အခန်း (၂၉၈)
Vol. 21 Ch. 298
စိတ်ဝိညာဉ်လက်ဝါးစည်း၏ ရိုက်ချက်သုံးချက်ကို ဆက်တိုက် ခံယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း ထုတ်ဖော်ထားခဲ့သော အကာအကွယ်အတားအဆီးသည် ကျိုးပြတ်သွားခဲ့ပြီဖြစ်သည်။
နတ်စမ်းချောင်းဂိုဏ်း ဂိုဏ်းချုပ်၏ အားအင်သည် အလွန်တရာ ကြမ်းတမ်း၍ ပြင်းထန်လှ၏။
ကျွင်းချောင်ရှောင်းနှင့်ယှဉ်လျှင် အားအင်ကွာခြားချက်မှာ အလွန်ကွာဟလို့နေသည်။
ဟုတ်ပေသည်။ သိုင်းစစ်သူကြီး ဒုတိယအဆင့်နှင့် သိုင်းစစ်သူကြီး ထိပ်ပိုင်းဆိုသည့် ကျင့်ကြံခြင်း နှစ်ခုကြားတွင် ကွာခြားချက်မှာ များပြားလွန်းနေသည် မဟုတ်လား။
အားအင်အဆင့်တင်မက စိတ်ဝိညာဉ်စွမ်းအားနှင့် သိုင်းနည်းစနစ်များသည်လည်း ကွာခြားချက်ရှိနေသေး၏။
ကြည့်ရှုနေကြသော ကျင့်ကြံသူများအားလုံးသည် အနည်းငယ်တော့ ဆွံ့အလျက်ရှိနေကြသည်။
အနည်းဆုံး ဂျင်ငါးသိန်းခန့်ရှိသော လက်ဝါးရိုက်ချက် သုံးချက်ကို ခံယူပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ကျွင်း၏ အတားအဆီးသာ ကျိုးပြတ်ခဲ့သည်။ သွေးပင်မအန်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ်သာ ဆုတ်ခွာခဲ့ရ၏။
"မယုံနိုင်စရာပဲ။"
ဂိုဏ်းချုပ်ဟုန်သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ခင်ဗျားရဲ့ အကာအကွယ် နည်းစနစ်က လုံးဝကို မနိမ့်ကျဘူးပဲ။"
ဤအရာသည် အဆင့်မြင့်မားလှသည်တော့ မဟုတ်ပေ။ အထက်အဆင့် စဦးအကာအကွယ်တစ်ခုသာ ဖြစ်၏။
သို့ပေမဲ့ စတိုးဆီမှ ရထားသော သိုင်းနည်းစနစ်တစ်ခု ဖြစ်သည်မို့ အကာအကွယ်နည်းစနစ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော တခြားရတနာ အကာအကွယ်များထက် ပိုမို၍ အားကောင်းနေခြင်းဖြစ်သည်။
ဤစည်းအတားအဆီးနည်းစနစ်သာ မရှိဘူးဆိုလျှင် ဂိုဏ်းချုပ်ကျွင်းသည် လက်ဝါးသုံးချက် အရိုက်ခံရပြီးနောက်တွင် အပြင်းအထန် ဒဏ်ရာ ရရှိနေလောက်ပြီဖြစ်သည်။
"နိုင်ဖို့ ခက်တာပဲ။" ရီရှင်းချန် တီးတိုး ပြောလိုက်သည်။
အဆင့်ကွာခြားချက်သည် အလွန်အမင်း ကြီးမားနေသောကြောင့် သူ၏ ဂိုဏ်းချုပ်သည် အခြေအနေအား ပြောင်းပြန်လှန်၍ အနိုင်ရရှိလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများသည် ပိုမို၍ လေးနက်သွား၏။
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်တရာ အားကောင်းလှသော ပြိုင်ဘက် ဖြစ်၏။ သူ့အနေနှင့် လေးလေးနက်နက် ပြန်လည်တိုက်ခိုက်မည် ဖြစ်သည်။ မဟုတ်ပါက ဆိုးဆိုးရွားရွားရှုံးနိမ့်သွားနိုင်သည်။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြုလိုက်၏။
