← Chapters

တွင်းနက်နေမင်း

Vol. 013 Ch. 1253

တွင်းနက်နေမင်း

Vol. 013 Ch. 1253

ရီဖူရှင်းသည် ထိုနေရာတွင် တင်ပျဉ်ခွေထိုင်၍ ထိုင်နေဆဲပင် ဖြစ်သည်။ သူသည် လှုပ်ရှားခြင်း မရှိခဲ့သော်လည်း ဝူမျိုးနွယ်၏ ပြန်လည် မွေးဖွားခြင်းအဆင့် ခေါင်းဆောင်တစ်ယောက်မှာ ပျောက်ကွယ် သွားခဲ့ရပြီ ဖြစ်သည်။

ကောင်းကင်ထက်မှ နေမင်းသည် ရီဖူရှင်း၏ ဦးခေါင်းထက်တွင် ရှိနေသည်။ ကြီးမားလှသည့် မျက်နှာကြီးသည် ကောင်းကင်ထဲတွင် ပေါ်ပေါက်လာပြီး ဝူမျိုးနွယ် တန်ခိုးရှင်များကို ကြည့်နေသည်။ သူတို့၏ နှလုံးသားများမှာ တုန်ယင်လာသလို ခံစားကြရပေသည်။

ယင်းသည် အင်ပါယာခွာ၏ မျက်နှာ ဖြစ်ပေသည်။

အင်ပါယာခွာသည် ဘိုးဘေးနယ်မြေများကို ပြန်လည်တည်ဆောက်ခဲ့သည်။ ဘိုးဘေးနယ်မြေ၏ ဤအပိုင်းသည် မျိုးနွယ်စုကိုးခု အသုံးပြုနိုင်ရန် ချန်ထားခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍သာ သူတို့ ရရှိနိုင်ခဲ့လျှင် ကြီးမားသော အကျိုးအမြတ်များကို သူတို့ ရရှိလိမ့်မည်။

သို့ရာတွင် မဟာမျိုးနွယ်စု ကိုးခုမှ လူအနည်းငယ်ကသာ အင်ပါယာခွာ၏ စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်စွမ်း ရှိကာ ဘိုးဘေးနယ်မြေ၏ ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ပေသည်။

ထို့ကြောင့် သူတို့ အခုချိန်၌ သူတို့ကိုသူတို့ ဤအခြေအနေမျိုး၌ ကျရောက်စေခဲ့ခြင်း အကြောင်းရင်းပင် ဖြစ်ပေသည်။ ရီဖူရှင်းသည် အမွေအနှစ် အကြောင်းကို ဆိုလာခဲ့ပြီး ဝူမျိုးနွယ် ခေါင်းဆောင်မှာ လောဘတက်လာခဲ့သည်။

ထိုအခိုက်တွင် ဝူမျိုးနွယ် တန်ခိုးရှင်များ၏ မျက်နှာထက်တွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်ပြေးသွားသည်။ သူတို့ အားလုံးသည် သူတို့မျိုးနွယ်အတွင်းမှ ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ခေါင်းဆောင်တွင် သူ လုပ်ဆောင်ရသည့် အကြောင်းရင်း ရှိမည်ဖြစ်သော်လည်း ရီဖူရှင်း၏ အနေနှင့်ဆိုလျှင် ခေါင်းဆောင်သည် သူ့ကို သတ်ရန် ကြိုးစားခဲ့သည့် အတွက် သူသည် သူ့အတွက် ဘေးအန္တရာယ်ကို ဖယ်ထုတ်ရန် လိုအပ်ခဲ့သည်။

သူတို့သည် ရီဖူရှင်းနှင့် ပူးပေါင်းခြင်းက ဤကဲ့သို့ အဆုံးသတ် သွားလိမ့်မည်ကို မလိုလားခဲ့ကြ။

သူတို့အတွက်တော့ ဘိုးဘေးနယ်မြေကို ဖွင့်လှစ်နိုင်ခဲ့သည့် အချိန်သည် အမှန်တကယ် ပျော်ရွှင်ရသည့် အခိုက်အတန့် ဖြစ်သည်။ သူတို့သည် ဝူမျိုးနွယ်ကို ကယ်တင်ရန် အခွင့်အရေး ရရှိလိမ့်မည်။ သို့သော်လည်း လောဘဟူသည်မှာ လူတို့၏ သဘာဝသာ ဖြစ်သောကြောင့် သူတို့သည် ပို၍ လိုချင်လာကြသည်။

