အခန်း (၃၁၅)
Vol. 22 Ch. 315
ကျန့်ရာသည် ချောက်ထဲ လှိမ့်ကာ ဆင်းသက်လိုက်သည်။ သူ၏ ဒဏ်ရာများသည် ပို၍ အခြေအနေ ဆိုးရွားသွား၏။
သူသည် တမင်ရည်ရွယ်ချက် ရှိရှိဖြင့် ဂိုဏ်းချုပ်အား ချောက်ထဲမှ တွန်းချစေခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင်ရမည် ဖြစ်သောကြောင့် သူ အကောင်းဆုံး ပြုလုပ်မှဖြစ်မည်။ ထိုမှသာ နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲမှုး သည် ပြစ်ချက် ရှာမတွေ့နိုင်ဘဲ ယုံကြည်နိုင်ပေလိမ့်မည်။
“ဂိုဏ်းချုပ် …”
တောင်ပေါ်မှာတော့ လီချင်းယန် သည် စိတ်ပူသလို ပြောလိုက်သည် “သူ ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သူ့ရဲ့ ပျောက်ဆုံးနေတဲ့ အစ်မကို တကယ် ဂရုစိုက်တယ် ဆိုရင် ကျိန်းသေပေါက် ပြန်လာလိမ့်မယ်”
အဘယ့်ကြောင့် သူ ဤမျှ သေချာနေရသနည်း။
ချုပ်နှောင်ခြင်းစွမ်းအင်၏ ထိန်းချုပ်မှုကြောင့် မဟုတ်ပေ။ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးကို သောက်သုံးပြီးသည့်နောက် ကျန့်ရာသည် အလွန်ပင် အံ့အားသင့်မိပေလိမ့်မည်။ သူ့အား သာမာန်ထက် ထူးခြားသော ဂိုဏ်းချုပ်တစ်ယောက်မှန်း သိရှိသည်မို့ ကျိန်းသေပေါက် ပြန်လာမည်ဟု ယုံကြည်မိနေခြင်း ဖြစ်၏။
“ကျန့်ရာ ပြန်လာတဲ့အထိ စောင့်ကြတာပေါ့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါတို့ သံမဏိအရိုးဂိုဏ်းမှာ သိုင်းဘုရင် အကြီးအကဲ တစ်ယောက် ရှိခဲ့ပြီ”
စုရှောင်မို သည် နာနာကျင်ကျင် နှင့် ပြောလိုက်သည် “ဂိုဏ်းချုပ် .. ကျွန်တော် သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့တာလေ။ သူ တကယ်ပဲ အကြီးအကဲတစ်ယောက် ဖြစ်လာမယ် ဆိုရင် ကျွန်တော် အနာဂတ်မှာ ဘယ်လို ဆက်နေရမလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “မင်း ရှင်းချန်ကိုလည်း ရိုက်နှက်ခဲ့တာပဲလေ။ အခုထိ အသက်ရှင်နေသေးတယ် မလား”
“အဲလူက နတ်ဆိုးမိစ္ဆာဂိုဏ်းက လာတာလေ။ ဘယ်လိုလုပ်ပြီး ဂျုနီယာညီလေး နဲ့ နှိုင်းယှဉ်လို့ရမှာလဲ” စုရှောင်မို ပြောလိုက်သည်။
အရင်ဘဝတုန်းက ရီရှင်းချန်သည်သာ သိုင်းအင်ပါယာ တစ်ယောက်ဖြစ်ခဲ့မှန်း စုရှောင်မို သိသည်ဆိုရင် သူ၏ စိတ်အခြေအနေ ပြောင်းလဲသွားပေလိမ့်မည်။
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “အချိန်အတိုင်းအတာတစ်ခုထိ သံမဏိအရိုးဂိုဏ်း ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ရင် ကောင်းမယ်”
…….
