← Chapters

အခန်း (၃၀၆)

Vol. 21 Ch. 306

အခန်း (၃၀၆)

Vol. 21 Ch. 306

ညသို့ ရောက်ရှိသွားခဲ့သည်။

သံမဏိအရိုးဂိုဏ်း၏ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ ကြီးမားလှသော မီးပုံကြီးတစ်ခုကို ဖိုထားလျက်ရှိ၏။

အရှိန်တညီးညီးဖြင့် တောက်လောင်လျက်ရှိသော မီးတောက်များသည် ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိနေသည်။

ထိုမီးပုံကြီး၏ ပတ်ပတ်လည်မှာတော့ စားပွဲပေါင်းရာချီ ချထားခဲ့ပြီး စားပွဲတစ်ခုချင်းစီတိုင်းတွင် အရသာရှိလှသော စားစရာနှင့် ဝိုင်းပုလင်းများကိုလည်း တည်ရှိထား၏။

ဂိုဏ်းသားတစ်ထောင်ကျော်တို့သည် ကြုံသလို မတ်တပ်ရပ်နေကြပြီး တည်နေရာတစ်ခုလုံးမှာတော့ နွေးထွေးမှု ၊ ရင်းနှီးမှု စသည့် အရှိန်အဝါများနှင့် ပြည့်ဝလျက်ရှိသည်။

သူတို့အားလုံးသည် အောင်ပွဲခံစားပွဲ ကျင်းပနေကြခြင်းပင် ဖြစ်၏။

"လာကြ။"

ကျွင်းချောင်ရှောင်းသည် ကြီးမားလှသော သေရည်ခွက်ကြီးကို မ၍ ပြောလိုက်သည်။ "နတ်စမ်းချောင်းဂိုဏ်းကို အနိုင်ယူခဲ့တဲ့ တပည့်တွေအားလုံးနဲ့ သံမဏိအရိုးဂိုဏ်းရဲ့ သတင်းကို ပျံ့နှံ့စေအောင် ပြုလုပ်ခဲ့တဲ့ လူတွေ အကုန်လုံးအတွက် ဒီဝိုင်ခွက်ကို သောက်ကြစို့။"

"ဂိုဏ်းချုပ်က သဘောကောင်းတယ်။"

တပည့်များ အားလုံးသည် သူတို့၏ ခွက်များအားလုံးကို မြှောက်၍ စိတ်လိုလက်ရသောက်လိုက်ကြ၏။

သူတို့၏ စိတ်ထဲမှာတော့ နေရထိုင်ရ ကြပ်ခြင်း စသည့် အရိပ်အယောင်များ မရှိကြချေ။ တော်တော်များများသည် ယမကာ၏ အရှိန်အောက်မှာ သက်တောင့်သက်သာနှင့် ပျော်ပျော်ရွင်ရွင်ရှိနေကြသည်။

ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အနားယူခြင်းနှင့် ကြိုးစားခြင်းတို့ကြားတွင် ဟန်ချက်ညီမျှဖို့ အလွန်အရေးကြီးသည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိလိုက်၏။

ထို့ကြောင့် အချိန်အတော်ကြာတွင် တစ်ခါဆိုသလို ဤကဲ့သို့သော ပွဲမျိုး ဖန်တီးပေးရန် သူ စဉ်းစားဆုံးဖြတ်လိုက်မိသည်။

ပထမဦးဆုံးအနေနှင့် တပည့်များအား စိတ်လက်အပန်းဖြေစေနိုင်သည့်အပြင် ဒုတိယအနေနှင့် သံမဏိအရိုးဂိုဏ်းဆိုသည့် ကြီးမားလှသော မိသားစုကြီးထဲတွင် တစ်ယောက်နှင့် တစ်ယောက် ပိုမို၍ ချစ်ခြင်းမေတ္တာများဖြန့်ဝေကာ လုံလောက်သည့် ရင်းနှီးမှုမျိုး ရှိစေရန်ဖြစ်၏။

"ဂိုဏ်းချုပ်"