နဂါးစိမ်းလခြမ်းဓားမော့တွင် စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းပြီးသည့်နောက် ဓားမော့သည် အစိမ်းရောင်အလင်းတန်းများနှင့် ပြည့်နက်သွားသည်။
သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် တစ်ဖက်လူ၏ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များနှင့်ယှဉ်လျင် အနည်းငယ် ကွာဟချက်တော့ ရှိသေး၏။ သို့ပေမဲ့ သူမကြောက်ရွံ့ပေ။ ထပ်မံ၍ တိုက်ခိုက်လိုက်သည်။
ဝှစ်။
နဂါးစိမ်းလခြမ်းဓားမော့သည် ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။ တည်နေရာတစ်ခုလုံး ကွဲအက်သွားသလိုပင် အရှိန်အဟုန်မှာ ပြင်းထန်၍ အားကောင်းလှ၏။
တစ်ဖက်လူ၏ လက်နက်သည် အလွန်တရာ အားကောင်းကြောင်း ဂိုဏ်းချုပ်ဟုန် ကောင်းကောင်းသိ၏။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်များနှင့် မျက်ကန်းတစ္စေမကြောက် ထိပ်တိုက်ရင်ဆိုင်ခြင်းကို မပြုလုပ်ပေ။ အဲအစား လှုပ်ရှားမှုနည်းစနစ်ကိုသာ အသုံးပြု၍ ရှောင်ရှားလိုက်သည်။
ဘုန်း။
ဓားသွားသည် မြေပြင်တစ်ခုလုံးကိုပင် ထက်ပိုင်းပိုင်းသွား၏။
ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို အရယူ၍ ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။
ဘုန်း …. ဘုန်း။
ထိုအချိန်မှာပဲ နဂါးစိမ်းလခြမ်းဓားမော့ဆီမှ အစိမ်းရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မြေပြင်ဆီသို့ တစ်ဖြောင်းဖြောင်းနှင့် ကျရောက် ခုတ်ပိုင်းလျက်ရှိနေလေ၏။
အားလုံး၏ အမြင်အာရုံများသည်လည်း ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် ပြင်းပြင်းထန်ထန် တိုက်ခိုက်သောကြောင့် ပြင်းထန်သည့် လေအဟုန်များ ဖြစ်ပေါ်လာပြီး အားလုံး၏ အမြင်အာရုံများကို တားဆီးထားသလို ဖြစ်နေသည်။
ထိုသို့ ပြုလုပ်နိုင်သည့် အချက်တစ်ခုတည်းနှင့်ပင် လေးစားမှု ပေးရန် ထိုက်တန်နေပြီဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ လက်ရှိတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပါက ဂိုဏ်းချုပ်ကျွင်း သို့မဟုတ် သံမဏိအရိုးဂိုဏ်းသည် ရှိရှိသမျှသော ဂိုဏ်းများ၏ လေးစားမှုနှင့် ထိုက်တန်ကြောင်း သက်သေပြခဲ့ပြီးပြီဖြစ်သည်။
ထို့ကြောင့် နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်အား ရှုံးနိမ့်သွားခဲ့ပြီဆိုလျှင်တောင်မှ ဝမ်းနည်းစရာ မရှိချေ။
ဘုန်း။
ပြင်းထန်သော လေလှိုင်းများကြားတွင် ကြီးမားသော လက်သီးကြီး၏ ထိုးနှက်သံ ထွက်ပေါ်လာတော့သည်။