တောင်ဂိတ်တံခါး၏ အပြင်ဘက်မှာတော့ …
သိုင်းစစ်သူကြီးဆယ်ယောက် နှင့် အစီအရင် ပညာရှင် နှစ်ယောက်တို့သည် ရှိနေတုန်းပင် ဖြစ်သည်။
ပထမတုန်းက သူတို့သည် အစီအရင်အား ချိုးဖျက်၍ ဝင်ရောက်သွားချင်သည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သိုင်းဘုရင်ကျန့် အား စောင့်နေကြခြင်း ဖြစ်သည်။ သိုင်းဘုရင်ကျန့် ပျောက်နေသည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲပြီ ဖြစ်၏။
“ဆယ်ရက်တောင် ကျော်ပြီ။ ဘာလို့ ပြန်မလာသေးတာလဲ”
“ဒုက္ခရောက်နေပြီလား”
“မဖြစ်နိုင်ဘူ။ အရှင်က သိုင်းဘုရင်လေ။ ချင်းယန်နိုင်ငံ မှာ သူ့ကို ဒုက္ခပေးနိုင် သူ ဆိုတာ မရှိဘူး”
သူတို့ သေချာဆွေးစေဉ်းစားကြည့်လေ ပို၍ စိတ်ပူပန်မိလေ ဖြစ်သည်။
ကျန့်ရာ တစ်ယောက် သံမဏိအရိုးဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဟု သူတို့ တစ်ကြိမ်တခါလောက်မှ မစဉ်းစားမိခဲ့ချေ။ သံမဏိအရိုးဂိုဏ်းသား ဖြစ်သွားသည် ဆိုသောအကြောင်းမှာ ပို၍ပင် အလှမ်းဝေးကွာသေး၏။
ဘုတ် ..။
ထိုအချိန်မှာတော့ အသံတစ်သံသည် သူတို့၏ အနောက်ဘက်မှ ပေါ်လာသည်။
အားလုံး တုန်လှုပ်သွားကြသည်။ လှည့်ကြည့်လိုက်တော့ အမဲရောင် ဝတ်စုံ နှင့် ကျင့်ကြံသူတစ်ယောက်သည် သွေးအလိမ်းလိမ်းဖြင့် ရှိနေ၏။
“အရှင် …”
သိုင်းစစ်သူကြီးများထဲမှ တစ်ယောက် က မှတ်မိသွားသည်။
အားလုံးသည် မြန်မြန်ပဲ ပြေးသွားပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသော ကျန့်ရာ အား သွားရောက် ကူညီလိုက်ကြသည်။
ကောင်းကင်ဘုံ .. ချင်းယန်နိုင်ငံတွင် သိုင်းဘုရင်တစ်ယောက်အား ဆိုးဆိုးရွားရွား ဒဏ်ရာ ရရှိအောင် ပြုလုပ်နိုင်သူ ရှိနေ၏။
“သံမဏိ … သံမဏိအရိုးဂိုဏ်းမှ ကျွမ်းကျင်သူ တစ်ယောက် ရှိတယ်။ …” ကျန့့်ရာ အားနည်းစွာ ပြောလိုက်သည် “မြန်မြန် …. ဂိုဏ်းခွဲမှုးဆီ ခေါ်သွားပေး”
သိုင်းစစ်သူကြီးများသည် နှောင့်နှေးမနေတော့ပေ။ ချက်ချင်းဆိုသလိုပဲ သူတို့၏ သိုင်းဘုရင်ကို မကာ ထွက်ခွာသွားကြတော့၏။
သိုင်းဘုရင်တစ်ယောက် အား ဤကဲ့သို့ အခြေအနေမျိုး ရောက်ရှိအောင် ရိုက်နှက်နိုင်ခဲ့သည် ဆိုတော့ သံမဏိအရိုးဂိုဏ်း တွင် ကျွမ်းကျင်သူ တစ်ယောက် ရှိနေမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်းထဲတွင် ထိုင်နေသည်။ နတ်ဆိုးမိစ္ဆာဂိုဏ်းသားများ ထွက်ခွာသွားကြောင်း သိရှိပြီးနောက် သူ၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားသည် “သရုပ်ဆောင် ကောင်းသားပဲ”
ကျန့်ရာ သာ ထိုစကားကို ကြားလျှင် ကျိန်းသေပေါက် သွေးအန်မိမှာ သေချာသည်။
သူသည် သရုပ်ဆောင်နေခြင်း မဟုတ်ပေ။ ရိုက်နှက်ခံထားရခြင်းကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားခြင်း ဖြစ်၏။
……
အရှေ့တောင် ရန်ကျူး၏ နတ်ဆိုးမိစ္ဆာဂိုဏ်းခွဲ မှာတော့ ……..
