အခန်း (၃၀၇)
Vol. 21 Ch. 307
ကျန့်ရာ … ပါရမီရှင် သိုင်းဘုရင်တစ်ယောက်။
လက်ရှိအချိန်ထဲမှာတော့ သူသည် သံမဏိအရိုးဂိုဏ်း၏ တောင်ခြေရင်းဂိတ်တွင် စိတ်ဓာတ်တကျနှင့် ငူငူကြီး ဆောင့်ကြောင့် ထိုင်လျက်ရှိ၏။
သူ၏ မူလအစီအရင်ဆိုလျှင် တာဝန်ကို ပြီးမြှောက်အောင် မြန်မြန်ပြုလုပ်ပြီး အိမ်သို့ စောစောပြန်ကာ အိပ်ရန် ဖြစ်သည်။ သို့ပေမဲ့ တစ်ညလုံး အချိန်ကုန်ပြီးသည့်နောက်မှာတော့ သူသည် သံမဏိအရိုးဂိုဏ်းဆိုသော ဂိုဏ်းသေးလေး၏ အကာအကွယ် အစီအရင်ကို ချိုးဖြတ်အောင် မပြုလုပ်နိုင်ခဲ့ချေ။
တော်တော်ဆိုးရွားသည့် အခြေအနေဟု ဆိုရမည်။
သူသည် အကူအညီမဲ့သလို ခံစားမိနေ၏။
ကျွင်းချောင်ရှောင်းသည် တံခါးကို မှီကာ လက်ပိုက်၍ ပြောလိုက်သည်။ "ခင်ဗျား ပင်ပန်းနေပြီလား။"
ကျန့်ရာ၏ မျက်လုံးထဲမှာတော့ ဒေါသတရားတွေနှင့် ပြည့်နက်သွား၏။ သူပြောလိုက်သည်။ "အမှိုက်လေး မင်းမှာ သတ္တိရှိတယ်ဆိုရင် ဒီဘုရင်ကြီးနဲ့ တိုက်ခိုက်ဖို့ ရှေ့ကို ထွက်ခဲ့စမ်း။"
"ဒီဘုရင် ဟုတ်လား။"
မိမိကိုယ်ကို ထိုသိုသော အသုံးအနှုန်းဖြင့် သုံးစွဲသည် ဆိုသည်မှာ ကြောင်တောင်တောင်နိုင်လှ၏။ သို့ပေမဲ့ သူ သေချာ စဉ်းစားလိုက်ကြည့်သည့် နောက်မှာတော့ တစ်ခုသာ ရှိ၏။
"အမှန်ပဲ။"
စနစ်မှ ပြောလိုက်၏။ "ဒီလူက သိုင်းဘုရင်လေ ။ သူ့ရဲ့ အားအင်အဆင့်က ခန့်မှန်းလို့ မရဘူး။ လက်ခံသူ အပြင်ကို ထွက်သွားတာနဲ့ ချီးထွက်အောင် ရိုက်ခံရလိမ့်မယ်။"
နတ်ဆိုးမိစ္ဆာဂိုဏ်းသည် အမှန်ပင် သူ့အပေါ်ကို အထင်ကြီးမားနေပုံပေါ်၏။ သိုင်းဘုရင်တစ်ယောက်ကိုပင် သတ်ဖြတ်ရန် လွှတ်လိုက်သေးသည်။
ကျွင်းချောင်ရှောင်း သွားဖြီးကာ ပြောလိုက်၏။ "ကျုပ် တံခါးရှေ့မှာ ရပ်နေတယ်လေ။ ခင်ဗျားမှာ အရည်အချင်းရှိတယ်ဆိုရင် အစီအရင်ကို ချိုးဖြတ်ပြီး အထဲကိုသာ ဝင်ခဲ့လိုက်။"
တစ်ဖက်လူမှာ သိုင်းဘုရင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူသည် ကျိန်းသေပေါက် အပြင်ဘက်သို့ ထွက်လို့ မဖြစ်နိုင်တော့ချေ။
"အမှိုက်ကောင်။"
ကျန့်ရာသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ ပြီးနောက် အေးစက်စက် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဒီဘုရင်က အစီအရင်ကို ချိုးဖြတ်ဝင်လာတဲ့အချိန်ကျရင် မင်းကို အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲပစ်မယ်။"
ထင်ထားသည့် အတိုင်း ငရဲမင်းကျန့်ပီသစွာပင် သူသည် တာဝန်ထမ်းဆောင်သည့် အချိန်၌ မျက်လုံးအကြည့်များကပင် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွား၏။
ကံဆိုးသည်မှာ သူသည် အပြင်ဘက်ဆီမှ ကြိမ်းမောင်း ခြိမ်းခြောက်ရန်သာ တတ်နိုင်၏။ အထဲသို့ မဝင်ရောက်နိုင်ချေ။
ကျွီ ….။
ကျွင်းချောင်ရှောင်းသည် သူ့အား လျစ်လျူရှု၍ တံခါးကို ပိတ်လိုက်၏။
