အခန်း (၃၁၈)
Vol. 22 Ch. 318
ကျွင်းချောင်ရှောင်းသည် ကျန့်ရာအတွက် သီးခြားခြံဝန်းတစ်ခုကို စီစဉ်ပေးခဲ့၏။
ထို့အပြင် အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့် အကြီးအကဲနှင့် ထိုက်တန်လှသော ထောက်ပံ့မှုများကို ထောက်ပံ့ရမည်ဖြစ်သည်။
နောက်တစ်ရက်မှာတော့ ….
ကျန့်ရာသည် နိုးထလာပြီးနောက်မှာတော့ သူ၏ နာကျင်မှုများသည် ပျောက်ကွယ်သွားသည်ကို သိရှိလိုက်မိ၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် နေသာထိုင်သာ ဖြစ်နေ၏။ အားအင်များသည် မနေ့ကထက်ပို၍ အားကောင်းနေ၏။
သူ အနည်းငယ် ကြောင်အနေသည်။ "ဒါက ကြွက်သားတည်ဆောက်ခြင်းအခန်းကြောင့်ပဲ ဖြစ်ရမယ်။"
သူသည် အမြန်အဆန်ပဲ အပြင်ခြံဝန်းသို့ သွား၏။ လေ့ကျင့်ရေးခန်းမဆီသို့ သွားရန် ပြင်လိုက်၏။
သို့ပေမဲ့ သူ ထွက်လျှောက်သွားလိုက်ချိန်မှာတော့ သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲတွင် ထူးဆန်းလှသော တေးဂီတသံတစ်ခု ထွက်ပေါ်နေသည်ကို ကြားလိုက်ရသည်။
"သဲကန္တာရကို ဖြတ်လျှောက်ပြီး ကိုယ်ကိုယ်ကိုယ် ဘာလဲဆိုတာ ရှာဖွေရန်။ …ငါနဲ့အတူ လိုက်ပါလာတာက ….”
"...."
ကျန့်ရာသည် ပါးစပ်အဟောင်းသားနှင့် မြင်ကွင်းကို ကြည့်မိနေသည်။ သူသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။
ထိုအချိန်မှာတော့ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ပေါ်မှာ ဂိုဏ်းချုပ်သည် ရှေ့ဆုံးမှ မတ်မတ်ရပ်လျက်ရှိပြီး တပည့်ထောင်ချီတို့သည် ညီညီညာညာနှင့် စီတန်း မတ်တပ်ရပ်ကာ တေးဂီတအတိုင်း ကခုန်လျက်ရှိ၏။
ဖြောင်း ဖြောင်း။
ကျန့်ရာသည် သူ၏ မျက်နှာကို ရိုက်ပုတ်ပြီး ပြောလိုက်၏။ "ဘာတွေ ဖြစ်ကုန်တာလဲ။"
ရှေ့ဆုံးမှ ကနေသော ကျွင်းချောင်ရှောင်းသည် သူထွက်ပေါ်လာသည်ကို မြင်လိုက်ချိန်မှာတော့ လက်ဖျောက်တီးကာ ပြောလိုက်သည်။ "အကြီးအကဲကျန့် မြန်မြန်လာ။မနက်ခင်းလေ့ကျင့်ခန်း လာလုပ်တော့။"
"ချီးတဲ့မှ။"
မနက်ခင်းစောစောစီးစီးတွင် တပည့်များကို ဦးဆောင်က ကခုန်နေတာ ဒါကို ခင်ဗျား မရှက်ဘူးလား။
ကျန့်ရာသည် ပြိုလဲတော့မလို ခံစားနေရသည်ဆိုသော်လည်း ဆင့်ခေါ်သည့် စွမ်းရည်၏ ထိန်းချုပ်မှုအောက်မှာတော့ သူသည် ခက်ခက်ခဲခဲဖြင့် အာလုံး၏ အရှေ့သို့ ရောက်ရှိလာ၏။ ပြီးနောက် ဂိုဏ်းချုပ် အတိုင်း ရှေ့မှ ဦးဆောင်ပြီး ကခုန်တော့သည်။
