← Chapters

သူတို့က ဒီလောက် တောင်း‌ဆိုနေတော့လဲ

Vol. 5 Ch. 53

သူတို့က ဒီလောက် တောင်း‌ဆိုနေတော့လဲ

Vol. 5 Ch. 53

"ဒါက ကျိလင်းမြို့လား"

အာရန်သည် မြို့ထဲသို့ ဝင်ရန် စောင့်ဆိုင်းနေသော လူတန်းရှည်ကြီး၏ အဆုံးတွင် တန်းစီနေလေသည်။

ရှုယင်သည်လည်း သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာကို ဖုံးကွယ်ရန် အာရန်ပေးထားသော မျက်နှာဖုံးကို ဝတ်ဆင်ကာ သူ့ဘေးတွင်ပင် ဝင်ရပ်နေလေသည်။

"ဒီအမြန်နှုန်းနဲ့ ဒီလူတန်းက ဘယ်လောက်ထိကြာဦးမှာလဲမသိဘူး"

အာရန်သည် ခေါင်းကိုတစ်ချက် ကုတ်လိုက်မိသည်။ သူ့ရှေ့တွင် လူတစ်ရာခန့် တန်းစီစောင့်နေလေသည်။ လူတန်းရှည်ကြီးသည် အလွန်တရာမှ နှေးကွေးစွာဖြင့် ရှေ့သို့ ရွေ့လျားနေလေသည်။

"ကျွန်မသူတို့အကုန်လုံးကကို သတ်ပစ်လိုက်ရမလား"

အာရန် သည် ရှုယင်၏ တုံ့ပြန်စကားကို ကြားလိုက်ရသဖြင့် ကမန်းကတန်းလှည့်ကြည့်လိုက်ရသည်။

"မင်းရဲ့ အတွေးတွေက ဘာလို့ အမြဲတမ်း သတ်ဖို့ကိုပဲ ဦးတည်နေရတာလဲ"

"သူတို့က ရှင့်ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားတာလေ။ ရှင့်ရဲ့ အချိန်က သူတို့ရဲ့ အသက်တွေထက် ပိုအရေးကြီးတယ်"

"အင်း….မင်းရဲ့ နည်းလမ်းတွေကတော့တကယ်ပဲ... "

"ဟင်း…မင်းက ဒီမှာဘယ်သူ့ကိုမှ သတ်ခွင့် မရှိဘူးဆိုတာ မှတ်ထားပါ။ အများရဲ့အာရုံစိုက်တာခံရရင် ငါတို့ရဲ့ တည်ရှိမှုကို ဖော်ထုတ်မိသလိုဖြစ်သွား လိမ့်မယ်။ ပြီးရင် ပြဿနာတွေပဲ ငါတို့ကို ဆက်တိုက်လိုက်လာလိမ့်မယ်။"

"ဒါပေမယ့်-"

"ဒါပေမယ့်ဆိုတာမရှိဘူး ကိုယ့်မှာ အချိန်တွေအများကြီး ကျန်ပါသေးတယ် အဲ့ဒါကြောင့် နဲနဲလောက် နှောက်နှေးသွားရင်တောင် အခြားလူတွေကို လိုက်သတ်တာထက်တော့ ပိုကောင်းပါသေးတယ်"

အာရန်သည် ဤအမျိုးသမီးမှာ အဘယ့်ကြောင့် ဤမျှအလွန် ပြောင်းလဲသွားရသည်ကို နားမလည်နိုင်ခဲ့ပါ။ ၎င်းက အချစ်မျိုးစေ့၏ သက်ရောက်မှုကြောင့် သက်သက်ပဲလား။

ဝတ္ထုထဲတွင် သူမအကြောင်းကို ဖော်ပြထားခဲ့သည်မှာလည်း နည်းပါးလေသည်။ သူမသည် ဂိုဏ်းမှ မည်သည့်အခါမှ မထွက်ခွာခဲ့ပါ။ သူမသည် လူများစွာကို သတ်ခဲ့သော်လည်း ၎င်းတို့အားလုံးသည် သူမကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူများ ဖြစ်ကြသည်။