သူသည် ပထမဦးဆုံး စမ်းသပ်မှု မျှော်စင်၏ ပထမထပ် နှင့် ဒုတိယထပ်သို့ သွားရောက်၍ လေးနာရီကြာ လေ့ကျင့်လိုက်၏။ ပြီးနောက် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်ကာ စတင်ကျင့်ကြံတော့သည်။
သိုင်းစစ်သူကြီး ဒုတိယအဆင့်သို့ ချိုးဖြတ်ရောက်ရှိပြီးသည့်နောက်မှာတော့ သူ၏ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုသည် ပိုမို အားကောင်းကြောင်း ခံစားမိ၏။
သူ၏ စိတ်ဝိညာဉ်အမြုတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း တစ်ဖြေးဖြေးချင်း ပိုမို၍ အားကောင်းလာတော့သည်။
"ချီစုစည်းခြင်း ဆေးလုံးတွေရဲ့ အကာအကွယ်တွေနဲ့တောင်မှ ငါက တတိယအဆင့်ကို ချိုးဖြတ်ဖို့ဆိုရင် တစ်နှစ်လောက် အချိန်ယူရလိမ့်မယ်။" ကျွင်းချောင်ရှောင်းသည် တီးတိုး ရေရွတ်လိုက်မိ၏။
ပြီးနောက် သူသည် ပြည့်စုံသော သိုင်းဆရာ ဆေးလုံးအား ထုတ်ယူလိုက်မိသည်။
သူသည် မာယွင်တန်ဆီမှ ဆေးပင် အစုံငါးဆယ်စာကို ရရှိခဲ့၏။ ဂိုဏ်းသို ပြန်လာသည့် လမ်းတစ်လျှောက်မှာတော့ သူသည် ဆေးလုံးများအား သန့်စင်ခဲ့၏။
“ဒီလိုဆေးလုံးမျိုးတွေနဲ့ဆိုရင် တပည့်တွေက အချိန်တိုတစ်ခုအတွင်းမှာ သိုင်းတပည့် ထိပ်ဆုံးအဆင့်ကနေ သိုင်းဆရာအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားလိမ့်မယ်။”
ကျွင်းချောင်ရှောင်းသည် လီချင်းယန်အား လှမ်းခေါ်ကာ ပြောလိုက်သည်။
"သွား … သိုင်းတပည့် ထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့ တပည့်တွေအားလုံးရဲ့အရေအတွက်ကို သွားပြီးရေခဲ့။"
"ဂိုဏ်းချုပ်။"
လီချင်းယန် ပြောလိုက်သည်။ "သိုင်းတပည့် ထိပ်ဆုံးအဆင့်ကို ရောက်နေတဲ့ တပည့်တွေအားလုံးက စုစုပေါင်း ၆၇ယောက်ရှိပါတယ်။"
လီချင်းယန် သည် အမှန်ပဲ ဂိုဏ်းအတွင်း ကိစ္စများအားလုံးကို စီမံခန့်ခွဲရသူ ပီသလှ၏။ ဂျူနီယာညီလေးများ၏ ကျင့်ကြံခြင်းအဆင့်များကို တိကျကျ သိရှိနေ၏။
"များလွန်းတယ်။ မျှဝေပေးဖို့ မလုံလောက်ဘူးပဲ"
ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ဆေးပင်တွေပိုပြီး ရှာဖွေရမယ်။
ဘုန်း။
အပြင်ဘက်ဆီမှတော့ ကျယ်လောင်လှသော အသံကြီးတစ်ခု ပေါ်ထွက်လာသည်။
မူလအားဖြင့် ဟူရန်မြို့သို့ ခရီးထွက်ရန် ပြင်ဆင်ထားသော သူသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဒီလူက အထဲကို ဝင်လာလို့ မရဘူးဆိုပေမယ့် အဝင်ဝကနေ ငါတို့ ထွက်လာလို့ မရအောင်ပိတ်ထားနိုင်တယ်။"
သူသည် ဟူရန်မြို့တွင်ရှိသော မိုးစွေ ဟောခန်းမှ အဖွဲ့ဝင်များအား အသံပို့လွှတ်၍ ပြောဆိုနိုင်စွမ်းရှိ၏။ သို့ပေမဲ့ ကျန်းရာဆိုသည့်လူအား ရှောင်ရှား၍ သွားရမည့် နည်းလမ်းကို သူ မစဉ်းစားနိုင်ချေ။
မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။ ထိုအရာမှာ အလွန်တရာ ကြီးမားသော ပြဿနာကြီးတစ်ခုဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် နဂါးစိမ်းလခြမ်းဓားမော့၏ အကူအညီဖြင့် သိုင်းဘုရင်တစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု မိမိကိုယ်ကို မထင်ထားချေ။
