အခန်း (၃၀၁)
Vol. 21 Ch. 301
သိုင်းဆရာတစ်ယောက်အဖြစ်သို့ တိုးမြှင့်ပေးနိုင်သည့် ဆေးလုံးဟူသည်မှာ ကျိန်းသေပေါက် အလွန်ကောင်းမွန်သည့် အရာပင် ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ ဆေးပင်များ မရှိဘဲနှင့် မည်ကဲ့သို့ သန့်စင်ရမည်နည်း။ ဆန်မရှိဘဲ ထမင်း ချက်ပြုတ်ရန် မဖြစ်နိုင်ချေ။
"အိုက်ခေါင်းဆောင်။"
ကျွင်းချောင်ရှောင်း မေးလိုက်၏။ "ဆေးပင်တွေရဲ့ မျိုးစေ့တွေ ခင်ဗျားဆီမှာ ရှိလား။"
အသင့်စိုက်ပျိုးပြီးသား ဆေးပင်တွေ မရှိဘူးဆိုသောကြောင့် သူ့အနေနှင့် အကြီးအကဲဝမ်နှင့် တစ်ခြားသော သူများကို စိုက်ပျိုးနိုင်စေရန် မျိုးစေ့များ ရှိမလား မေးမြန်ခဲ့ခြင်း ဖြစ်၏။ အချိန်ကြာမည်ဆိုသော်လည်း ပိုက်ဆံအနည်းငယ်တော့ ပို၍ သက်သာ ပေလိမ့်မည်။
အိုက်ရှန်းရီသည် သူ၏ အတွေးကို နားလည်ဟန်ဖြင့် ပြောလိုက်သည်။ "မျိုးစေ့တွေက အများကြီးရှိတယ်။ဒါပေမဲ့ ဒီဆေးပင်တွေရဲ့ အရည်အသွေးက မနိမ့်ဘူးလေ။အကောင်းဆုံး ဆေးပင် စိုက်ပျိုးသူတွေက စိုက်ပျိုးမယ်ဆိုရင်တောင်မှ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်လောက်ကြာမှ ရင့်မည့်လိမ့်မယ်။"
"အဲလောက်နှေးတာလား။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။
သုံးနှစ်မှ ငါးနှစ်သာ တကယ်ကြာမြင့်မည်ဆိုပါက သူ၏ တပည့်များသည် သိုင်းဆရာအဆင့်သို့ ချိုးဖြတ်သွားသည်မှာ ကြာလောက်ပြီဖြစ်သည်။
"ဂိုဏ်းချုပ်ကျွင်း။"
မာယွင်တန်က ပြောလိုက်သည်။ "ခင်ဗျား ပြောတဲ့ ဆေးပင်တွေ ကျုပ်ဆီမှာ နည်းနည်း ရှိတယ်။အများကြီးတော့ မဟုတ်ဘူးပေါ့။ အစုံငါးဆယ်စာလောက်တော့ လုံလောက်မယ်ထင်တယ်။"
"အကြီးအကဲမာဆီမှာ ရှိတာလား။"
"ဟုတ်တယ်။"
"အကြီးအကဲမာ ဒါဆိုရင် ဒီကျွင်းကို ရောင်းပေးပါ့လား။"
ပစ္စည်းများ ရှိသည်ဆိုသော် သူ့အနေနှင့် ကျိန်းသေပေါက် ဝယ်ယူရမည်။ ထိုသို့ ဆိုလျှင် ကျိန်းသေပေါက် စတင်၍ သန့်စင်နိုင်ပြီ ဖြစ်သည်။
မာယွင်တန်ပြောလိုက်သည်။ "ဒီဆေးပင်တွေက သိုလှောင်လက်စွပ်ထဲမှာ အသုံးမဝင်ဘဲပစ်ထားခဲ့တာကြာပြီ။ ဂိုဏ်းချုပ်ကျွင်းသာ လိုချင်တယ်ဆိုရင် နေရာရှင်းတဲ့အနေနဲ့ ဒါတွေကို ပေးလိုက်မယ်။"
အိုက်ရှန်းရီ၏ နှုတ်ခမ်းများသည် တုန်ရီသွား၏။ ဤဆေးပင် အမျိုးအစားတစ်စုံစာအတွက် ငွေကြေးတစ်သိန်းလောက် ကုန်ကျမည်ဖြစ်၏။ အစုံငါးဆယ်စာအတွက်ဆိုလျှင် သန်း ငါးဆယ် ကုန်ပေလိမ့်မည်။
