နတ်ဘုရားသုံးပါး
Vol. 3 Ch. 49
ရွှေယွဲ့အိမ်နံပါတ် ၃၂၏ မြေအောက်ခန်းရှိ အားဖြည့်ဆေးအိုးထဲတွင် လင်းယွမ်၏ မျက်လုံးများက ပွင့်လာခဲ့သည်။ ပထမအကြိမ်နှင့် ယှဉ်လျှင် ဒုတိယအကြိမ်က ပို၍ ကြာလေသည်။
လင်းယွမ်က လုံဟုကမ္ဘာတွင် နှစ်ရှစ်ဆယ်နေထိုင်ခဲ့ပြီး ထိုက်ကျိတာအိုကို ဖန်တီးနိုင်ခဲ့လေသည်။ အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန် လမ်းစဉ်တစ်ခုခုကို ရွေးချယ်ပြီး ကောင်းကင်သခင်အဆင့်သို့ တက်ရောက်သူများက ထိုက်ကျိတာအိုနှင့် အဆင့်ချိုးဖျက်သော လူများနှင့် မတူညီပေ။
လင်းယွမ်က အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန်တို့ မရှိလျှင်တောင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူက ကောင်းကင်သခင်အဆင့်သို့ တက်ရောက်ရန် နည်းလမ်းတစ်ခုကို ရှာနိုင်ပေလိမ့်မည်။
လုံဟုကမ္ဘာ၏ ပထမနှစ်များတွင် လင်းယွမ်က ၎င်းကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတွေ့ရှိခဲ့သော နည်းလမ်း၏ စွမ်းအားက အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကို မယှဉ်နိုင်ခဲ့ပေ။
ယခု ထိုက်ကျိတာအိုက လင်းယွမ်အတွက် အသင့်တော်ဆုံးနှင့် အပြည့်စုံဆုံး လမ်းစဉ်တစ်ခု ဖြစ်လေသည်။
စကြာဝဠာလူသားမဟာမိတ်၏ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းများထဲတွင် ထိုက်ကျိတာအိုထက် ပိုမိုအားကောင်းသော လမ်းကြောင်းများ ရှိပေလိမ့်မည်။ သို့သော် ၎င်းတို့က ထိုက်ကျိတာအိုလောက် လင်းယွမ်နှင့် သင့်တော်ခြင်းရှိမည်မဟုတ်ပေ။ အခြားသူများ စတင်ခဲ့သော ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းများက မိမိကိုယ်တိုင်ဖန်းတီးထားသကဲ့သို့ ချောမွေ့နေလိမ့်မည်မဟုတ်ပေ။
" ငါ့ရဲ့ လက်ရှိခွန်အားက ဒုတိယအလွှာ အဆင့်၁၂ အထွတ်အထိပ်ကို ရောက်ပြီး တတိယအလွှာနဲ့ နီးကပ်နေပြီ။ " လင်းယွမ်က စဉ်းစားလိုက်သည်။
လုံဟုကမ္ဘာတွင် လင်းယွမ်က ဒုတိယအလွှာ အဆင့်ကိုးမှ အဆင့် ၁၂ ခွန်အားကို ရရှိရန် နှစ်လေးဆယ် အချိန်ယူခဲ့ရလေသည်။ ထို့နောက် ကျန်သည့်နှစ်နှစ်ဆယ်ကို တတိယအလွှာအတွက် စူးစမ်းလေ့လာခဲ့ခြင်း ဖြစ်သည်။
နှစ်လေးဆယ်နှင့် အဆင့်သုံးဆင့်တက်သွားခြင်းက ကန်လန်ကြယ်တွင် ထိပ်တန်းအဆင့်ဟု ပြော၍ ရပေသည်။ သို့သော် စကြာဝဠာလူသားမဟာမိတ်တစ်ခုလုံးကို စဉ်းစားပါက ၎င်းက ပျမ်းမျှသာ ဖြစ်လေသည်။