ပြောနေစရာကို မလိုပေ။ သိုင်းဘုရင်တစ်ယောက်သည် ကခုန်ရာ၌လည်း ကြည့်ကောင်းလှ၏။
မနက်ခင်းလေ့ကျင့်ခန်းများ ပြီးသည့်နောက်မှာတော့ ကျန့်ရာသည် လေ့ကျင့်ရေးခန်းမ၏ လှေကားထစ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး အကူအညီမဲ့စွာဖြင့် ပြောနေသည်။ "ငါ …. ငါ ဘာတွေ လုပ်ခဲ့တာလဲ။"
တကယ်တော့ ဘာမှမဟုတ်ခဲ့ပေ။ကခုန်ခဲ့ခြင်း သက်သက်သာ ဖြစ်သည်။
ထို့အပြင် ဤအရာသည် အစသာရှိသေး၏။ အနာဂတ်တွင် နေ့စဉ်နေ့တိုင်း မနက်ခင်းလေ့ကျင့်ခန်းဟူသည် ရှိနေမည် မဟုတ်လား။
ထိုသို့သော ကခုန်မှုသည် တစ်စုံတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာကျင့်ကြံခြင်းကို ပိုမိုအားကောင်းကြောင်း သိပါက လိုလိုချင်ချက်နှင့် လိုက်ပါကခုန်တော့မှာ သေချာသည်။
ဟူး။
ကျန့်ရာသည် စိတ်ကို တည်ငြိမ်အောင် ထားပြီးသည့်နောက်မှာတော့ လေ့ကျင့်ရေးခန်းမထဲသို့ ထပ်၍ ဝင်လာသည်။
ပြီးနောက် သူသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ၌ ရှစ်နာရီကြာကြာ အချိန်ဖြုန်းခဲ့၏။
နောက်ဆုံးမှာတော့ ပျော့ဖတ်နေသည့် ဂျယ်လီတစ်တုံးကဲ့သို့ အပြင်ဘက်သို့ လျောထွက်လာခဲ့သည်။
နောက်ဆုံးမှာတော့ သူ၏ အခြေအနေသည် ပြန်လည်ကောင်းမွန်သွား၏။ သူ၏ အားအင်အဆင့်သည် ပိုမို၍ သန်မာလာသည်။
လက်ရှိအချိန်မှာတော့ ကျန်းရာသည် ကြွက်သားတည်ဆောက်ခြင်း အခန်း၏ တန်ဖိုးကို နားလည်သွားခဲ့ပြီဖြစ်သည်။
သူသည် ပျောက်ဆုံးနေသည့် သူ၏ အစ်မကြီးကို စိတ်ပူပန်နေသည်သာ မဟုတ်လျှင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ ရူးသွပ်သူတစ်ယောက်ဟု သတ်မှတ်ရမည်ဖြစ်သည်။
သုံးရက်ကြာပြီးသည့်နောက်မှာတော့ ကျန့်ရာသည် အလွန်တရာ ရှက်ဖွယ်ကောင်းလှသော မနက်ခင်းလေ့ကျင့်ခန်းများနှင့် အသားကျနေပြီဖြစ်၏။
သူ၏ ခန္ဓာကိုယ်နှင့် အားအင်အဆင့်သည်လည်း ပိုမို၍ တိုးတက်လာခဲ့သည်။
ဘုန်း။
အားအင်စမ်းသပ်ခြင်းစက်ပေါ်သို့ လက်သီးနှင့် ထိုးချလိုက်သည့် အချိန်မှာတော့ ၁.၉၆သန်းဟူသော အားအင်အဆင့်ကို ပြသနေ၏။
သူသည် ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ၌ ခြောက်ရက်ကြာသာ လေ့ကျင့်ခဲ့ရသည်။