စုရှောင်မိုသည် ဝိုင်ခွက်ကို မြှောက်ကာ ပြောလိုက်သည်။

"တစ်နှစ်ကျော်ကြာတဲ့အထိ ကျွန်တော်ကို သက်တောင့်သက်သာ နဲ့ ကျင့်ကြံစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီဝိုင်ခွက်က ဂိုဏ်းချုပ်အတွက်ပါ။"

"ဟေး ဟေး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မင်းတို့တွေ တိုက်တဲ့ တစ်ခွက်ချင်းဆီကို သောက်ရမယ်ဆိုရင် ငါ ဒီနေ့ ဒီနေရာမှာ လဲကျသွားမှာပေါ့။"

ထိုသို့ ပြောလိုက်သည်ဆိုသော်လည်း သူသည် ဝိုင်ခွက်ကို မြှောက်၍ စုရှောင်မို နှင့်အတူ သောက်လိုက်တော့သည်။

အထူးသဖြင့် သူသည် အရင်ဘဝထဲက အရက် ၊ ဝိုင်တို့နှင့်ပတ်သက်၍ သောက်လေ့သောက်ထရှိသောကြောင့် စိမ်းသက်လှသည့်လူတော့ မဟုတ်ပေ။ ထို့အပြင် စိတ်ဝိညာဉ်ချီများသည် အရက်၏ အစွမ်းသက်ရောက်မှုကို ဖယ်ရှားပေးနိုင်စွမ်း ရှိသည်။ သူ့အနေနှင့် မမူးချင်ဘူးဆိုလျှင် မမူးအောင် ပြုလုပ်နိုင်စွမ်းရှိ၏။

"ဂိုဏ်းချုပ်"

ရှောင်ကျီသည် သူ၏ ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "ဒီဝိုင်ခွက်က ဂိုဏ်းချုပ်အတွက်ပါပဲ။ ဂိုဏ်းက ပို၍ ကြီးမားလာပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ပြိုင်စံရှားဂိုဏ်းတစ်ခုဖြစ်လာမယ်လို ကျွန်တော် မျှော်လင့်မိတယ်။"

စုရှောင်မို ပြုံးကာ ပြောလိုက်သည်။

"ဂျူနီယာညီလေးရှောင် … ပြောတာမမှားဘူး။ တကယ့်ကို ပြိုင်စံရှား ဂိုဏ်းတစ်ခုဖြစ်ရမယ်။"

လီဖေးနှင့် ထန်းချီတို့သည်လည်း မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဝင်ရောက်၍ ပြောဆိုလိုက်၏။

ရှောင်ကျီသည် ကြောင်အအနှင့် ခွက်ကြီးနှစ်ခွက်အား သောက်ချလိုက်သည်။ အရက်၏ အရှိန်ကို မခံနိုင်သောကြောင့် သူ၏ မျက်နှာတစ်ခုလုံးသည် ချက်ချင်းဆိုသလိုပဲ နီရဲသွားတော့သည်။

ချင်းယန်နိုင်ငံ၏ သိုင်းပြိုင်ပွဲတွင် နိုင်ခဲ့စဉ်က သူသည် အလွန်အကျွံ သောက်ခဲ့သည်။ ထိုစဉ်က ဝိုင်ပုလင်းကိုဖက်ကာ ငါးနှစ်အတွင်း ခံစားခဲ့ရသည့် စိတ်ခံစားချက်များကို ထုတ်ဖော်ရင်း အားရပါးရ အော်ငိုခဲ့ဖူးသည်။

ယခုနောက်တစ်ကြိမ်ပြန်၍ အရက်သောက်ချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် အပြုံးတွေနှင့် ပြည့်နှက်လျက်ရှိနေ၏။

သူ၏ စိတ်ထဲတွင် နစ်နာမှု၊ မကျေနပ်မှုများ မရှိတော့ဘဲ သူသည် အလွန်အမင်း အားကောင်းနေသော စိတ်နှလုံးသားကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ရှောင်ကျီအား ဤကဲ့သို့ မြင်ရသည့်အတွက် အလွန်အမင်း ပျော်ရွှင်နေမိ၏။

"ဂိုဏ်းချုပ်"

လီချင်းယန်သည် ခွက်ကို မြှောက်ကာ ပြောလိုက်သည်။ "ဒီဝိုင်ခွက်က ဂိုဏ်းချုပ်အတွက်ပါ။"

