မွေးနေ့ပွဲ
Vol. 5 Ch. 52
"နောက်တစ်မြို့ရောက်ရင် ကျွန်မတို့ ခဏလောက် အနားယူသင့်တယ် ထင်တယ်"
ရှုယင်သည် အာရန်၏ မြေပုံကို ချောင်းကြည့်လိုက်သည်။ သူမသည် ဤတိုက်ကြီး၏ မြေပုံအားလုံးနီးပါးကို သိနေသော်လည်း ဤမြေပုံသည် ပို၍ အသေးစိတ်ကျနေပုံရသည်။
၎င်းတွင် အရှေ့ပိုင်းတိုက်ကြီး၏ မြေပုံကိုသာမက ၎င်းတို့ပတ်ပတ်လည်ရှိ ပင်လယ်အပါအဝင် တိုက်ကြီးလေးခုလုံး၏ မြေပုံကိုပါ ပြသထားလေသည်။
ထိုကဲ့သို့ အသေးစိတ်ကျသော မြေပုံကို အာရန် မည်သည့်နေရာမှာ ရှာတွေ့နိုင်ခဲ့သည်ကို သူမ စဥ့်စား၍မရပါ။ သို့သော် သူမသည် မည်သည့်အရာကိုမျှ အာရန်စိတ်အနှောက်အယှက်ဖြစ်မည်စိုး၍ မေးမြန်းခြင်းမပြုခဲ့ပါ။
"ကိုယ်လည်း အတူတူပဲ အဲ့လိုလုပ်ရင်ကောင်းမယ်တွေးနေတာ။"
အာရန်သည် ရှုယင်၏ အကြံပေးချက်ကို သဘောတူကြောင်း ပြန်လည် ပြောလိုက်သည်။ သုံးရက်ကြာအောင် ၎င်းတို့သည် အနားမယူဘဲ ဆက်တိုက် ပျံသန်းနေခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် ဖီးနစ်ငှက်၏ နောက်ကျောတွင်ပင် အိပ်ခဲ့ကြသည်။
ရှုယင်သည် အလွန်သန်မာသောကြောင့် သူမသည် ယင်းနှင့်ပတ်သက်၍ မည်သို့မျှ မခံစားခဲ့ရပါ။ သို့သော် အာရန်မှာမူ အလွန်အားနည်းလွန်း
သဖြင့် သူ့နောက်ကျောတွင် အလွန်နာကျင်နေသည်ကို ခံစားမိနေလေသည်။
ထို့ကြောင့် သူသည် သင့်လျော်သော အိပ်ရာပေါ်တွင် အိပ်စက်ချင်ခဲ့သည်။
သူသည် မိစ္ဆာဂိုဏ်းရှိ ချောက်ကမ်းပါးအစွန်းမှ အိမ်ငယ်လေးကို လွမ်းဆွတ်နေလိမ့်မည်ဟု ဘယ်တုံးအခါကမျှ မထင်ခဲ့မိချေ။ သို့သော်ယခုမူ ၎င်းအိမ်ကလေးသည် သူ့အတွက် နတ်ပြည်ကဲ့သို့ပင် အတွေးထဲ ပေါ်ပေါက်နေလေသည်။
"ကိုယ် ကြည့်လိုက်ဦးမယ် နောက်မြို့က..."