သို့ပေမဲ့ သူ၏ အားအင်အဆင့်သည် ၁.၉သန်းမှ ၁.၉၆သန်းသို တိုးတက်ခဲ့သည်။ ကြည့်ရသည်မှာ တစ်ရက်လျှင် ဂျင်တစ်သောင်းခန့် တိုးတက်သည်ဟုဆိုရမည်။
အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
ကျန့်ရာသည် ညဏ်အလင်းရသွား၏။ သံမဏိအရိုးဂိုဏ်းတပည့်တွေက ဒီလောက်အားကောင်းတယ်ဆိုတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ကွက်သားတည်ဆောက်ခြင်းအခန်းထဲမှ ဒူပေဓာပေခံအောင် လေ့ကျင့်ခဲ့ရတာကို။
ဆွစ်။
သူသည် လေ့ကျင့်ရေးခန်းမထဲမှ လျှောက်ထွက်လိုက်ချင်းချင်း မှာပဲ ဘောလုံးတစ်လုံးသည် သူ့ဆီသို့ ရောက်ရှိလာတော့သည်။
ဘုတ်။
ကျန့်ရာသည် လက်တစ်ဖက်ဖြင့် ဘောလုံးအား လှမ်းဖမ်းကာ ပြောလိုက်သည် "သံမဏိအရိုးဂိုဏ်းက တကယ့်ကို မရိုးရှင်းဘူးပဲ။ ဒီကို ဝင်လိုက်တာ ဆိုးရွားတဲ့ အရာတစ်ခုတော့ မဟုတ်ဘူး။"
ထိန်းချုပ်ခြင်း စွမ်းအင်မရှိတော့လျှင်တောင်မှ သူသည် သံမဏိအရိုးဂိုဏ်းထဲမှ ထွက်ခွာသွားရန် နှမျောနေမိတာ သေချာသည်။
သိုင်းဘုရင်တစ်ယောက်မပြောနှင့် ရီရှင်းချန်လို လူမျိုးတောင်လျှင် သံမဏိအရိုးဂိုဏ်းထဲမှ မထွက်ခွာချင်ပေ။ ထို့ကြောင့် အံ့အားသင့်စရာတော့ မလိုပေ။
ကျန့်ရာသည် သံမဏိအရိုးဂိုဏ်းတပည့်အဖြစ် အလုံးစုံ လက်ခံလိုက်ခဲ့ပြီဖြစ်၏။
သို့ပေမဲ့ သူ့အားရိုက်နှက်ခဲ့သည့် နဂါးလေးမှာတော့ လဝက်ခန့် အတွင်း အားနည်းနေတုန်းပင်ဖြစ်သည်။
"နဂါးလေး"
ကျွင်းချောင်ရှောင်း စိတ်ပူစွာ ပြောလိုက်သည်။ "ဘယ်အချိန်မှာ ပြန်ကောင်းမှာလဲ။"
ဝီ ….. ဂူ။
မီးနဂါးလေးသည် သူ၏ အသိုက်ထဲတွင် လှဲနေပြီး ပျင်းရိသော အော်သံတစ်ခုကို ထုတ်ဖော်လိုက်သည်။
သူ၏ သခင်ကို ပြောဆိုနေသည်မှာ “အဆင်ပြေပါတယ်။အနည်းငယ်လောက် နားလိုက်ရင် ကောင်းသွားလိမ့်မယ်” ဟူ၍ ဖြစ်သည်။
ထင်မှတ်ထားသည့်အတိုင်းပင် ရက်အနည်းငယ် ကြာပြီးသည့်နောက်မှာ နဂါးလေးသည် ပြန်လည်ကောင်းမွန်လာပြီး တက်တက်ကြွကြွနှင့် လန်းဆန်းလာတော့သည်။
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
သို့ပေမဲ့ အဓိကပြဿနာမှာ ရောက်ရှိလာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ပြန်လည်ကောင်းမွန်လာပြီးသည့်နောက်မှာ သူ၏ ပဋိညာဉ်သားရဲလေးသည် အားရပါးရ ပြန်လည် စားသောက်နေသောကြောင့်ပင် ဖြစ်၏။
ထို့အပြင် နဂါးလေး၏ စားချင်သောက်ချင်စိတ်သည် ပိုမို၍ပင် အားကောင်းလာသေးသည်။