ထိုအပြင် ၎င်းတို့ကို လင်းယွမ်ဖန်တီးထားခြင်း ဖြစ်လေသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခုကို ဖန်တီးခြင်းက အခြားလူများ၏ လမ်းစဉ်နောက်လိုက်ခြင်းထက် အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင် ပိုမိုခက်ခဲလေသည်။
အတွေးများကို ရပ်တန့်ပြီး လင်းယွမ်က ဆေးအိုးထဲမှ ထွက်လိုက်သည်။ လုံဟုကမ္ဘာ၏ နှစ်ရှစ်ဆယ်အတွင်း လင်းယွမ်က ပြိုင်ဘက်ကင်းခဲ့သော်လည်း သူမဖော်ထုတ်နိုင်ခဲ့သော လျို့ဝှက်ချက်များစွာ ကျန်နေဆဲ ဖြစ်သည်။
အထူးသဖြင့် ကျန်းဝူဓားနှင့် မူလနတ်ဆိုးဝိညာဉ်တို့ ဖြစ်၏။ ၎င်းတို့က အထက်ဘုံမှ အောက်ဘုံသို့ မည်သည့်အတွက်ကြောင့် ကျလာခဲ့တာလဲ။ အထက်ဘုံမှ စွမ်းအားကြီးသူများတွင် အစီအစဉ်အချို့ ရှိနေတာလား။ သို့သော် ယခု သူပြန်ရောက်လာပြီဖြစ်သောကြောင့် ၎င်းတို့က လင်းယွမ်နှင့် မသက်ဆိုင်တော့ပေ။
" နှစ်နာရီ " လင်းယွမ်က အချိန်ကို ကြည့်လိုက်သည်။ သူစိတ်အသိဆင်းသက်သွားသော ကြာချိန်က နှစ်နာရီနှင့် သုံးမိနစ်သာ ကြာလေသည်။
" လုံဟုကမ္ဘာက သိုင်းကမ္ဘာထက် အဆင့်မြင့်တဲ့ပုံပဲ။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။
သိုင်းကမ္ဘာတွင် နှစ်နှစ်ဆယ်က မူလကမ္ဘာတွင် ဆယ်မိနစ်သာ ကြာလေသည်။ နှစ်ရှစ်ဆယ်ဆိုလျှင် မိနစ်လေးဆယ်ကြာပေလိမ့်မည်။
" ကန်လန်ကြယ်ပေါ်မှာ ထိုက်ယင်နဲ့ထိုက်ယန်စွမ်းအားတွေ ရှိနေတယ်။ " လင်းယွမ်က ခေါင်မိုးပေါ်သို့ လမ်းလျှောက်သွားလိုက်သည်။ ညအချိန်ဖြစ်ပြီး လင်းယွမ်က ကောင်းကင်နှင့်မြေကြီးကြားမှ ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားများကို ခံစားမိလေသည်။ ညအချိန်ဖြစ်သောကြောင့် ထိုက်ယင်၏ စွမ်းအားက ထိုက်ယန်စွမ်းအားထက် ပိုအားကောင်းလေသည်။
" ဖြည်းဖြည်းချင်းစုပ်ယူတာက နှေးလွန်းတယ်။ ငါ ဝိညာဉ်ပစ္စည်းတွေ ဝယ်ဖို့ လိုသေးတယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။ ယခု သူက နည်းလမ်းရှိသော်လည်း စွမ်းအားစုဆောင်းခြင်းက ချို့တဲ့နေဆဲ ဖြစ်သည်။
မူလကမ္ဘာပေါ်တွင် စွမ်းအားအမျိုးမျိုး ရှိနေသည်။ လင်းယွမ်တွင် နည်းလမ်းရှိလျှင် ကြယ်တစ်ပွင့်၏ မျက်နှာပြင်ပေါ်သို့ သွားပြီး ကျင့်ကြံနိုင်ပေလိမ့်မည်။ ထိုနေရာတွင် လေ့ကျင့်နိုင်လျှင် လင်းယွမ်က အချိန်များစွာ သက်သာသွားပေလိမ့်မည်။ သို့သော် ထိုကဲ့သို့ ပြုလုပ်နိုင်ရန် ပိုက်ဆံလိုအပ်လေသည်။ လင်းယွမ်တွင် ပိုက်ဆံချို့တဲ့နေသည်။
