အခန်း (၃၀၈)
Vol. 21 Ch. 308
လအနည်းငယ်ကြာ အိပ်စက်ပြီးသည့်နောက်မှာတော့ နဂါးလေးသည် သူ၏ သန္ဓေပြောင်းလဲမှု ပြည့်စုံသွားခဲ့ပြီဖြစ်သည်။
သူ၏ ခန္ဓာကိုယ်သည် လက်ဝါးတစ်ခုအရွယ် အရွယ်အစားမှ နေ၍ တစ်မီတာကျော်ကြီးမားသော သားရဲ တစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ပထမတုန်းက သူ၏ ခန္ဓာကိုယ်မှာ သေးငယ်လွန်းသောကြောင့် လူများသည် သူ့ကို ကင်းလိပ်ချော နှင့် တူသည်ဟု မှတ်ချက်ပေးကြသည်။
ယခုအချိန်မှာ အနည်းငယ် ကြီးထွားလာသည်။ သို့ပေမဲ့ ခန္ဓာကိုယ်သည် အလွန်တရာ ချောမွေ့နေသောကြောင့် မြွေတစ်ကောင်နှင့်တူသည်ဟု မှတ်ချက်ပေးပြန်သည်။
နဂါးလေးသည် ခြေလေးချောင်းရှိပြီး ခြေလေးချောင်းတွင် သိမ်းငှက်ကဲ့သို့ လက်သည်းငါးခု ပါဝင်သောကြောင့် မြွေတစ်ကောင် ဖြစ်လိမ့်မည်ဟု ကျွင်းချောင်ရှောင်း မထင်ပေ။
စနစ်မှ ပြောလိုက်သည်။ "ဒီကောင်က မီးနဂါးရဲ့ပုံစံနဲ့မတူဘူး။"
"ဟုတ်တယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ်မှ ပြောလိုက်၏။ "ခန္ဓာကိုယ်ပုံစံအရဆိုရင် နဂါးတစ်ကောင်နဲ့ ဆင်တူတယ်။ဒါပေမဲ့ လက်သည်းတွေကို ကြည့်မယ်ဆိုရင် ဒါက ဒဏ္ဍာရီလာ လက်သည်းငါးချောင်း နတ်ဘုရားနဂါးနဲ့ ပိုပြီးတူတယ်။"
"လက်သည်းငါးချောင်း နတ်ဘုရားနဂါးဟုတ်လား။"
ကျွင်းချောင်ရှောင်း ကြောင်သွား၏။
ကျွင်းချောင်ရှောင်း အရင်ဘဝတုန်းက ကြားဖူးခဲ့၏။ လက်သည်းငါးချောင်း နတ်ဘုရားဆိုသည်မှာ အင်ပါယာများ၏ နန်းဝတ်နန်းစား ဝတ်စုံများတွင် အထိမ်းအမှတ်အဖြစ် ရေးထိုးရသည့် အင်ပါယာနဂါးပင် ဖြစ်သည်။
"ကျင့်ကြံခြင်းလောကမှာ လက်သည်းငါးချောင်းနဲ့ နဂါးကို နတ်ဘုရားလို့ ခေါ်တယ်။သူက နဂါးတွေရဲ့ ဘုရင်ပဲ။"
"မင်းဆိုလိုချင်တာက ငါ သားဖောက်ခဲ့တဲ့ နဂါးဥလေးက နတ်ဘုရား နဂါးလေးအဖြစ် သန္ဓေပြောင်းလဲခဲ့တယ်လို့ ဆိုလိုတာလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
စနစ်မှ ပြောလိုက်၏။ "ဒါက ခန့်မှန်းချက် သက်သက်ပဲ။ လက်သည်းငါးချောင်း နတ်ဘုရားနဂါးဖြစ်တယ်ဆိုတဲ့ တိကျတဲ့သက်သေမျိုး မရှိဘူး။အကြိမ်အနည်းငယ် သန္ဓေပြောင်းလဲပြီး မီးနဂါး ပြန်ဖြစ်သွားရင် ဘယ်လို လုပ်မလဲ။"
"...."
