အခန်း (၃၁၉)
Vol. 22 Ch. 319
ဆေးဥယျာဉ်နေရာမှ ကြည့်မည် ဆိုလျှင် သူတို့၏ ရှေ့၌ လှပလွန်းသော တောင်အထပ်ထပ်၏ မြင်ကွင်းအား မြင်ရမည် ဖြစ်သည်။
ဤတောင်သည် အလွန်အမင်း လှပသည် ဆိုသော်လည်း သိုင်းကျင့်ကြံသူများ၏ မျက်လုံးထဲတွင်တော့ စိတ်ဝိညာဉ်စွမ်းအင်များ မပေါကြွယ်သည်မို့ ဂိုဏ်းတည်ထောင်သင့်သည့် နေရာတစ်ခုမဟုတ်ခဲ့ချေ ။
သို့ပေမဲ့ ခေါင်းဆောင်ဝမ်သည် ဤနေရာတွင် ဂိုဏ်းတည်ထောင်ခဲ့သည်။
လက်ရှိအချိန် တောင်အထပ်ထပ် ၏ လှပသောမြင်ကွင်းထဲတွင် ရောင်စုံသက်တန့်၏ အော်ရာများ ထွက်ပေါ်နေသည်။ သံမဏိအရိုးတောင်သည် စိတ်ဝိညာဉ်စွမ်းအင်များ အနည်းငယ် ပိုမို တိုးသွား၏။
“ဒါက .. ”
အကြီးအကဲဝေ၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူ အံ့အားတသင့်ပြောလိုက်သည် “ဒါ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည် ဖြစ်တည်လာတဲ့ လက္ခဏာပဲ။”
ကျွင်းချောင်ရှောင်း ဇဝေဇဝါ ဖြစ်သွားသည် “ဘာကို ဆိုလိုတာလဲ”
အကြီးအကဲဝေသည် စိတ်လှုပ်ရှားမှုများအား ထိန်းချုပ်ပြီး ရှင်းပြလိုက်၏ “ဂိုဏ်းချုပ် … ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ သမိုင်းကြောင်းကို သိလား”
“မသိဘူး” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဤကမ္ဘာကြီးသို့ ဝိညာဉ်ကူးပြောင်းပြီးနောက်တွင် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး အကြောင်း အနည်းငယ်သာ သိရှိသည်။ အဘယ့်ကြောင့် ဆိုသော် မူလလက်ဟောင်း ကျွင်းချောင်ရှောင်းသည် ဂိုဏ်းမှ တစ်ချက်ကလေး ခွာသူ မဟုတ်သည်မို့ ပြင်ပ ဗဟုသုတ လည်း အားနည်း၏။
အကြီးအကဲဝေ ပြောလိုက်သည် “သမိုင်းမှတ်တမ်းတွေ အရဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးက ရှေးတုန်းက ပြည့်စုံတဲ့ ကမ္ဘာကြီးတစ်ခုလိုပဲ။ စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါကြွယ်လွန်းတာမို့ သိုင်းဘုရင် ၊ သိုင်းအုပ်စိုးသူ ဆင့်ကိုတောင် လွယ်လွယ်ကူကူ တက်ရောက်နိုင်တယ်”
“အဲလောက် အားကောင်းတာလား” ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည်။
သူသည် သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိခဲ့သည် ဆိုသော်လည်း ဆေးလုံးများကိုအသုံးပြုနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ သူ၏ အဆင့်တက်နှုန်းသည် နှေးကွေးလွန်းသည်ဟု ခံစားမိနေ၏။
“ဟင်း …..”
အကြီးအကဲဝေ ခေါင်းကို ခါယမ်းလိုက်သည် “ကံဆိုးတာက … အင်ပါယာတွေက နှစ်ရာချီ တိုက်ခိုက်ခဲ့ကြတယ်။ သူတို့ရဲ့ တိုက်ပွဲကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးက ဆယ့်သုံးပိုင်းကွဲသွားတာပဲ။ ကောင်းကင်ရဲ့ စွမ်းအင်တွေ၊ ဓာတ်သဘာဝတွေကလည်း ပျက်ဆီးကုန်ပြီး စိတ်ဝိညာဉ်စွမ်းအင်တွေ အားနည်းလာတယ်။ နောက်ဆုံးမှာတော့ အခုလို ဖြစ်ကျန်ခဲ့တာပဲ”
ကုန်းမြေတိုက်ကြီးတစ်ခုလုံး အပိုင်းပိုင်းဖြစ်အောင် လုပ်ခဲ့တယ် ဟုတ်လား။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တုန်ရင်သွားသည်။
ကြည့်ရသည်မှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သူနေထိုင်ခဲ့သော အမိကမ္ဘာမြေထက် ပိုမို၍ ကြီးလွန်းသည့်ပုံ ပေါ်သည်။ ထိုသို့သော တိုက်ကြီးအား တစစီဖြစ်အောင် တိုက်ခိုက်ခဲ့ကြသည် ဆိုတော့ သိုင်းအင်ပါယာ များသည် မည်မျှ ကြောက်မက်ဖွယ်ရာ ကောင်းလိုက်မည်နည်း။
“အခုလို စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ကောင်းလာတာ ဘာလို့လဲ”