ထို့ကြောင့်ပင် အကျိုးဆက်အနေနှင့် သူတို့သည် ယခုချိန်၌ မျိုးနွယ်စုကို ကယ်တင်ရန် မဆိုထားနှင့် သူတို့၏ အသက်များပင်လျှင် ရီဖူရှင်း၏ လက်ထဲ၌ ရှိနေခဲ့ကြလေသည်။

ရီဖူရှင်းသည် အနည်းငယ် စိတ်ကွက်သွားပြီး တစ်ချက်လေး လှုပ်ရှားလိုက်ရုံနှင့်ပင် သူတို့အားလုံးကို သုတ်သင်ပစ်နိုင်စွမ်း ရှိလေသည်။

ဤအခိုက်အတန့်တွင် ရီဖူရှင်းသည် ဝူမျိုးနွယ် တန်ခိုးရှင်များကို စောင့်ကြည့်နေပေသည်။ ပြင်းထန်လှသည့် တင်းမာမှုက နေရာတစ်ခုလုံးတွင် ပျံ့နှံ့နေသည်။

အသံတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။ “ဝူမျိုးနွယ်ရဲ့ ခေါင်းဆောင်က စိတ်လိုက်မာန်ပါလုပ်ပြီး အမွေအနှစ်ကို ဆက်ခံဖို့ ကြိုးစားတဲ့ အချိန်မှာ ရန်ဟောင်မီးတောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်” ရီဖူရှင်းသည် အသံလာရာဆီသို့ ကြည့်သည်။ ထိုသို့ စကားပြောလိုက်သည့် သူမှာ ဝူယုံးပင် ဖြစ်တော့၏။

ဝူယုံးသည် သူ၏ လက်များကို ယှက်ကာ ရီဖူရှင်းကို ဦးညွှတ်ရင်း ပြောသည်။ “မြို့စားရီက ဘိုးဘေးနယ်မြေ ဝင်ပေါက်ကို ဖွင့်ပေးခဲ့ပြီး အင်ပါယာခွာရဲ့ အမွေဆက်ခံသူ ဖြစ်လာတယ်။ ကျုပ်တို့ ဝူမျိုးနွယ်က မြို့စားရီနဲ့ အမြဲတမ်း မိတ်ဆွေတွေပါပဲ”

ဝူမျိုးနွယ်မှ အခြားသော တန်ခိုးရှင်များက ဝူယုံးကို ကြည့်လိုက်ကြသည်။ အပျက်အစီး နယ်မြေသို့ လာရောက်ခဲ့သည့် မျိုးနွယ်စု ကိုးခုမှ လူများအားလုံးသည် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့က မျိုးနွယ်ခေါင်းဆောင်များ မဟုတ်ကြလျှင်ပင် သူတို့သည် မျိုးနွယ် အကြီးအကဲများ ဖြစ်ကာ ကာလရှည်ကြာစွာ ကျင့်ကြံခဲ့ကြခြင်းကြောင့် အလွန်သန်မာကြလေသည်။ သို့သော်လည်း ထိုသည်မှာ လူနည်းစုသာ ဖြစ်သည်။

သူတို့သည် ဝူမျိုးနွယ်အပေါ် ခြိမ်းခြောက် လာနိုင်ချေရှိသည့် အခြေအနေကို ဝူယုံးက ရှောင်ရှားရန် ကြိုးပမ်းနေသည်ကို နားလည်ပေသည်။ ခေါင်းဆောင်သည် ဆိုးရွားသည့် အခြေအနေကို လုပ်ဆောင်ခဲ့ပြီး ရီဖူရှင်းကို ဖယ်ထုတ်ရန် ကြိုးစားခဲ့သည်။ ရီဖူရှင်းက မည်သို့ ရွေးချယ်မည်နည်း။

ရီဖူရှင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်။

သူသည် သူတို့ထဲက တစ်ယောက်ကို လွယ်ကူစွာ သတ်ဖြတ်နိုင်လျှင် သူတို့ ဆယ်ယောက်ဆိုလျှင်လည်း တူညီစွာပင် လုပ်ဆောင်နိုင်သည်။