ထိုသို့သော ငွေပမာဏနှင့် ထိုက်တန်သော ဆေးပင်များအား နေရာလွတ်ရရှိရန် ပေးလိုက်ခြင်း ဆိုသည်မှာ ယုတ္တိမတန်လှချေ။
တောင်ပြာဂိုဏ်းအား ကိုယ်စားပြုသည့် အကြီးအကဲမာသည် သံမဏိအရိုးဂိုဏ်းနှင့် အလွန်ခိုင်မာသော ဆက်ဆံရေးကို တည်ဆောက်ချင်နေတာဖြစ်ကြောင်း မြို့တော်ဝန်ရှဲ့ နှင့် တစ်ခြားသူများက တွေးမိလိုက်ကြ၏။
တစ်ခြားသော ဂိုဏ်းတစ်ခု၏ ထောက်ပံ့မှုနှင့်ဆိုလျှင် သံမဏိအရိုးဂိုဏ်း၏ အနာဂတ်လမ်းသည် ပိုမို၍ လွယ်ကူသွားလိမ့်မည်။
ကျွင်းချောင်ရှောင်း လေးလေးနက်နက် ပြောလိုက်သည်။ "ကျွန်တော် ပိုက်ဆံပေးမှ ဖြစ်မှာပေါ့။"
တစ်ခြားသူများဆိုလျှင် သူ့အနေနှင့် အခွင့်အရေး ယူချင်ယူပေလိမ့်မည်။ သို့ပေမဲ့ သူ့အား အမြဲတမ်းထောက်ပံ့ပေးခဲ့သော အကြီးအကဲမာနှင့် တောင်ပြာဂိုဏ်းကိုတော့ အခွင့်အရေးယူ၍ မဖြစ်နိုင်ပေ။
"အိုက်ခေါင်းဆောင်"
သူ ပြောလိုက်၏။ "ဒီဆေးပင်တွေရဲ့ တစ်စုံစာက ဘယ်လောက်လောက်ကုန်ကျနိုင်လဲ။"
"ငွေကြေးတစ်သန်းလောက်ကုန်ကျနိုင်ပါတယ်။"
အိုက်ရှန်းရီပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ငွေငါးသန်းအား ထုတ်ယူ၍ လေးလေးနက်နက် ပြောလိုက်သည်။ "အကြီးအကဲမာ ကျေးဇူးပြုပြီး လက်ခံပေးပါ။"
မာယွင်တန်သည် ပိုက်ဆံများကို လက်ခံလိုက်ရ၏။ ပြီးနောက် ဆေးပင်များ ပါဝင်သော သိုလှောင်လက်စွပ်အား ကမ်းပေးလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ သိစိတ်အား သိုလှောင်လက်စွပ်ထဲသို့ ဝင်ကြည့်လိုက်ချိန်မှာတော့ ချီစုစည်းခြင်း ဆေးလုံး ၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနှင့် တစ်ခြားသော ဆေးလုံးများ ပြုလုပ်နိုင်သည့် ဆေးပင်အများအပြား ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့၏။
"ဂိုဏ်းချုပ်ကျွင်း။"
မာယွင်တန်သည် ပြုံးကာ ပြောလိုက်သည်။ "အထဲမှာ ရှိနေတဲ့ ဆေးပင်တွေက အဆင့်နိမ့်ဆေးပင်တွေလေ။ဒါတွေအားလုံးကို လက်ဆောင်လို့ သဘောထားလိုက်ပါ။"
"ကျေးဇူးတင်ပါတယ်။"
ထိုကဲ့သို့သော မိတ်ဆွေများ ရရှိခြင်းသည် သူ၏ နှလုံးသားထဲတွင် နွေးထွေးသော ခံစားချက်ကို ရရှိစေသည်။
ဟုတ်ပေသည်။
ကျွင်းချောင်ရှောင်းအနေနှင့် သူ၏ မိတ်ဆွေကောင်းများ အပေါ်တွင် လေးလေးနက်နက် ဆက်ဆံမှ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် သစ်တောထဲသို့ ရောက်ချိန်မှာတော့ သူသည် မာယွင်တန် တစ်ယောက်တည်းကို ခေါ်၍ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးပုလင်း တစ်ပုလင်း ပေးလိုက်သည်။
