← Chapters

အခန်း (၃၁၃)

Vol. 22 Ch. 313

အခန်း (၃၁၃)

Vol. 22 Ch. 313

ကျန့်ရာသည် သိုင်းဘုရင်တစ်ယောက်၏ ဂုဏ်သိက္ခာကို ခုခံကာကွယ်သည့်နေရာတွင် အလွန်ပင် ပြင်းထန်လှသည့် ကြွေး‌ကျော်မှုကို ပြုလုပ်ခဲ့သည်။

"ကောင်းပြီ။"

ကျွင်းချောင်ရှောင်းသည် စိတ်ရှည် သည်းခံမှု မရှိတော့ပေ။

ထို့ကြောင့် ရှုံးပေးကတ်ပြားအား သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူ၍ ညာလက်ကို မြှောက်လိုက်သည်။

“ဟား ဟား ဟား။”

ကျောက်စိမ်း‌ပြားပေါ်ရှိ အရှုံးပေးစမ်း ဆိုသည့် စာလုံးအား မြင်သည့်အချိန်မှာတော့ ကျန့်ရာသည် အားရပါးရ ထ၍ ရယ်လိုက်မိ၏။ "ကောင်လေး မင်း ဘာတွေ လုပ်ချင်နေတာလဲ။"

"အရှုံးပေးစမ်း။" ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို အော်လိုက်၏။

ရွှီး ။။။။။

ကျောက်စိမ်းပြားပေါ်ရှိ အရှုံးပေးစမ်း ဆိုသည့် စာလုံးနှစ်လုံးသည် အဖြူရောင်အလင်းတန်းများနှင့် လင်းခနဲ ဖြစ်သွားသည်။

ပြီးနောက် ထိုအလင်းတန်းများသည် ကျန့်ရာ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားတော့သည်။

ဟမ်။

ကျန့်ရာ၏ အပြုံးများသည် အေးခဲသွား၏။

အရှုံးပေးစမ်း .. အရှုံးပေးစမ်း … အရှုံးပေးစမ်း။

ထိုအသံသည် သူ၏ နားထဲတွင် အထပ်ထပ် ပဲ့တင်ထပ်ကာ ပေါ်နေသည်။

ကျန့်ရာ၏ မျက်နှာတစ်ခုလုံးသည် ပျက်ရွင်းသွားရ၏။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ အလွန်တရာ ပြင်းထန်လှသော ချုပ်နှောင်ခြင်းအားအင်များသည် ရူးရူးမူးမူး စီးဆင်းလျက်ရှိနေသည်။

ထိုအရာသည် သူ၏ ခန္ဓာကိုယ် အား ထိန်းချုပ်ကာ မြင့်မြတ်လှသောသူ၏ ဦးခေါင်းအား ငုံစေရန် အတင်း တွန်းအားပေးလျက်ရှိနေ၏။

နောက်ဆုံးမှာတော့ သူသည် အံကိုတင်းတင်းကြိတ်၍ တင်းမာစွာပြောလိုက်သည်။ "ကျေးကျွန်ကျန့်ရာက အရှင့်ကို နှုတ်ဆက်ပါတယ်။"

ဤကဲ့သို့ စကားမျိုးကို ပြောချင်သည်မဟုတ်ကြောင်း သူကျိန်းသေပေါက် ကျိန်ဆိုရဲ၏။ သို့ပေမဲ့ သူ၏ ပါးစပ်များသည် သူ လုပ်ချင်သည့်အရာနှင့် ထပ်တူမကျခဲ့ပေ။

ထို့ကြောင့် တွေးနေသည်ကတစ်ခု ပါးစပ်ထဲက ထွက်လာသည်က တစ်ခု ဖြစ်နေသည်။

လျိုဝမ်ရှစ်သည် တုန်လှုပ်သွားမိ၏။

စောနက ထိုလူသည် သံမဏိအရိုးဂိုဏ်းအား အမှိုက်ဂိုဏ်းတစ်ခုဖြစ်ကြောင်းနှင့် ဂိုဏ်းသည် သူကဲ့သို့ ဘုရင်တစ်ပါးအား လက်ခံထားနိုင်သည့် အဆင့်အတန်းတွင် မရှိကြောင်း တင်းတင်းမာမာနှင့် ပြောဆိုခဲ့သည်။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ဂိုဏ်းချုပ်အား အရှင်ဟုပင် သုံးစွဲခေါ်ဝေါ်လျက်ရှိနေပြန်သည်။