ဤအပြုအမူများကြောင့် သူမသည် သူဖတ်ဖူးသော ဇာတ်လမ်းအချို့မှ ယန်းဒရယ် ဇာတ်ကောင်များကို သတိရသွားစေသည်။ မူလဝတ္ထုထဲတွင် သူမသည် ယခုကဲ့သို့ ပြုမူခြင်းမျိုးမရှိခဲ့ပေ။

အဓိက ဇာတ်ကောင်သည် သူမကို အနိုင်ယူရန် ကြိုးစားခဲ့ချိန်တွင်ပင် သူသည် သူမကို ရှုံးနိမ့်ခဲ့လေသည်။

အစောင့်များသည် မြို့အတွင်းသို့ ဝင်လာသော လူတိုင်းကို စေ့စေ့စပ်စပ် ပင်သေခြာစွာ စစ်ဆေးနေခဲ့သည်။ ထိုကြောင့်လူတန်းရှည်ကြီးသည် အလွန် နှေးကွေးစွာဖြင့်သာ ဆက်လက် ရွေ့လျားနေခဲ့သည်။

"ဒီနေ့က ဘာလို့ ဒီလောက်ကြာနေရတာလဲ"

လူတန်းရှည်ကြီးထဲတွင် ကုန်သည်များစွာမှာလည်း အတူတူပင် ရပ်စောင့်နေကြရလေသည်။ ၎င်းတို့သည် မြို့ထဲတွင် ပုံမှန်နေနေ ကြသူများ ဖြစ်သော်လည်း ၎င်းတို့ပင်လျှင် ဤကဲ့သို့ နှောင့်နှေးမှုမျိုးကို ယခင်က မမြင်ဖူးကြချေ။

"ဒီနေ့ လုံခြုံရေးက အရမ်း တင်းကျပ်ထားတယ် ဒီနေ့ တကယ် အရေးကြီးတဲ့ တစ်စုံတစ်ယောက် လာရောက်မဲ့ပုံပဲ"

"ဪ ဒါကြောင့်ကိုး ဒီလောက်ကြာနေတာ အံ့ဩစရာ မရှိတော့ပါဘူး"

အာရန်သည်လည်း လူတန်းကြီးထဲတွင် အတူဝင်ရပ်နေရပြီး သူ့ရှေ့ရှိ လူများ၏ စကားပြောဆိုမှုများကို မသိမသာ နားစွင့်နေလေသည်။

ဤစကားများကို ကြားလိုက်ရသောအခါ အာရန်သည် အနားယူရန် ဤမြို့ကို ရွေးချယ်ခဲ့ခြင်းသည် မှန်ကန်သော ရွေးချယ်မှု ဟုတ်မဟုတ်ကိုပင် ပြန်လည် သုံးသပ်နေမိတော့သည်။

သူသည် မြို့ထဲသို့ တစ်ညတာဝင်ရောက် အနားယူနေချိန်တွင် မလိုလားအပ်သော အာရုံစူးစိုက်မှုများကို မဆွဲဆောင်မိစေရန် သူ၏ ဖီးနစ်ငှက်ကိုပင် အဝေးတစ်နေရာ ၌ လွှတ်ထားခဲ့လေသည်။

ကံကောင်းစွာဖြင့် အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင် သူတို့ ၏အလှည့်သို့ ရောက်ရှိလာခဲ့လေသည်။

အာရန်သည် လုံခြုံရေးအရ စစ်ဆေးသည့်ဂိတ်ဝင်ပေါက်သို့ ချဉ်းကပ်ရောက်ရှိ သွားသောအခါ ဤလုပ်ငန်းစဉ်တွင် အစောင့်များသည် လူတိုင်းကို စေ့စပ်သေခြာ စွာဂရုတစိုက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သတိထားမိလိုက်သည်။

သူ၏ အထောက်အထားအပြင် ဤမြို့သို့လာရောက်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်သည့်အချက်အလက်များကို မေးခွန်းများစွာဖြင့် အစစ်ဆေးခံနေရလေသည်။