"အကြီးအကဲမာ… ဒီဆေးပင်တွေက ကျုပ်အတွက် နေရာလွတ်ရဖို့အတွက် ဖယ်ရမယ့် ဆေးလုံးတွေ ဖြစ်နေတယ်။ဒါတွေကို ခင်ဗျားကို ပေးမယ်။"
မာယွင်တန် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒီအဘိုးကြီးဆီမှာ ဆေးလုံးတွေ အများကြီး ရှိပါတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီဆေးပုလင်းက ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတွေ။"
ဟမ်။
မာယွင်တန်၏ အပြုံးသည် အေးခဲသွား၏။ ခဏလောက်ကြာတော့ သူသည် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ "ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး ဟုတ်လား။"
သူသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအား ကျိန်းသေပေါက် ကြားဖူးခဲ့၏။ ထို့အပြင် ဝမ်တုန်လင်သည် လေလံပွဲကိုပင် သွားရောက်ကြည့်ရှုခဲ့သူ ဖြစ်သည်။ ဝောာင်ပြာဂိုဏ်းသည် လေလံအိမ်သို့ သွားရောက်၍ ထိုဆေးလုံးကို ဝယ်ယူခဲ့သေးသည်။ လေလံဈေးနှုန်းမှာ အလွန်တရာကြီးမားလှသောကြောင့် သုံးလုံးသာ ဝယ်ယူနိုင်ခဲ့၏။
"ဂိုဏ်းချုပ်ကျွင်း။"
မာယွင်တန်သည် လေးလေးနက်နက် မေးလိုက်သည်။ "ဘာဖြစ်လို့ ခင်ဗျားဆီမှာ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး တစ်ပုလင်းတောင် ရှိနေရတာလဲ။"
ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးပုလင်းတစ်ပုလင်းသည် ဆေးလုံးဆယ်လုံးပါဝင်၏။
အိုက်မိသားစု၏ လေလံပွဲတွင်တောင်မှ ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး ငါးလုံးသာ လေလံ တင်သည်မဟုတ်လား။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဒီခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတွေက ကျုပ်သန့်စင်ထားတာလေ။"
သူတို့သည် အလွန်အမင်း ရင်းနီးလှသည့် မိတ်ဆွေဆက်ဆံရေးကို ရောက်ရှိပြီးနောက်မှာတော့ အမှန်တရားကို ထုတ်ဖော်ပြောပြရန် သင့်တော်နေပြီဖြစ်သည်။ ထိုမှသာလျှင် တောင်ပြာဂိုဏ်းသည် သူ့အား ပိုမို၍ တန်ဖိုး ထားပေလိမ့်မည်။
"ခန္ဓာကိုယ်ဖြစ်တည်ဖြင်းဆေးလုံးက ကိုယ်တိုင် သန့်စင်တာ ဟုတ်လား။"
မာယွင်တန်သည် ဆွံ့အသွားမိ၏။
