုယူ၍ ချန်ကျဲ့ဘေးတွင် နေရာချသည်။

“ဟိုဘက်နည်းနည်းတိုးဦး”

ချန်ကျဲ့ ထိုင်ခုံကို အနည်းငယ်ရွှေ့ပေးလိုက်သည်။ ဝူဟုန်သည် မျက်နှာကြီးရှုံ့မဲ့လျက်ဖြင့်ပင် ထိုင်ချလာသည်။ ထို့နောက် စားပွဲခုံကိုမှီ၍ လွန်စွာမှ မတရားခံနေရသော ခံစားချက်ဖြင့် အပ်စိုက်မှတ်ကျမ်းကို ကူးရေးနေတော့သည်။

All Chapters