ဟုတ်ပေသည်။

သူ ပြောခဲ့သည့် စကားအတိုင်းသာ ပြုလုပ်ရမည် ဆိုပါက နောက်အနာဂတ်တွင် သူ၏နာမည်သည် ကျန့်ရာမဟုတ်ဘဲ ကျွင်းရာဟု ဖြစ်သွားပေလိမ့်မည်။

သို့ပေမဲ့ ကျန့်ရာသည် သူ၏ မျိုးရိုးနာမည်ကို ကျန့်ဖြစ်ဖြစ် ၊ ကျွင်းဖြစ်ဖြစ် စိတ်မဝင်စားချေ။

သူ၏ စိတ်ထဲတွင် အထပ်ထပ်အော်ဟစ်နေသည်ကတော့ “ဘာတွေဖြစ်နေတာလဲ ငါ့ကို ပြောစမ်း” ဟူ၍သာ ဖြစ်သည်။

ရွှီ … ရွှီ။

ချုပ်‌နှောင်ထား‌သော ချိန်းကြိုးများ ဖယ်ရှားပြီးသည့်နောက်မှာတော့ သူသည် လွတ်လပ်သွားသည်။

ကျန့်ရာသည် သူ၏အားနည်းလှသော လက်များကို မြှောက်၍ သူ၏ မျက်နှာအား ဖြတ်ရိုက်ချင်စိတ်ပေါ်နေ၏။ သို့ပေမဲ့ သူ၏လက်များသည် သူ၏ စိတ်စေခိုင်းချက်အတိုင်း မလှုပ်ရှားပေ။

သူ၏လက်သီးကို ဆုပ်ကာ ခက်ခက်ခဲခဲပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် သခင်။"

ချီးကို ကျေးဇူးတင်ပါလား။ ငါ ပြောချင်တာ အဲ့တာ မဟုတ်ဘူး။

ထိုအချိန်မှတော့ ကျန့်ရာ၏ အတွေးများသည် အလွန်တရာ ရိုးရှင်းလှ၏။

သို့ပေမဲ့ မမြင်ရသော ထူးဆန်းသည့် အားအင်တစ်ခုသည် ကျွင်းချောင်ရှောင်း၏ စကားကို လိုက်နာစေရန် သူ့အား အတင်းတွန်းအားပေးနေသည်။

ထိုအရာသည် စတိုးဆီမှ ဝယ်ယူထားသော အရှုံးပေးသည့် အရာကြောင့်ပင်ဖြစ်လိမ့်မည်။

မည်မျှ တောင့်ခံနိုင်ပါစေ … အလွန်ခိုင်မာသည့် စိတ်စွမ်းအင်ကို ပိုင်ဆိုင်သူ ဖြစ်ပါစေ …. တောင့်ခံထားရန် မဖြစ်နိုင်ပေ။

အရှုံးပေး အမိန့်ပြားဆီမှ ထွက်ပေါ်လာသော စွမ်းအင်များနှင့် ရစ်ပတ်ချုပ်နှောင်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ သူသည် အမိန့်များကို လိုက်နာရန်သာ ရှိတော့၏။

ကျန့်ရာသည် ကျွင်းချောင်ရှောင်း၏ စကားကို နာခံရုံကလွဲ၍ တခြားဘာတစ်ခုမှ မတတ်နိုင်တော့ဘူး ဆိုလျှင်တောင်မှ သူ့အနေနှင့် စိတ်ထဲမှာတော့ အလွန်အမင်း တင်းမာစွာဖြင့် ခုခံနေမိသေးသည်။

ကျုပ်ရဲ့ ခန္ဓာကိုယ်ကိုပဲ ရမယ်။ကျုပ်ရဲ့ စိတ်ကိုတော့ ရမှာ မဟုတ်ဘူး။

ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်ပေ။

တစ်ဖက်လူသည် သူ၏အမိန့်များကို နာခံသည်ဆိုသည် နှင့် လအနည်းငယ်အတွင်း သူ၏ ဂိုဏ်းအတွင်းသို့ လိုလိုချင်ချင် နှင့် ဝင်လာစေရန် စည်းရုံး နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

"လာခဲ့။"