"ခေါင်းကိုက်စရာပဲ။"
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင် ထိုင်၍ သူ၏ ကုပ်ပိုး ကို ပွတ်သပ်လိုက်၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ သိုင်းဘုရင်တစ်ယောက်ကို နိုင်အောင် တိုက်ခိုက်နိုင်တယ်ဆိုရင်တောင်မှ နတ်ဆိုးမိစ္ဆာဂိုဏ်းက ဒီထပ်ပိုပြီး ကျွမ်းကျင်တဲ့လူတွေကို ထပ်လွှတ်ဦးမှာပဲ။”
ဟင်း။
ကွျှင်းချောင်ရှောင်း ပြောလိုက်၏။ "အားအင်အဆင့်"
သူသာ သိုင်းဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်မည်ဆိုလျှင် နဂါးစိမ်းလခြမ်းဓားမော့ကို ကိုင်ဆောင်လိုက်ပါက နတ်ဆိုးမိစ္တာဂိုဏ်းအား ကြောက်ရွံ့နေစရာ မလိုတော့ပေ။
“အားဟား။”
ထိုအချိန်မှာပဲ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း လှည့်ကြည့်လိုက်ချိန်မှာတော့ သူ၏အသိုက်ထဲတွင် ပျင်းရိစွာဖြင့် သန်းဝေလျက်ရှိသော မီးနဂါးလေးအား မြင်လိုက်ရ၏။
မီးနဂါးလေးသည် ဆောင်းခို အိပ်စက်နေခြင်းမှ နိုးထလာပုံပေါ်သည်။
"ဒီကောင်လေး နောက်ဆုံးတော့ နိုးလာပြီကို။"
ဝှစ် …. ဝှစ်။
ရုတ်တရက်ဆိုသလိုပဲ အလွန်အမင်း ပူပြင်းလှသော မီးတောက်တစ်ခု ထွက်ပေါ်လာသည်။
ထိုမီးတောက်သည် မီးနဂါးလေးအား ဖုံးလွမ်းနေသည်သာမက ၎င်း၏ အသိုက်အမြုံကိုပင် တစ်ခါတည်း လောင်ကျွမ်းသွားစေသည်။
အခန်းထဲတွင်ရှိသော အပူချိန်သည်လည်း ချက်ချင်းဆိုသလိုပဲ မြင့်တက်လာ၏။
ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ နောက်သို့ ဆုတ်လိုက်သည်။ ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ မီးတောက်များ ဖုံးလွမ်းနေသော နဂါးလေးအား ကောက်ပွေ့လိုက်သည်။
ထို့နောက် ပြတင်းတံခါးကို ဖွင့်ကာ ခုန်ထွက်လိုက်၏။
အပြင်ဘက်တည်နေရာသို့ ရောက်ရောက်ချင်းမှာပဲ နဂါးလေး၏ ခန္ဓာကိုယ်ရှိ မီးတောက်များသည် နှစ်မီတာမှ သုံးမီတာသို့ မြင့်တက်ကာ ပိုမို၍ တောက်လောင်လာသည်။
ကံကောင်းစွာဖြင့် ကျွင်းချောင်ရှောင်းသည် သခင်ဖြစ်သောကြောင့် နဂါးလေးဆီမှ မီးအပူများသည် သူ့အား မသက်ရောက်ပေ။
ထို့ကြောင့် မြန်မြန်ဆန်ဆန်ပဲ အပြင်ဘက်ဆီသို့ ခေါ်ဆောင်လာနိုင်ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်နိုင်သည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်ပါက စာကြည့်ခန်းတစ်ခုလုံး မီးလောင်ကျွမ်းသွားနိုင်၏။
"ကောင်းကင်ဘုံ … ဒီမီးတောက်ကြီးက ဘာကြီးလဲ။”
“ဂိုဏ်းချုပ်က မီးဓာတ်သဘာဝ သိုင်း နည်းစနစ်တစ်ခုကို ကျင့်ကြံနေတာဖြစ်နိုင်တယ်။"
အနားမှ ဖြတ်လျှောက်သွားသော တပည့်များသည် ကျွင်းချောင်ရှောင်း၏ လက်ဆီမှ ထွက်ပေါ်နေသော ကြီးမားလှသော မီးတောက်လှိုင်းကြီးကို မြင်ရချိန်မှာတော့ မျက်လုံးထဲ၌ မနာလိုမှု၊ ချီးကျူးမှုများ နှင့် ပြည့်နက်သွားသည်။