လင်းယွမ်တွင် လုံလောက်သော ပိုက်ဆံသာရှိလျှင် ဝိညာဉ်ပစ္စည်းများသာမက သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို ပြီးမြောက်စေရန် စကြာဝဠာလူသားမဟာမိတ်မှ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အမျိုးမျိုးကို ဝယ်ယူရမည်ဖြစ်သည်။
" ထိုက်ကျိတာအိုကို တင်ပြရမယ်။ " ခနစဉ်းစားပြီးနောက် လင်းယွမ်က ဆုံးဖြတ်လိုက်သည်။
စကြာဝဠာလူသားမဟာမိတ်က နိုင်ငံသားတိုင်ကို ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်များ ဖော်ထုတ်ရန် အားပေးပြီး နတ်ဘုရားသုံးပါးကလည်း ယင်းအတွက် အရင်းအမြစ်များ ထောက်ပံ့ပေးလေသည်။
ပထမဆင်းသက်ခြင်းပြီးနောက် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကောင်းမှုအမှတ် ငါးထောင်ဖြင့် လဲလှယ်ခဲ့သည်။
ကောင်းမှုအမှတ်များထဲမှ တစ်ထောင်ကို အဆင့်နှစ်နိုင်ငံသားအဖြစ် မြှင့်တင်ခဲ့ပြီး သူက ကန်လန်ကြယ်တွင် အခွင့်ထူးခံလူတန်းစားထဲသို့ ဝင်ရောက်သွားခဲ့သည်။
လင်းယွမ်ဖန်တီးထားသော ထိုက်ကျိတာအိုက သိုင်းတာအိုစနစ်၏ အဆက်ဖြစ်ပြီး ဉာဏ်ပညာနတ်ဘုရားကို ပေးပို့၍ အကဲဖြတ်ပြီးလျှင် ကောင်းမှုအမှတ်များ ရရှိမည်ဖြစ်သည်။ စကြာဝဠာလူသားမဟာမိတ်တွင် ကောင်းမှုအမှတ်များက အရာရာဖြစ်လေသည်။
ကောင်းမှုအမှတ်များ ရရှိရန် လူသားမျိုးနွယ်ကို အကျိုးပြုရမည်ဖြစ်ပြီး အခြားနည်းလမ်းများလည်း ရှိပေလိမ့်မည်။
သို့သော် လင်းယွမ်အတွက် အမြန်ဆုံးနည်းလမ်းက တစ်ခုသာ ရှိလေသည်။ ၎င်းမှာ ထိုက်ကျိတာအိုကို တင်ပြရန်သာ ရှိလေသည်။
စကြာဝဠာလူသားမဟာမိတ်၏ နတ်ဘုရားသုံးပါးက ကိုယ်ကျိုးမဖက်ဘဲ ဘက်လိုက်ခြင်းမရှိသည့်အပြင် နိုင်ငံသားများကိုလည်း ဖိနှိပ်ခြင်းမရှိပေ။ လင်းယွမ်တင်ပြသော ထိုက်ကျိတာအိုက အဖိုးတန်နေသမျှ နတ်ဘုရားသုံးပါး၏ အကာအကွယ်ကို ရရှိမည်ဖြစ်သည်။
ထိုက်ကျိတာအိုကို တင်ပြပြီးလျှင် အခြားနိုင်ငံသားများက သူ့ကို ကျော်ဖြတ်နိုင်မလား မသေချာပေ။ စကြာဝဠာလူသားမဟာမိတ်တွင် ကျင့်ကြံခြင်းက လုံဟုကမ္ဘာထက် သာလွန်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ ကောင်းကင်သခင်အဆင့်သို့ ရောက်ရန် ဆယ်စုနှစ်အချို့သာ ကြာပေလိမ့်မည်။
