ပြိုင်ဘက်ကင်းသော စွမ်းအား
Vol. 3 Ch. 43
လုံဟုတောင်ထိပ်တွင် တိမ်ပင်လယ်ကို လှေကားသဖွယ် အသုံးပြီး ကြာပန်းသရဖူကို ဆောင်းကာ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်က ဖြည်းညင်းစွာ ဆင်းသက်လာသည်ကို အားလုံးက မြင်လိုက်ရသည်။ ထိုမြင်ကွင်းကို မြင်ကြသူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်အံ့ဩခြင်းများ၊ ရိုသေလေးစားခြင်းများ ထွက်ပေါ်လာသည်။
" ကောင်းကင်သခင် ငါတို့ ထျန်းရှီဂိုဏ်းရဲ့ ကောင်းကင်သခင်။ " ထျန်းရှီဂိုဏ်း၏ အကြီးအကဲတစ်ယောက်က တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။
ကောင်းကင်သခင်များမှ လွဲ၍ ထိုကဲ့သို့ လွှမ်းမိုးနိုင်စွမ်းနှင့် အရှိန်အဝါကို မည်သူမျှ ပိုင်ဆိုင်နိုင်မည်မဟုတ်ပေ။ သဘာဝကောင်းကင်အဆင့်များ သို့မဟုတ် ၎င်း၏ အထက်အဆင့်သို့ ခြေလှမ်းတစ်ဝက်ရောက်နေသူများပင် သူကို ယှဉ်နိုင်စွမ်းမရှိပေ။
" ကောင်းကင်သခင် "
" ထျန်းရှီဂိုဏ်းရဲ့ ၁၈၃ဆက်မြောက် မျိုးဆက်တပည့်တွေက ကောင်းကင်သခင်ကို အရိုအသေပေးပါတယ်။ "
" ကောင်းကင်သခင်ကို အရိုအသေပေးပါတယ်။ "
ထျန်းရှီဂိုဏ်း၏ တပည့်များအားလုံးက ဒူးတစ်ဖက်ထောက်ပြီး အရိုအသေပေးလိုက်ကြသည်။
အခြားလမ်းမှန်အင်အားစုများမှ တပည့်များကလည်း ဒူးထောက်လိုက်ကြသည်။ ကောင်းကင်သခင်တစ်ယောက်က ထျန်းရှီဂိုဏ်းအတွက် အရေးပါရုံသာမက သူတို့ကို အခြားလမ်းမှန်အင်အားစုများကလည်း လေးစားရလေသည်။
" ကောင်းကင်သခင် " အကြီးအကဲပင်းယန်က အခြားသူများနှင့်မတူဘဲ မှင်သက်နေ၏။
သူတို့၏ အတွင်းရေကိစ္စများကို သူတို့သာ သိကြလေသည်။ ယခုမျိုးဆက်တွင် ကျန်းဝူဓားက အသိမှတ်ပြုထားသော တပည့်တစ်ယောက်ရှိခဲ့သော်လည်း ၎င်းက ဆယ်နှစ်ပင်မပြည့်သေးပေ။ သူက ကောင်းကင်သခင်ဖြစ်လာရန် အလားအလာရှိသော်လည်း ၎င်းက နှစ်လေးဆယ်မှ ငါးဆယ်အထိ အချိန်ယူရဦးမည်ဖြစ်သည်။
" ကောင်းကင်သခင် " ဆရာကြီးကန်ချင်းက တိမ်ပင်လယ်ပေါ်မှ ပုံရိပ်ကို ကြည့်နေသည်။ သူက သေချာကြည့်လိုက်သောအခါ ကျန်းရှန်းဖုန်း၏ မျက်နှာကို မြင်လိုက်ရလေသည်။
" ငါမှားခဲ့တာလား။ အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်ကို ပေါင်းစည်းလေ့ကျင့်တာက ကောင်းကင်သခင်ရဲ့ အဆင့်ကို ရောက်နိုင်တဲ့ စစ်မှန်တဲ့ လမ်းစဉ်တစ်ခုလား။ "
ဆရာကြီးကန်ချင်း၏ အတွေးများက ကမောက်ကမဖြစ်နေပြီး သူ့ကိုသူ တည်ငြိမ်ရန် ကြိုးစားယူလိုက်ရသည်။
အခြားသူများက ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာသည်ကိုသာ မြင်ရပေလိမ့်မည်။ ထိုကောင်းကင်သခင်က အဆုံးမဲ့ယင်နှင့်အဆုံးမဲ့ယန်တို့ကို ပေါင်းစည်းကာ မဖြစ်နိုင်သော လမ်းစဉ်တစ်ခုအား လျှောက်လှမ်းခဲ့သည်ကိုတော့ ဘယ်သူမှသိကြမည်မဟုတ်ပေ။