သို့ပေမဲ့ သူတို့မသိသည်မှာ ဤမီးတောက်များသည် နဂါးလေးဆီမှ ထွက်ပေါ်နေခြင်းဖြစ်၏။ ကျွင်းချောင်ရှောင်း နှင့် ဘာမှ မသက်ဆိုင်ပေ။
အတွင်းခြံဝန်း၏ သိုင်းလေ့ကျင့်ရေးကွင်းပြင်ဆီသို့ ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဤကောင်လေးအား အလယ်တည်နေရာသို့ ပစ်လွှတ်လိုက်တော့၏။
ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ တီးတိုးရေရွတ်လိုက်၏။ "ဘာအကြောင်းမှ မရှိဘဲ မီးတွေ ဘာလို့ ထုတ်နေရတာလဲ။"
စနစ်မှ ပြောလိုက်သည်။ "ဒါက သန္ဓေပြောင်းလဲတိုးတက်တာ ဖြစ်လိမ့်မယ်။"
"သန္ဓေ တိုးတက်ပြောင်းလဲတာ ဟုတ်လား။"
စနစ်မှ ရှင်းပြလိုက်သည်။ "အထူးသားရဲတွေက ဆောင်းခိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပြီးတဲ့နောက်မှာ သန္ဓေပြောင်းလဲမှု စတင်တယ်။သူတို့ရဲ့ အားအင်အဆင့်ကလည်း အများကြီး တိုးတက်သွားနိုင်တယ်။"
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။
ပိုက်ဆံများစွာကို သုံးစွဲပြီးသည့်နောက်မှာတော့ သူ သားဖောက်ထားသော သားရဲလေးသည် သန္ဓေပြောင်းလဲကာ အဆင့်တိုးတက်ပေတော့သည်။ စိတ်ချမ်းသာစရာ ကောင်းလွန်လှသည်။
ဟူး … ဟူး။
အလွန်တရာတောက်ပ ပူလောင်သော မီးတောက်များသည် ဆက်လက်ဖြစ်ပေါ်နေ၏။
အတွင်းခြံဝန်းထဲရှိ အပူချိန်သည် အလွန်တရာမြင့်တက်လာသည်။
စုရှောင်မိုသည် ဘာတွေဖြစ်နေမှန်းမသိသောကြောင့် ထွက်ကြည့်လာသည်။ ပြီးနောက် မြန်မြန်ပဲ သူ၏ အခန်းဆီသို့ ပြန်ပြေးတော့၏။
ထို့နောက်မှာတော့ သူလျှော်ထားသော ဂိုဏ်းဝတ်စုံများကို ယူလာပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် တိုင်များထောက်၊ ကြိုးများချည်၍ အဝတ်များ လှန်းတော့သည်။
ထိုအရာကို မြင်တော့ လီဖေးနှင့် တစ်ခြားသူများသည်လည်း အခွင့်အရေးကောင်းကို လက်မလွှတ်ခံချင်သည့်ပုံဖြင့် အဝတ်အစားများ ၊ လျှော်ထားသည့် တခြားအဝတ်များကို ယူလာကြ၏။
အချိန်တိုအတွင်း သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် တိုင်များ၊ ကြိုးများနှင့် ပြည့်နှက်သွားပြီး ဂိုဏ်းဝတ်စုံများ ၊ အိပ်ယာခင်းများ၊ အဖြူရောင် အတွင်းခံများကိုတောင် တဖွေးဖွေးဖြင့် မြင်နေရတော့သည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွား၏။
ငါ့ရဲ ပဋိညာဉ်သားရဲက သန္ဓေပြောင်းလဲနေတာလေ။မင်းတို့က ဘယ်လိုလုပ် အဝတ်လာလှမ်းနေရတာလဲ။ ဒီထက်ပိုပြီးတော့ လေးလေးနက်နက် အလုပ်လုပ်လို့ မရဘူးလား။
ဟူး ဟူး။
အလွန်တရာ တောက်လောင်လှသော မီးတောက်များသည် ဆက်လက်၍ ထွက်ပေါ်နေ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် မနေ့က အောင်ပွဲတွင် ဖိုခဲ့သော မီးဖိုကြီးနှင့်ပင် ဆင်တူနေသည်။