ကျွင်းချောင်ရှောင်းသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ အစပ်ဆီသို့ တောက်လျှောက်ပဲ လွင့်စင်သွားတော့သည်။
သို့ပေမဲ့ သူသည် တည်နေရာ၏ အစပ်သို့ ရောက်ချိန်မှာတော့ နဂါးစိမ်းလခြမ်းဓားမော့ကြီးအား မြေပြင်သို့ ထိုးစိုက်ကာ သူ၏ ခန္ဓာကိုယ်ကို နောက်သို့ လွင့်စင်မသွားစေရန် ထိန်းချုပ်လိုက်သည်။
ဘုန်း။
ဤအချိန်မှာတော့ သူသည် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ သွေးတစ်လုပ် အန်ထုတ်လိုက်မိ၏။
အခြေအနေကို ကြည့်ရသည်မှာ ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းချုပ်ဟုန်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရကြောင်း အားလုံး သိလိုက်ကြသည်။
နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်ကျွင်းသည် သွေးအန်လာခဲ့ပြီဖြစ်၏။
"ဂိုဏ်းချုပ်"
သံမဏိအရိုးဂိုဏ်းသားများသည် စိုးရိမ်ပူပန်မိသွားကြသည်။
ရီရှင်းချန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "ဒီမှာ မတ်တပ်ရပ်နေတယ်ဆိုရင် ထပ်ပြီး အရိုက်ခံရတာပဲ ရှိမယ်။ဒီတော့ မြေပြင်ပေါ်လှဲနေလိုက်တာပဲ ကောင်းမယ်ထင်တယ်။"
လှဲနေရမည် ဟုတ်လား။
ကျွင်းချောင်ရှောင်းတွင် ထိုသို့သော ရည်ရွယ်ချက် မရှိပေ။ လက်ကို မြှောက်၍ သူ၏ နှုတ်ခမ်းထောင့်တွင်ရှိသော သွေးများအား သုတ်လိုက်၏။
ပြီးနောက် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို ကိုင်ကာ ဖုန်များတစ်လောင်းလောင်း နှင့် ဖြစ်နေသော တည်နေရာထဲသို့ ပြေးဝင်သွားတော့သည်။
"ဘုန်း ဘုန်း ဘုန်း ဘုန်း။"
ကျွင်းချောင်ရှောင်းသည် ထပ်မံ၍ အနောက်ဘက်သို့ လွင့်စင်လာပြန်သည်။
သူသည် ခန္ဓာကိုယ်ကို နောက်ဘက်သို့ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးသည့်နောက်မှာတော့ နောက်ထပ်သွေးတစ်လုပ် အန်ထွက်လာ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် ဖြူဖျော့သွား၏။
အားလုံး၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါလျက် ရှိသည်။
ဂိုဏ်းချုပ်ဟုန်၏ အားအင်အဆင့်နှင့် နှစ်ချက်ရိုက်ခံရပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သွေး အန်ထွက်လျက်ရှိ၏။ သို့ပေမဲ့ မတ်မတ်ရပ်နေနိုင်သေးသည်။
ကြည့်ရသည်မှာ အပေါ့စားဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်၏။
ဝှစ်။
လေပြင်းမုန်တိုင်းများ တိုက်ခိုက်နေပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခုလုံး ဖုန်များ တလောင်းလောင်း နှင့် ဖြစ်တည်နေကာ မည်သူမှ တိုက်ခိုက်နေသည့် အခြေအနေကို ကောင်းကောင်း မမြင်ရချေ။