ကျန့်ရာ တစ်ယောက် ပြင်းထန်သော ဒဏ်ရာများ ရရှိလာသည်ကို မြင်တော့ ဂိုဏ်းခွဲမှုးသည် ဒဏ်ရာများအား အရင်ဆုံး ကုသရန် အမိန့်ပေးလိုက်သည်။
ဒဏ်ရာများ သက်သာသွားပြီးသည့်နောက် သူသည် လူကိုယ်တိုင် လာရောက်၍ မေးမြန်း၏ “မင်း ဘယ်လိုလုပ် ဒီလောက် ဆိုးရွားတဲ့ ဒဏ်ရာတွေ ရလာတာလဲ။ ဘယ်သူ လုပ်လိုက်တာလဲ”
ကျန့်ရာ အားပြတ်စွာ ပြောလိုက်၏ “အဘိုးအို တစ်ယောက်ကြောင့် ဒဏ်ရာ ရလိုက်တာပဲ။ ကျုပ်အထင် အရဆိုရင် သိုင်းဘုရင် ထိပ်ဆုံး ဒါမှမဟုတ် သိုင်းအုပ်စိုးသူ တစ်ယောက်တောင် ဖြစ်နိုင်တယ်”
“ဘာ …”
ဂိုဏ်းခွဲမှုးသည် တုန်လှုပ်သွားသည် “သိုင်းအုပ်စိုးသူ ဟုတ်လား”
ချင်းယန်နိုင်ငံမပြောနှင့် အရှေ့တောင်ရန်ကျုး ၏ ကောင်းကင်မြို့တွင်ပင် ရှားပါးသော သိုင်းကျင့်ကြံသူ အဆင့် ဖြစ်သော သိုင်းအုပ်စိုးသူ အဆင့် ဟုတ်လား။
“မင်း သေချာလို့လား” ဂိုဏ်းခွဲမှုး မေးခွန်းထပ်ထုတ်လိုက်၏။
ကျန့်ရာ ပြောလိုက်သည် “ပြိုင်ဘက်ရဲ့ အော်ရာ အရမ်းအားကောင်းလွန်းတယ်။ ကျုပ် သေချာကြည့်လို့မရဘူး။ ဒါပေမဲ့ တိုက်ခိုက်ချိန်မှာ သူက အားအင်အပြည့် ထုတ်ဖော်မထားတာ သေချာသည်။ ဒါတောင်မှ ကျုပ် ပြန်ပြီး မတိုက်ခိုက်နိုင်ဘူး”
ဂိုဏ်းခွဲမှုးသည် အတွေးနက်သွားမိသည်။
သူသည် ကျန့်ရာ၏ ဒဏ်ရာများအား သေချာစစ်ဆေးလိုက်သည်။ ဒဏ်ရာများမှာ ပြင်းထန်သည် ဆိုသော်လည်း အားကောင်းလွန်းသော တိုက်ခိုက်ချက်များကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ကြည့်ရတာ …”
သူ တီးတိုးရေရွတ်လိုက်သည် “အဲလူက မင်းကို သတ်ချင်ခဲ့ပုံမပေါ်ဘူး”
“အမှန်ပဲ”
ကျန့်ရာ ပြောလိုက်သည် “အဲအဘိုးအိုက ကျုပ်ကို အသက်ချမ်းသာပေးမယ်။ အနာဂတ်မှာ သံမဏိအရိုးဂိုဏ်း ကို လာမရှုပ်ဖို့ သတိပေးလိုက်တယ်”
ဂိုဏ်းခွဲမှုး မျက်မှောင်ကုတ်လိုက်သည် “အဲကျွမ်းကျင်သူက သံမဏိအရိုးနဲ့ ဘာသက်ဆိုင်နေတာလဲ။ အဲဂိုဏ်းက ဘိုးဘေးလား”
“ကျုပ်လည်း မသေချာဘူး” ကျန့်ရာ ပြောလိုက်၏။
တစ်ချို့သော စကားလုံးများသည် တိုက်ရိုက်ပြော၍ မသင့်တော်ပေ။ နားထောင်သူအား ကိုယ့်ဘာသာ စဉ်းစား အတည်ပြုနိုင်ရန် ပြောဆိုခြင်းက ပို၍ ထိရောက်သည်။