"ကျိလင်းမြို့ ဖြစ်မယ်ထင်တယ်။"
ထိုနာမည်ကို ကြားသောအခါ အာရန်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူပင်လျှင် ထိုမြို့၏ နာမည်ကို ကြားဖူးလေသည်။
၎င်းသည် အရှေ့ပိုင်းတိုက်ကြီးရှိ ဘုရင်နိုင်ငံများစွာထဲမှ တစ်ခု၏ မြို့တော်ဖြစ်သည်။ သို့သော် ယင်းကြောင့် နာမည်ကြီးခြင်း မဟုတ်ပါ။
ဤမြို့နာမည်ကြီးရသည့် အဓိကအကြောင်အရင်းမှာ နတ်ဆိုးဂိုဏ်းမှ အကြီးအကဲကျန်း ကြောင့်ပင်ဖြစ်သည်။
၎င်းသည် အကြီးအကဲကျန်း ကို စော်ကားမိခဲ့သော မြို့ကြီးများထဲမှ တစ်မြို့ဖြစ်သည်။ ၎င်းကို တုံ့ပြန်သောအားဖြင့် သူမသည် ထိုဘုရင်နိုင်ငံ၏ မှူးမတ်များ အားလုံး အပါအဝင် ဤမြို့ရှိမြို့သူမြို့သား အားလုံးကို သတ်ပစ်ခဲ့လေသည်။
ဤဘုရင်နိုင်ငံ၏ အိမ်ရှေ့မင်းသားပင် ထိုဖြစ်ရပ်တွင် သေဆုံးခဲ့ရသည်။
ထိုကိစ္စများ အားလုံးဖြစ်ပွားပြီးနောက် ဤဘုရင်နိုင်ငံသည် မည်သည့် လက်တုံ့ပြန်ခြင်းမှ ပြန်လည်မပြုခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ကျန်းဝေသည် ၎င်းတို့အား လုံးဝတစ်ယောက်မကျန် ချေမှုန်းပစ်မည်ကို စိုးရိမ်ခဲ့သောကြောင့်ဖြစ်သည်။
၎င်းသည် ဝတ္ထုအတွင် ကျန်းဝေအကြောင်းမိတ်ဆက်စဉ် အခကါ ဖော်ပြထားခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်သည်။
ထိုဖြစ်ရပ်နှင့်အတူ ဖော်ပြထားသော အခြားအသေးစားဖြစ်ရပ်အချို့လည်း ရှိနေသေးသည်။ ၎င်းဖြစ်ရပ်တစ်ခုလုံးသည် ဒုတိယမင်းသား၏ အစီအစဉ်ပင် ဖြစ်သည်။
ဒုတိယမင်းသားသည် အိမ်ရှေ့မင်းသားကို ဖယ်ရှားလိုသောကြောင့် အကြီးအကဲကျန်း ထိုမြို့သို့ရောက်ရှိလာသောအချိန်တွင် ရိုင်းပြမှုတစ်ချို့အား ပြုလုပ်ရန် သူ့လူများအား အကြံအစီဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် အိမ်ရှေ့မင်းသားသည်လည်း မြို့ထဲတွင် ရှိနေခဲ့လေသည်။
ကျန်းဝေက ဒေါသအလွန်ထွက်သွားခဲ့သဖြင့် မြို့တစ်ခုလုံးကို ဖျက်ဆီးမိသွားသောအခါ အိမ်ရှေ့မင်းသားလည်းထိုအထဲတွင်ရောပါကာ သေဆုံးခဲ့ရလေသည်။ ထို့နောက် ဒုတိယမင်းသားသည်လည်း အိမ်ရှေ့မင်းသား ဖြစ်လာပြီး သူ၏ ရည်မှန်းချက်များ ပြီးမြောက်ခဲ့လေသည်။
ယခုအချိန်အထိ ကျန်းဝေသည် သူမကို ဒုတိယမင်းသားက အသုံးချသွားခဲ့ခြင်းဖြစ်ကြောင်း မသိသေးပေ။
အကယ်၍ သူမက ဤအကြောင်းကို သိသွားသောအခါ မည်သည့်အရာများ လုပ်ဆောင်မည်ကို အာရန်သည် စိတ်ကူးကြည့်၍ပင်ရနိုင်လေသည်။ သေခြာတာတစ်ခုမှာ သူမ အဖြစ်မှန်ကိုသိရှိသွားသောတစ်နေ့တွင် ဤဘုရင့်နိုင်ငံသည် လုံး၀တည်ရှိတော့မည် မဟုတ်ပေ။