“ကျုပ်တို့ ထွက်သွားပြီးတဲ့နောက်မှာ မဟာမျိုးနွယ်စု ကိုးခုကို ဆင့်ခေါ်ပြီး မျိုးနွယ်ခေါင်းဆောင်ရဲ့ မဆင်မခြင် လုပ်မှုကြောင့် ရန်ဟောင်မီးတောက်ရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတယ်လို့ ကြေညာမယ်” သူ့ဘေးမှ အခြားသော တန်ခိုးရှင်တစ်ဦးက ပြောသည်။ သူတို့အားလုံး အသက်ဆက် ရှင်လိုပေသည်။

“မြို့စားရီ၊ ဘာလို့ ဒီလိုလုပ်ခဲ့ရလဲ ဆိုတာ ကျုပ် နားလည်ပါတယ်။ မင်းမှာ ရွေးချယ်စရာ မရှိလို့ အဲဒီလို လုပ်ခဲ့ရတယ်။ ဒီမှာ မျိုးနွယ်စုရဲ့ အကြီးအကဲပိုင်းတွေ ရှိနေပြီး ကျုပ်တို့ထဲက ဘယ်သူမှ ခေါင်းဆောင်ရဲ့ သွေးသားရင်း မဟုတ်ကြဘူး။ မျိုးနွယ်စုရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ကျုပ်က သူတို့ကို ထိန်းချုပ်နိုင်ပါတယ်” ဝူယုံးက ရီဖူရှင်းကို ပြောသည်။ “အဲဒါကြောင့် စိတ်မပူပါနဲ့ မြို့စားရီ”

ရီဖူရှင်းသည် ဝူယုံးကို ကြည့်သည်။ သူ့မျက်လုံးများက နတ်ဘုရားမီးလျှံ အလင်းများဖြင့် ပြည့်နှက်နေသည်။

ဘုန်း ...

ကောင်းကင်ထက်မှ နေမင်း၏ မီးလျှံများ ဆင်းသက်လာပြီး ကြီးမားသည့် ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းကို မြင်ရသည်မှာ အင်ပါယာခွာ၏ ပုံရိပ်အဖြစ် ထင်မှတ်ရပေသည်။

သူသည် နေမင်းအတွင်းတွင် ပေါင်းစပ်နေပြီး သူ့ထံမှ မီးတောက်များက မြေပြင်ပေါ်သို့ ကျဆင်းနေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့သည် ဝူယုံးကို ဖုံးလွှမ်းသွား၏။

ဝူမျိုးနွယ်မှ တန်ခိုးရှင်များသည် ကြက်သေ သေသွားကြသည်။ ဝူယုံး၏ အမူအရာသည်လည်း အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ရီဖူရှင်းကို မော့ကြည့်ကာ အော်ဟစ်သည်။ “မြို့စားရီ”

ရီဖူရှင်းကို စိုက်ကြည့်နေသည့် ဝူယုံး၏ အသံသည် နေရာတစ်ခွင်လုံးကို ပျံ့နှံ့သွားသည်။ သူသည် သူ၏ အရင်းခံစိတ်နှင့် သဘောထားကို ပြသရန် ကြိုးစားပုံရကာ ထွက်ပြေးရန် မကြိုးစားခဲ့ပေ။

ကြောက်မက်ဖွယ် မီးတောက် အလင်းများက ဝူယုံး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ ဝူမျိုးနွယ် တန်ခိုးရှင်များ၏ နှလုံးသားသည် ကြမ်းတမ်းစွာ ခုန်ပေါက်နေသည်။

သို့သော်လည်း ဝူယုံးသည် ထိုနေရာတွင် ရပ်နေဆဲ ဖြစ်ကာ လှုပ်ရှားခြင်း မပြုခဲ့ပေ။

သူတို့ စိတ်ကူးလိုက်သည့် ကြောက်မက်ဖွယ် မြင်ကွင်းမှာ ဖြစ်ပေါ်မလာခဲ့ပေ။ ဝူယုံး၏ ခန္ဓာကိုယ်က လောင်ကျွမ်းမသွားခဲ့ဘဲ လမ်းစဉ်မီးတောက်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ စွမ်းအားများက ကောင်းကင်ထက်ရှိ အင်ပါယာခွာ၏ ပုံရိပ်ထံမှ စီးဆင်းလာကာ ဝူယုံး၏ စိတ်ထဲသို့ ဝင်ရောက်သွားသည်။