လင်းယွမ်က ရှစ်လလျှင် တစ်ကြိမ်ဆင်းသက်ခြင်းပြုလုပ်နိုင်ပြီး ဆယ်စုနှစ်ကြာလျှင် သူက ဆင်းသက်ခြင်းဆယ်ကြိမ်ကျော်ကို ပြုလုပ်ပြီး ဖြစ်ပေလိမ့်မည်။ ယနေ့ ကောင်းကင်သခင်တစ်ယောက်က ဆယ်စုနှစ်ကြာလျှင် လင်းယွမ်အတွက် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။
လင်းယွမ်က ထိုက်ကျိတာအိုကို မူလကမ္ဘာ၏ ဘာသာစကားနှင့် ပြောင်းလဲပြီး ပြင်ဆင်မှုအချို့ ပြုလုပ်ခဲ့သည်။
ရက်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က လုံဟုကမ္ဘာတွင် သူ၏ အသိအမြင်များကို နှစ်ပိုင်းခွဲထားခဲ့သည်။ သဘာဝကောင်းကင်ကဏ္ဍနှင့် ယင်ယန်ကဏ္ဍဟူ၍ ဖြစ်သည်။ ယင်ယန်ကဏ္ဍက ကောင်းကင်သခင်အဆင့်အတွက် လင်းယွမ် နာမည်ပေးထားခြင်း ဖြစ်သည်။
အားလုံး ပြင်ဆင်ပြီးသောအခါ လင်းယွမ်က သူ၏ အသိကို ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်လိုက်သည်။ သူက သာမန်နိုင်ငံသားတစ်ယောက်ဖြစ်လျှင် ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်နိုင်ရန် မိနစ်အချို့ စောင့်ရပေလိမ့်မည်။ သို့သော် လင်းယွမ်က အဆင့်နှစ်နိုင်ငံသားဖြစ်သောကြောင့် ခနသာ ကြာလိုက်လေသည်။
ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။
" အဆင့်နှစ်နိုင်ငံသား လင်းယွမ် သင့်ရဲ့ တောင်းဆိုမှုကို တင်ပြပေးပါ။ "
" ငါ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်ထပ်မြှင့်ချင်တယ်။ " လင်းယွမ်က တိုက်ရိုက်ပြောလိုက်သည်။
ထို့နောက် သူက သဘာဝကောင်းကင်ကဏ္ဍနှင့် ယင်ယန်ကဏ္ဍတို့ကို ဉာဏ်ပညာနတ်ဘုရားဆီသို့ တင်ပြလိုက်သည်။ ဉာဏ်ပညာနတ်ဘုရားက ၎င်းတို့ကို လက်ခံပြီးနောက် ကန်လန်ကြယ်နှင့် အလင်းနှစ်များစွာဝေးသော ဆန်းကျယ်သည့်နေရာတစ်ခုတွင် ကြီးမားသော အလင်းမျက်နှာပြင်များက လင်းလက်နေပြီး ပြင်းထန်သော တွက်ချက်မှုစွမ်းအားဖြင့် သဘာဝကောင်းကင်ကဏ္ဍနှင့် ယင်ယန်ကဏ္ဍတို့ကို အကဲဖြတ်နေသည်။
" သဘာဝကောင်းကင်ကဏ္ဍမှာ ယင်နဲ့ယန် လမ်းစဉ်နှစ်ခုကို ရှာတွေပါတယ်။ ယင်ယန်ကဏ္ဍမှာ ယင်နဲ့ယန်စွမ်းအားနှစ်ခု ပေါင်းစည်းခြင်းပါဝင်ပါတယ်။အလွန်ပြင်းထန်တဲ့ စွမ်းအားပေါင်းစပ်ခြင်းတွေပါတဲ့အတွက် သီအိုရီကန့်သတ်ချက်တွေအရ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အဆင့်ခြောက်အလားအလာအဖြစ် သတ်မှတ်လိုက်တယ်။ "
