← Chapters

ခြင်ဆီသန့်စင်ခြင်း

Vol. 3 Ch. 54

ခြင်ဆီသန့်စင်ခြင်း

Vol. 3 Ch. 54

" ဒါပေမယ့် ရှန်ထျန်းအဆင့်ကို ရောက်တာ လွယ်တယ်။ ဆရာသခင်အဆင့်နဲ့ မဟာဆရာသခင်အဆင့်ကတော့ ခက်ခဲသွားပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ရှန်ထျန်းအဆင့်က စကြာဝဠာလူသားမဟာမိတ်တွင် အဆင့်မဝင်သေးသော ဆင့်ကဲပြောင်းလဲသူများကို ရည်ညွှန်းလို့ရပေသည်။ ဆရာသခင်အဆင့်သို့ ရောက်လျှင် ဆင့်ကဲပြောင်းခြင်းအဆင့်ဝင်သွားပြီဖြစ်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆရာသခင်အဆင့်က ပြင်ပအကူအညီမပေးနိုင်သော ကိုယ်ပိုင်စွမ်းအားကို ပြည့်စုံစွာ နားလည်ရန် လိုအပ်လေသည်။

လင်းယွမ်က အလယ်ပိုင်းဧရိယာတွင် ပေါ်လာသည်။

" ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့် " သူက အဝေးရှိ ခမ်းနားသော အလင်းမျက်နှာပြင်ကို ကြည့်လိုက်သည်။

အဆင့်ရှစ်နေရာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဟူသော စာလုံးများ ရှိနေသည်။ အဆင့်သတ်မှတ်ချက်များ ပြောင်းလဲသွားသောကြောင့် အလယ်ပိုင်းဧရိယာတွင် လူများ ပိုရောက်နေကြသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဆင့်ရှစ်ရောက်သွားတာ ဘယ်လောက်တောင်ဆန်းကျယ်လိုက်သလဲ။ "

" အဲ့ဒီဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဒုတိယအလွှာက အဆုံးမဲ့စွမ်းအားနှစ်ခုရဲ့ ပေါင်းစည်းခြင်းပါဝင်လို့ အဲ့ဒါက အဆင့် ၇၈ကနေ အဆင့်၈ကို ခုန်တက်သွားတာလို့ကြားတယ်။ "

" အဆုံးမဲ့စွမ်းအားနှစ်ခုရဲ့ ပေါင်းစည်းခြင်းလား။ အဲ့ဒီလူက ဒီလိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်လိုများဖန်တီးခဲ့တာလဲ။ "

" ကန်လန်ကြယ်မှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့လာနေတဲ့ ပညာရှင် အနည်းငယ်နဲ့ သုတေသနအဖွဲ့တွေရှိတယ်။ သူတို့ကလွဲပြီး ဒီလိုအဆင့်မြင့်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဘယ်သူက ဖန်တီးနိုင်မှာလဲ။ "

ရင်ပြင်ရှိလူအုပ်ကြီးမှာ အချင်းချင်း ဆွေးနွေးနေကြသည်။

VR ကမ္ဘာသို့ ဝင်ရောက်နိုင်သူများက အဆင့်နှစ်နိုင်ငံသားများ သို့မဟုတ် ဆင့်ကဲပြောင်းလဲသူများ ဖြစ်သောကြောင့် သတင်းအရင်းအမြစ် စုံလေသည်။ သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းကို အမျိုးမျိုး ဆွေးနွေးနေကြသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှာ အခြားဂြိုလ်မှ ပညာရှင်တစ်ယောက်က ကန်လန်ကြယ်သို့ လာရောက်တင်ပြခြင်းဖြစ်သည်ဟု အချို့က ထင်ကြသည်။ မဟုတ်လျှင် သူတို့က ထိုကဲ့သို့ အဆင့်မြင့်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လုံးဝ မကြားဖူးခြင်းမှာ မဖြစ်နိုင်ပေ။

လင်းယွမ်က တည်ငြိမ်စွာ ရှိနေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူမှာ အသက်နှစ်ဆယ် မပြည့်သေးသည့်အပြင် ဘွဲ့ပင်မရသေးသော သူဖြစ်လိမ့်မည်ဟု ဘယ်သူမှတွေးမိလမ့်မည် မဟုတ်ပေ။

" အခု ငါ့ရဲ့ အဆင့်အတန်းကို ထုတ်ပြဖို့ မလိုဘူး။ " လင်းယွမ်က တွေးလိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူမှာ အင်အားစုအမျိုးမျိုး၏ အာရုံကို ဆွဲဆောင်နိုင်ပေလိမ့်မည်။ သူ၏ အဆင့်အတန်းကို ထုတ်ပြလိုက်လျှင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပေလိမ့်မည်။