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်ဟုန်၏ ပုံပန်းသွင်ပြင်သည် ပေါ်လာ၏။
"ဂိုဏ်းချုပ်ကျွင်းရဲ့ ခန္ဓာကိုယ်က ကျုပ်ရဲ့ စိတ်ဝိညာဉ်လက်ဝါးချက် ငါးချက်ကို ခံပြီးတာတောင်မှ ဘာမှ မဖြစ်ဘူးဆိုတော့ တော်တော် အားကောင်းတာပဲ။"
"အဲလိုထင်ပါတယ်။" ကျွင်းချောင်ရှောင်းသည် သူ၏ အင်္ကျီလက်ဖြင့် သွေးများကိုသုတ်၍ နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်မြောက်လိုက်သည်။
သူ၏ အားအင်သည် အလွန်တရာ ကောင်းမွန်လှသည်ဆိုသော်လည်း တစ်ဖက်လူသည် ထိုဓားချက်အား လွယ်လွယ်ကူကူ ရှောင်ရှားနိုင်နေသည်။
စနစ်၏ အကူအညီဖြင့် သူသည် သိုင်းစစ်သူကြီးအဆင့်သို့ တစ်နှစ်အတွင်း ရောက်ရှိခဲ့၏။ ထို့ကြောင့် သူ၏ တိုးတက်မှုသည် အလွန်တရာ မြန်ဆန်သည်ဟု ဆိုရမည်။
သို့ပေမဲ့ ထိုပြိုင်ဘက်သည် သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ဖြစ်နေသည်။
ထိုသူ၏ အထက်တွင် သိုင်းဘုရင် အစရှိသော ကျင့်ကြံသူများ အများအပြားရှိနေသေးသည်။ သိုင်းစစ်သူကြီး ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုတောင် သူ ရှုံးနိမ့်နေလျှင် ကျင့်ကြံခြင်း လောက၌ မည်သို့ ဆက်လက်၍ လျှောက်လှမ်းရမည်နည်း။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့ကြီးကို လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဆုပ်ကိုင်လိုက်၏။
သူ၏ ခန္ဓာကိုယ်ထဲတွင်တော့ အကန့်အသတ်မဲ့ စိတ်ဝိညာဉ်စွမ်းအင်များဖြစ်ပေါ်လာပြီး သူ၏ ဆံနွယ်အမဲရောင်များသည် လေထဲတွင် ဝဲလွင့်လျက်ရှိသည်။
ဟမ်။
ဂိုဏ်းချုပ်ဟုန်သည် အလွန်တရာ အံ့အားသင့်မိသွားသည်။
ကျွင်းချောင်ရှောင်း အေးစက်စက်ပြောလိုက်သည်။ "ကျုပ်ရဲ့ ဝှက်ဖဲကို ထုတ်သုံးရတဲ့အထိ ဖိအားပေးနိုင်တဲ့သူက ဂိုဏ်းချုပ်ဟုန် ပဲ။'
"ဝှက်ဖဲ ဟုတ်လား။"
ဂိုဏ်းချုပ်ချင်း နှင့် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များသည် နှာခေါင်းရှုံ့မိသွားကြ၏။
ဤကဲ့သို့ဆိုးရွားလှသည့် အခြေအနေမျိုးတွင် ဝှက်ဖဲကို ထုတ်၍ အသုံးပြုတော့ရော ဘာထူးမည်နည်း။
ဂိုဏ်းချုပ်ဟုန် သည် အနည်းငယ် ပူပန်မိသွား၏။ သူသည် အန္တရာယ်၏ အငွေ့သက်ကို အနည်းငယ် ခံစားလိုက်မိ၏။
အမှန်တကယ်တမ်းတွင် ဤကဲ့သို့သော အားကောင်းလှသည့် ဝှက်ဖဲ ရှိနေသောကြောင့်သာ တစ်ဖက်လူသည် သူ၏ ဝှက်ဖဲကို စိန်ခေါ်လိုက်ခြင်း ဖြစ်မည်။ ထို့ကြောင့် သူအနေနှင့် တစ်ဖက်လူ၏ ဝှက်ဖဲအား အထင်သေး၍ မဖြစ်ချေ။
အကောင်းဆုံးနည်းလမ်းမှာ သူ့အနေနှင့် တိုက်ခိုက်ပြီး တစ်ဖက်လူ၏ ဝှက်ဖဲကို အသုံးမပြုနိုင်အောင် လုပ်ရပေလိမ့်မည်။