ကျွင်းချောင်ရှောင်း ဆွံ့အသွား၏။
သူသည် ဤသို့သောကိစ္စများကို မဖြစ်ချင်ပေ။ ထို့အပြင် နတ်ဘုရားနဂါးနှင့် မီးနဂါးတို့ကြား အဆင့်ကွာခြားချက်သည် အလွန်တရာ ကြီးမားလှသည် မဟုတ်လော။
ဂွီ။
သန္ဓေပြောင်းလဲပြီးပြီးချင်းမှာပဲ နဂါးလေး၏ ဝမ်းဗိုက်ကလေးထဲမှ ဆန္ဒပြသည့် အသံများ ထွက်ပေါ်လာသည်။
သူသည် သူ၏ သခင်အား သနားသဖွယ် ကြည့်လိုက်၏။ သူသည် အလွန်တရာ ဆာလောင်နေ၏။
"သွားကြစို့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သွားစားရအောင်"
ဝှစ်။
နဂါးလေးသည် သူ၏ ခြေပုတိုလေး လေးခုနှင့်အတူ အပြင်ဘက်ခြံဝန်းဆီမှ စားသောက်ခန်းဆီသို့ ပြေးတော့သည်။
အလွန်တရာ မြန်ဆန်လွန်းသောကြောင့် မီးတန်းတစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ထင်မှတ်မှားရသည်။
ချီးထဲမှ။
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားရသည်။ "ဒီကောင်ပြေးတာ မြန်လှချည်လား။"
စနစ်မှ ပြောလိုက်သည်။ "ဒီကောင်လေးက သန္ဓေတိုးတက်ပြောင်းလဲပြီးတဲ့နောက်မှာ အော်ရာတွေကလည်း မြင့်တက်လာတယ်။ သိုင်းဆရာ အလယ်အလတ်အဆင့်ကို ရောက်ရှိသွားပြီနဲ့တူတယ်။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွား၏။
သူ့တွင် စနစ်ရှိ၏။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်အား အတင်းချိုးဖြတ်နိုင်ခဲ့သည်။ အထူးတာဝန်များကို ပြည့်စုံပြီးနောက်မှာသူသည် အားအင်စိုက်မှု အနည်းငယ်ပြုလုပ်လိုက်ရုံဖြင့် ကျင့်ကြံခြင်းအဆင့် တိုးမြင့်သွားခဲ့သည်။
သို့ပေမဲ့ ဤကောင်လေးမှာ လအနည်းငယ် အိပ်ပြီး နိုးလာသည်နှင့် ကျင့်ကြံခြင်းအဆင့် တိုးတက်သွားခဲ့သည်။ သိုင်းဆရာ အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။မည်မျှ မနာလိုစရာ ကောင်းလိုက်သနည်း။
.......
နဂါးလေး နိုးထလာပြီး သန္ဓေပြောင်းလဲသွားသည်ကို မြင်ရချိန်မှာတော့ ကျွင်းချောင်ရှောင်း အလွန်တရာ ပျော်ရွင်မိ၏။
သို့ပေမဲ့ စုရှောင်မိုနှင့် တစ်ခြားသူများအတွက်တော့ ကြီးမားလှသည့် ကပ်ဘေးကြီးပင် ဖြစ်တော့သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် စားစရာ အသားမရှိတော့ပေ။
နောက်တစ်ရက် စားသောက်ခန်းကို ရောက်ချိန်မှာတော့ သူတို့သည် တူများကို ကိုင်မြှောက်လျက်ရှိသည်။
နဂါးလေးသည် သူတို့၏ စားပွဲပေါ်သို့ ခုန်တက်လာပြီး မီးကဲ့သို့ နီနီရဲနေသည့် မျက်လုံးတစ်စုံဖြင့် အားလုံးအား ကြည့်ရှုနေ၏။
သူသည် တစ်ခုခု ပြောချင်နေပုံပေါ်သည်။ “မင်းတို့ပန်းကန်ထဲမှာ ရှိတဲ့ အသားတွေ အကုန်လုံးကို ငါစားချင်တယ်” ဟူ၍ပင် ဖြစ်ပေလိမ့်မည်။