သူသည် ကျွင်းချောင်ရှောင်းနှင့်သာ မတွေ့ခဲ့ဘူးဆိုလျှင် ချင်းယန်နိုင်ငံ၏ အပြင်ဘက် တောထဲ၌ ဘဝအဆုံးသတ်ခဲ့မှာ ဖြစ်သည်။ ယနေ့လို အောင်မြင်မှုမျိုး ဘယ်သောအခါမှ ရရှိလိမ့်မည် မဟုတ်ပေ။

တစ်ခြားသော တပည့်များသည်လည်း သူတို့၏ ဂိုဏ်းချုပ်အား အမျိုးမျိူး ချီးကျူး၍ သောက်လိုက်ကြသည်။

အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဝိုင်ခွက် အရေအတွက် တော်တော်များများကို သောက်ပြီးဖြစ်သည်။

သူသည် ယမကာ၏ စွမ်းအင်များကို စိတ်ဝိညာဉ်စွမ်းအင်များ အသုံးပြု၍ ရံဖန်ရံကာဆိုသလို ဖယ်ရှားနေသည်ဆိုသော်လည်း သူ၏ သိစိတ်ထဲတွင် မူးယစ် မှုသည် အနည်းငယ်တော့ ရှိနေသေး၏။

"လာကြ။"

စုရှောင်မို သည် အရက်ခွက်ကို ကိုင်ကာ လီဖေး၏ ပုခုံးပေါ်သို့ လက်တင်၍ ပြောလိုက်သည်။ "သောက်ကြစို့။”

“မလုံလောက်သေးဘူးလား။ ဘယ်လောက်တောင် သောက်ချင်တာလဲ။"

"အနည်းဆုံးခြောက်ခွက်"

"ကောင်းပြီ။"

"ဒီလူတော်တော်သောက်နိုင်တာပဲ။ကဲ သောက်ကြစို့။"

စုရှောင်မိုနှင့် လီဖေးတို့သည် စားပွဲပေါ်သို့ အရက်ခြောက်ခွက်အား တင်၍ အလုအယက်နှင့် အပြိုင်အဆိုင် သောက်ကြတော့သည်။

"သူတို့ ပြိုင်သောက်နေကြပြီပဲ။"

တပည့်များ အားလုံးသည် အရက်သောက်ပြိုင်ပွဲသို့ လာရောက်ကာ ကြည့်ရှုကြ၏။

ဂလု … ဂလု။

စုရှောင်မို နှင့် လီဖေးတို့သည် ထိုင်ခုံများပေါ်တွင် ထိုင်၍ တစ်ခွက်ပြီးတစ်ခွက် စတင်၍ သောက်သုံးကြတော့သည်။

"စီနီယာအစ်ကိုတို့"

လီထျန်းထျန်း အော်လိုက်သည်။ "ဝိုင်ရဲ့ ဈေးနှုန်းက အသားရဲ့ ဈေးနှုန်းထက် ပိုပြီးတော့ ဈေးကြီးတယ်။မအန်မိစေနဲ့။"

ဖူး။

လီဖေးသည် မခံနိုင်တော့ဟန်ဖြင့် ပါးစပ်ထဲမှ ဝိုင်များကို မှုတ်ထုတ်လိုက်မိ၏။

ထိုဝိုင်များသည် လီထျန်းထျန်း၏ မျက်နှာပေါ်သို့ သွားစင်လေသည်။

“ဟား ဟား ဟား။”

တပည့်များအားလုံးသည် စိတ်လက်ပျော်ရွင်စွာဖြင့် အော်ရယ်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် ဝိုင်ပုလင်းတစ်ခုအား ကိုင်ပြီး အဓိကဟောခန်း၏အရှေ့ဘက်တွင် လှေကားရင်းတွင် အသာ လှဲလှောင်းနေ၏။