"မဖြစ်သေးဘူး။ မဖြစ်ဘူး"
ကျွင်းချောင်ရှောင်းသည် တီးတိုး ရေရွတ်လိုက်မိ၏။ "ငါ အစားအစာတွေ လုံလုံလောက်လောက် ထောက်ပံ့ပေးမှ ဖြစ်လိမ့်မယ်။"
နဂါးလေး၏ တိုက်ပွဲဝင်ပုံစံသည် သိုင်းဘုရင်တစ်ယောက်ကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်ကို သိရှိပြီးသည့်နောက်မှာတော့ သူသည် နဂါးလေးအား ကောင်းကောင်းမွန်မွန် ကျွေးမွေးမှ ဖြစ်မည်ဟု နားလည်သွားမိ၏။
သို့ပေမဲ့ ဤအကောင်လေးသည် အလွန်တရာ စားနိုင်လွန်းလှ၏။ ထို့ကြောင့် အသားများကို ဝယ်ယူရခြင်းသည် အလွန်တရာ ငွေကြေးကုန်ကျသည်။
"ကောင်လေး။"
ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဂိုဏ်းတောင်၏ အတွင်းဘက်သို့ ခေါ်ဆောင်လာပြီး ပြောလိုက်သည်။
"မင်းဆီမှာ အခုလုံလောက်တဲ့ အားအင်ရှိတယ်။အနာဂတ်မှာ မင်းဘာသာမင်း ဒီကိုလာပြီး အစားအစာတွေ ရှာဖွေရမယ်။"
နဂါးလေးသည် ခေါင်းညိမ့်ကာ အနီရောင်အလင်းတန်းတစ်ခုအဖြစ် တောနက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
သူရောက်လာချိန်မှာတော့ ကြီးမားသောသားရဲရိုင်းများသည် ကပ်ဘေးကြီးကို ရင်ဆိုင်လိုက်ရပြီဖြစ်သည်။
ပဋိညာဉ်သားရဲအား ကျွေးမွေးပြီးသည်နောက် ကျွင်းချောင်ရှောင်းသည် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာ၏။ ပြီးနောက် သူသည် သူနှင့် သူ၏တပည့်များ အချိန်တိုအတွင်း ပိုမို၍ အားကောင်းလာစေရန် မည်သို့ပြုလုပ်ရမည်ဆိုသည်ကို ပြန်လည်၍ စဉ်းစားလိုက်မိ၏။
နတ်ဆိုးမိစ္တာဂိုဏ်းသည် သူ့အတွက် အလွန်ကြီးမားသည့် ကပ်ဘေးကြီးပင် ဖြစ်သည်။ သူ့တွင် တိုက်ပွဲရွေ့ဆိုင်းခြင်းကဒ်ရှိသည် ဆိုသော်လည်း သုံးလသာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် နေထိုင်နိုင်၏။
ထို့ကြောင့် နတ်ဆိုးမိစ္ဆာဂိုဏ်းအား ယှဉ်ပြိုင်နိုင်ရန် အလို့ငှာ ပိုမို၍ အားကောင်းလာစေရန် လိုအပ်နေသည်။
စနစ်မှ ပြောလိုက်သည်။ "ဒီအချိန်မှာ လက်ခံသူကို အကြံပေးချင်တာက အလယ်အလတ်အဆင့် စတိုးဆီမှ ပစ္စည်းကောင်းတွေကို ဝယ်ယူဖို့ပဲ။ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေကို တိုးမြှင့်နိုင်တဲ့ အစီအရင် ရှိနိုင်တယ်။"
"အဲတာက ရဖို့ လွယ်လား"
"ဒါက လက်ခံသူရဲ့ ကံတရားနဲ့ပဲ ဆိုင်တယ်။"
....