စုရှောင်မို နှင့် တစ်ခြားသူများ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
အားလုံးသည် လိုလိုချင်ချင်နှင့် လက်ရုတ်ပေးလိုက်ကြသည်။
"ဒီကောင် ဘယ်အချိန် ထပ်ပြီး အိပ်မှာလဲ။"
ဝှစ် … ဝှစ်။
နဂါးလေးသည် သူ၏ ပါးစပ်ကို ဟ၍ ပန်းကန်ထဲတွင်ရှိသော အသားများကို ယူကာ တစ်ခုပြီးတစ်ခု စားသုံးတော့သည်။
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ စားပွဲပေါ်၌ အသီးအရွက်ဟင်းများမှလွဲ၍ တစ်ခြားမရှိတော့ပေ။
ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ လုချင်းချင်း ဝင်လာ၏။
နဂါးလေးသည် အလွန်တရာအေးစက်လှသော အမျိုးသမီး၏ မျက်လုံးနှင့် ဆုံချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ အအေးဓာတ်များနှင့် ထိန်းချုပ်ခံလိုက်ရသည့် နာကျင်မှုမျိုးကို သတိရသွား၏။
မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ချောင်တစ်ခုဆီသို့ ပြေးသွားသည်။ အမြှီးများသည် ၎င်း၏ ခြေထောက်ကြားထဲတွင် လိမ်ကုပ်လျက်ရှိနေသည်။
နောက်တစ်ရက် စားသောက်ချိန်မှာတော့ စုရှောင်မို နှင့် တစ်ခြားသူများ အားလုံးသည် သင်ခန်းစာ ယူပြီးဖြစ်၏။
သူတို့၏ စီနီယာအစ်မကြီး စားသောက်ခန်းသို့ သွားသည့်အချိန်မှ အလျင်အမြန်လိုက်၍ စားသောက်ကြသည်။
ထင်ထားသည့်အတိုင်းပင် စီနီယာအစ်မကြီးပေါ်လာသည်ဆိုသည်နှင့် တစ်ပြိုင်နက် အလွန်တရာ ဗိုလ်ကျသောဟန်ဖြင့် ပြုမူတတ်သည့် နဂါးလေးသည် အလျင်အမြန်ပဲ ထွက်ပြေးသွားတော့၏။
ကျွင်းချောင်ရှောင်းသည် ဤကောင်လေး တစ်ခြားသောသူတပည့်များ၏ အစားအသောက်များကို လုယူစားသောက်နေသည်ကို ဆက်လက်၍ မကြည့်နိုင်တော့ပေ။
ထို့ကြောင့် လျိုဝမ်ရှစ်အား ခေါ်၍ သူ့အတွက် သီးသန့် ချက်ပြုတ်စေသည်။
"ဂိုဏ်းချုပ်။"
လျိုဝမ်ရှစ်သည် နှုတ်ခမ်းဆူကာ ဖြင့် ပြောလိုက်သည်။ "နဂါးလေးရဲ့ စားချင်သောက်ချင်စိတ်က အရမ်းကြီးတယ်။သူက တစ်နေ့ကို အသားကြီးပဲ ပေါင်ခုနစ်ရာ ရှစ်ရာလောက်စားတာ။"
"အဲလောက်များလား။"
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။
သူ၏ လက်ရှိ ငွေကြေးအရင်းအမြစ်အရဆိုလျှင် နဂါးလေးအား ဗိုက်ဝအောင် ကျွေးမွေးဖို့အတွက် ပြဿနာတစ်ခု မဟုတ်ပေ။ သို့ပေမဲ့ ဂိုဏ်းတွင် အစားအသောက် များများပြားပြား သိမ်းဆည်းထားသည် မဟုတ်ပေ။
ထို့အပြင် သိုင်းဘုရင်တစ်ယောက်သည် အပြင်ဘက်ဂိတ်တံခါး၌ စောင့်နေသည်။
ဤအသားများအားလုံးကုန်ဆုံးသွားမည်ဆိုလျှင် မည်ကဲ့သို့ ဝယ်ရမည်နည်း။
"မဟုတ်ဘူး … မဟုတ်ဘူး။ ငါခိုးပြီး တောင်အနောက်ဘက်က ဆင်းပြီး မြို့ထဲအစားအစာတွေ ဝယ်မှဖြစ်မယ်။"
........