တစ်ဖက်လူ၏ ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုနိုင်သည်အထိ စောင့်စားရအောင် ဂိုဏ်းချုပ်ဟုန်သည် ရူးသွပ်နေသည့် လူတစ်ယောက် မဟုတ်ပေ။
တွေးကြည့်ပြီးသည့်နောက် သူသည် သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ စိတ်ဝိညာဉ်စွမ်းအင်များ အများအပြား ပါဝင်သော လက်ဝါးရိုက်ချက်ဖြင့် ကျွင်းချောင်ရှောင်းအား ရိုက်ချလိုက်တော့သည်။
စိတ်ဝိညာဉ်စွမ်းအင် လက်ဝါးစည်း သည် ကောင်းကင်ပေါ်တွင် ဖြစ်တည်လာပြီး အလွန်ပြင်းထန်သော အရှိန်အဝါဖြင့် ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာ၏။
လက်ဝါးရိုက်ချက်နှစ်ခုသည် ဂျင်ငါးသိန်းကျော်အထိရှိသော အားအင်များ အသီးသီး ပါဝင်လျက်ရှိသည်။
"ဂိုဏ်းချုပ်ဟုန် က လေးလေးနက်နက် တိုက်ခိုက်ပြီပဲ။ဒီလောက်အားကောင်းတဲ့ တိုက်ခိုက်ချက်မျိုး က ပွဲသိမ်းတိုက်ကွက်မျိုးတောင် ဖြစ်နိုင်တယ်။"
များပြားလှသော ကျင့်ကြံသူများအားလုံးသည် ဆွေးနွေးနေမိကြ၏။
နတ်စမ်းချောင်းဂိုဏ်းချုပ်သည် တိုက်ပွဲကို အဆုံးသတ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရီရှင်းချန် ယုံကြည်နေမိသည်။
ဂိုဏ်းချုပ်သည် ဤတိုက်ခိုက်ချက်အား မည်သို့မှ မခံနိုင်သည်မှာ သေချာ၏။ အချိန်မှီ နောက်မဆုတ်လျှင် အပြင်းအထန် ဒဏ်ရာရသွားနိုင်သည်။
လုချင်းချင်းသည် အသာ မျက်မှောင်ကုတ်သွားသည်။ ပြီးနောက် အသံပို့လွှတ်ကာ ပြောလိုက်သည်။ "နောက်ဆုတ်။"
ကျွင်းချောင်ရှောင်းသည်သာ အလျင်အမြန် တိုက်ခိုက်ရေး ကွင်းပြင်ဘက်ဆီမှ ပြေး၍ ထွက်သွားမည်ဆိုလျှင် တစ်ဖက်လူသည် သူ၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် တိုက်ခိုက်မှု အားအင်ကို လျော့ချရပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျွင်းချောင်ရှောင်း အနေနှင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားလိမ့်မည် မဟုတ်ချေ။
“နောက်ဆုတ်ရမယ် ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် သူ၏ ကျောကို ခပ်မတ်မတ်ထားလိုက်၏။ သူ၏ မျက်နှာပေါ်တွင် တိုက်ခိုက်လိုစိတ်တွေ အပြည့်နှင့် ဖြစ်နေသည်။ ပြီးနောက် သူ ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းရဲ့ ပထမဦးဆုံး ဆောင်ပုဒ်က ဘာလဲ ကျယ်ကျယ်ပြောစမ်း။"
ဤအသံပို့လွှတ်ချက်သည် သံမဏိအရိုးဂိုဏ်းမှ တပည့်များဆီသို့ တိုးဝင်လာသည်။
အားလုံးသည် အသံပို့လွှတ်သည့် နည်းပညာဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြသည်။"သံမဏိအရိုးဂိုဏ်းသားဖြစ်ပြီး သံမဏိအရိုးဂိုဏ်းရဲ့ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန်။"
