← Chapters

ထိုက်ကျိ

Vol. 3 Ch. 44

ထိုက်ကျိ

Vol. 3 Ch. 44

" ပြီးသွားပြီ။ " လင်းယွမ်က ကျန်းဝူဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

ထိုဓားချက်အနည်းငယ်က လုံဟုတောင်ပတ်လည်ရှိ နတ်ဆိုးတစ်သောင်းဂိုဏ်းမှ ထောင်းပေါင်းများစွာသော လူများ၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို သေဆုံးသွားစေခဲ့သည်။

ထို့နောက် လင်းယွမ်က ထျန်းရှီဂိုဏ်းမှ လူများဆီသို့ သွားလိုက်သည်။

" ကောင်း ကောင်းကင်သခင် " ဆရာကြီးကန်ချင်းနှင့် အကြီးအကဲပင်းယန်တို့က စိတ်လှုပ်ရှားစွာဖြင့် အရိုအသေပေးလိုက်ကြသည်။

၎င်းက ကောင်းကင်သခင်တစ်ယောက်ဖြစ်လေသည်။ နှစ်ပေါင်းငါးရာအတွင်း ထျန်းရှီဂိုဏ်းက ကောင်းကင်သခင် အသစ်တစ်ယောက်ကို မြင်တွေ့ရခြင်း ဖြစ်သည်။

" ကောင်းကင်သခင်ကို အရိုအသေပေးပါတယ်။ "

" ကောင်းကင်သခင်ကို အရိုအသေပေးပါတယ်။ "

အခြားအဖွဲ့ဝင်များကလည်း ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ သူတို့အားလုံးက ကြောက်လန့်မှုကို ခံစားနေရပြီး သူတို့၏ စိတ်ထဲတွင် မေးခွန်းတစ်ခုရှိနေသည်။

ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်တွေက ထိုမျှအထိ စွမ်းအားကောင်းကြတာလား။ သဘာဝကောင်းကင်အဆင့်များကို ကြက်ကလေးများလို့ သတ်နိုင်တာလား။

အဓိကအင်အားစုတိုင်းတွင် ကောင်းကင်သခင်များ၏ မှတ်တမ်းများရှိကြပြီး သူတို့က စွမ်းအားကောင်းကြသော်လည်း လင်းယွမ်လောက် ပြိုင်ဘက်ကင်းစွမ်းအားမျိုးကို မထုတ်ဖော်နိုင်ကြပေ။

" အားလုံး ထကြပါ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

" ဟုတ်ကဲ့။ " လူအုပ်ကြီးက ပြန်ရပ်လိုက်ကြပြီး စိတ်အေးသွားကြသည်။ ဤမျိုးဆက်မှ ကောင်းကင်၏ စိတ်နေစိတ်ထားက ကောင်းမွန်သည်ဟု ထင်ရလေသည်။ သူတို့၏ စိတ်ထဲမှ လူထောင်ချီကို မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခဲ့သော ပုံရိပ်က အနည်းငယ် မှေးမှိန်သွားသည်။

" တပည့်... တပည့် အပြစ်လုပ်မိပါတယ်။ " ဆရာကြီးကန်ချင်းက ဒူးထောက်နေဆဲ ဖြစ်၏။

" ပြဿနာမရှိပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။

ကျန်းဝူဓား၏ ရွေးချယ်ခြင်းခံရသော လင်းယွမ်းက မှားယွင်းသော လမ်းကို လျှောက်လှမ်းခဲ့သောအခါ ဆရာကြီးကန်ချင်းက စိတ်ပျက်သွားခဲ့သည်။ ဆရာကြီးကန်ချင်းက သူ့ကို လက်လျှော့ခဲ့သော်လည်း ယခုအချိန်တွင် သူက အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကို ပေါင်းစည်းထားနိုင်ပြီဖြစ်သည်။

အခြားအင်အားစုများနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် လင်းယွမ်က ထျန်းရှီဂိုဏ်း၏ တပည့်များနှင့်အတူ လုံဟုတောင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

" နှစ်ငါးရာကြာပြီးတဲ့နောက် ထျန်းရှီဂိုဏ်းက ကောင်းကင်သခင်အသစ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီ။ "

" ရှေးဟောင်းမှတ်တမ်းတွေက မှားယွင်းတယ်လို့ ငါယူဆခဲ့တယ်။ သဘာဝကောင်းကင်အဆင့်က အထွတ်အထိပ်ဖြစ်ပြီးတော့ အဲ့ဒီအဆင့်ကို ကျော်လွှားဖို့က အယူအဆတွေပဲ ရှိတယ်လို့ ထင်ခဲ့တယ်။ "

" ဘဝမှာ ကောင်းကင်သခင်တစ်ယောက်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ "

" အဲ့ဒီကောင်းကင်သခင်နာမည်က ဘယ်သူလဲ။ "

" ကျန်းရှန်းဖုန်းတဲ့ ထျန်းရှီဂိုဏ်းက လူတွေပြောတာ ငါကြားခဲ့တယ်။ "

" ကျန်းရှန်းဖုန်း ကောင်းကင်သခင်ကျန်း..."