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ခြေတစ်ဖက်တင်၍ ထိုင်ကာ ပြောလိုက်သည်။ "နတ်ဆိုးမိစ္ဆာဂိုဏ်းက ဘာလို့ ကျုပ်ကို ပစ်မှတ်ထားနေတာလဲ ဆိုတဲ့အကြောင်းကို အကုန်လုံး ပြောပြ။"

အရင်တုန်းကဆိုလျှင် ကျန့်ရာသည် မည်သည့်စကားကိုမှ ပြောဆိုလိမ့်မည် မဟုတ်ချေ။ သို့သော် အထူးသော စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်သွားပြီးနောက်မှာတော့ အရာအားလုံးကို သူ ထုတ်ဖော်ပြောဆိုမိနေ၏။

အလွန်တရာ ရိုးရှင်းပြီး အသေးစိတ်လည်း ကျလှ၏။

သူသည် အံ့အားမသင့်ဘဲ မနေနိုင်ချေ။ အဘယ်တုန်းက သူသည် စကားကို ချောချောမွေ့မွေ့နှင့် ရိုရိုသေသေ ပြောဆိုသွားတတ်သနည်း။

ကျန့်ရာ၏ ပြောစကားများအရ အရှေ့တောင်ရန်ကျူး၏ ဂိုဏ်းခွဲမှူးသည် ၎င်းအား တာဝန်တစိခု ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိခဲ့၏။

တာဝန်သည် သံမဏိအရိုးဂိုဏ်းအား ဖျက်စီးရန်နှင့် သံမဏိအရိုးဂိုဏ်းထဲရှိ လက်နက် စိတ်ဝိညာဉ်ပါသော ဓားမော့အား ယူဆောင်လာရန် ဖြစ်သည်။

သို့ပေမဲ့ သူ မျက်မှောင်ကုတ်လိုက်မိ၏။ "ဒါပဲလား။"

"ကျုပ် က ကျန့်ကျား ရွာလေးမှာ တိတ်တဆိတ်နေထိုင်တဲ့လူလေ။ ဒါကြောင့် ဌာနခွဲနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို မသိဘူး။"

ကျန့်ရာသည် နှလုံးသားထဲမှာတော့ အော်ဟစ်ငိုယို‌မိနေ၏။ ဤစကားများကို သူ အမှန်ပင် မပြောချင်ပေ။သို့ပေမဲ့ သူ၏ ပါးစပ်အား သူ မထိန်းချုပ်နိုင်ပေ။

ဪ။

ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။

"ခင်ဗျားက ဘာလို့ ကျန့်ကျား ရွာမှာ တစ်ယောက်တည်းသွားနေရတာလဲ။"

မောက်မာလှသော သိုင်းဘုရင်ဆိုသည်မှာ အလွန်တရာ မြင့်မားလှသော အဆင့်အတန်းနှင့်အတူ အစေခံများ၏ပြုစုမှုအောက်တွင် ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းသင့်သည် မဟုတ်လား။ အဘယ့်ကြောင့် ရွာလေးတစ်ရွာ၌ တိတ်တဆိတ် နေထိုင်နေရသနည်း။

ကျိန်းသေပေါက် နောက်ခံဇာတ်ကြောင်း ရှိသော လူတစ်ယောက် ဖြစ်ပေရမည်။

"အဲ့ဒါက ကျူပ် ရဲ့အိမ်မလို့ပါ" ကျန့်ရာသည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်သည်။

"အိမ် ဟုတ်လား"

ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ခင်ဗျားရဲ့ ဇာတ်ကြောင်းကို ပြောပြပါအုံး။"

ကျန့်ရာ၏ ဇာတ်လမ်းသည် အလွန်တရာ ရှုပ်ထွေးလှသည်။ သူသည် တစ်ခြားသူတစ်ယောက်ကို မည်သို့သော အခါကမှ မပြောပြဖူးချေ။

သူ၏ အတိတ်ဇာတ်လမ်းကြောင်းများနှင့် ပတ်သက်၍ သူ၏ ဂို‌ဏ်းခွဲမှူး တောင်မှ မသိရှိခဲ့။

အခုအခါ အလွန်တရာ ဆန်းကြယ်လှသော စွမ်းအင်များ၏ ထိန်းချုပ်မှုအောက်တွင်တော့ သူသည် ကလေးဘဝမှစ၍ အရွယ်ရောက်သည်အထိ ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးကို ကျွင်းချောင်ရှောင်းအား ထုတ်ဖော်ပြောဆိုနေမိ၏။