ထိုအချိန်တွင် ဝူယုံးသည် အင်ပါယာခွာထံမှ မဟာလမ်းစဉ်၏ ကြီးမားသော အသိပညာ လက်ဆောင်ကြီးကို ရရှိလိုက်သလို ခံစားလိုက်ရသည်။

“ဝူမျိုးနွယ်ရဲ့ ခေါင်းဆောင်သာ ကျုပ်ကို အစောပိုင်းက မဆန့်ကျင်ခဲ့ဘူးဆိုရင် ကျုပ်က ဘိုးဘေးနယ်မြေရဲ့ အမွေအနှစ်ကို သူ့ဆီ ပေးခဲ့လိမ့်မှာ။ ဘာပဲဖြစ်ဖြစ် ဒါက မျိုးနွယ်စုကိုးခုရဲ့ ဘိုးဘေးနယ်မြေပဲလေ။ ရီဖူရှင်းက သာမန်ဆန်စွာ ပြောသည်။ ဝူမျိုးနွယ်၏ တန်ခိုးရှင်များမှာ အိပ်မက်ကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့သည် စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်ကြသော်လည်း သူတို့၏ အမူအရာများမှာ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

ရီဖူရှင်းသည် ဘိုးဘေးနယ်မြေကို ဖွင့်နိုင်ခဲ့သူဖြစ်ကာ အင်ပါယာခွာ၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့သူလည်း ဖြစ်သည်။ သူသာ ဆန္ဒရှိလျှင် မည်သူ့ကိုမဆို ပေးနိုင်လေသည်။

ထိုသည်က ယခင်က ဤနေရာသို့ ရောက်ရှိလာသူများမှာ မည်ကဲ့သို့ အလွန် အစွမ်းထက်လာရသည် ဟူသော အကြောင်းပင် ဖြစ်တော့၏။

ခေါင်းဆောင် သေဆုံးသွားခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့လွန်း၏။

သူသည် သူ့ လောဘကြောင့်သာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သူ့မှာသာ ထိုအတွေးမျိုး မရှိခဲ့လျှင် ရီဖူရှင်းက သူ့ကို ကူညီမည် ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်းက သူ၏အတွေးများကို ခန့်မှန်းနိုင်သည့်  အတွက် သူ့ကို ဆန့်ကျင်လာရန် ရည်ရွယ်ချက်ရှိရှိ ငါးစာချခဲ့ပြီး ထိုသူ လာဟပ်စေရန် ပြုလုပ်ခဲ့သည်။

ပြန်လည်မွေးဖွားခြင်း အဆင့် ကျင့်ကြံသူတစ်ဦးမှာ ဘာမှ မဟုတ်သည့်အရာ အတွက်နှင့် သေဆုံးခဲ့ရသည်။

သူတို့သည် စိတ်ထဲမှ တိတ်တိတ်လေး သက်ပြင်းချလိုက်ကြသည်။ ထိုသည်မှာ ဝမ်းနည်းဖွယ် ကောင်းလှသည်။

“ဒါက ကျုပ်လိုချင်တဲ့ အရာမဟုတ်ဘူး ဆိုတာ ခင်ဗျားတို့ အားလုံးလည်း မြင်ကြတယ်။ ကျုပ်က အင်ပါယာခွာ ချန်ခဲ့တဲ့အရာကို စီနီယာဝူယုံးဆီ ပေးအပ်လိုက်တယ်။ နောက်ပိုင်းမှာ သူက တခြားတစ်ယောက်ကို ပေးဖို့ဆန္ဒရှိရင် အဲဒါက သူ့ကိစ္စပဲ။ အခုချိန်က စပြီး ဝူယုံးက ဝူမျိုးနွယ်ရဲ့ ဦးဆောင်သူ ဖြစ်သင့်တယ်” ရီဖူရှင်းက လူတိုင်းကို ပြောသည်။

ဝူယုံးသည် ဝူမျိုးနွယ်၏ အကြီးအကဲဖြစ်ပြီး ယခု အမွေအနှစ်များက သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ အခု သူသည် ဝူမျိုးနွယ်ကို ခေါင်းဆောင်ခဲ့လျှင် ပို၍ ကောင်းလိမ့်မည် ဖြစ်သည်။