အင်အားစုအသီးသီးမှ အဆင့်မြင့်သူများက တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြပြီး လဝက်အတွင်း ထျန်းရှီဂိုဏ်းမှ ကောင်းကင်သခင်တစ်ယောက် ထွက်ပေါ်လာသည့်သတင်းက တစ်ကမ္ဘာလုံးပျံ့နှံ့သွားခဲ့သည်။

လင်းယွမ်က တောင်တက်လမ်းအတိုင်း လျှောက်လာသည်။ သူ့နောက်တွင် ဆရာကြီးကန်ချင်း၊ အကြီးအကဲပင်းယန်နှင့် အခြားသူများ လိုက်ပါလာကြသည်။

" ကောင်းကင်သခင်..." အကြီးအကဲပင်းယန်က တုန့်ဆိုင်းစွာဖြင့် ပြောပြီး ရပ်တန့်လိုက်သည်။

လင်းယွမ်က အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကို ပေါင်းစပ်ပြီး သဘာဝကောင်းကင်အဆင့်သို့ တက်လှမ်းမည်ဖြစ်ကြောင့် ပြောပြဖူးလေသည်။ ထို့အချိန်တွင် သူက လင်းယွမ်အား ရူးနေသည်ဟုပင် ပြောခဲ့သော်လည်း ယခု လင်းယွမ်က အောင်မြင်ခဲ့လေသည်။

လင်းယွမ်ပြသသော စွမ်းအားက ယခင်ကောင်းကင်သခင်များနှင့် မတူသည်ကို အပြင်လူများပင် သိနိုင်လေသည်။

ထျန်းရှီဂိုဏ်းမှ လူတစ်ယောက်အနေဖြင့် အကြီးအကဲပင်းယန်က ၎င်းကို သူ၏ ကိုယ်ပိုင်ခံစားချက်များ ရှိနေသည်။

" အကြီးအကဲမေးချင်တာကို ငါသိတယ်။ " လင်းယွမ်က ရပ်ပြီး တေူင်အောက်မှ ရှုခင်းကို ကြည့်လိုက်သည်။

" ငါက ထိုက်ယန်နဲ့ ထိုက်ယင်တို့ကို တကယ်ပေါင်းစပ်ခဲ့တာပဲ။ အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်ကို ပေါင်းစည်းပြီးတဲ့အချိန်မှာ ငါက အဲ့ဒါကို ထိုက်ကျိလို့ခေါ်ခဲ့တယ်။ " လင်းယွမ်က ဖြည်းညင်းစွာ ပြောလိုက်သည်။

တစ်ချိန်တည်းတွင် ယင်ငါးနှင့် ယန်ငါးတို့ ရောယှက်နေသော ထိုက်ကျိသင်္ကေတက လင်းယွမ်၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။ ထိုက်ယင်၏ အဆုံးတွင် ထိုက်ယန်ရှိပြီး ထိုက်ယန်၏ အဆုံးတွင် ထိုက်ယင်ရှိလေသည်။ ၎င်းတို့အား ပေါင်းစည်းခြင်းကို ထိုက်ကျိဟု ခေါ်လေသည်။

" ထိုက်ကျိ... ထိုက်ကျိ..." အကြီးအကဲပင်းယန်က စိတ်ထဲမှာ တုန်လှုပ်သွား၏။

၎င်းက ယခင် ကောင်းကင်သခင် ၃၆ယောက်လုံး မထိတွေ့နိုင်ခဲ့သော ထိုက်ကျိလမ်းစဉ်ပင် ဖြစ်သည်။

" ထိုက်ကျိလမ်းစဉ်က မဟာကံကောင်းမှု၊ မဟာအခွင့်အရေးနဲ့ မဟာဉာဏ်အလင်း မရှိတဲ့သူတွေ ထိတွေ့နိုင်တဲ့အရာမဟုတ်ဘူး။ "

" ငါ ဒီလမ်းစဉ်ကို ငါ့ဓားရဲ့ ဓားလက်ကိုင်ပေါ်မှာ ထည့်သွင်းပေးခဲ့မယ်။ ဒီဓားကို ဓားသင်္ချိုင်းထဲမှာ ထားခဲ့မယ်။ အနာဂတ်မှာ ထိုက်ကျိတာအိုမှာ ပါရမီရှိတဲ့ တပည့်တစ်ယောက် ရှိလာရင် ဓားက အလိုအလျောက် ပျံသန်းထွက်လာလိမ့်မယ်။ " လင်းယွမ်က ဆက်ပြောလိုက်သည်။

ထိုက်ကျိတာအိုက ဤကမ္ဘာတွင် သူနားလည်ခဲ့သော အရာဖြစ်သောကြောင့် ဤကမ္ဘာပေါ်တွင်လည်း ချန်ထားခဲ့ရပေလိမ့်မည်။ လင်းယွမ်က ထိုက်ကျိအမွေအနှစ်ကို တိုက်ရိုက်မှတ်တမ်းမတင်ထားခြင်းမှာ ထိုက်ယင်နှင့် ထိုက်ယန်တို့အား ပေါင်းစည်းလေ့ကျင့်ခြင်းက အလွန်အန္တရာယ်များသောကြောင့် ဖြစ်၏။ သာမန်လူများ ထိတွေ့မိလျှင် သေဆုံးရပေလိမ့်မည်။