ညရောက်ချိန်မှာတော့ ကျန့်ရာသည် တောင်၏ ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသည်။
သူ၏ မျက်လုံးများသည် သွေးကဲ့သို ရဲရဲနီနေ၏။ ဤနေရာသို့ ရောက်ရှိသည်မှာ နှစ်ရက်တိတိရှိပြီးဖြစ်ပြီး သူသည် အကာအကွယ်အစီအရင်အား အကြိမ်ပေါင်းများစွာ ချိုးဖြတ်ခဲ့၏။ သို့ပေမဲ့ အစီအရင်သည် တစ်ချက်ကလေးမှ မပျက်စီးသွားခဲ့ချေ။
ဟူး … ဟူး။
သူ၏ နောက်ဘက်တွင်ရှိသော သိုင်းစစ်သူကြီး ဆယ်ယောက်တို့သည် မောပန်းလျက်ရှိနေသည်။
ထိုသူတို့အားလုံးသည် ကျန့်ရာအား ကူညီရန် ဂိုဏ်းခွဲမှူး စေလွတ်လိုက်သော သူများ ဖြစ်ကြ၏။ အားလုံးသည် မနက်စောစောကတည်းက ရောက်ရှိနေခြင်းဖြစ်၏။
သံမဏိအရိုးဂိုဏ်းမှ အကာအကွယ် အစီအရင်ဖြင့် စီရင်ထားသည်ကို မြင်တော့ သူတို့သည် ဆယ့်နှစ်နာရီ မှ ဆယ့်လေးနာရီအထိ အကာအကွယ် အစီအရင်အား ချိုးဖြတ်တိုက်ခိုက်ခဲ့ကြသည်။
သိုင်းစစ်သူကြီးနှင့် သိုင်းဘုရင်ကြားထဲတွင် ကွာခြားချက် ကြီးမားလှသည်ဆိုသော်လည်း သိုင်းစစ်သူကြီးဆယ်ယောက်၏ အားအင်သည် သိုင်းဘုရင် အဆင့်တစ် ကျင့်ကြံသူတစ်ယောက်၏ အားအင်နှင့် ဆင်တူလှ၏။
ဤမျှ ကြာသည်အထိ တိုက်ခိုက်ခဲ့သည် ဆိုသော်လည်း အကာအကွယ် အစီအရင်မှာ ဘာတစ်ခုမှ မဖြစ်ခဲ့ချေ။ ကြည့်ရသည်မှာ သံမဏိအရိုးဂိုဏ်း၏ အကာအကွယ် အစီအရင်သည် အလွန်တရာ အားကောင်းခြင်း ဖြစ်ပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် ပို၍ သက်တောင့်သက်သာ ခံစားနေမိ၏။
ဤကဲ့သို့ စွမ်းအားမြင့်လှသော အစီအရင်တစ်ခုအား ဖန်တီးပေးထားသည့် အတွက်ကြောင့် သူသည် မည်သည့် စိုးရိမ်ကြောင့်ကြမှုမှမရှိဘဲနှင့် အပြင်ဘက်သို့ ထွက်၍ လုပ်ချင်ရာ လုပ်နိုင်ပြီ ဖြစ်သည်။
အလွန်အမင်း အားကောင်းလှသည့် တစ်စုံတစ်ယောက်ကို အပြစ်ပြုမိခဲ့သည် ဆိုလျှင်တောင်မှ ဂိုဏ်းထဲ၌ အေးအေးဆေးဆေး ပုန်းအောင်းနေနိုင်သေး၏။
ချီးထဲမှ။
ကျန့်ရာသည် ဒေါသကြီး ပြောလိုက်သည်။
"ငါ တာဝန်ပေါင်းမြောက်များစွာကို အမြန်ဆုံးနှုန်းနဲ့ တာဝန်ပြည့်စုံအောင် လုပ်နိုင်ခဲ့တယ်။ အခု သေးငယ်လှတဲ့ ဒီသံမဏိအရိုးဂိုဏ်းလေးနဲ့ကျမှ ဒုက္ခရောက်နေရတယ်။"
“အရှင်။”
သိုင်းစစ်သူကြီးတစ်ယောက်ထဲမှ တစ်ယောက်သည် ပြောလိုက်သည်။
"ဂိုဏ်းခွဲမှူးကို သတင်းပို့ပြီး အစီအရင် ကျွမ်းကျင်တဲ့ ဆရာတစ်ယောက်ယောက်ကို ဒီကို လွှတ်ပေးဖို့ ပြောရမလား။"
ကျန့်ရာသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ "ဒီလို ကြမ်းတမ်းလှတဲ့ အားအင်တွေနဲ့ တိုက်ခိုက်တာ မရတော့ဘူးဆိုတော့ ငါတို့ အသိပညာကို အားကိုးမှ ဖြစ်မယ်။ဂိုဏ်းခွဲမှူးဆီ သတင်းပို့လိုက်။"
"ကောင်းပါပြီ။"
သိုင်းစစ်သူကြီးများထဲမှ တစ်ယောက်သည် အသာနောက်ဆုတ်ကာဖြင့် ရှုပ်ထွေးလှသည့် လက်စည်း သင်္ကေတများကို ပြုလုပ်ကာ သတင်းပို့လိုက်၏။
ဟမ်။
ထိုအချိန်မှာပဲ ကျန့်ရာသည် တစ်စုံတစ်ခုကို ခံစားမိလိုက်၏။ ပြီးနောက် အေးစက်စက်ရယ်လိုက်သည်။ "အမှိုက်လေး နောက်ဆုံးတော့ ထွက်လာပြီပဲ"
........