ဝူယုံးသည် ရီဖူရှင်း ပြောလိုက်သည့် စကားများကို ကြားလျှင် မှင်တက်သွားရသည်။ သို့သော်လည်း သူ့ဘေးနားမှ တစ်ယောက်က ပြောလိုက်၏။ “သူက ခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်ပါတယ်”

အခြားလူများကလည်း တစ်ညီတည်းပင် ပြောကြသည်။ ဝူယုံးက ဤတာဝန်ကို မရှောင်လွဲဘဲ ခေါင်းညိတ်သည်။ ဤသည်က ကံကြမ္မာ စီမံပြီးသား ဖြစ်ရမည်။

မီးတောက်အလင်းများက ဝူယုံး၏ စိတ်အတွင်းသို့ စီးဆင်းနေပြီး ခဏအကြာတွင် ရပ်တန့်သွားသည်။ ဝူယုံးက သူ၏ မျက်လုံးများကို ဖွင့်လိုက်သောအခါ ၎င်းတို့တွင် မီးတောက်များ လက်သွားသည်ကို မြင်နိုင်သည်။ သူက ရီဖူရှင်းကို ဦးညွှတ်ကာ ပြောသည်။ “ကျေးဇူးတင်ပါတယ် မြို့စားရီ”

“ခင်ဗျားသွားပြီး ကျင့်ကြံသင့်တယ် ခေါင်းဆောင်” ရီဖူရှင်းက သူ့ကို ခေါင်းဆောင်ဟုပင် ခေါ်ကာ ပြောသည်။

“ကောင်းပါပြီ” ဝူယုံးက ခေါင်းညိတ်လိုက်ပြီးနောက် ပြန်လှည့်ကာ  ဝူမျိုးနွယ် တန်ခိုးရှင်များ စုစည်းနေသည့် အရှေ့သို့ လျှောက်သွားခဲ့သည်။  “ကျုပ်တို့ တစ်နေရာကို သွားပြီး ကျင့်ကြံကြမယ်” သူက ပြောသည်။

“ဟုတ်ကဲ့ ခေါင်းဆောင်” လူတိုင်းက ဝူယုံးကို လိုက်နာကြသည်။ သူတို့သည် စောင်းတန်းမှ ဆင်းသွားကြ၏။ သူတို့သည် ရီဖူရှင်းကို မနှောင့်ယှက်မိရန် ဂရုပြုကြသည်။

ရီဖူရှင်းက သူတို့ထံသို့ တစ်ချက် ဝေ့ကြည့်သည်။ ဝူယုံးက အင်ပါယာခွာ၏ အမွေအနှစ်ကို မည်မျှ ရရှိသွားနိုင်သည် ဆိုခြင်းမှာ သူ့ကိစ္စဖြစ်လေသည်။

သူသည် မျက်လုံးများကို မှိတ်ကာ မဟာလမ်းစဉ်ကို စတင် ခံစားသည်။

ထိုအချိန်တွင် နေမင်းရဲတိုက်၏ ထိပ်ဖျား၌ လူတစ်ဦးသာ ကျန်ရစ်ခဲ့သည်။ သူသည် နေမင်း၏ အောက်ခြေ၌ တင်ပျဉ်ခွေကာ ထိုင်နေခဲ့သည်။ ကောင်းကင်ထက်တွင် ကြီးမားသော ပုံရိပ်ကြီး တစ်ခုလည်း ရှိနေသည်။

ထိုမြင်ကွင်းကို အဝေး တစ်နေရာမှပင် မြင်တွေ့နိုင်သည်။ ၎င်းသည် အလွန်ထိတ်လန့် အံ့သြဖွယ်ပင် ဖြစ်သည်။

အဆုံးမဲ့ စွမ်းအားများသည် အောက်သို့ စီးဆင်းလာပြီး ရီဖူရှင်း၏ ကိုယ်ပေါ်သို့ ကျဆင်းလာသည်။ အင်ပါယာခွာ ပေးအပ်သည့် အမွေအနှစ် စွမ်းအားများ ပို၍ ရရှိလာလေ သူမြင်နေရသည့် မြင်ကွင်းမှာ ပို၍ ရှင်းလင်း ပြတ်သားလာလေ ဖြစ်သည်။