လုံဟုတောင်ပေါ်ရှိ တာအိုဘုရားကျောင်းထဲတွင် လင်းယွမ်က ကုတင်တစ်ခုရှေ့တွင် ရပ်ပြီး သတိမေ့နေသော ချန်ရှင်းကို ကြည့်နေသည်။

ချန်ရှင်းက နတ်ဆိုးကျင့်ကြံသူနှင့် တိုက်ခိုက်ပြီးနောက် နတ်ဆိုးချီက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး သူ၏ အသိစိတ်က မနိုးထနိုင်ဘဲ မေ့မြောနေခဲ့သည်။

သဘာဝကောင်းကင်အဆင့်ရှိသူများပင် ဘာမှမတတ်နိုင်ဘဲ တစ်နေ့တွင် ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီပျောက်ကွယ်သွားမှ သူ့ဟာသူ နိုးထလာမည်ဖြစ်သည်။

သို့သော် ဤအချိန်တွင် လင်းယွမ်အတွက် ထိုကဲ့သို့သော ဒဏ်ရာက အသေးအဖွဲမျှသာ ဖြစ်သည်။ ထိုက်ကျိစွမ်းအားက ယင်နှင့်ယန်ကြား ဟန်ချက်ညီမှုကို ထိန်းသိမ်းထားသဖြင့် ချန်ရှင်း၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးချီကို ထုတ်ပယ်ရန် အချိန်အနည်းငယ်သာ ကြာခဲ့လေသည်။

ချန်ရှင်းက တဖြည်းဖြည်း သတိရလယခဲ့သည်။

" ရှန်းဖုန်း " လင်းယွမ်ကို ပထမဆုံး မြင်လိုက်ရသောကြောင့် ချန်ရှင်းက စိတ်လှုပ်ရှားသွား၏။

" အဲ့ဒီအချိန်တုန်းက ငါက ကျန်းမိသားစုခံတပ်ကို တိုက်ခိုက်ခဲ့တဲ့ ယင်မြွေနတ်ဆိုးရဲ့ သဲလွန်စတွေကို ရခဲ့ပေမယ့် ငါ ခြေရာခံမိတဲ့အချိန်မှာ ခြုံခိုတိုက်ခိုက်တာ ခံခဲ့ရတယ်။ ယင်မြွေနတ်ဆိုးက ကောင်းကောင်းပြင်ဆင်ထားတော့ ငါ ဒဏ်ရာအပြင်အထန် ရသွားခဲ့တယ်။ " ချန်ရှင်းက ထိုနောက် မည်သို့ဆက်ဖြစ်သည်ကို မမှတ်မိတော့ပေ။

" ကိစ္စမရှိပါဘူး။ ကျန်းမိသားစုခံတပ်အတွက် ကျွန်တော်ကိုယ်တိုင် လုပ်လိုက်ပါမယ်။ " လင်းယွမ်က အနည်းငယ် ပြုံးလိုက်သည်။

" ရှန်းဖုန်း အဲ့ဒီနတ်ဆိုးဂိုဏ်းက လူတွေက အလွန်ကောက်ကျစ်တာ မင်း ဒီလိုအန္တရာယ်တွေကို ကိုယ်တိုင်မစွန့်စားသင့်ဘူး။ " ချန်ရှင်းက လေးနက်စွာ ပြောလိုက်သည်။

" မင်း..." ချန်ရှင်းက လင်းယွမ်ကို ဆက်လက်ဆုံးမရန် ပြင်လိုက်သည်။

သို့သော် ဘေးတွင် ရပ်နေသော အကြီးအကဲပင်းယန်က ဆက်လက်သည်းမခံနိုင်တော့ပေ။

" ချန်ရှင်း မင်းဘာတွေပြောနေတာလဲ။ မင်းရှေ့က ကောင်းကင်သခင်ကျန်းပဲ။ မင်းရဲ့ စကားတွေကို သတိထားဦး။ " အကြီးအကဲပင်းယန်က ချန်ရှင်းကို သတိပေးလိုက်သည်။

" ဟမ် ကောင်းကင်သခင်ကျန်း ရှန်းဖုန်းက ကောင်းကင်သခင်ဖြစ်လာတာလား။ "

ချန်ရှင်းက စိတ်ရှုပ်ထွေးသွားပြီး ဆရာကြီးကန်ချင်းနှင့် အခြားအကြီးအကဲများက လင်းယွမ်၏ နောက်တွင် လေးစားစွာ ရပ်နေကြသည်ကို မြင်မှ သူက အံ့ဩသွားသည်။

" ငါ ခနလေးအိပ်ပျော်သွားတာကို ရှန်းဖုန်းက ကောင်းကင်သခင်တစ်ယောက် ဖြစ်သွားတယ်။ "

All Chapters