သူသည် တပည့်များ ပျော်ရွင်နေသည်ကို ကြည့်ပြီး ပြုံးနေမိသည်။

သူသည် အလွန်အမင်း အားကောင်းလှသော ဂိုဏ်းတစ်ခုကို ဖန်တီးတည်ဆောက်ချင်၏။ ထိုဂိုဏ်းသည် အိမ်တစ်ခုကဲ့သို့ နွေးထွေးကာ ပျော်ရွင်စရာကောင်းသည့် ဂိုဏ်းမျိုး ဖြစ်ရမည်။

ယခုအချိန်မှာတော့ သူ့တွင် ပျော်ရွင်စရာကောင်းပြီး နွေးထွေးလှသော အိမ်တစ်ခု ရှိနေပြီဖြစ်သည်။ ပြိုင်စံရှားဂိုဏ်းတစ်ခု ဖြစ်ဖိုအတွက် သွားရောက်ရမည့် လမ်းခရီးသည် အဝေးကြီးကျန်နေသေး၏။

……..

လူတိုင်းသည် အရက်သောက်သုံးကြသည်တော့ မဟုတ်ပေ။

ဥပမာအားဖြင့် လုချင်းချင်း ၊ ရီရှင်းချန်နှင့် ကျိုးဟုန်တို့သည် အရက်မသောက်ကြဘူးဆိုသော်လည်း စားပွဲပေါ်တွင် ထိုင်လျက် အလွန်အမင်း ပျော်ရွင်နေကြသော လူများအား ပြုံးပြုံးကြီး ကြည့်လျက် နေကြ၏။

အထူးသဖြင့် ရီရှင်းချန်ပင်ဖြစ်သည်။

မည်သည့် စိတ်လက်ပူပင်မှု ၊ အနှောင်အဖွဲ့ တစ်ခုမှမရှိဘဲ နှင့် အားရပါးရ ပျော်ရွင်နေကြသော ဂိုဏ်းသား ရောင်းရင်းများကို ကြည့်၍ ရီရှင်းချန်၏ မျက်နှာပေါ်၌ အပြုံးတွေ ဖြစ်ပေါ်လျက်ရှိ၏။

အရင်ဘဝတုန်းက ဤကဲ့သို့ ပျော်ရွှင်စရာ ဂိုဏ်းမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။

နောက်တစ်ကြိမ် ဝိုင်းပတ်သောက်ပြီးသည့်နောက်မှာ‌တော့ ကျွင်းချောင်ရှောင်းသည် ဆောင်းဘောက်ကြီးအား ထုတ်ယူလိုက်သည်။ ပြီးနောက် တပည့်များသည် တေးဂီတနှင့်အတူ မီးပုံကို ပတ်၍ ကခုန်လျက်ရှိ နေကြတော့သည်။

"ဂိုဏ်းချုပ်။"

လုချင်းချင်းသည် အနားသို့ လျှောက်လာပြီး လှေကားထစ် ရှေ့တွင် မတ်မတ်ရပ်ကာ ပြောလိုက်သည်။ "ဒီလိုမျိုး စိတ်လွတ်ကိုယ်လွတ်နေတာ မသင့်တော်ဘူးလို့ ထင်တယ်။"

"အဆင်ပြေပါတယ်။"

ကျွင်းချောင်ရှောင်းသည် ဝိုင်တစ်ခွက်ကို ကောက်မော့ပြီး ပြောလိုက်သည်။ "ဘယ်သူမှ ဒီထဲကို ချိုးဖောက်ပြီး ဝင်လာလို့မရဘူး။"

ဝုန်း။

ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်ပေါက်လာသည်။

ကလျှက်ရှိသော တပည့်များအားလုံးသည် ရပ်တန့်သွားတော့သည်။ သူတို့၏ မျက်လုံးပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နက်သွား၏။

ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ဆောင်းဘောက်အား ပိတ်၍ မတ်တပ်ရပ်ကာ ခန္ဓာကိုယ်ထဲရှိ မူးနေသည့် အစွမ်းသက်ရောက်မှုများ အားလုံးကို ပယ်ဖျက်လိုက်၏။ သူ၏ စိတ်တစ်ခုလုံးသည် လန်းဆန်းသွားသည်။