ထိုသည်က အင်ပါယာခွာ၏ ပုံရိပ်ဖြစ်သည်။ ကြည့်ရသည်မှာ ဤအပျက်အစီး နယ်မြေသည် အင်ပါယာခွာ အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။

သူ၏ သိမြင်နားလည်မှုများက အပျက်အစီးနယ်မြေ တစ်လျှောက်ကို ဖြတ်သန်းသွားပြီး သူခံစားနိုင်သည့် အကွာအဝေးကို တိုးမြှင့်ပေးနေသည်။ သူ၏ သိမြင်နားလည်မှုကို ထုတ်လွှတ်လိုက်သည့်အခါ မီးတောက်များက သူ့ထံသို့ စီးဆင်းလာသည်။

အင်ပါယာခွာ၏ အမွေအနှစ် အပြင် ဤနေရာ၌ ဖုံးကွယ်ထားသည့် အရာတစ်ခုခုများ ရှိနေနိုင်သည်လား။

ထိုသည်မှာ ယခင်က မည်သူမှ ရှာဖွေ မတွေ့ရှိနိုင်ခဲ့သော အရာ ဖြစ်မည်ဖြစ်ကာ မဟုတ်လျှင် မည်သည်မှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

သူသည် ထိုနေရာတွင် တည်ငြိမ်စွာ ထိုင်နေပြီး သူ၏ အသိများကို ဖြန့်ကြက်၍ စူးစမ်းရှာဖွေနေသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ စောင်းတန်းအောက်ခြေ၌ ကျင့်ကြံနေကြသည့် ဝူမျိုးနွယ် တန်ခိုးရှင်များနှင့် ဝူယုံး၏ အရှိန်အဝါတို့သည် ပို၍ အားကောင်းလာသည်။

အချို့လူများက ရီဖူရှင်းကို မော့ကြည့်လိုက်ကြပြီး ပို၍ နီရဲလာသည့် နေမင်းကို မြင်ကြရသည်။ သွေးနီရောင်တိမ်တိုက်များသည် ကောင်းကင်ကို ဖြတ်သန်း စီးဆင်းနေကြသည်။ သူတို့သည် ရီဖူရှင်းက အင်ပါယာခွာ၏ အမွေအနှစ် အပြင် အခြား ချန်ရစ်ထားခဲ့သည်များကို ရှာဖွေနိုင်စွမ်း ရှိမည်လားဟု သိချင်နေကြသည်။

သူက ဘိုးဘေးနယ်မြေ၏ လျှို့ဝှက်ချက်ကို ရှာတွေ့နိုင်မည်လား။

မဟုတ်လျှင် မျိုးနွယ်စုကိုးခုမှ လူများက ဤနှစ်များအတွင်း တစ်ချိန်လုံး မှားယွင်းနေပြီး ဘိုးဘေးနယ်မြေတွင် မည်သည့် လျှို့ဝှက်ချက်မှ မရှိသည်လား။ အင်ပါယာခွာသည် သူ၏ အမွေအနှစ် တစ်ခုတည်းကိုသာ ချန်ထားရစ်ခဲ့ပြီး နှောင်းလူတို့ ရောက်ရှိလာသည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည် ဖြစ်နိုင်လား။

သူတို့သည် ဤခရီးက ကောင်းချီနှင့် အဆုံးသတ်မည်လား ကျိန်စာနှင့် အဆုံးသတ်မည်လား မသိရှိကြပေ။

ဝုန်း  ...

ဝူယုံးထံမှ အစွမ်းထက်လှသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာပြီး နတ်ဘုရား အလင်းများက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။ ထူးခြားသည့် အလင်းများက တိမ်တိုက်များဆီသို့ ရိုတ်ခတ်သွားည်။

ဝူမျိုးနွယ်၏ တန်ခိုးရှင်များသည် ညှို့ယူ ခံလိုက်ရသကဲ့သို့ ကြည့်နေကြသည်။ ဝူယုံး၏ စွမ်းအားမှာ အစကတည်းကပင် သံသယ ကင်းစင်ခြင်းအဆင့်၌ ရောက်ရှိနေပြီး ဖြစ်သည်။

သူသည် မကြာတော့သည့် အချိန်၌ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိရန် အခွင့်အရေး ရလာလိမ့်မည်။