တောင်၏ နောက်ဘက် ချောက်ကမ်းပါးထဲမှာဝောာ့ ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းကို အသုံးပြု၍ ကျောက်တုံးများ ကြားတွင် ဟိုခုန်ဒီခုန် သွားလာလျက်ရှိသည်။
သူသည် နဂါးလေးအား ကျွေးမွေးရန်အတွက် အသားများကိုပမာဏများများ ဝယ်ယူရန် လိုအပ်နေ၏။
အဓိက တံခါးဂိတ်တွင် နတ်ဆိုးမိစ္တာဂိုဏ်း၏ တပည့်များက စောင့်ကြပ်နေသောကြောင့် သူသည် တပည့်များကို စေလွှတ်၍ မဖြစ်ချေ။ ထို့ကြောင့် တောင်အနောက်ဘက်မှ တိတ်တဆိတ် ထွက်ခွာခဲ့ခြင်းသာ ဖြစ်သည်။
စနစ်က ပြောလိုက်သည်။ "လက်ခံသူ သိသင့်တဲ့ အရာတစ်ခုကို ပြောရအုံးမယ်။"
"ပြောလေ။"
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးများပေါ်တွင် ခုန်ရင်းမှ ပြောလိုက်၏။
စနစ်မှ ပြောလိုက်သည်။ "သိုင်းဘုရင် အဆင့်ကို ရောက်ရှိပြီဆိုရင် စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ပြီးတော့ ထားနိုင်တယ်။ဒါဆိုရင် သင့်တော်လှတဲ့ အကွာအဝေးတစ်ခုအတွင်းမှာ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖုံးလွှမ်း ထားနိုင်တယ်။"
ဟမ်။
သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ရင်သွားသည်။ "မင်းဆိုလိုတာ သိုင်းဘုရင်က ဒီတောင်တစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ဖြန့်ကျက်ထားတယ်ဆိုရင် ငါ အပြင်ကို ထွက်တာနဲ့ သူသိပြီပေါ့။"
ဟူး … ဟူး။
ထိုအချိန်မှာတော့ အလွန်အားကောင်းလှသော စွမ်းအင်တစ်ခုသည် တောင်၏ အောက်ခြေမှ ရုတ်တရက် ဖြစ်ပေါ်လာသည်။
ကျန့်ရာသည် ပြင်းထန်လှသော လေလှိုင်းများနှင့် အတူ ပြေးလွှား ရောက်ရှိလာပြီး အေးစက်စက် ပြောလိုက်သည်။ "အမှိုက်လေး မင်း သေရတော့မယ့် အချိန်ရောက်ပြီ။"
သူသည် အစီအရင်ကို ချိုးဖြတ်၍ မဝင်နိုင်ဘူးဆိုသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို တော့ သံမဏိအရိုးဂိုဏ်းတစ်ခုလုံးသို့ ဖြန့်ကျက်ဖုံးလွမ်းထားခဲ့သည်။ တစ်စုံတစ်ခု လှုပ်ရှားလျှင် သူ ချက်ချင်း သိနိုင်သည်။
ထို့ကြောင့်ပင် သိုင်းဘုရင်တစ်ယောက်နှင့် ယှဉ်ပြိုင်ရာ၌ စနိုက်ပါရိုင်ဖယ်သည် အသုံးမဝင်ခြင်း ဖြစ်ပေလိမ့်မည်။
ချီးထဲမှ။