အာရန် သည် မေးခွန်းအများစုကို လိမ်လည်၍ဖြေဆိုနိုင်ခဲ့သည်။ သူသည် သူသွားမည့်ခရီးစဉ်အတွင်း ခဏတာအနားယူရန် ဤနေရာသို့ ရောက်ရှိလာခဲ့သည့် သာမန်ခရီးသွား ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း ဇာတ်လမ်းတစ်ခုကို ဖန်တီးခဲ့လေသည်။

"ဒီအမျိုးသမီးကကော မင်းနဲ့အတူ ပါလာတာလား"

"ဟုတ်ကဲ့ မှန်ပါတယ်ဗျာ သူမက ကျွန်တော့်ရဲ့ ဇနီးသည်ပါဗျာ"

ရှုယင်၏ မျက်နှာသည် ပျော်ရွှင်မှုနှင့် ရှက်ရွံ့မှုတို့ရောယှက်ကာ နီရဲသွားလေသည်။ ကံကောင်းစွာဖြင့် မည်သူမျှ သူမ၏မျက်နှာကို မျက်နှာဖုံးစွတ် ထားသောကြောင့် မမြင်နိုင်ခဲ့ကြပေ။

"ပြီးတော့ သူမက ဘာလို့ မျက်နှာကို စွတ်ထားရတာလဲ"

"ဒါက ဇာတ်လမ်းရှည်တစ်ပုဒ်ပါဗျာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပြီး သူမရဲ့မျက်နှာ ကိုမီးလောင်သွားခဲ့တယ်လေ။ အဲဒီအချိန်ကစပြီး သူမက တခြားသူတွေရှေ့မှာ သူမရဲ့ မျက်နှာကို ဖုံးကွယ်ထားခဲ့တော့တာပဲ"

"ဪအဲ့လိုလား"

အစောင့်သည် ရှုယင်အား ခေါင်းအစ ခြေအဆုံးတစ်ချက် စိုက်ကြည့်လိုက်လေသည်။

သူမက မျက်နှာဖုံးကို ဝတ်ဆင်ထားသော်လည်း သူမ၏ခန္ဓာကိုယ်မှ ဆွဲဆောင်မှုများအပြည့်ရှိနေသည်ကို သူခံစားနိုင်သေးသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားကပင် သူ၏ နှလုံးခုန်သံကို ရပ်တန့်စေရန် လုံလောက်သည်။

ထိုအစောင့်သည် အကြံတစ်ခုပေါ်လာသဖြင့် ကောက်ကျစ်စွာတစ်ချက် ပြုံးလိုက်သည်။

"သူမက မျက်နှာဖုံးကို ဝတ်ဆင်ထားတယ်ဆိုတာ ကျုပ်တို့ကို သံသယဖြစ်စေတယ် သူမကို သေသေခြာခြာ စစ်ဆေးရလိမ့်မယ်"

အာရန်သည် ရှုယင်ရှေ့တွင် မျက်မှောင်ကြုတ်ကာ ပိတ်ရပ်လိုက်သည်။

"အကိုတို့ကို အဲဒီလိုလုပ်ခွင့်မပေးနိုင်တာ ကျွန်တော်တောင်းပန်ပါတယ်ဗျာ "

"မင်းတို့နှစ်ယောက်ကမသင်္ကာစရာပဲ မင်းတို့က တစ်ခုခုကို ဖုံးကွယ်ထားတာ သေချာတယ် မဟုတ်ရင် စစ်ဆေးခံရမှာကို ဘာလို့ကြောက်နေရမှာလဲ"

အစောင့်၏ ကောက်ကျစ်သောအပြုံးသည် ပိုမို၍ပီပြင်လာခဲ့သည်။ အာရန်သည် ထိုအစောင့် ၏မျက်နှာပေါ်ရှိ ရမက်ခိုးဝေနေသော အကြည့်ကို သတိထားမိ ပြီဖြစ်သည်။