'သူတို့က မြို့ကို ပြန်တည်ဆောက်လိုက်ပုံရတယ် ဒါပေမယ့် ဝတ္ထုထဲမှာ ဒီကိစ္စတွေဖော်ပြထာတာ မရှိခဲ့ဘူး'
အာရန်သည် မြေပုံကို ပိတ်လိုက်ပြီး မြို့ထဲတွင် တစ်ညတာ အနားယူရန် ဆုံးဖြတ်လိုက်သည်။
"ကိုယ်တို့ မြို့ထဲဝင်မယ်ဆိုရင် မင်း ဒီမျက်နှာဖုံးကို ဝတ်ထားသင့်တယ်။"
အာရန်သည် ရှုယင်ကို သူမ၏ မျက်နှာတစ်ခုလုံးကို အပြည့်အ၀ ဖုံးအုပ်နိုင်သော မျက်နှာဖုံးတစ်ခုကို ပေးလိုက်သည်။
"ကျွန်မ ရဲ့ဇာပုဝါလေးကိုပဲ အသုံးပြုလဲရနေတာပဲလေ"
ရှုယင်သည် အာရန်ပေးသည့် မျက်နှာဖုံးကို ယူလိုက်သော်လည်း သူမသည် ဤမျက်နှာဖုံးကို အဘယ်ကြောင့် ဝတ်ဆင်ရမည်ကို နားမလည်နိုင်ဖြစ်နေခဲ့လေသည်။
ထိုဇာပုဝါပါးလေးတစ်ခုတည်းဖြင့်ပင် သူမသည် အခြားသူများ၏ စိတ်ကို ထိခိုက်စေနိုင်သည့် ဆွဲဆောင်မှုများအား ထိန်းချုပ်ထားနိုင်လေသည်။
"ဟုတ်တယ် မင်းရဲ့ပုဝါပါးနဲ့ဆို မင်းက မင်းရဲ့ ဆွဲဆောင်မှုစွမ်းရည်တွေကို ထိမ်းချုပ်ထားနိုင်တယ် ဒါပေမယ့် အဲဒါနဲ့ဆိုရင်တောင် မင်းက အရမ်းလှနေသေးတော့ မင်းကိုတွေ့မိတဲ့ဘယ်ယောင်္ကျားကများ မင်းကို မချစ်မိဘဲနေနိုင်မှာလဲ"
"ရှင်ကလဲ...."
အာရန်က သူမကို ချီးကျူးနေသောအခါ ရှုယင်သည် မည်သို့တုံ့ပြန်ရမည်ကို ပင်မသိတော့ဘဲ သူမခေါင်းကိုသာ ငုံ့ထားလိုက်သည်။ သူမသည် အလွန် ပျော်ရွှင်နေခဲ့သည်။
အာရန်သည် သူမကို အခြားအကြောင်းပြချက်တစ်ခု ရှိကြောင်း မပြောခဲ့ပါ။ ၎င်းတို့သည် လျှို့ဝှက်စွာ ထွက်လာခဲ့ကြခြင်းသည်။ သူသည် မည်သူ့ကိုမှ သူတို့ကို မှတ်မိစေမည့် သဲလွန်စများ မချန်ခဲ့ချင်ပါ။
ဇာပုဝါပါးသည် မဟာအကြီးအကဲရှုယင်၏အမှတ်အသား ဖြစ်သောကြောင့် အခြားသူများသတိထားမိရန် ပိုမိုလွယ်ကူလေသည်။ သူမကို မမှတ်မိလျှင်ပင် တစ်စုံတစ်ယောက်က သူမကိုမတော်တဆ ပစ်မှားမိပါက ၎င်းသည် ပြဿနာအကြီးကြီး ဖြစ်သွားနိုင်လေသည်။
ပြဿနာများကို ဆွဲဆောင်ခြင်းထက် သူမ၏ အလှအပများကို ပိုမိုလုံခြုံအောင် ဖုံးကွယ်ထားခြင်းက ပိုမိုကောင်းမွန်လေသည်။
မဟာအကြီးအကဲရှုယင်နှင့် မတူသည်မှာ အာရန်သည် ဂိုဏ်းအပြင်ဘက်တွင် နာမည်မကြီးပါ။ သူသည် မည်သည့်ပုံစံရှိနေသည် ကိုပင် လူအတော်များများမသိကြပါ။
အကယ်၍ ဂိုဏ်းမှလူအချို့သူ့ကိုမှတ်မိရင်လျှင်ပင်ကိစ္စမရှိပါ။ သူသည် သူ့တပည့်အတွက် ပစ္စည်းအချို့ စုဆောင်းရန် ဂိုဏ်းမှ တရားဝင် ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။ သူသည် ထွက်ပြေးခဲ့ခြင်း မဟုတ်ပါ။
.....................