လင်းယွမ်က အဆင့်သုံးနိုင်ငံသားတစ်ယောက်ဖြစ်သောကြောင့် ဉာဏ်ပညာနတ်ဘုရား၏ အာရုံစိုက်ခြင်းကို ခံရမည်မှာ သေချာလေသည်။ ဉာဏ်ပညာနတ်ဘုရား၏ ကာကွယ်မှုဖြင့် အတွင်းမှ လူများကိုတော့ ဖိနှိပ်နိုင်ပေလိမ့်မည်။ သို့သော် ပြင်ပလူများနှင့် အခြားမျိုးနွယ်ခြားများလည်း ရှိနေသေးသည်။

လင်းယွမ်က အသက်နှစ်ဆယ်ပင် မပြည့်သေးဘဲ အဆင့်ခြောက်သို့ ရောက်နိုင်သော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးနိုင်ခဲ့သည်။ ၎င်းက ကန်လန်ကြယ်တွင်သာမက အနီးရှိ ကြယ်နယ်မြေများသို့လည်း သတင်းရောက်ပေလိမ့်မည်။

၎င်းက ပို၍ ထင်ရှားလာသည်နှင့် အခြားမျိုးနွယ်များ၏ အာရုံကို ပို၍ ဆွဲဆောင်နိုင်ပေလိမ့်မည်။ သူတို့က အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာခြင်းဆိုလျှင် သိပ်ဂရုစိုက်ကြမည်မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူများက အချိန်တစ်ခုထိသာ လွှမ်းမိုးနိုင်စွမ်း ရှိကြလေသည်။

သို့သော် လင်းယွမ်က အဆင့်ခြောက် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖော်ဆောင်ခဲ့သူဖြစ်သည်။ အဆင့်ခြောက်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အသစ်တစ်ခု.... ၎င်းက အဆင့်ခြောက် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ အဆင့်ခြောက်ဆင့်ကဲပြောင်းလဲသူ အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်လေသည်။

ထို့ကြောင့် အရိပ်ထဲတွင် ပုန်းအောင်နေကြသော မျိုးနွယ်ခြားများက လင်းယွမ်ကို မရရအောင် လုပ်ကြံသတ်ဖြတ်ပေလိမ့်မည်။ လင်းယွမ်သေသွားလျှင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူ ပျောက်ကွယ်သွားမည်ဖြစ်သောကြောင့် အခြားသူများက ထိုလမ်းစဉ်ကို လျှောက်လှမ်းရန် ခက်ခဲသွားပြီဖြစ်သည်။

လင်းယွမ်က သူ၏ အဆင့်အတန်းကို ဖော်ပြ၍မရပေ။ ဉာဏ်ပညာနတ်ဘုရားပင် သူ၏ အချက်အလက်များကို ဖုံးကွယ်ထားရန် အကြံပြုထားလေသည်။

သူ၏ နိုင်ငံသားအဆင့်က လျင်မြန်စွာ မြှင့်တက်သွားခြင်းမှာ ထူးဆန်းနေပေလိမ့်မည်။ သို့သော် လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို တင်ပြပြီး ရရှိသော ကောင်းမှုအမှတ်များနှင့် သူ၏ နိုင်ငံသားအဆင့်အား မြှင့်တင်ခဲ့သည်ကို ဘယ်သူမှသိနိုင်မည်မဟုတ်ပေ။

စကြာဝဠာလူသားမဟာမိတ်တွင် နတ်ဘုရားသုံးပါး၏ အသိမှတ်ပြုမှုကို ရယူပြီး ကောင်းမှုအမှတ်များ ရှာဖွေနိုင်သည့် နည်းလမ်းများ ရှိနေလေသည်။

ဟွေ့လင်းရပ်ကွက် အိမ်နံပါတ် ၁၁၈။

ထိုအိမ်က လင်းမိသားစုတွေ့ဆုံပွဲ၌ ချူးရှီယု၏ အဘိုးဖြစ်သူက လင်းယွမ်ကို တောင်းပန်လက်ဆောင် ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းက ရွှေယွဲ့ရပ်ကွက်ရှိ သန်းဆယ်ဂဏန်းတန်ကြေးရှိသော အိမ်ကြီးများနှင့် မယှဉ်နိုင်သော်လည်း ငါးသန်း ခြောက်သန်း တန်ကြေးရှိနေဆဲ ဖြစ်ပြီး လင်းယွမ်တို့ ယခင်နေခဲ့သော အိမ်ထက် ပိုအဆင့်မြင့်လေသည်။