လင်းယွမ်က ကောင်းကင်သခင်တစ်ယောက် ဖြစ်မလာလျှင် ကိစ္စမရှိပေ။ သို့သော် သူက ယင်နှင့်ယန်ကို ပေါင်းစည်းပြီး ကောင်းကင်သခင်တစ်ယောက်ဖြစ်လာလျှင်တော့ သူက နှစ်ပေါင်း ၆၈၀၀အတွင်း အသန်မာဆုံး ကောင်းကင်သခင်တစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး ပထမကောင်းကင်သခင်ကိုပင် ဖိနှိပ်နိုင်ပေလိမ့်မည်။
အဆုံးမဲ့ယင်နှင့်အဆုံးမဲ့ယန်တို့အား ဟန်ချက်ညီစေခြင်းကို လူတိုင်းကသိထားကြသော်လည်း လမ်းကြောင်းကို သိခြင်းနှင့် အောင်မြင်အောင် လုပ်နိုင်ခြင်းက မတူညီပေ။
ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို ကျွမ်းကျင်နိုင်လျှင် နတ်ဘုရားများကဲ့သို့ ဖြစ်လာနိုင်သော်လည်း လူဘယ်လောက်များက ၎င်းကို ကျွမ်းကျင်ခဲ့ကြလို့လဲ။
ဆရာကြီးကန်ချင်း၏ အမူအရာက မယုံကြည်နိုင်ခြင်းများ၊ စိတ်ရှုပ်ထွေးခြင်းများ၊ စိတ်လှုပ်ရှားခြင်းများနှင့် ခါးသီးစွာ ပြုံးလိုက်သည်။
လင်းယွမ်က သူ၏ ခံယူချက်ကို မဆုပ်ကိုင်ထားဘဲ သူတို့၏ လိုအပ်ချက်များအတိုင်း ယခင်ကောင်းကင်သခင်များကဲ့သို့ အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တစ်ခုခုကိုသာ ရွေးချယ်ခဲ့လျှင် သူက နှစ်လေးဆယ် ငါးဆယ်ကြာမှ ကောင်းကင်သခင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ထိုအချိန်တွင် ထျန်းရှီးဂိုဏ်းကလည်း နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးဖြစ်ပေလိမ့်မည်။
ဆရာကြီးကန်ချင်းက အသက်ပြင်းပြင်း ရှုလိုက်သည်။ မည်သို့ပင်ဖြစ်စေ နှစ်ငါးရာကြာပြီးနောက် ထျန်းရှီးဂိုဏ်းက နောက်ထပ် ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် သူက မျိုးဆက်အားလုံးတွင် အသန်မာဆုံးဖြစ်လေသည်။
ဆရာကြီးကန်ချင်းက သူ၏ အမှားအတွက် အသက်နှင့်တောင်းပန်ရလျှင်တောင် အနည်းငယ်မျှ တွန့်ဆုတ်နေမည်မဟုတ်ပေ။ ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာသည်ကို မြင်တွေ့ပြီးနောက် သူက သေပျော်ပြီဖြစ်သည်။
" ကောင်းကင်သခင်။ သေစမ်း ကောင်းကင်သခင်တစ်ယောက်က ဒီအချိန်ကျမှ ဘယ်လိုလုပ်ထွက်ပေါ်လာတာလဲ။ " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က ဦးရေပြားများ အေးစက်သွား၏။
လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူက ထျန်းရှီဂိုဏ်းကို လျို့ဝှက်စွာ စမ်းသပ်နေခဲ့သည်။ ယခုမျိုးဆက်တွင် ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်မလာနိုင်သည်ကို အတည်ပြုပြီးမှသာ သူက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးတစ်သောင်းဂိုဏ်းက လုံဟုတောင်ကို ဝန်းရံထားချိန်တွင် သူက ကောင်းကင်သခင်တစ်ယောက်မရှိသည်ကို ယုံကြည်သွားခဲ့သည်။