"ကျုပ်ပြောခဲ့သလိုပဲ သူမက ကျုပ်ရဲ့ဇနီးသည်ပါ ပြီးတော့ ကျုပ်တို့ဟာ ပြဿနာတစ်ခုခု ဖန်တီးဖို့ ဒီကိုလာခဲ့တာ မဟုတ်ပါဘူး ဒါပေမဲ့ မင်းတို့က ငါတို့ကို ဝင်ခွင့်မပြုချင်မှတော ငါတို့ပြန်လှည့်သွားပါမယ်"

ယခုအချိန်ထိပင် အာရန်သည် ပြဿနာမဖြစ်စေရေးအတွက် တည်ငြိမ်စွာဖြင့် ရှောင်ရှားရန် ကြိုးစားနေခဲ့သည်။

အစောင့်ကို တားဆီးခြင်းသည် ရှုယင်ကို ကာကွယ်ပေးနေခြင်း မဟုတ်ပေ။ သူမသည် သူ့ကာကွယ်မှုကို လိုအပ်သည်ဟု တွေးမိခြင်းက မိုက်မဲလွန်းရာကျပေလိမ့်မည်။

ယင်းအစား သူသည် ဤမြို့ကို ကာကွယ်နေခြင်းပင်ဖြစ်သည်။

ရှုယင်သည် မည်မျှအန္တရာယ်များသူဖြစ်ကြောင်း သူအသိဆုံးဖြစ်သည်။ သူမသည် အာရန်တစ်ဦးတည်းကိုသာ ချွင်းချက်အဖြစ် သူမအား ထိတွေ့ခွင့်ကို ပေးထားခြင်းသည်။

အကယ်၍ ဤအစောင့်သာ အနည်းငယ်ကြိုးစားကြည့်မည်ဆိုပါက သူ၏ လက်ချောင်းများက သူမကို မထိတွေ့နိုင်ခင်မှာပင် သူ၏ဦးခေါင်းသည် လေထဲသို့ လွင့်ထွက်သွားလိမ့်မည်ဖြစ်သည်။

သူသည် ရှုယင်၏လက်ကို ဆုပ်ကိုင်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

၎င်းသည် ဤမျှပြဿနာများနေပါက သူသည် ဤမြို့အတွင် အနားယူရန် စိတ်မပါတော့ချေ။

အစောင့်က အာရန်၏လမ်းကြောင်းကို ပိတ်ရပ်လိုက်သည်။

အစောင့်များသည် ရှေ့သို့ချီတက်လာကာ သူတို့၏လှံများကို အာရန်တို့နှစ်ဦးအား ချိန်ရွယ်လိုက်လေသည်။

"မင်းကို ဖမ်းမိပြီဆိုတော့ မင်းထွက်သွားနိုင်ဦးမယ်လို့ ထင်နေတာလား မင်းတို့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်ကို ငါတို့ စစ်ဆေးဖို့ လိုတယ်"

"မင်းတို့က မင်းသားကို လုပ်ကြံဖို့ ကြံစီနေတာမဟုတ်လား မင်းတို့နှစ်ယောက် ဘာကိုဖုံးကွယ်ထားတာလဲ မင်းတို့ကို စစ်ဆေးမှာကို ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ"

အစောင့်သည် ထိုစုံတွဲအား ဖမ်းဆီးရန် အကြောင်းပြချက်ကောင်းကို ဖန်တီးလိုက်တော့သည်။ သူလုပ်ရန်လိုအပ်သည်မှာ သူတို့ကို ဖမ်းဆီးရန်ပင် ဖြစ်သည်။ အာရန်တို့နှစ်ဦး အပြစ်ကင်းစင်သည်ဖြစ်စေ မကင်းစင်သည်ဖြစ်စေ သူ့အတွက် အရေးမပါပေ။

သူက ပျော်ရွှင်စရာအချိန်တစ်ချို့ဖန်တီးပြီးနောက် အာရန်တို့နှစ်ဦးအား လက်စဖျောက်လိုက်ရုံသာ လိုအပ်လေသည်။