ဘိုးဘေးနယ်မြေ၏ အပြင်ဘက်တွင် မည်သူကမှ ထွက်ခွာ မသွားကြသေးပေ။ သူတို့သည် ထိုနေရာ၌ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ အထဲတွင် ဘာဖြစ်နေသည်ကို မည်သူမှ မသိရှိကြပေ။ သူတို့သည် ခန့်မှန်းကြည့်နိုင်ရုံသာ ရှိသည်။

သို့သော်လည်း သူတို့အနီးရှိ မီးတောက်စွမ်းအားများက ဘိုးဘေးနယ်မြေ ဝင်ပေါက်တံခါးဆီသို့ စီးဆင်း သွားနေသည်ကို သူတို့အားလုံး ခံစား သိရှိနိုင်ကြသည်။

အချိန်ကြာမြင့်စွာ ကုန်လွန်သွားခဲ့သည်။

ရီဖူရှင်းသည် နေမင်းရဲတိုက်၏ ထိပ်ဖျားတွင် ဆက်လက် ကျင့်ကြံနေဆဲ ဖြစ်သည်။

သူ၏ အသိအမြင်များက အပျက်အစီးနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ ထိုအပျက်အစီးများသည် အင်ပါယာခွာ၏ သဏ္ဌာန် ဖြစ်တည်လာသည်။ သူသည် အပျက်အစီး နယ်မြေအတွင်းမှ ထိပ်ဖျားရှိ နေမင်းအတွင်းမှ ထူးဆန်းသည့် အရှိန်အဝါကို ရေးရေးမျှ ခံစားမိသည်။

ကောင်းကင်ထက်တွင် မီးတောက်များ အကြား၌ ဖြည်းဖြည်းချင်း လှည့်ပတ်နေသည့် နှိုင်းယှဉ်၍ မရသော၊ တောက်ပလွန်းသော နယ်မြေတစ်ခု ရှိပေသည်။ ထိုအထဲတွင် အစွမ်းထက်သည့် အရှိန်အဝါ ရှိနေသည်။ ယင်း၏ အထဲတွင် အလင်းရောင်စဉ်များ တောက်ပနေပြီး အကွာအဝေး တစ်ခုထိ ဖြန့်ကြက်နေသည်။ ၎င်းတို့သည် အပျက်အစီးနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

“အဲဒါ ဘာကြီးလဲ” ရီဖူရှင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်ပေါက်လာသည်။ သူ၏ အသိစွမ်းအားနှင့် သိမြင်နားလည်မှုတို့က ထိုအရာဆီသို့ မျောလွင့်သွားပြီး ထိုအထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည်။ သို့သော်လည်း သူ့စွမ်းအားများ အနီးသို့ ရောက်ရှိသွားသည်နှင့် ထိုစွမ်းအားများ လွင့်ပျယ်သွားတော့သည်။ နေမင်း၏ အနက်ပိုင်းသို့ ထိတွေ့နိုင်ရန် နည်းလမ်းမရှိပေ။

ကြောက်မက်ဖွယ် အတွေးက ကြမ်းတမ်းစွာ လှုပ်ရှားလာသည်။ ၎င်းသည် အင်ပါယာခွာ၏ အသိစွမ်းအားနှင့် ရောယှက်သွားကာ အတားအဆီးကို ချိုးဖျက်၍ နေမင်း၏ အတွင်းပိုင်းထိ ဆက်လက် ထိုးဖောက် ဝင်ရောက်သွားသည်။

ရီဖူရှင်းသည် နေမင်းအတွင်းရှိ တောက်ပသော နယ်မြေတွင် မီးတောက်များ ပေါက်ကွဲ ထွက်ပေါ်နေသည်ကို မြင်ရသည်။ ၎င်းတို့သည် အပျက်အစီးနယ်မြေ တစ်ခုလုံးဆီ လွှမ်းခြုံ ထွက်ပေါ်နေသည်။ ထိုသည်ကို ကြည့်ရသည်မှာ မဟာလမ်းစဉ်၏ မီးစွမ်းအား အရင်းအမြစ်များက ဤနေရာမှလာခြင်း ဖြစ်ဟန်တူသည်။