ဘုန်း …. ဘုန်း။

ထိုအချိန်မှာပဲ ကျယ်လောင်လှသော အသံကြီးနှစ်ခု ထွက်ပေါ်လာပြန်သည်။

တည်နေရာ၌ တိမ်မြုပ် ပျောက်ကွယ်နေသည့် အစီအရင်သည် ပေါ်လာခဲ့ပြီဖြစ်၏။

"နတ်ဆိုးမိစ္တာဂိုဏ်းကလူတွေ ရောက်လာတာထင်တယ်။သူတို့က မြန်လိုက်တာ။"

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်၍ ဂိုဏ်း၏ အဓိက တံခါးအနီရောင်ကြီးအား ဆွဲဖွင့်လိုက်၏။

တောင်၏ လှေကားထစ်အဝမှာတော့အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် ဦးခေါင်းကို ကုတ်ကာ ပြောလိုက်သည်။ "သံမဏိဂိုဏ်းလို ဂိုဏ်းသေးသေးလေးက ကာကွယ်ပေးနိုင်မယ့် အစီအရင်တစ်ခုရှိနေမယ်လို့ ငါ မထင်မိဘူး။"

ဤလူသည် မည်သူ ဖြစ်သနည်း။

ငရဲမင်းကျန့် …. သူတောင်းစားကျန့်ပင် ဖြစ်တော့သည်။

သူသည် မိုင်‌ထောင်ချီကို ခရီးနှင်လာပြီးသည့်နောက်မှာတော့ ညရောက်ချိန်၌ သံမဏိအရိုးဂိုဏ်းသို့ ရောက်လာခဲ့၏။ ထို့ကြောင့် သူ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်သည်ဟု ဆိုရမည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျား ဘယ်သူလဲ။"

ကျန့်ရာက ဦးခေါင်းကိုမော့ကာ သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ကာ ပြောလိုက်သည်။ “နတ်ဆိုးမိစ္ဆာဂိုဏ်းက ကျန့်ရာ”

တံခါးသည်ပြန်ပိတ်သွား၏။

ကျွင်းချောင်ရှောင်း၏အသံပေါ်လာသည်။ "အားနာပါတယ်။ကျုပ်တို့ သံမဏိအရိုးဂာိဏ်းက နတ်ဆိုးမိစ္ဆာဂိုဏ်းကလူကို မကြိုဆိုပါဘူး။ဒီတော့ ပြန်ပါတော့။"

ကျန့်ရာသည် သွားဖြီးကာ ပြောလိုက်သည်။ "အကာအကွယ် အစီအရင်ရှိနေတာမို့လို့ မင်း အကြောက်အလန့်မရှိဖြစ်နေတာလား။"

ဝုန်း။

ပြောပြောပြီးချင်းမှာပဲ သူသည် ညာလက်သီးကို မြှောက်ကာ ထိုးလွှတ်လိုက်တော့သည်။

ဘန်း။

လက်သီးချက်၏အားအင်သည် ဂျင်တစ်သန်းကျော်သော အားအင် ပါဝင်သည်။ ထို့ကြောင့် အလွန်အမင်း ပြင်းထန်သော အားအင်များ ဖြစ်သည်ဟု ဆိုရမည်။

သို့ပေမဲ့ ဂိုဏ်း၏ အကာအကွယ် အစီအရင်ပေါ်မှာတော့ အက်ကွဲကြောင်းလေးတစ်ခုတောင်မှ မထင်လာခဲ့ချေ။

ကျန့်ရာသည် ဇဝေဇဝါဖြစ်သွားသည်။

သူသည် ဂျင်နှစ်သန်းအားအင်ရှိသော လက်သီးချက်ကို ထုတ်ဖော်၍ ထပ်မံတိုက်ခိုက်လိုက်သည် ဖြစ်သော်လည်း အစီအရင်အား မချိုးဖြတ်နိုင်ခဲ့ပေ။

"သံမဏိအရိုးဂိုဏ်းရဲ့ အကာအကွယ် အစီအရင်က အရမ်းအားကောင်းလွန်းတယ်။"

ကျန့်ရာသည် လက်ကို ပွတ်သတ်လိုက်၏။ ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ "ဒါပေမဲ့ ငါ့အတွက် ဒါက စိန်ခေါ်မှုတစ်ခုပဲ။"