ကျန့်ရာ သူ့ဆီသို့ ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက်လာသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း ထိတ်လန့်သွားမိ၏။ ချက်ချင်းဆိုသလိုပဲ စိတ်ထဲမှာလည်း အော်ဟစ်မိလိုက်သည်။ "မင်း ဘာလို့ ငါ့ကို စောစောက မပြောတာလဲ။"
စနစ်မှ ပြောလိုက်သည်။ "ငါလည်း ခုမှ သတိရတာလေ။"
ရွှီ …. ရွှီ။
ကျွင်းချောင်ရှောင်းသည် တိမ်ခြေလှမ်းအား အသုံးပြုပြီး ဘယ်မှညာသို့ အဆက်မပြတ် ပြေးလွှားလျက်ရှိသည်။
ကျန့်ရာ၏ မျက်နှာသည် ပြောင်းလဲသွားသည်။
ဤအကောင်သည် သိုင်းစစ်သူကြီးအဆင့် ဒုတိယတစ်ယောက်သာ ဖြစ်သော်လည်း ထုတ်သုံးလိုက်သော လှုပ်ရှားမှု နည်းစနစ်မှာ မဆိုးလှချေ။
သူ၏ လက်ရှိအမြန်နှုန်း အရဆိုလျှင် တစ်ဖက်လူ အစီအရင်ထဲသို့ ပြန်လည်ဝင်မပြေးနိုင်ခင် အမြန် ဖမ်းနိုင်မှ ဖြစ်လိမ်မည်။
ဟူး။
စဉ်းစားနေတုန်းမှာပဲ ကျန့်ရာသည် သူ၏ လက်များကို ဆန့်တန်းပြီး လက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်လိုက်၏။
အလွန်တရာ အားကောင်းလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် စုစည်းလာပြီး ထူးဆန်းသည့် အလင်းတန်းတစ်ခု ဖြစ်တည်လာသည်။
"ဝိညာဉ်ဖမ်းခြင်း။"
ရွှီ ..။
အလင်းတန်းသည် သူ၏ လက်ဝါးကြားမှ ဖြစ်တည်လာပြီး ထူးဆန်းသည့် အလင်းတန်းအဖြစ် ထွက်ခွာသွားတော့သည်။
ကျွင်းချောင်ရှောင်းသည် လှည့်ကြည့်လိုက်ပြီး ထိတ်လန့်စွာအော်ဟစ်လိုက်မိ၏။
"ချီးထဲမှ …. ဒါ ဘာကြီးတုန်း။"
သို့ပေမဲ့ သူသည် များများစားစားတွေးတောရန် အချိန်မရှိပေ။ ထို့ကြောင့် တောင်ထိပ်သည့် ရောက်အောင် အားကုန်ခုန်လိုက်သည်။
ထူးဆန်းသည့် အလင်းတန်းသည် သူ၏ အနောက်ဘက်ဆီမှ လိုက်ပါလျက်ရှိသည်။
အား အား။
ကျွင်းချောင်ရှောင်းသည် ခွေးရူးတစ်ကောင်ကဲ့သို့ လျှာထုတ်၍ အကာအကွယ် အစီအရင်ရှိရာ နေရာဆီသို့ အားရပါးရ ပြေးလွှားနေမိ၏။
သို့ပေမဲ့ ထူးဆန်းသော အလင်းတန်းများ၏ ပွတ်တိုက်သွားမှုကြောင့် ဘောင်းဘီ ပေါက်သွားကာ ဖင်တစ်ခုလုံး နီမြန်းနေသည်။
ဘန်း ဘန်း ဘန်း။
ကျွင်းချောင်ရှောင်း၏ ဖင်ကို ပွတ်တိုက်၍ ထွက်သွားသော အလင်း စွမ်းအင်လှိုင်းများသည် အကာအကွယ် အတားအဆီး အစီအရင်အား ထိမှန်သွားသည်။