လျိုဝမ်ရှစ်သည် ထိုစကားများကို ပြောဆိုပြီးသည့်နောက်မှာတော့ မျက်လုံးဝိုင်းကြီးဆီမှ ကျဆင်းလာသော မျက်ရည်များကို သုတ်ကာ ပြောလိုက်သည်။ "အစ်ကိုကြီးက အရမ်းသနားဖို့ ကောင်းတာပဲ။"

ကျန့်ရာ ငြိမ်သက်သွားမိ၏။

အတိတ်ကကိစ္စတွေအား ပြောဆိုပြီးသည့်နောက်မှာတော့ သူသည် ဒေါသထွက်နေသည်ဆိုလျှင်တောင်မှ သူ၏ခံစားချက်များကို ဖိနှိပ်ထားနိုင်စွမ်း ရှိသွားပြီဖြစ်၏။

"သူ့ကို နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့တပည့်တစ်ယောက်လို့ ထင်ထားတာ။ အခု ကြည့်ရတာ ဂိုဏ်းအတွက် သီးသန့်အလုပ်လုပ်ပေးတဲ့ သီးသန့်လူတစ်ယောက်လို ဖြစ်နေတာကိုး။သူက နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အသုံးပြုချင်တာကြောင့် ဂိုဏ်းထဲကို ဝင်ပြီး အလုပ်လုပ်နေတဲ့ လူတစ်ယောက်နဲ့ဆင်တူတယ်။ဒီလူရဲ့အားအင်အဆင့်က မဆိုးဘူး။ ပြီးတော့ သူက အစစ်အမှန် မိစ္ဆာဂိုဏ်းသားတစ်ယောက်လည်း မဟုတ်ပြန်ဘူး။လက်ခံသူအနေနဲ့ သူ့ကို အကြီးအကဲတစ်ယောက်အဖြစ် ခေါ်ယူဖို့ ကြိုးစားသင့်တယ်။" စနစ်မှ အချက်ပေးလိုက်၏။

ကျွင်းချောင်ရှောင်း ပြောလိုက်၏။ "ငါလည်း အဲဒါကို တွေးနေတာပဲ။"

ကျန့်ရာ၏ ဇာတ်ကြောင်းကို နားထောင်ပြီးသည့်နောက်မှာတော့ သူသည် ကျေးကျွန်တစ်ယောက်အဖြစ် ခန့်အပ်ရန် မကြိုးစားတော့ပေ။ ထိုအစား အကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်ရန် စဉ်းစားနေမိ၏။

ထို့အပြင် သိုင်းဘုရင်ဟူသော ဂုဏ်ပုဒ်သည် ထိုသို့သော ရာထူးကို လက်ခံရန် အရည်အသွေးရှိသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ခင်ဗျားအနေနဲ့ နတ်ဆိုးမိစ္ဆာဂိုဏ်းသားအနေနဲ့ တကယ့်ကို တာဝန်ကျေပွန်ပြီး အောင်မြင်အောင် ပြုလုပ်နိုင်တယ် ဆိုရင်တောင်မှ သူတို့တွေက ခင်ဗျားရဲ့အစ်မကို ရှာဖွေပေးမှာ မဟုတ်ဘူး။ အဆုံးသတ်မှာ ခင်ဗျားက သူတို့ရဲ့ လူသတ်လက်နက်တစ်ခုပဲ ဖြစ်လာလိမ့်မယ်။"

ကျန့်ရာသည် နာနာကျင်ကျင်နှင့် ပြုံးကာ ပြောလိုက်သည်။ "တစ်ယောက်နဲ့တစ်ယောက် အသုံးပြုနေတယ်လို့ပဲ စဉ်းစားလို့ရတယ်လေ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

"တစ်ဖက်လူတွေရဲ့ နည်းလမ်းကို အသုံးပြုပြီး ခင်ဗျားရဲ့အစ်မကို ရှာနိုင်မယ်လို့ ထင်နေတာလား။ ခင်ဗျားရဲ့အစ်မကို ရှာဖို့ တစ်ခြားနည်းလမ်းတွေကို အသုံးပြုလို့ရသေးတယ်ဆိုတာကို မစဉ်းစားမိဘူးလား။"