ထို့နောက် လင်းယွမ်က သူ၏ မိဘများကို ထိုအိမ်သို့ ပြောင်းရွှေ့စေပြီးနောက် သူက အချိန်အများစုကို ရွှေယွဲ့နေအိမ်တွင်သာ ကုန်ဆုံးခဲ့သည်။

နံနက်ခင်းအချိန် လင်းယွမ်က ဆိုဖာပေါ်တွင် ထိုင်နေလေသည်။

" ငါ တကယ်ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာတာလား။ " ထိုအချိန်တွင် လင်းယွမ်၏ ဖခင် လင်းချောင်ချန်က မယုံကြည်နိုင်စွာဖြင့် ပြေးလာသည်။ သူက သူ၏ ခန္ဓာကိုယ်မှ ခွန်အားများ ပြည့်နေသည်ကို ခံစားနေရပြီး နွေးထွေးသော စွမ်းအားတစ်ခုက သူ၏ ခြေလက်များသို့ စီးဆင်းနေလေသည်။

" ရှောင်ယွမ် ဘာတွေဖြစ်နေတာလဲ။ " သူ၏ မိခင် လုချုံးကလည်း မယုံကြည်နိုင် ဖြစ်နေ၏။

ယနေ့မနက် သူတို့ အိပ်ယာထချိန်တွင် လင်းယွမ်က အိမ်ထဲသို့ ရောက်နေပြီး သူတို့က ဆင့်ကဲပြောင်းလဲသူများ ဖြစ်နေပြီဟု ပြောခဲ့လေသည်။ အမှန်တော့ လင်းချောင်ချန်နှင့် လုချုံးက ၎င်းကို မယုံကြည်ပေ။ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာရန် ထိုမျှ မလွယ်ကူပေ။

ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အများစုက ရက်စက်သော လေ့ကျင့်မှုများကို ခံနိုင်ရည်ရှိရန် လိုအပ်ပြီး ၎င်းကို ခံနိုင်ရည်ရှိသူများသာ ဆင့်ကဲပြောင်းလဲသူဖြစ်လာရန် မျှော်လင့်ချက်ရှိလေသည်။

မကြာသေးမီက သူတို့က လင်းယွမ်၏ လွှမ်းမိုးမှုဖြင့် အရာရာအဆင်ပြေနေခဲ့ပြီး လင်းချောင်ချန်၏ နေရာကလည်း အဆင့်အနည်းငယ် မြင့်တက်ခဲ့လေသည်။

ယခု သူတို့၏ ခန္ဓာကိုယ်က ပြန်လည်နုပျိုသွားသကဲ့သို့ ခံစားနေရပြီး နွေးထွေးသော စွမ်းအားစီးကြောင်းတစ်ခုကလည်း သူတို့၏ ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် လှည့်ပတ်နေလေသည်။ လင်းချောင်ချန်နှင့် လုချုံးတို့၏ စိတ်ထဲမှ အံ့ဩမှုကို စကားနှင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။

" မစိုးရိမ်ပါနဲ့။ သားက အထူးဆေးတစ်မျိုးဝယ်ပြီး အဖေတို့ အိပ်နေတုန်းမှာ အသုံးပြုခဲ့လို့ အဖေတို့က ဆင့်ကဲပြောင်းလဲသူတွေအဖြစ် နိုးလာကြတာပဲ။ " လင်းယွမ်က ပြုံး၍ ရှင်းပြလိုက်သည်။

အမှန်တော့ ယခင်ညတွင် လင်းယွမ်က လင်းချောင်ချန်နှင့် လုချုံးတို့ကို ခြင်ဆီသန့်စင်ခြင်း ပြုလုပ်ပေးခဲ့လေသည်။ သူ၏ ခွန်အားဖြင့် ရိုးရှင်းသော ခြင်ဆီသန့်စင်ခြင်းကပင် သူတို့၏ ခန္ဓာကိုယ်ကို မြှင့်တင်ပေးပြီး ဆင့်ကဲပြောင်းလဲသူ စံနှုန်းများဖြင့် ကိုက်ညီသွားစေလေသည်။

" အဲ့ဒီဆေးက စျေးကြီးတယ်မဟုတ်လား။ ရှောင်ယွမ် ပိုက်ဆံတွေကို အပိုတွေလျှောက်မသုံးနဲ့။ သားအဖေနဲ့ အမေက ဆင့်ကဲပြောင်းလဲသူဖြစ်လာဖို့ မလိုပါဘူး။ " လုချုံးက စိုးရိမ်စိတ်နှင့် ပြောလိုက်သည်။