"ဟေ့ရောင်တွေ မင်းတို့ ဒီမှာ ဘာပြဿနာမှ မရှိအောင် သေချာလုပ်ကြ အိမ်ရှေ့မင်းသားက ဒီနေ့ ဒီကို ရောက်လာမှာနော်"
"တကယ်လို့ပြဿနာတစ်ခုခုဖြစ်တယ်အသံကြားရင် ငါကိုယ်တိုင် အဲ့ဒီ ရှာတဲ့ကောင်ကိုသတ်ပစ်မယ်ကြားကြလား"
ကျိလင်းမြို့ရှိ အစောင့်အားလုံးသည် အထူး သတိရှိနေကြသည်။ မြို့စားမင်းပင်လျှင် မည်သည့် အမှားအယွင်းမှ မရှိစေရန် အထူး တင်းကျပ်နေခဲ့လေသည်။
အိမ်ရှေ့မင်းသားသည် ကျိလင်းမြို့သို့ လာနေပြီဖြစ်သည်။ ယခင်နောက်ဆုံး အိမ်ရှေ့မင်းသားတစ်ပါး ဤမြို့သို့ ရောက်လာသောအခါတုံးက တစ်စုံတစ်ယောက် သည် မစော်ကားသင့်သောသူတစ်ဦးကို စော်ကားမိခဲ့ သောကြောင့် မြို့တစ်မြို့လုံး ပျက်စီးခြင်းသို့ဆိုက်ရောက်ခဲ့ရလေသည်။
ဤတစ်ကြိမ်တွင် မြို့စားသည် မည်သည့်အမှားအယွင်းမှ ထပ်မံ မပေါ်ပေါက်စေလိုတော့ပါ။ ထို့ကြောင့် မြို့တစ်ဝိုက်ရှိ လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ချထားခဲ့ခြင်းဖြစ်သည်။
မြို့ထဲသို့ ဝင်လာသော လူသစ်တစ်ယောက်စီတိုင်းကို စေ့စေ့စပ်စပ် သေခြာစွာ စစ်ဆေးပြီး အများစုကို ပြန်လွှတ်လိုက်ပြီး ဝင်ခွင့် မပြုခဲ့ပေ။
အရက်သရေစာ များကိုပင် နောက်နှစ်ရက်အတွင်း မရောင်းချရန် ပိတ်ပင် တားမြစ်ထားလေသည်။
မြို့စားသည် အိမ်ရှေ့မင်းသား၏ လာရောက်လည်ပတ်မှုအတွက် အရာအားလုံးကို အကောင်းဆုံး အခြေအနေတွင်သာ ရှိစေရန် မြို့တစ်ဝိုက် တွင် သန့်ရှင်းရေးများကိုပင် ပြုလုပ်ထားရန် အမိန့်ပေးခဲ့လေသည်။
"အရှင့်သားခင်ဗျာ မွေးနေ့ပွဲကို ကျင်းပဖို့ ကျိလင်းမြို့ကို ဘာလို့ သွားနေတာလဲလို့ မေးခွင့်ရှိပါသလား ဘုရင့်နိုင်ငံမှာ ဒီထက်ကောင်းတဲ့ အခြားမြို့တွေ အများကြီးလည်း ရှိနေတာပဲလေ"