"ဘာနည်းလမ်းလဲ။" ကျန့်ရာ မေးလိုက်သည်။

သူ အမှတ်မထင် မေးမြန်းလိုက်သည်ဆိုသော်လည်း မျက်လုံးထဲမှာ မျှော်လင့်ချက် ရောင်ခြည်များဖြင့် လင်းလက်သွား၏။

ကျန့်ရာ၏ အစ်မသည် ကျန့်ရာ ၏ ဘဝတွင် အရေးအကြီးဆုံးဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။ ထိုအစ်မသည် ကျန့်ရာ၏ အားနည်းချက်လည်း ဖြစ်သည်။

ထိုကဲ့သို့ သိနေသည်ဆိုလျှင်တောင်မှ ဂိုဏ်းထဲသို့ ဝင်ရောက်ရန် မသိမ်းသွင်းနိုင်လျှင် သူ မည်မျှ ညံ့လိုက်မည်နည်း။

သူသည် မည်ကဲ့သို့ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သနည်း။ ဝိညာဉ်ကူးပြောင်းလာသော လူတစ်ယောက်သာဖြစ်၏။ ထိုကြောင့် လူများနှင့် ပတ်သက်သည့် အတွေ့အကြုံသည် အလွန်တရာ များပြားလှသည်။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ ခန္ဓာကိုယ်အား အနည်းငယ် ကိုင်းကာ ပြောလိုက်၏။ "သံမဏိအရိုးဂိုဏ်းထဲဝင်ပြီး သံမဏိအရိုးဂိုဏ်းသားအဖြစ် နေထိုင်လိုက်။ဒါဆိုရင် ခင်ဗျားရဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ မိသားစုကို ရှာပေးမယ်။"

သာမန်အရဆိုလျှင် ကျွင်းချောင်ရှောင်းကို အထင်အမြင်သေးစွာဖြင့် ကျန့်ရာသည် ပြန်လည်ပြော‌ဆိုပေလိမ့်မည်။

အဆင့်သုံးဂိုဏ်းတစ်ခုတောင်မှ မလုပ်နိုင်တာ။ဒီလို အမှိုက်ဂိုဏ်းတစ်ခုက ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။

သို့ပေမဲ့ ထူးဆန်းလှသော ချုပ်နှောင်ခြင်း စွမ်းအင်များ ၏ အောက်မှာတော့ သူသည် ခက်ခက်ခဲခဲ ပြောလိုက်သည်။ "ကျုပ်အစ်မကို ကူညီပြီး ရှာပေးနိုင်လား။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်လိမ်တယ်လို့ ခင်ဗျားထင်ရင် ထင်မှာပေါ့။ဒါပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ ကျုပ် ကျွင်းချောင်ရှောင်းက တစ်ခြားသူတွေ မလုပ်နိုင်တဲ့ အရာတစ်ခုကို လုပ်နိုင်တယ်။ဥပမာအားဖြင့်"

သူသည် ခဏရပ်တန့်ကာ ပြောလိုက်သည်။

“ခင်ဗျားလို အလွန်အားကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်တဲ့ သိုင်းဘုရင်တစ်ယောက်တောင် လက်ရှိအချိန်မှာ ကျုပ်ကို ဦးညွှတ်နေရတယ် မဟုတ်လား။ဒါ ဘာကြောင့်လဲ။"

ဤစကားကို ကြားတော့ ကျန့်ရာသည် တိတ်ဆိတ်ငြိမ်သက်သွားမိသည်။ သူသည် ထူးဆန်းလှသောစွမ်းအင်များကို ချုပ်နှောင်ခံရသည်ဆိုသော်လည်း လွတ်လွတ်လပ်လပ်တော့ တွေးတောနိုင်စွမ်းလည်း ရှိသေး၏။ ထို့ကြောင့် သူသည် စဉ်းစားတွေးတောနေမိ၏။

သူသည် အဘယ့်ကြောင့် အမှိုက်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်အား ဦးညွှတ်နေရသနည်း။