ထိုအချိန်တွင် ရီဖူရှင်း၏ သက်စောင့်ဝိညာဉ် ဖြစ်သည့် ကမ္ဘာသစ်ပင်က စတင်၍ ယိမ်းထိုး လှုပ်ရှားလာသည်။ သူက တစ်ခုခုကို ခံစားမိလိုက်လေသည်။

ထိုသည်က သူ့နှလုံးသားကို တုန်ယင်စေသည်။ ထိုသည်က သူ ဖေးရွှီ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ကြည့်စဉ်က ဖြစ်ပျက်ခဲ့သည့် အတိုင်းပင် ဖြစ်သည်။

ဤအရာသည် ဖေးရွှီ၏ ကိုယ်တွင်း၌ ရှိသော ရတနာနှင့် အလားသဏ္ဌာန် တူသလော။

သူသည် ဖေးရွှီကို ကူညီခဲ့သည့် နည်းလမ်းအား ပြန်လည်တွေးတောနေစဉ် သူ၏ သက်စောင့်ဟော်နန်းမှ အဆက်မပြတ် အော်မြည်သံများ ထွက်ပေါ်လာသည်။ ကမ္ဘာ့သစ်ပင်သည် စတင်၍ အပြင်သို့ ပျံ့နှံ့ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် သူသည် အင်ပါယာအသိ စွမ်းအားများကို သူ၏ သက်စောင့်ဝိညာဉ် အတွင်းသို့ ပေါင်းစပ်လိုက်ပြီး ကမ္ဘာ့သစ်ပင်မှ နှိုင်းယှဉ်၍မရအောင် စူးရှတောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာစေသည်။ ကမ္ဘာ့သစ်ပင်တွင် သူ၏ ကိုယ်ပိုင်နေမင်း ရှိပြီး ထိုအရာသည် အစစ်အမှန် နေမင်းဆီသို့ တိုးဝင်သွားသည်နှင့် တူပေသည်။

အလွန်ပြင်းထန်သော လောင်ကျွမ်းမှု ခံစားချက်များက ပျံ့နှံ့လာပြီး အင်ပါယာအသိ စွမ်းအားများက ကမ္ဘာ့သစ်ပင် အတွင်းသို့ ပျော်ဝင်သွားကာ စတင်လောင်ကျွမ်း လာသည်။ သို့သော် ကမ္ဘာ့သစ်ပင်၏ သစ်ရွက်များနှင့် အကိုင်းအခက်များသည် မီးတောက်များနှင့် လွှမ်းခြုံ ထားသကဲ့သို့ ပို၍ တောက်ပ ကြီးထွားလာကြကာ ၎င်းတို့သည် မီးတောက်များကို စတင်ဝါးမျိုပြီး နေမင်းအတွင်းမှ ရောင်စဉ် တောက်ပနေသည့် နေရာရှိ မီးတောက်များကိုပင် အငမ်းမရ ဝါးမျိုနေကြသည်။

ထိုအခိုက်တွင် အရာအားလုံးက ရုတ်တရက် ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် လေပွေလှိုင်းများက နေမင်းအတွင်းတွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာပြီး အနီးရှိ အဆုံးမဲ့မီးတောက်များက ၎င်းဆီသို့ ပြေးဝင်သွားကြပေသည်။

“ဘာတွေ ဖြစ်နေတာလဲ” စောင်းတန်း၏ အောက်ခြေမှ လူတိုင်းသည် မော့ကြည့်လိုက်ကြပြီး ကောင်းကင်တွင် မတည်မငြိမ် ဖြစ်နေသည့် တိမ်တိုက်များကို မြင်တွေ့လေသည်။ အားလုံးသော မီးတောက်များသည် တူညီသော နေရာတစ်ခုထဲသို့ ပြေးဝင်သွားကြသည်။

၎င်းတို့သည် နေမင်းရဲတိုက် အပေါ်ရှိ တောက်ပနေသော နေမင်းထံသို့ စီးဆင်းသွားကြသည်။

ထိုအချိန်၌ နေမင်းကြီးသည် တွင်းနက်ကြီးကဲ့သို့ ပြောင်းလဲသွားကာ အရာအားလုံးကို ဝါးမျို ပစ်နေလေသည်။

တစ်ခဏအကြာတွင် ကမ္ဘာကြီး တစ်ခုလုံးမှာ အမှောင်လွှမ်းသွားခဲ့သည်။

***

All Chapters