"မနေ့ကသာ ဒီကောင်နိုးလာမယ်ဆိုရင် ထင်းတွေ တော်တော် သက်သာမှာပဲ။" ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိ၏။
မီးနဂါးလေးသည် မီးတောက်များဖြင့် ဖုံးလွှမ်းလျက်ရှိသည်။
နာရီ အတော်ကြာ ကျွမ်းလောင်ပြီး ညရောက်ချိန်သို့ ရောက်ချိန်မှာတော့ တောက်လောင်နေသည့် မီးတောက်များသည် စတင်၍ လျော့ကျလာ၏။
"သန္ဓေပြောင်းလဲမှုက ပြီးသွားပြီ။" စနစ်မှ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အလွန်တရာ စိတ်ဝင်စားသော အမူအရာများဖြင့် တစ်လက်လက်တောက်ပနေသည်။
သူ၏ ပဋိညာဉ်သားရဲသည် သန္ဓေပြောင်းလဲပြီးနောက်မှာ မည်သို့ ပြောင်းလဲသွားမည်ဆိုသည်ကို သူ အလွန်အမင်း သိချင်နေမိ၏။
သို့ပေမဲ့ မီးအပူချိန်များ လျော့ကျသွားသည်ဆိုသော်လည်း မီး၏ အဟုန်မှာ နှစ်မီတာမှ သုံးမီတာနီးပါးအထိတော့ ရှိနေသေး၏။
သို့သော်လည်း နဂါးလေး၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီ ဖြစ်သည်။
၎င်းသည် ခန္ဓာကိုယ်အားဖြင့် အရင်ကထက်ပို၍ အနည်းငယ်ကြီးမားလာ၏။
ဟူး ဟူး ဟူး။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ နဂါးခေါင်းလေးတစ်ခုသည် ထွက်ပေါ်လာသည်။
နှာခေါင်းးနှစ်ပေါက်ဆီမှ အသက်ရှူထုတ်သည့် အရိပ်လက္ခဏာများ ပေါ်ထွက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးရှိ မီးတောက်များသည် ထွက်သွားလိုက် ဝင်သွားလိုက်နှင့် ရှိနေတော့၏။
ညမှောင်မှောင်ထဲမှာတော့ မီးတောက်များ၏ အလင်းသည် ကျဆင်းလာပြီး နဂါးလေး၏ ခန္ဓာကိုယ်သည်လည်း ပုံမှန်အတိုင်း အနီရောင် သတ္တဝါအဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။
ဝူး …။
သန္ဓေပြောင်းလဲပြီးသည့်နောက်မှာတော့ နဂါးလေးသည် သူ၏ ဦးခေါင်းကို မော့ကာ ဟိန်းလိုက်တော့သည်။
နဂါးလေး ၏ အသံသည် သံမဏိအရိုးဂိုဏ်း၏ ကောင်းကင်ယံထက်၌ ဖုံးလွှမ်းသွားတော့သည်။
ဟမ်။
အကာအကွယ် အစီအရင်အား ကြည့်လျက်ရှိသော ကျန့်ရာသည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဒီသံမဏိအရိုးဂိုဏ်းထဲမှာ အစောင့်အရှောက်သားရဲတစ်ကောင် ရှိနေတာလား။"
နဂါးအော်သံသည် တပည့်များအား အလန့်တကြားဖြစ်စေ၏။
အားလုံးသည် သူတို့၏ အခန်းဆီမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီးနောက် မီတာဝက်ခန့်ကြီးမားလှသော သားရဲတစ်ကောင်သည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ရပ်လျက်ရှိနေသည်ကို အားလုံးမြင်လိုက်ရသည်။
ထိုသတ္တဝါသည် မြွေနှင့် ဆင်တူလှသည်။
"ဒါ …. ဒါက"
စုရှောင်မို ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
"နဂါးလေးပဲ။"
လီဖေးသည် သူ၏ ဦးခေါင်းကို အသာကိုင်ကာ ပြောလိုက်သည်။ "သူနိုးလာပြီကိုး ဒါပေမဲ့ ဘာလို့ အကောင်ကြီးသွားတာလဲ။"
ထျန်းချီ သည် နေရာမှာ လဲပြိုမလို ဖြစ်သွားသည်။ "ခုနတုန်းက မီးတောက်တွေက ဒီကောင် ထုတ်လွှတ်လိုက်တာလား။"