မှော်ပညာတစ်မျိုးလား မဖြစ်နိုင်ဘူး … မဖြစ်နိုင်ဘူး။

သူသည် မိစ္ဆာဂိုဏ်းသားတစ်ယောက် မဟုတ်ဘူးဆိုသော်လည်း ထိုကဲ့သို့သောလူမျိုးနှင့် အချိန်အတော်ကြာ ပတ်သက်ဆက်နွယ်ခဲ့ရသူဖြစ်၏။ ထို့ကြောင့် တားဆီးထားသည့် မှော်နည်းစနစ်များအားလုံးကို သူသိရှိသည်။

ယခုကဲ့သို့ တစ်ခြားသူများအား ထိန်းချုပ်နိုင်သည့် မှော်နည်းစနစ်မျိုးကို သူတစ်ခါမှ မ‌မြင်ဖူးသလို ကြားလည်း မကြားဖူးပေ။

ကျွင်းချောင်ရှောင်း မတ်တပ်ရပ်ကာ ပြောလိုက်သည်။ "ဒီအရာတစ်ခုတည်းနဲ့ ခင်ဗျားကို ဆွဲဆောင်လို့ မရဘူးဆိုရင် ခင်ဗျားဒီဆေးကို သောက်လိုက်။ဒါ‌ဆိုရင် ကျုပ်က သာမန်ထက် ထူးခြားတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို နားလည်သွားလိမ့်မယ်။"

ပြောပြောပြီးချင်း သူသည် အလယ်အလတ်အဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား ပစ်ပေးလိုက်၏။

ဤအရာသည် အမိန့်ပင်ဖြစ်၏။ ကျန့်ရာသည် မလိုချင်ဘူးဆိုသော်လည်း လက်က အလိုလို ဆေးလုံးအား လှမ်း၍ ဖမ်းလိုက်မိသည်။ ပြီးနောက် ပါးစပ်ထဲသို့ တစ်ခါတည်း ပစ်ထည့်လိုက်သည်။

ဝှစ်။

ဆေးလုံး၏ အစွမ်းများသည် အသက်ဝင်သွားမိသည့်နောက်မှာတော့ သူ၏ မရီဒန်များအားလုံးသည် မြန်မြန်ဆန်ဆန်ပဲ ကောင်းမွန်သွား၏။ ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်သော မီးလောင် ဒဏ်ရာများ နှင့် တစ်ခြားသောဒဏ်ရာများအားလုံးသည် အလွန်တရာ မြန်ဆန်သည့် နှုန်းထားဖြင့် ပြန်လည်ကောင်းမွန် သွား၏။

"ဒါ … ဒါက။"

ကျန့်ရာ၏ မျက်လုံးများသည် ထိပ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နက်သွားသည်။

သူ၏ သိုလှောင် လက်စွပ်ထဲတွင် များပြားလှသော ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများ ရှိနေ၏။

သို့ပေမဲ့ သောက်သုံးလိုက်သည်နှင့် ဤကဲ့သို့ မြန်မြန်ဆန်ဆန်နှင့် ပြန်လည်ကောင်းမွန်သော ဆေးလုံးကို တော့ သူတစ်ခါမှ မမြင်ဖူးချေ။

"ငါ ကြားဖူးတယ်။"

ကျန့်ရာသည် မယုံကြည်နိုင်မှုဖြင့် ပြောလိုက်သည်။ "သခင် ပေးတဲ့ဆေးလုံးက အိုက်မိသားစုက လေလံတင်နေတဲ့ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးလား။ မဟုတ်သေးဘူး။ သိသလောက်ဆိုရင် အဲဆေးလုံးသည် အဆင့်နိမ်းဆေးလုံးဖြစ်ပြီး သိုင်းဘုရင်တစ်ယောက်ကို ပြန်လည်ကောင်းမွန်အောင် မလုပ်နိုင်ဘူး"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်ရဲ့ဆေးလုံးက အိုက်မိသားစုရဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးထက် တစ်ဆင့်မြင့်တဲ့ဆေးလုံးလေ။"

"....."

ကျန့်ရာ၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ခါသွားသည်။

ဤကဲ့သို့သောဆေးလုံးများသည် အဘယ့်ကြောင့် ပေါပေါများများ ရှိနေရသနည်း။ သို့မဟုတ် သူတံခါးပိတ်ကျင့်ကြံခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အပြင်လောကနှင့် အဆက်ပြတ်ပြီး လက်ရှိဖြစ်ပျက်နေသောအရာများအား မသိရှိခဲ့ခြင်းလည်းများလား။

All Chapters