ဂိုဏ်းခွဲမှုးသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏ “ကြည့်ရတာ ဌာနချုပ်ကို သတင်းပို့ပြီး သိုင်းအုပ်စိုးသူ တစ်ယောက်လောက် လွှတ်ပေးဖို့ ပြောရမယ် ထင်တယ်”
“…….” ကျန့်ရာ …။
ဌာနချုပ်ကသာ သိုင်းအုပ်စိုးသူ တစ်ယောက်ကို စေလွှတ်လိုက်မည် ဆိုလျှင် သံမဏိအရိုးဂိုဏ်းတော့ အန္တရာယ်ကြီး ကျရောက်မှာ သေချာသည်။
“ဂိုဏ်းခွဲမှုး ….”
ထိုအချိန်မှာပဲ ဂိုဏ်းသားတစ်ယောက် သည် လျှောက်ဝင်လာပြီး ပြောလိုက်၏ “ဌာနချုပ်က သတင်းပို့လာတယ်”
ဂိုဏ်းခွဲမှုးသည် ဌာနချုပ်ဆီမှ ပို့လိုက်သော စာအား ယူဖတ်လိုက်သည်။ ပြီးနောက် နှာခေါင်းရှုံ့ကာ ပြောလိုက်၏ “ခွန်ဂိုဏ်းက တယ်ပဲ ငါတို့ နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့ မိုင်းတွင်းကို လုယူဖို့ စဉ်းစားရဲတယ်ပေါ့။ သူတို့ တော်တော် သွေးကောင်းတာပဲ”
“ခွန် ဂိုဏ်း ဟုတ်လား”
ကျန့်ရာ အံ့အားသင့်သွားသည် “အဲတာကလည်း အဆင့်သုံး ဂိုဏ်းတစ်ခု မဟုတ်လား”
ဂိုဏ်းခွဲမှုးက ပြောလိုက်၏ “ဌာနချုပ်က တပ်ကူလွှတ်ပေးဖို့ တောင်းထားတယ်။ သံမဏိအရိုးဂိုဏ်း ကိစ္စကို ခဏထားလိုက်အုံး။ မင်းကတော့ ကျန့်ကျားရွာ ပြန်ပြီး အနားယူနေလိုက်”
ပြောပြီးသည့်နောက် ဂိုဏ်းခွဲမှုးသည် ထွက်ခွာသွားရန် ပြင်လိုက်သည်။
“ဂိုဏ်းခွဲမှုး …”
ကျန့်ရာ ပြောလိုက်သည် “ကျုပ် ရှာဖို့ပြောထားတဲ့လူရဲ့ သတင်းလေးများ ရသေးလား”
“ဘာသတင်းမှ မရသေးဘူး”
ဂိုဏ်းခွဲမှုးသည် အလျှင်စလိုပြန်ပြောပြီး အလောသုံးဆယ် ဖြင့် ထွက်ခွာသွားသည်။
ကျန့်ရာသည် ဤမေးခွန်းအား အကြိမ်ပေါင်းများစွာ မေးမြန်းဖူးသည်။ ဂိုဏ်းခွဲမှုးသည်လည်း ဤအဖြေအား ထပ်တူညီစွာပင် အကြိမ်ပေါင်းများစွာ ပြန်ဖြေခဲ့၏။
ကျွင်းချောင်ရှောင်း၏ မြှောက်ထိုးပင့်ကော် သွေးခွဲစကား က သူ၏ နားထဲသို့ ပြန်လည် ဝင်ရောက်လာသည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ စကားများကို မကြားခဲ့လျှင်ပင် သူသည် နတ်ဆိုးမိစ္ဆာဂိုဏ်းအား ယုံကြည်ချက် ကင်းမဲ့နေပြီ ဖြစ်သည်။
ဘာပဲပြောပြော လက်ရှိအချိန်တွင် ခွန်ဂိုဏ်းအား ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ဂိုဏ်းခွဲမှုးသည် သံမဏိအရိုးဂိုဏ်းအား လွှတ်ပေးမည် မဟုတ်ချေ။
…….