ဟူး ဟူး။

သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်တရာ များပြားလှသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာတော့သည်။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များ၏ အောက်မှာပဲ ချက်ချင်းဆိုသလိုပဲ လက်သီးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အကာအကွယ်အစီအရင်အား အားရပါးရ ထိုးနှက်တော့၏။

ဘုန်း …ဘုန်း … ဘုန်း။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခုသည် ဗျောက်အိုးဖောက်လိုက်သည့် အသံကြီးတစ်ခုကဲ့သို့ ဒိုင်းခနဲ ထွက်ပေါ်လာသည်။

သို့ပေမဲ့ ဤမျှ ရူးရူးမူးမူး တိုက်ခိုက်ပြီးသည့် နောက်မှာတော့ ကျန့်ရာသည် သူ၏ ဆံပင်များကို ဆွဲကိုင်ပြီး စိတ်မကျေမနပ် ဖြင့် ဆဲဆိုနေမိ၏ "ဒါက ဘယ်လိုမျိုး သောက်အစီအရင်မျိုးတုန်း။ ဒီလောက်ထိုးတာတောင်မှ တုန့်ပြန်မှု မရှိဘူး။"

ဂိုဏ်းထဲတွင် ရှိသော တပည့်များသည် စိတ်ဝင်တစားဖြင့် မတ်တပ်ရပ်နေကြသည်။

"ကောင်လေးတို့။"

ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးကာ ပြောလိုက်သည်။ "နောက်ကျနေပြီ သွားပြီး အနားယူကြတော့။"

"ကောင်းပါပြီ။"

တပည့်များသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်အား ရှင်းလင်းသင့်တာရှိသည်များကို ရှင်းလင်းပြီး အတွင်းခြံဝန်းထဲသို့ ဝင်ရောက်ကာ အိပ်စက်ကြသည်။

ညရောက်သည်ဆိုသော်လည်း တစ်ခါတစ်ရံတွင် အပြင်ဘက်ဆီမှ တစ်ဝုန်းဝုန်း အသံများ ကြားနေရ၏။ သို့ပေမဲ့ သူတို့ အားလုံးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိကြ၏။

အဘယ့်ကြောင့်ဆိုသော် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ကြသည့်အပြင် အရက်ပါသောက်ထားသောကြောင့် သူတို့သည် စိတ်လိုလက်ရ အိပ်ပျော်နေကြခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည်လည်း ကောင်းကောင်းမွန်မွန် အိပ်မောကျလျက်ရှိသည်။

နောက်တစ်ရက် သူ နိုးချိန်မှာတော့ ဂိုဏ်း၏ အနီရောင် ပင်မတံခါးကြီးကို ဆွဲဖွင့်လိုက်၏။

ကျန့်ရာဟုခေါ်သောလူသည် တောင်၏ လှေကားရင်းတွင် ရှိနေတုန်းဖြစ်ပြီး သူ၏ မျက်လုံးများသည် သွေးကဲ့သို့နီနီရဲလျက်ရှိသည်။

အဘယ့်ကြောင့် မျက်လုံးများနီရဲရသည်ဆိုသော် ညဘက် မအိပ်ရသေးသောကြောင့် မဟုတ်ပေ။

အစီအရင်အား တစ်ညလုံး ချိုးဖြတ်သော်လည်း မကျိုးပြတ်သောကြောင့် ဖြစ်ပေါ်လာသော လက္ခဏာပင် ဖြစ်တော့သည်။

ဘုန်း။

ကျန့်ရာသည် အကာအကွယ်အတားအဆီးအား ထပ်မံထိုးနှက်လိုက်တော့သည်။

သူ၏ အားအင်အဆင့်သည် ဂျင်နှစ်သန်းမှ သုံးသန်း နီးပါးခန့် ရှိ၏။

သို့ပေမဲ့ အကာအကွယ်အစီအရင်သည် တစ်ချက်လေးတောင် မလှုပ်ခါသွားချေ။

နောက်ဆုံးမှာတော့ သူသည် မြေပြင်ပေါ်‌တွင် စိတ်ဓာတ်တကျနှင့် ငူငူကြီး ဆောင့်ကြောင့် ထိုင်လျက်ရှိနေတော့သည်။

All Chapters