သူသည် တောင်ပြဂိုဏ်း၏ အကြီးအကဲများနှင့်အတူ ဤအားကောင်းလှသော ဆေးလုံးအကြောင်းကို နည်းမျိုးစုံ ဆွေးနွေးခဲ့ဖူး၏။ ဤအရာသည် အလွန်တရာ ကြီးကျယ်လှသော ဆေးပညာရှင် သန့်စင်ခဲ့သည့် ဆေးလုံးဖြစ်ပုံပေါ်ပြီး အိုက်မိသားစုက အမည်ခံပြီး လေလံဆွဲခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သုံးသပ်ချက်ချခဲ့သည်။
သို့ပေမဲ့ ထိုဆေးလုံးသန့်စင်သူ ဆရာကြီးသည် ကျွင်းချောင်ရှောင်း ဖြစ်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဟုတ်တယ်။အကြီးအကဲမာ မယုံရင် အိုက်မိသားစု ခေါင်းဆောင်ကို မေးလို့ ရတယ်လေ။”
“ကျုပ်ယုံပါတယ်။"
မာယွင်တန် ပြောလိုက်၏။
ကျွင်းချောင်ရှောင်း လိမ်လည်မည်ဟု သူ မထင်ပေ။ ထို့အပြင် သူ့အား ကျင့်ကြံခြင်းလမ်းစဉ်နှင့် ပတ်သက်၍ လမ်းညွှန်ပေးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး သံမဏိအရိုးဂိုဏ်းတပည့်များအား အလွန်အမင်း အားကောင်းအောင် လေ့ကျင့်ပေးနိုင်သူလည်း ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ပြောစကားအရာနှင့် ပတ်သက်လျှင် ယုံကြည်ရသူဖြစ်ကြောင်း သူ သိရှိပြီးဖြစ်၏။
"ဒါဆို …."
မာယွင်တန် တီးတိုး ပြောလိုက်သည်။ "အိုက်မိသားစု ခေါင်းဆောင်ဆီက ရောင်းတဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေကလည်း ဂိုဏ်းချုပ်ကျွင်း ဖန်တီးထားတာလား။"
"ဟုတ်တယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မာယွင်တန်သည် လက်သီးကို ဆုပ်ကာ လေးလေးစားစားဖြင့် ပြောလိုက်သည်။ "ဒါဆို ဂိုဏ်းချုပ်ကျွင်းက တိမ်မြုပ်နေတဲ့ ဆေးပညာရှင်ပေါ့။"
ဆေးပညာရှင်များသည် အလွန်အမင်း မြင့်မားသော ဂုဏ်သရေကို ပိုင်ဆိုင်သူ ဖြစ်၏။ ထို့ကြောင့်ပင် ဆရာကြီးများဟုပင် ခေါ်ဝေါ်ကြ၏။ အားလုံးက ခေါင်းမော့၍ ကြည့်ရှုရလောက်သည့် တည်ရှိမှုလည်း ဖြစ်သည်။
ဒဏ်ရာကို မြန်မြန်ဆန်ဆန် ကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်ကို တိုးတက်စေသည့် ဆေးလုံးများကို ဖန်တီးခဲ့သူတစ်ယောက်လည်း ဖြစ်သောကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အလွန်တော်လှသော ဆေးပညာရှင်တစ်ယောက် ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အကြီးအကဲမာ မြှောက်ပေးမနေပါနဲ့။ ကျုပ်က ဒီဆေးလုံးနှစ်ခုကို အပျော်သဘောမျိုးနဲ့ သန့်စင်ခဲ့တာလေ။ဒါက တိုက်ဆိုင်တယ်လို့တောင် ပြောလို့ရတယ်။”
အကြီးအကဲမာ “.......”