" အဆင့်ခြောက်အလားအလာရှိတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကိုးခုမြောက်ပဋိဉာဏ်ကို ဖြစ်ပေါ်စေခဲ့တဲ့အတွက် တရားမျှတမှုနတ်ဘုရား၊ လွတ်လပ်ခြင်းနတ်ဘုရားတို့နဲ့ ဆက်သွယ်နေပါတယ်။ "
" နတ်ဘုရားသုံးပါးရဲ့ သဘောတူညီချက်အရ ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်ခြောက်ကို ရောက်ဖို့ အလားအလာရှိကြောင်း အတည်ပြုလိုက်ပါပြီ။ "
" ကန်လန်ကြယ်အနီးနားရှိ ကြယ်နယ်မြေအတွင်း အမြင့်ဆုံး အာဏာပိုင်ကို ရှာဖွေနေပါပြီ။ အုပ်ချုပ်သူ စုန်ဝူယန်ကို ရှာတွေ့ပါပြီ။ "
အုပ်ချုပ်သူစုန်ဝူယန်က အခြားအရာရှိများနှင့် ဆက်သွယ်ပြီးနောက် ဖုန်းချလိုက်သည်။
" ဂြိုလ်ပြိုင်ပွဲက စတော့မယ်။ ဒီပြိုင်ပွဲမှာ တတိယနဲ့ စတုတ္ထအဆင့် အလားအလာရှိတဲ့သူတို့ ထွက်ပေါ်လာထို့ မျှော်လင့်ရတာပဲ။ " စုန်ဝူယန်က သက်ပြင်းချလိုက်သည်။
ဂြိုလ်အုပ်ချုပ်သူတစ်ယောက်အနေဖြင့် သူက ဖိအားများစွာကို ရင်ဆိုင်ရလေသည်။
ဆယ်နှစ်ကြာသည့်အချိန်တိုင်း ဉာဏ်ပညာနတ်ဘုရားက သူ၏ အုပ်ချုပ်မှုအတွင်း အသေးအဖွဲကိစ္စကအစ လုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသက်လေသည်။ သတ်မှတ်ချက်များထဲတွင် ကန်လန်ကြယ်ပေါ်တွင် ထွက်ပေါ်လာသော ဆင်ကဲပြောင်းလဲသူများ၏ အရေအတွက်နှင့် နိုင်ငံသားတိုင်း၏ ပျော်ရွှင်မှုစံနှုန်းတို့ ဖြစ်သည်။
ဉာဏ်ပညာနတ်ဘုရား၏ အကဲဖြတ်မှုမြင့်မားလျှင် သူက ဆုလာဒ်များရရုံသာမက ကောင်းမှုအမှတ်များလည်း ရရှိလေသည်။ ဉာဏ်ပညာနတ်ဘုရား၏ အကဲဖြတ်မှုက နိမ့်ကျသွားလျှင် သူက ကောင်းမှုအမှတ်များ မရသည့်အပြင် စွမ်းစွဲအပြစ်တင်ခြင်းကို ခံရပြီး အခြေအနေဆိုးလျှင် သူက အုပ်ချုပ်သူရာထူးကို စွန့်လွှတ်ပြီး မြင့်မြတ်တရားရုံးသို့ ပို့ဆောင်ခံရပေလိမ့်မည်။
" ဒီသိုင်းတာအိုဆင့်ကဲ့ပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးတဲ့သူက ဘယ်လိုလုပ်ခဲ့တာလဲဆိုတာ ငါသိချင်မိတယ်။ " ပြိုင်ပွဲအကြောင်းစဉ်းစားချိန်တွင် စုန်ဝူယန်က လင်းယွမ်အကြောင်းတွေးမိသွားသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဆင့်ကဲပြောင်းလဲခြင်းအဆင့်များကို ပြောင်းလဲသွားစေခဲ့သည်။ ထိုသည်မှာ စုန်ဝူယန်၏ ဘဝတွင် ပထမဆုံး ပြောင်းလဲမှုဖြစ်လေသည်။
" ဉာဏ်ပညာနတ်ဘုရားက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖန်တီးသူတွေကို တကယ်ကာကွယ်ပေးထားတယ်။ ငါ့လို အုပ်ချုပ်သူတစ်ယောက်တောင် သူတို့ရဲ့ အချက်အလက်တွေကို မရယူနိုင်ဘူး။ "