"ဟားဟား အဲဒီနေရာက ငါ့အတွက် အရေးကြီးတယ်ကွ အဲဒီနေရာက ငါ့ကို အိမ်ရှေ့မင်းသား ဖြစ်ခွင့်ရအောင် လုပ်ပေးခဲ့တဲ့ နေရာပဲ"
"ငါ့ရဲ့ ချစ်လှစွာသော ညီတော် သေဆုံးခဲ့တဲ့ ကျိလင်းမြို့ထက် မွေးနေ့ကို ကျင်းပဖို့ ဘယ်နေရာက ပိုကောင်းမွန်ဦးမှာလဲ ဟားဟား…"
အိမ်ရှေ့မင်းသားသည် အပြင်ဘက်ရှိ ရှုခင်းများကို ကြည့်ရင်း ဝိုင်ခွက်ထဲမှ ၀ိုင်တစ်ငုံကို သောက်ရင်း စိတ်ကောင်းဝင်နေလေသည်။
"ငါတို့ ပို့ထားတဲ့ ဖိတ်စာတွေကကော ဘယ်လိုတုံ့ပြန်မှုတွေရခဲ့သလဲ"
"အသူရာဂိုဏ်းချုပ်ရဲ့ တပည့်ရင်းဖြစ်တဲ့ အရှင့်သားရဲ့ ဖိတ်စာကို ဘယ်သူက ငြင်းဆန်ရဲမှာလဲ"
"မိစ္ဆာဂိုဏ်းရဲ့အုပ်ချုပ်မှုအောက်က ဂိုဏ်းတွေထဲမှာ အသူရာဂိုဏ်းက ခွန်အားအကြီးဆုံးပဲလေ ဒါကြောင့် လူအများစုက ဖိတ်စာကို ချက်ချင်း လက်ခံခဲ့ကြတယ်"
"ဂိုဏ်းဆယ်ခုလုံးက အကြီးအကဲတွေရဲ့ လက်ရင်းတပည့်တွေ ဒီမွေးနေ့ပွဲ ကို တက်ရောက်လာကြလိမ့်မယ်။"
"မိစ္ဆာဂိုဏ်းကစေလွှတ်လိုက်တဲ့ တပည့်ကောရှိသေးလား"
"ဒါက... အဲဒီလူတွေက အရမ်း မောက်မာကြတယ်လို့ ကျွန်တော် ကြားမိပါတယ် အသူရာဂိုဏ်းချုပ်ရဲ့ တပည့်ရင်းကိုယ်တိုင် ဖိတ်တဲ့ဖိတ်စာကိုတောင် သူတို့ကအရေးမလုပ်ခဲ့ကြပါဘူး"
"ဒါက ငါမျှော်လင့်ထားတဲ့အတိုင်းပါပဲ မိစ္ဆာဂိုဏ်းရဲ့ အတွင်းစည်းတပည့် တစ်ယောက်ကတောင် အခြား ဂိုဏ်းကြီးဆယ်ဂိုဏ်းရဲ့ အကြီးအကဲတွေလက်သပ်မွေးထားတဲ့ တပည့်ရင်းတွေထက် ပိုအရေးပါသေးတယ်မဟုတ်လား"
အိမ်ရှေ့မင်းသားသည် မည်သည့်အရာမျှမတုံ့ပြန်ခဲ့သော်လည်း သူသည် အထင်သေးခံရမှုကြောင့် စိတ်အတော် ပျက်သွားခဲ့ရလေသည်။
#Catfoot