ဤမျှအားကောင်းလှသော ဆေးလုံးများကို အပျော်သဘောနဲ့ သန့်စင်ခဲ့သည် ဟုတ်လား။ တစ်နှစ်ပတ်လုံး ဆေးလုံးသန့်စင်ခြင်းနှင့် ပတ်သက်၍ လေ့လာနေသော ဆေးပညာရှင်များသာ သိရှိမည်ဆိုလျှင် ဒေါသထွက်၍ သေဆုံးသွားပေလိမ့်မည်။
“အကြီးအကဲမာ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်မိ၏။ "ဒီကိစ္စကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းပေးထားမယ်လို့ ကျုပ်မျှော်လင့်မိတယ်။"
"နားလည်တာပေါ့။" မာယွင်တန် ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း ထပ်ပြောလိုက်၏။
"အိုက်မိသားစုကို တစ်စုံတစ်ယောက်က သံသယရှိပြီး နောက်ကွယ်က ဒီဆေးလုံး ဖော်စပ်သူအကြောင်း သိချင်လာကြပြီဆိုလျှင် တောင်ပြာဂိုဏ်းက ဝင်ပြီး ကူညီလိမ့်မယ်လို့ ကျုပ် မျှော်လင့်မိတယ်။"
သူ ချက်ချင်းပဲ နားလည်သွားမိ၏။
"ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးနဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတွေကို တောင်ပြာဂိုဏ်းက သန့်စင်ခဲ့တာပါ။ အိုက်မိသားစုကို နာမည်ခံပြီးတော့ လေလံပွဲပြုလုပ်ခိုင်းခဲ့တာ"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ၏။
ဂိုဏ်းချုပ်ကျွင်းသည် ကြိုတင်စဉ်းစားထားပြီးသားဖြစ်သည်။ သူသည် ဆေးလုံးများနှင့် ပတ်သက်၍ သူကိုယ်တိုင် သန့်စင်ထားခြင်းဖြစ်ကြောင်း တစ်ခြားသူများကို မသိရှိစေချင်ပေ။
ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်း ကိုယ်တိုင်သန့်စင်ထားသည်ကို သိရှိပြီးနောက်မှာတော့ မာယွင်တန်သည် တုန်လှုပ်လျက်ရှိ၏။
သူသည် ဂိုဏ်းကို ပြန်ရောက်သည်နှင့် ချက်ချင်းဆိုသလိုပဲ ဂိုဏ်းချုပ်အား သတင်းပို့ကာ သံမဏိအရိုးဂိုဏ်းနှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး မဟာမိတ်ဖွဲ့ရန် ပြောဆိုမည်ဟု ဆုံးဖြတ်ထားသည်။
ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းတာဝန်နှင့် ပတ်သက်၍ နားလည်၏။ ပြီးနောက် တပည့်များကိုလည်း သင်ပြပေးနိုင်သည်။ အားအင်အဆင့်မှာလည်း သာမန်ထက်ပိုသည်။ ဆေးပညာရှင်တစ်ယောက်လည်း ဖြစ်လို့နေ၏။
ချင်ဟောင်ရန်လို အရူးလိုသာလျှင် ထိုကဲ့သို့ ပြည့်စုံသော ဂိုဏ်းချုပ်အား ရန်သူ အဖြစ် သတ်မှတ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ဆေးလုံး သန့်စင်ခြင်းနှင့် ပတ်သက်၍ မာယွင်တန်အား ပြောဆိုခဲ့၏။ ထို့ကြောင့် သူ၏ စိတ်ထဲတွင် မာယွင်တန်အား အယုံအကြည်ရှိသည် ဟူသည်ကို ဖော်ပြခဲ့ခြင်းပင် ဖြစ်သည်။
ဂိုဏ်းနှစ်ခုအား မဟာမိတ်ဖြစ်ရန် လိုအပ်သော စိတ်နေစိတ်ထားမှာ အစောကတည်းက ရှိနှင့်နေပြီးဖြစ်၏။
"ဂိုဏ်းချုပ်ကျွင်း။"