အာရန်သည် သူ၏ခေါင်းကိုကုတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။

"ငါက အေးအေးဆေးဆေးပဲ ထွက်သွားချင်ခဲ့တာ မင်းတို့အားလုံးက ပြသနာတွေကို ဒီလောက်ဆွဲခေါ်ချင်နေတာသေချာလို့လား ဒီမြို့က ပြန်လည်ပြုပြင်ပြီးတာ မကြာသေးဘူးလို့ထင်တယ်"

"အခုချိန်ထိ မင်းက ဒီလောက်တောင် ကြီးကြီးကျယ်ကျယ်တွေ ပြောနေနိုင် တုန်းပဲလား မင်းဟာ သံသယရှိစရာလူဖြစ်တာ သေချာတယ်။ မင်း ငါတို့နဲ့ လိုက်ခဲ့ရမယ်"

အစောင့်သည် ရှုယင်ကို တစ်ချက်ကြည့်ကာ သူ၏နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်သည်။

"ပြီးတော့ အဲဒီမိန်းမလည်း ငါနဲ့လိုက်ခဲ့ရမယ်။ သူမမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိမှာ သေချာတယ် သူ့ကိုငါကိုယ်တိုင် စစ်မေးမယ်"

"ကျွန်မ သူတို့ကို အခုသတ်လို့ရပြီမလား"

ရှုယင်က အာရန်အား နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

သူမသည် သူမ၏ဒေါသများကို ဖိနှိပ်ထားရန် အမှန်တကယ် ကြိုးစားနေခဲ့ ခြင်းဖြစ်သည်။ ဤလူများသည် သူမ၏ အာရန်လေးအား သူတို့၏လက်နက်များ ဖြင့် အမှန်တကယ် ချိန်ရွယ်ရဲသည်တဲ့လား။

ထိုအစောင့်များသည် အာရန်အား သူတို့၏လက်နက်များဖြင့် စတင်ချိန်ရွယ်စဉ် ကတည်းက သူမသည် သူတို့အားလုံးကို သတ်ပစ်ချင်စိတ်အား အတော်ပင်ထိမ်း ထားခဲ့ရခြင်းဖြစ်သည်။ အာရန် ၏ခွင့်ပြုချက်မပါဘဲ မည်သူ့ကိုမျှ မသတ်ဟု ကတိပေးထားခဲ့သောကြောင့်သာ သူမသည် ဤဒေါသကို ထိန်းချုပ်နေရ ခြင်းဖြစ်သည်။

အရာများက ဤအခြေအနေသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အာရန်သည် သူမ၏ဆန္ဒအား နောက်ဆုံးတွင် သဘောတူလိုက်ရလေတော့သည်။ ဤကမ္ဘာတွင် အားနည်းခြင်းသည် အပြစ်တစ်ခုဖြစ်လေသည်။

"သူတို့က ဒီလောက်တောင်အသဲအသန်သေချင်နေမှတော့လည်း…. ဒါပေမဲ့ ဒီမှာဖြစ်ပျက်ခဲ့တာတွေကို လျှို့ဝှက်ထားဖို့ ဘယ်သူမှ အသက်ရှင်ကျန်မနေစေနဲ့"

(ဘာသာပြန်သူမှတ်ချက်။ ။ ယန်းဒရယ် (Yandere) ဟူသောစကားလုံးသည် ဂျပန်အန်နီမီနှင့် မန်ဂါများတွင်အသုံးများပြီး စွဲလန်းစိတ်လွန်ကဲ၍ ချစ်ခြင်းမေတ္တာကို အစွန်းရောက်သည်အထိခံစားတတ်ကာ ထိုအစွန်းရောက်သည့် စိတ်ခံစားချက်ကြောင့်ပင် အဆုံးတွင်မိမိတို့ချစ်မြတ်နိုးသူများကို အန္တရယ်ဖြစ်စေသည်အထိ ပြုမူလေ့ရှိကြသူများကိုဆိုလိုခြင်းဖြစ်သည်။)

#Catfoot

All Chapters