သို့သော် နောက်ဆုံးအခိုက်အတန့်တွင် ထျန်းရှီဂိုဏ်းမှ ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သူ၏ ခန့်မှန်းချက်အရ ထိုကောင်းကင်သခင်က ယခုမှ အဆင့်ချိုးဖျက်လာပုံရလေသည်။ မဟုတ်လျှင် ဆရာကြီးကန်ချင်းကိုယ်တိုင် အံ့ဩထိတ်လန့်နေမည်မဟုတ်ပေ။
လင်းယွမ်က တိမ်တိုက်များပေါ်မှ မြေပြင်သို့ ဆင်းသက်လာပြီးနောက် နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်ကို ကြည့်လိုက်သည်။
ဝှစ်....
မြေပြင်တွင် စိုက်နေသော ကျန်းဝူဓားက လင်းယွမ်ကို လှည့်ပတ်ပျံသန်းပြီးနောက် သူ၏ ဘေးတွင် ရပ်တန့်သွား၏။
" ကောင်းကင်သခင် " နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က တုန်လှုပ်နေလေသည်။
သူက တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်း နောက်ဆုတ်သွား၏။ သူတွင် ဝှက်ဖဲများ ရှိလျှင်တောင် အသန်မာဆုံးက မူလနတ်ဆိုးဂိတ်တံခါး အမွေအနှစ်သာ ရှိလေသည်။ ထိုဝှက်ဖဲများက ဆရာကြီးကန်ချင်းကို သတ်နိုင်မည် သေချာသော်လည်း ကောင်းကင်သခင်အတွက်မူ အသုံးဝင်ခြင်းမရှိဘဲ အဆုံးတွင် သူသာ သေဆုံးရပေလိမ့်မည်။
အမှန်မှာ ကျန်းဝူဓားထွက်ပေါ်လာချိန်တွင် နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က ကောင်းကင်သခင်တစ်ယောက်နှင့် သက်ဆိုင်နေမှန်း ခန့်မှန်းမိလေသည်။ သို့သော် သူက လင်းယွမ်ကို လူချင်းတွေ့၍ အတည်ပြုပြီးမှ ဆုတ်ခွာရန် ဆုံးဖြတ်ချက်ချခဲ့လေသည်။
ဝုန်း....
နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားပြီး နတ်ဆိုးအရိပ်ခြောက်ခုအဖြစ် ပြောင်းလဲကာ အဘက်ဘက်သို့ ပြေးထွက်သွားသည်။
၎င်းက နတ်ဆိုးတာအို၏ အသက်ကယ်နည်းစနစ်တစ်ခုဖြစ်ပြီး သူ၏ စွမ်းအားနှင့် အသုံးပြုလျှင် ကောင်းကင်သခင်ပင် သူ့ကို ဖမ်းနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် လင်းယွမ်က ယခုမှ အဆင့်ချိုးဖျက်ထားခြင်းဖြစ်သောကြောင့် ကောင်းကင်သခင်၏ အဆင့်မှစွမ်းအားကို ကျွမ်းကျင်ဦးမည်မဟုတ်ပေ။
" ထွက်ပြေးချင်တာလား။ " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။
" ထွက်ပေါ်စမ်း "
မီတာထောင်ချီရှိသော စက်ဝန်းကြီးတစ်ခုက လင်းယွမ်ကို ဗဟိုပြုပြီး ထွက်ပေါ်လာသည်။ စက်ဝန်းအတွင်းတွင် အဖြူအနက် အဆုံးမဲ့ယန်နှင့် အဆုံးမဲ့ယင်စွမ်းအားများက ယင်ငါးနှင့်ယန်ငါးအဖြစ် ပြောင်းလဲသွားပြီး တစ်ခုနှင့်တစ်ခု လှည့်ပတ်နေကြသည်။
ဝုန်း.....