နောက်တစ်ရက် ..
ကျန့်ရာသည် သူ၏ အားအင်ပြတ်လပ်နေသော ခန္ဓာကိုယ်ကြီးကို တရွတ်တိုက်ဆွဲကာ ခနော်ခနဲ့ အိမ်လေးဆီသို့ ပြန်လာလိုက်သည်
ထူးဆန်းလှသည်။ သူ တာဝန်ထမ်းဆောင်ပြီး ပြန်လာချိန်တိုင်းတွင် စိတ်မငြိမ်သက်မှုကို ခံစားခဲ့ရသည်။ လက်ရှိအချိန်တွင်တော့ အမှန်ပင် တည်ငြိမ်နေ၏။
အိပ်ရာပေါ် လှဲပြီးသည့်နောက် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကို ထုတ်ယူကာ သောက်လိုက်သည်။
သူ၏ ဒဏ်ရာများသည် မြန်မြန်ဆန်ဆန်ပဲ ပြန်လည်ကောင်းမွန်သွားသည်။ အားမာန်အပြည့်ပြန်လည် ဖြစ်တည်လာသည်ကို ခံစားမိတော့ ကျန့်ရာသည် ပိုမို၍ တုန်လှုပ်မိ၏။
“ဒီလို အစွမ်းမျိုးရှိတဲ့ ဆေးလုံးကို ဖော်စပ်နိုင်တယ် ဆိုတာ သံမဏိအရိုးဂိုဏ်းချုပ် က မရိုးရှင်းတာ သေချာတယ်”
သူ တီးတိုးရေရွတ်လိုက်၏ “သူ့ဆီမှာ အစ်မကြီးကို ပြန်ရှာပေးနိုင်မယ့် နည်းလမ်းရှိပါစေလို့ မျှော်လင့်မိတယ်”
ပြောပြီးသည့်နောက် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို ထုတ်ယူကာ သောက်လိုက်သည်။
သူ၏ မရီဒန်၊ သွေးနှင့် အရေပြား တို့အားလုံးသည် ပို၍ အားအင် တိုးတက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် ပို၍ တိုးတက်ကောင်းမွန်လာသလို သူ၏ အားအင်အဆင့်သည်လည်း တိုးလာ၏။
ကျန့့်ရာသည် အိပ်ရာမှ ခုန်ထပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးသည် အဆင့်နှစ် သိုင်းဘုရင် တစ်ယောက် သောက်သုံးတာတောင်မှ အစွမ်းပြနေသေးသည်။ သာမာန်ထက် ထူးခြားလွန်းသော ဆေးလုံး ပီသပေသည်။
“ငါ သံမဏိအရိုးဂိုဏ်းကို ပြန်ရမယ်။”
ည ရောက်ချိန်မှာတော့ ကျန့်ရာသည် ကျန့်ကျားရွာလေးမှ ထွက်ခွာလိုက်သည်။
မနက် မိုးမလင်းခင် အချိန်မှာတော့ သူသည်သံမဏိအရိုးဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ ဤနေ့သည် ဂိုဏ်း၏ ပထမဆုံး ဂိုဏ်းတွင်း သိုင်းပြိုင်ပွဲ ကျင်းပမည့်နေ့လည်း ဖြစ်၏။