စုန်ဝူယန်က အဆင့်လေးနိုင်ငံသားဖြစ်သောကြောင့် သာမန်အဆင့်နှစ်နိုင်ငံသားတစ်ယောက်၏ အချက်အလက်များကို အလွယ်တကူ စစ်ဆေးနိုင်လေသည်။ သို့သော် လင်းယွမ်က အဆင့်နှစ်နိုင်ငံသား ဖြစ်သော်လည်း ဉာဏ်ပညာနတ်ဘုရား၏ ကာကွယ်ပေးမှုကို ရထားလေသည်။
စုန်ဝူယန်က ဉာဏ်ပညာနတ်ဘုရား၏ လုပ်ရပ်ကို နားလည်လေသည်။ စကြာဝဠာလူသားမဟာမိတ်၏ သမိုင်းတွင် အလားအလာရှိသော ပါရမီရှင်များက အချိန်မတိုင်မီ ဖယ်ရှားခံခဲ့ရသည့် ဥပမာများ ရှိလေသည်။ သူတို့က ပြိုင်ဘက်များ သို့မဟုတ် မျိုးနွယ်ခြားများ ဖြစ်လေသည်။
ထို့ကြောင့် နတ်ဘုရားသုံးပါးက ပါရမီရှင်အဖြစ် သတ်မှတ်ခံရသည့် မည်သူ့ကိုမဆို အချက်အလက်များကို ဖုံးကွယ်ပေးပြီး လျို့ဝှက်စွာ ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။ ပြင်ပလူများက သူတို့၏ အချက်အလက်များကို လုံးဝမရှာဖွေနိုင်ဘဲ ရှင်းပစ်ရန် အလွန်ခက်ခဲသွားလေသည်။
" တတိယအဆင့် အလားအလာရှိတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်နေလို့သာပဲ။ ဒီထက်များမြင့်ရင် မလွယ်ဘူး။ " စုန်ဝူယန်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်၏။
ရုတ်တရက် အီလက်ထရွန်းနစ်နှင့် ပေါင်းစပ်ထားသော အသံတစ်သံက ထွက်ပေါ်လာသည်။
" အုပ်ချုပ်သူ စုန်ဝူယန် ဉာဏ်ပညာနတ်ဘုရားက ဆက်သွယ်မှုတစ်ခု တောင်းဆိုပါတယ်။ "
" ဉာဏ်ပညာနတ်ဘုရားက ငါနဲ့ စကားပြောချင်တာလား။ "
" သူမကို ဆက်သွယ်လိုက်ပါ။ " စုန်ဝူယန်က ခေါင်းငြိမ့်လိုက်သည်။
သူက ကျောဆန့်ပြီး မတ်မတ်ထိုင်လိုက်သည်။ သူက ဉာဏ်ပညာနတ်ဘုရားကို မမြင်နိုင်သော်လည်း စောင့်ကြည့်ရေးကိရိယာအမျိုးမျိုးဖြင့် သူမက သူ၏ လှုပ်ရှားမှုအားလုံးကို ခြေရာခံနိုင်လေသည်။
" ဉာဏ်ပညာနတ်ဘုရားနဲ့ ချိတ်ဆက်ပြီးပါပြီ။ "
" လွတ်လပ်ခြင်းနတ်ဘုရားနဲ့ ချိတ်ဆက်ပြီးပါပြီ။ "
" တရားမျှတမှုနတ်ဘုရားနဲ့ ချိတ်ဆက်ပြီးပါပြီ။ "
ချက်ချင်း အဆုံးစွန်ဆုံး အသိဉာဏ်နှင့် နတ်ဘုရားသုံးပါးလုံး ရောက်ရှိလာကြသည်။
ဉာဏ်ပညာနတ်ဘုရားနှင့် စကားပြောရန် ပြင်နေသော စုန်ဝူယန်က ဦးရေပြားများ ထုံကျင်သွားသည်။
ဉာဏ်ပညာနတ်ဘုရားက သူနဲ့ စကားပြောချင်တာမဟုတ်ဘူးလား။
ဘာလို့နတ်ဘုရားသုံးပါးလုံး ထွက်ပေါ်လာတာလဲ။
မည့်သည့်အရာက နတ်ဘုရားသုံးပါးလုံးကို တပြိုင်နက်ထွက်ပေါ်စေခဲ့တာလဲ။