ဤအရာသည် သံမဏိအရိုးဂိုဏ်း၏ ပထမဦးဆုံး ဆောင်ပုဒ်ပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လိုက်၏။ ရုတ်တရက်ဆိုလိုပဲ သူ၏ ခန္ဓာကိုယ်ဆီမှ ကြမ်းတမ်းလှသော အစိမ်းရောင် လေလှိုင်းများဖြစ်တည်လာပြီး သူ၏နောက်မှာတော့ အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူတစ်ယောက်၏ ပုံရိပ်ယောင် ဖြစ်တည်လာသည်။
ထိုသူသည် ဖီးနစ်ကဲ့သို့သော မျက်ခုံးများ ပိုင်ဆိုင်ပြီး မျက်ခုံးထူထူနှင့် ရှည်လျားလှသော ဆံနွယ်များနှင့် ဖြစ်၏
ကွမ်ယု။
ဝှစ်။
ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့ကြီးအား ကိုင်မြှောက်လိုက်သည်။ သူ၏ နောက်မှာတော့ ကွမ်ယုသည်လည်း သူ့နည်းအတိုင်း ထပ်တူညီစွာ တိုက်ခိုက်လိုက်သည်။
နဂါးစိမ်းလခြမ်းဓားမော့ကြီးသည်လည်း အစစ်အမှန်ကတစ်ခု၊ ပုံရိပ်ယောင်ကတစ်ခု .. နှစ်ခု အဖြစ် ဖြစ်တည်လာသည်။
ဓားမော့ကြီးအား ခုတ်ပိုင်းလိုက်ချိန်မှာတော့ တိုက်ခိုက်ရေးတည်နေရာအတွင်းရှိ တည်နေရာတစ်ခုလုံးပင် အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ခံလိုက်ရသလို ဖြစ်သွား၏။
အားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြသည်။
ဘုန်း ဘုန်း ဘုန်း။
စိတ်ဝိညာဉ်လက်ဝါးစည်းနှစ်ခု၏ တိုက်ခိုက်ချက်သည် တိုက်ရိုက်ဆိုသလိုပဲ ပိုင်းဖြတ်ခြင်း ခံလိုက်ရသည်။
နတ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထိပ်လန့်တုန်လှုပ်စရာ အချိန်ပင် မရှိချေ။
အဘယ်စေိတ်ဝိညာဉ်လက်ဝါးစည်း တိုက်ခိုက်ချက်ကို ချေဖျက်ပြီးနောက်မှာတော့ အားအင်နှင့် အရှိန်အဟုန်သည် တစ်စက်လေးမှ ယုတ်လျော့မသွားဘဲ သူ့ဆီသို့ ဝင်ရောက်လာတော့သည်။
အလွန်တရာအားကောင်းလွန်းလှ၏။
သူသည် ထိပ်တိုက် ရင်မဆိုင်ရဲချေ။ ထို့ကြောင့် ဘေးတစ်ဖက်ဆီသို့ ရှောင်ရှားလိုက်သည်။
သို့ပေမဲ့ ရှောင်ရှားရန် ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့ကြီးကို ဝေ့ယမ်း၍ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်တော့သည်။ "ငါနဲ့ တိုက်ခိုက်ရဲတယ် ဟုတ်လား။"
ဝှစ်။
နဂါးစိမ်းလခြမ်းဓားမော့ကြီးသည် သူရှောင်ရှားလိုက်သော တည်နေရာရှိ လေထုကြီးကိုပင် ပိုင်းဖြတ်သွားတော့သည်။
ပထမ၌ ထိုအစိမ်းရောင်ဓားမော့အလင်းသည် အလွန်ပဲ သေးငယ်လှသည် ဆိုသော်လည်း ချက်ချင်းဆိုသလိုပဲ အလွန်တရာ ကြီးမားလှသော ဓားမော့ကြီးအဖြစ် ပြောင်းလဲသွားပြီး သိုင်းလေ့ကျင့်ရေးကွင်းပြင်၏ တည်နေရာတစ်ဝက်လောက်အား ဖုံးလွမ်းသွားတော့၏။