ထိုဧရိယာအတွင်းရှိ နတ်ဆိုးအရိပ်ခြောက်ခုထဲမှ ငါးခုက ပေါက်ကွဲပျက်စီးသွားပြီး ထိတ်လန့်နေသော နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်သာ ကျန်တော့လေသည်။
" မဟုတ်ဘူး။ ဒါ ဘယ်လိုစွမ်းအားမျိုးလဲ။ မင်းက ကောင်းကင်သခင်တစ်ယောက်မဟုတ်ဘူး။ "
နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က မလိုလားစွာဖြင့် ရုန်းကန်နေပြီး သူ၏ မျက်ခုံးများအလယ်မှ အနက်ရောင်နတ်ဆိုးမီးတောက်က တစ်စုံတစ်ခုကို ခုခံနေသော်လည်း အဖြူအနက်စွမ်းအားလှိုင်းများ၏ အောက်တွင် သူ၏ ခန္ဓာကိုယ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဆယ်စုနှစ်များစွာ နတ်ဆိုးတစ်သောင်းဂိုဏ်းကို ဦးဆောင်ပြီး အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က နောက်ဆုံးတွင် သေဆုံးသွားခဲ့လေပြီ။
ပတ်ဝန်းကျင်က ငြိမ်သက်တိတ်ဆိတ်သွား၏။ ထျန်းရှီဂိုဏ်းဘက်မှ လူများက အိပ်မက်မက်နေသကဲ့သို့ မှင်သက်နေကြသည်။ သူတို့ကို ဖိအားများပေးခဲ့သော နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က ကောင်းကင်သခင်၏ လက်ထဲတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တစ်ချက်တည်း သတ်ဖြတ်ခံလိုက်ရသည်။
နတ်ဆိုးဂိုဏ်းဘက်မှ လူများက ထိတ်လန့်ကြောက်ရွံ့သွားကြသည်။
" ပြေး ကောင်းကင်သခင်ထွက်ပေါ်လာပြီး မင်းတို့က ဘာလုပ်နေကြတာလဲ။ "
" ဂိုဏ်းခေါင်းဆောင်သေပြီ အားလုံးပြေးကြ။ "
သဘာဝကောင်းကင်အဆင့် ဒုခေါင်းဆောင် ကိုးယောက်၊ ကာကွယ်သူများ၊ ခေါင်းဆောင်များနှင့် လက်အောက်ငယ်သားများက လုံဟုတောင်နှင့် ဝေးရာသို့ ထွက်ပြေးကြလေသည်။
" ပိုင်းဖြတ်ခြင်း "
လင်းယွမ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။ အဆုံးမဲ့ယင်ယန်စက်ဝန်းက ကျယ်ပြန့်လာပြီး သူက ကျန်းဝူဓားနှင့် ခုတ်ပိုင်းလိုက်သည်။ ဓားအလင်းတန်းထွက်ပေါ်လာချိန်တွင် ၎င်းက သုံးပေသာရှည်သော်လည်း ချက်ချင်း တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။
ဓားတစ်ချက်က ဒုဂိုဏ်းခေါင်းဆောင် ကိုးဦးအနက် ခုနှစ်ဦးကို နှစ်ပိုင်းဖြတ်သွားပြီး လက်အောက်ငယ်သားရာချီ သေဆုံးသွားကြသည်။
ထို့နောက် လင်းယွမ်က အကြိမ်အနည်းငယ် ခုတ်ပိုင်းလိုက်သည်။ နတ်ဆိုးအလောင်းထောင်ချီက မြေပြင်တွင် လဲကျသေဆုံးသွားကြပြီး သွေးများက ချောင်းများသဖွယ် စီးဆင်းသွားကြသည်။