လင်းချောင်ချန်ကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။

အနိမ့်ဆုံးအဆင့် ဗီဇဆေးရည်ပင်လျှင် ငွေတစ်သန်းကုန်ကျပြီး သက်ဆိုင်ရာ ခွင့်ပြုချက်များလည်း လိုအပ်လေသည်။ သူတို့နှစ်ယောက် တစ်ဘဝလုံးရှာသည့်ငွေအားလုံးစုလျှင်တောင် နှစ်သန်းကျော်ပင် ရှိပေလိမ့်မည်။

" မစိုးရိမ်ပါနဲ့။ ပိုက်ဆံအများကြီးမဟုတ်ပါဘူး။ အဲ့ဒါက ဆင့်ကဲပြောင်းလဲသူတွေအတွက် အကျိုးကျေးဇူးတစ်ခုပဲ။ " လင်းယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ခြင်ဆီသန့်စင်ခြင်းက လင်းယွမ်အတွက် မူလချီအနည်းငယ်သာ ကုန်စေပြီး ထိုက်ယင်နှင့် ထိုက်ယန်တို့ကို အပြန်အလှန် လှည့်ပတ်လိုက်ရုံဖြင့် အသက်ရှုချိန်အနည်းငယ်အတွင်း ပြန်ကောင်းလာနိုင်လေသည်။ ထို့အပြင် ခြင်ဆီသန့်စင်ခြင်းက ဗီဇဆေးများထက် သက်ရောက်မှု ပိုရှိလေသည်။

ဗီဇဆေးများက သူတို့၏ ခန္ဓာကိုယ်ထဲမှ မျိုးရိုးဗီဇများကို အစားထိုးပြီး ခွန်အားကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ထို့အပြင် ဗီဇဆေးကို အသုံးပြုပြီးနောက် သူတို့၏ လမ်းစဉ်ကို ရွေးချယ်ပြီး အခြားတစ်ခုသို့ ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

သို့သော် ခြင်ဆီသန့်စင်ခြင်းက သူတို့၏ ခန္ဓာကိုယ်ကို အဆင့်မြင့်စေသည့်အပြင် အနာဂတ်တွင် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရွေးချယ်လျှင်တောင် ထက်ဝက်မျှ အားစိုက်ရုံဖြင့် ရလဒ်က နှစ်ဆဖြစ်ပေလိမ့်မည်။

" အာ ညီမလေးလည်း ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ချင်တယ်..." သူ၏ ညီမ လင်းယိက ရောက်လာပြီး မျက်လုံးပြူးပြူးလေးများနှင့် လင်းယွမ်ကို ကြည့်လိုက်သည်။

" ညီမလေးက ငယ်သေးတယ်။ နှစ်နည်းနည်း စောင့်လိုက်ဦး။ " လင်းယွမ်က လင်းယိကို နှစ်သိမ့်လိုက်သည်။

ခြင်ဆီသန့်စင်ခြင်းက ရုပ်ပိုင်းဆိုင်ရာ အပြည့်အဝ ဖွံ့ဖြိုးပြီးမှ အသုံးပြုရန် လိုအပ်လေသည်။ အချိန်မတိုင်မီ ခန္ဓာကိုယ်ကို ပြုပြင်လိုက်ပါက ဖွံ့ဖြိုးမှု ရပ်တန့်သွားခြင်းကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်လေသည်။

" ငါ လင်းချောင်ချန်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှတွေးမိမှာမဟုတ်ဘူး။ " လင်းချောင်ချန်က ခံစားချက်များနှင့် ပြောလိုက်သည်။

ညအချိန် ရွှေယွဲ့နေအိမ်၏ လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က ထိုင်နေသည်။ သူ၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ရှိနေပြီး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် အမျိုးမျိုးကို ပြသနေသည်။

လင်းယွမ်က သူ၏ ခွန်အားကို ပြန်လည်ရရှိပြီးနောက် သူ၏ သိုင်းတာအိုကို ပြီးပြည့်စုံစေရန် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။ သူစိတ်ဝင်စားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အဆင့်လေးနှင့် အဆင့်ငါးများ ဖြစ်ကြလေသည်။ ၎င်းတို့၏ စျေးများက မြင့်မားလှပြီး လင်းယွမ်ပင် လမ်းစဉ်တစ်ခုသာ ဝယ်ယူနိုင်လေသည်။

အချိန်အတော်ကြာ ရှာဖွေပြီးနောက် လင်းယွမ်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် သုံးခုကို ရှာတွေ့ခဲ့သည်။

ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သုံးမှာ ဂိုလမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၊ မူလစွမ်းအားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် သဏ္ဍန်တစ်သောင်းဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့ ဖြစ်ကြသည်။

All Chapters