သူ့တွင်လည်း များပြားလှသည့် ဂိုဏ်းစုဆောင်းမှတ်များ ရှိသည်ဆိုသော် ကျွင်းချောင်ရှောင်းသည် သူ၏ ကံတရားကို စမ်းသပ်ပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိမှာတော့ သူ့တွင် ဂိုဏ်းစုဆောင်းမှတ် ၁၂၀၀ ရှိ၏။
အဘယ့်ကြောင့် သူ၏ ကံတရားကို စမ်းသပ်ရမည်နည်း။
"ဟုတ်ပြီ"
သူ ပြောလိုက်၏။ "အလယ်အလတ်စတိုးကို refresh လုပ်ဆိုရင် ဂိုဏ်းစုဆောင်းမှတ် ဘယ်လောက်ကုန်လဲ။"
"တစ်ရာမှတ်။" စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။
သူ၏ ကံသာ ဆိုးမည်ဆိုပါက ငါးကြိမ်ခြောက်ကြိမ်လောက်သာ တစ်ခါတည်း refresh လုပ်လျှင် ဂိုဏ်းစုဆောင်းမှတ်များ လုံလောက်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူနှင့် သူ၏ ဂိုဏ်း ပိုမို၍ သန်မာလာစေရန်ဆိုလျှင် သူ့အနေနှင့် ဂိုဏ်းစုဆောင်းမှတ်များကို ပိုမိုရရှိရန် လိုအပ်နေသေး၏။
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်သည်။ "တောင်တံခါးကို ဖွင့်ပြီးတော့ တပည့်တွေကို လက်ခံမှ ဖြစ်မယ်။"
သူသာ တပည့်များကို လက်ခံနိုင်မည်ဆိုလျှင် ဂိုဏ်းစုဆောင်းမှတ်တစ်ထောင်လောက် ရမှာဖြစ်မည်။
ထိုသို့ဆိုလျှင် ဂိုဏ်းတာဝန်သည်လည်း အသက်ဝင်သွားမှာဖြစ်ပြီး ဂိုဏ်းအောင်မြင်မှု အမှတ်များကို ထပ်မံရရှိပေသည်။
…….
သူသည် ပိုမိုများပြားသည့် အရင်းအမြစ်များကို ရရှိနိုင်ဖို့အတွက်တော့ အကြီးအကဲဝေကို အားကိုး ရပေဦးမည်။
ကျွင်းချောင်ရှောင်းသည် ဆေးဥယျာဉ်ဆီသို့ သွားလိုက်သည်။
အနားပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအင်များ ပိုမို သိပ်သည်းစွာ စုစည်းနေသည်ကို မြင်တော့ စိတ်ချမ်းသာသွား၏။
သံမဏိအရိုးဂိုဏ်းတည်ရှိရာ တောင်တစ်ခုလုံးသည် စိတ်ဝိညာဉ်စွမ်းအင်များနှင့် စုစည်းလျက်ရှိနေပြီး ရတနာကုန်းမြေတစ်ခုလို စတင်၍ဖြစ်တည်လာနေည်။
သို့ပေမဲ့ ဤအရာသည် အစပျိုးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဂိုဏ်း၏ စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာကောင်းမွန်လှပြီး တပည့်များစုပ်ယူနိုင်သည့် အခြေအနေထိ ရောက်ရှိနိုင်ပြီဆိုပါက ဂိုဏ်းသည်လည်း အချိန်တိုအတွင်း ပိုမို၍ တိုးတက်လာပေလိမ့်မည်။
"ဂိုဏ်းချုပ်။"
အကြီးအကဲဝေသည် ခန်းနားလှသော ခန်းမဆောင်လေးထဲတွင် ထိုင်၍ ပြောလိုက်သည်။
"စိတ်ဝိညာဉ်စွမ်းအင်တွေရဲ့ အရည်အသွေးအရ ဆေးပင်တွေကို လဝက်အတွင်း ရင့်မှည့်သွားအောင် စိုက်ပျိုးလို့ ရနေပြီ။"