အားလုံး အလျင်လိုနေတုန်းမှာပဲ နောက်ဘက်ဆီမှ အသံတစ်ခု ကြားလိုက်ရ၏။ ပြီးနောက် သူတို့သည် သူတို့နောက်သို့ လိုက်ပါလာသော လီအာအား မြင်လိုက်ရ၏။
အိုက်မိသားစုခေါင်းဆောင်နှင့် မာယွင်တန်တို့သည် သူမအားတစ်ချက်ကြည့်လိုက်ရုံနှင့် မှတ်မိကြသည်။ သူမသည် မြောင်ဟွာ ခန်းမသခင်၏ နောက်သို့ လိုက်ပါသော တပည့်တစ်ယောက်ဖြစ်သည်။
"ဘာကိစ္စရှိလို့လဲ။"
ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လီအာ ရပ်တန့်ကာ ပြောလိုက်သည်။ "ကျွန်မတို့ရဲ့ ခန်းမသခင်က ဂိုဏ်းချုပ်ကျွင်းနဲ့ နှစ်ယောက်တည်း စကားပြောချင်နေတယ်။အဆင်ပြေရဲ့လား။"
အားလုံး ကြောင်သွားကြသည်။
အဆင့်လေးဂိုဏ်းတစ်ခု၏ ခေါင်းဆောင်သည် ဂိုဏ်းချုပ်ကျွင်းနှင့် နှစ်ယောက်တည်း စကား ပြောချင်နေ၏။ ဤအရာသည် မမျှော်လင့်ထားသည့် ကိစ္စပင် ဖြစ်တော့သည်။
"ဒါက။"
ကျွင်းချောင်ရှောင်း နည်းနည်း ရှက်ရွံ့သွားသည်။
မာယွင်တန်က ပြောလိုက်သည်။ "မြောင်ဟွာခန်းမသခင်က ဖိတ်ခေါ်တယ်ဆိုမှတော့ ကျုပ်တို့ ဒီကနေ စောင့်ရမှာပေါ့။"
"ဟုတ်တယ်။" မြို့တော်ဝန်ရှဲ့ က ပြောလိုက်သည်။
လီအာသည် လက်ဖြင့် အမူအရာပြကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ကြွပါ"
"အားလုံးပဲ။"
ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ခဏနေပြန်လာပါမယ်။"
သူ လီအာနှင့် အတူ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ မာယွင်တန်က "ရှစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်ခြင်းကိုတောင် ခံရတယ်။တော်တော် ကံကောင်းတာပဲ။"
ဝမ်တုန်လင် ပြောလိုက်သည်။ "မြောင်ဟွာခန်းမသခင်က ဂိုဏ်းချုပ်ကျွင်းနဲ့ တူညီတယ်။သူမကလည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂိုဏ်းချုပ် ဖြစ်နေတာလေ။သူတို့နှစ်ယောက်က တူညီတဲ့ အရာတွေ အတော်များတယ်။"
မာယွင်တန် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ချောတယ်။ ပါရမီရှိတယ်။ မြောင်ဟွာခန်းမသခင်ရှစ်ကလည်း ငယ်ရွယ်ပြီးလှပတယ်။သူတို့နှစ်ယောက်သာ အတူတူဆိုရင် ကျင့်ကြံတဲ့လောကထဲမှာ ဒဏ္ဍာရီစုံတွဲ ဖြစ်သွားမှာ သေချာတယ်။"
မြို့တော်ဝန်ရှဲ့၊ အိုက်မိသားစုခေါင်းဆောင်နှင့် တစ်ခြားသော သူများကလည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်မိကြသည်။
မြောင်ဟွာခန်းမသခင်သည် မျက်လုံး ကန်းနေသည်ဆိုသော်လည်း အဆင့်လေးဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သလို အလွန်တရာ လှပသူလည်း ဖြစ်၏။
ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းနှင့် နတ်ဖက်သည့်ဖူးစာလိုပင် အလွန်တရာ လိုက်ဖက်သည်ဟုဆိုရမည်။
ကျွင်းချောင်ရှောင်းသည် ဤကိစ္စနှင့် ပတ်သက်၍ များများစားစား တွေးမထားပေ။ ထို့ကြောင့် ဘာမှန်းမသိဘဲ လီအာ၏ နောက်သို့ လိုက်ပါသွားတော့သည်။