ကျွင်းချောင်ရှောင်းသည် ဤအရာနှင့် ပတ်သက်၍ စိတ်မကျေနပ်သေးပေ။ ထို့ကြောင့် သူ မေးလိုက်သည်။ "ဆေးပင်တွေကို ဒီထက်နည်းနည်းပိုပြီးတော့ မြန်မြန် ရင့်မှည့်လာအောင် လုပ်လို့ ရနိုင်သေးလား။"
ဆေးပင်များ ပိုမို၍ ရင့်မှည့် လာလေ သူသည် ဆေးလုံးများကို ပိုမို၍ သန့်စင်လာနိုင်လေ ဖြစ်သည်။
ထိုသို့ဆိုလျှင် တပည့်များအားလည်း လုံလောက်သည့် အရင်းအမြစ်များအား ပေါပေါများများ ပေးနိုင်လိမ့်မည်။
အကြီးအကဲဝေသည် ခေါင်းကို ခါယမ်းလိုက်၏။ "ခြောက်ရက်ခုနစ်ရက်အတွင်း ရင့်မှည့်ချင်တယ်ဆိုရင်တောင် လုပ်ပေးနိုင်တယ်။ဒါပေမဲ့ ဆေးပင်တွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အရည်အသွေး တော်တော်ကြီး ကျဆင်းသွားလိမ့်မယ်။"
သူ ခန့်မှန်းထားသော ဆေးပင်နှင့် အရည်အသွေးကို ရဖို့ဆိုလျှင် အကောင်းဆုံးရင့်မှည့် ရန် အတွက် ပေးရမည့် အချိန်မှာ လဝက် အနည်းဆုံးဖြစ်၏။
ဤထက်ပို၍ မြန်ဆန်ချင်သည်ဆိုပါက စိတ်ဝိညာဉ်စွမ်းအင်များ၏ အရည်အသွေးကျဆင်းသွားတော့မှာ ဖြစ်သည်။
"ဒါဆိုရင် မေ့လိုက်တော့။"
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့် အရည်အသွေးရှိ ဆေးပင်များနှင့် ဖော်စပ်ထားသော ချီစုစည်းခြင်း ဆေးလုံးကိုသာ သန့်စင်ချင်သည်။ ထို့ကြောင့် အရည်အသွေးနိမ့်သော ဆေးပင်များကို မလိုချင်ပေ။
"အကြီးအကဲဝေ။"
သူ ပြောလိုက်၏။
"ဆေးပင်တွေက ရင့်မှည့်သွားပြီဆိုရင် အကြီးအကဲဝေနဲ့ ဆေးခန်းမဆောင်က လူတွေအားလုံးက ဆေးပင်တွေကို ခူးပြီးတော့ ဆေးဟောခန်းဆီမှာ သိမ်းထားလိုက်ပါ။ ကျုပ် အချိန်ရရင် ဆေးပင်တွေကို လာယူပြီး သန့်စင်လိုက်မယ်။"
"ကောင်းပါပြီ။" အကြီးအကဲဝေ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထရပ်ပြီး အဓိကဟောခန်းထဲသို့ ဝင်နေချိန်မှာပဲ ရုတ်တရက် ရပ်တန့် သွားသည်။ ပြီးနောက် သူသည် အဝေးတစ်နေရာသို့ လှမ်းကြည့်ပြီး အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ "အကြီးအကဲဝေ … အဲဒါ ဘာကြီးလဲ။"
အကြီးအကဲဝေသည် လက်ညိုးညွှန်ပြရာသို့ အသာလှမ်းကြည့်လိုက်၏။
အဝေးတစ်နေရာရှိ တောင်ကြားထဲမှာတော့ ရောင်စုံ တိမ်များသည် ဖြည်းဖြည်းချင်းမြင့်တက်လာပြီး စက်ဝိုင်းပုံစံမျိုး ဖြစ်တည်ကာ တည်နေရာတစ်ခုလုံးသို ပျံ့နှံ့နေ၏။ သေချာကြည့်မည်ဆိုလျှင် မိုးရွာပြီးနောက်တွင် ဖြစ်ပေါ်လာတတ်သော သက်တန့်နှင့်ပင် ဆင်တူသည်။
"ဒါက"
အကြီးအကဲဝေကြောင်သွား၏။ ပြီးနောက် ထအော်လိုက်မိသည်။ "စိတ်ဝိညာဉ်စွမ်းရည်တွေ ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာပဲ။"