အကြီးအကဲဝေ ပြောလိုက်သည် “လောကကြီးရဲ့ ဓာတ်သဘာဝတွေ ဖျက်ဆီးခံလိုက်ရတယ် ဆိုပေမဲ့ စိတ်ဝိညာဉ်စွမ်းအင်မျိုးစေ့က ရှိနေတုန်းပဲ။ အချိန်တစ်ခု ကြာလာရင် ပုံမှန်အတိုင်း ပြန်လည် အားကောင်းလာနိုင်တယ်လေ။”
“ရှေ့တုန်းကတည်းဆိုရင် စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ကောင်းလာခဲ့တဲ့ နေရာတွေ ရှိခဲ့တယ်။ အဲလိုနေရာမျိုးတွေမှာ ဂိုဏ်းတည်ထောင်လိုက်ရင် အားကောင်းတဲ့ ဂိုဏ်းတွေ ဖြစ်လာကြတာပဲ”
ကျွင်းချောင်ရှောင်း ရုတ်တရက် နားလည်သွားသည် “ဂိုဏ်းကြီးတွေ အားကောင်းနေတာ အဲတာကြောင့်ပေါ့”
“အမှန်ပဲ” အကြီးအကဲဝေ ပြောလိုက်သည်။ “ဥပမာအားဖြင့် ထိုက်ရွှမ်အအေး နှလုံးသားကျမ်းကို ရရှိပြီးနောက်မှာ ထိုက်ရ့ွှမ်ဂိုဏ်းတည်ထောင်သူ က စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်လည်ကောင်းမွန်လာတဲ့နေရာ ကို အပိုင်စီးခဲ့တယ်။ ဒါကြောင့်လည်း ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ အားအကောင်းဆုံးဂိုဏ်းတစ်ခု ဖြစ်လာခဲ့တာပဲ။”
သက်တန့်ရောင်စဉ်များအား ကြည့်ရင်း ကျွင်းချောင်ရှောင်း၏ အကြည့်များသည် ပိုမို၍ တောက်ပလာသည် “သံမဏိအရိုးတောင် က စိတ်ဝိညာဉ်စွမ်းအင်မျိုးစေ့ ရှိတာကြောင့် စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ကောင်းလာနိုင်တယ်။ အဲလိုမလား”
“ရှေးစာအုပ်တွေမှာ မှတ်တမ်းတင်ထားသလိုဆိုရင် သက်တန့်ရောင် ပေါ်လာရင် စိတ်ဝိညာဉ်စွမ်းအင်တွေ ပြန်ကောင်းလာမယ့် လက္ခဏာပဲ” အကြီးအကဲဝေ ပြောလိုက်သည်။
“သွားကြစို့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သေချာသွားကြည့်ရအောင်”
“ဂိုဏ်းချုပ် ….”
ရုတ်တရက် ဆိုသလိုပဲ ကျန့်ရာသည် အလောတကြီးဖြင့် ရောက်ရှိလာပြီး ရှေ့သို့ ည့ွှန်ပြလိုက်သည် “ဟိုမှာ သက်တန့်ရောင်တွေ ပေါ်နေတယ်။ ဒါ စိတ်ဝိညာဉ်အသက်သွေးကြော တစ်ခု ရှိနေတာ ဖြစ်မယ်”
ရက်အနည်းငယ်အတွင်း ဂိုဏ်းရှိ တပည့်များသည် တောင်၏ အနောက်ဘက်သို့ သွားလိုက်၊ လာလိုက် လုပ်နေသည်ကို သူ သတိထားမိသည်။ ထို့ကြောင့် သိချင်စိတ်ဖြင့် တောင်အနောက်ဘက်သို့ ရောက်လာခြင်း ဖြစ်၏။
သူသည် စမ်းသပ်မှု မျှော်စင်ကို မမြင်ဖူးသေးချေ။ သို့ပေမဲ့ အဝေးတစ်နေရှိ သက်တန့်ရောင် အလင်းများအား အရင်ဆုံး မြင်ခဲ့သည်။ ထို့ကြောင့် အံ့အားတသင့်ဖြင့် ဤနေရာသို့ လှမ်းလာခဲ့ခြင်း ဖြစ်သည်။
ပြောရမည်ဆိုလျှင် အကြီးအကဲကျန့်သည် သံမဏိအရိုးဂိုဏ်းထဲ ရောက်ရှိပြီးကတည်းက အံ့အားသင့်ရလွန်းသော ကြောင့် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနေပြီ ဖြစ်၏။
သို့ပေမဲ့ …
သူသည် အကြီးအကဲဝေနှင့် ခြားနားသော အမြင်ကို ထုတ်ပြလာသည်။
သက်တန့်ရောင်အလင်းများပေါ်ထွက်ရာနေသည် စိတ်ဝိညာဉ်အသက်သွေးကြော တည်ရှိရာနေရာ ဖြစ်သည်။ ဤအရာမှာ မပြောင်းလဲသော လောကနိယာမ ဖြစ်၏။
“ဘာ …”
ကျွင်းချောင်ရှောင်း ကြောင်သွားသည် “စိတ်ဝိညာဉ် အသက်သွေးကြော ဟုတ်လား”
“အမှန်ပဲ”
အကြီးအကဲဝေ ပြောလိုက်သည် “စိတ်ဝိညာဉ်အသက်သွေးကြော ရှိရာနေရာဆိုရင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်း ရှိမယ်”
“ချီးတဲ့မှ …”
ကျွင်းချောင်ရှောင်း ထခုန်လိုက်သည် “ဆန်းကြယ်လိုက်တာ”
လွန်ခဲ့သော ရက်အနည်းငယ်တုန်းက သူနှင့် ကျန့်ရာတို့သည် စိတ်ဝိညာဉ်မိုင်းတွင်းအကြောင်း ပြောခဲ့သေးသည်။ ထိုအချိန်က ကိုယ်နှင့် မသက်ဆိုင်သော ဇာတ်ကြောင်းတစ်ခုကို နားထောင်ခဲ့ရသည် ဖြစ်သောလည်း ယခု စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းသည် သံမဏိအရိုးတောင်တွင် ပေါ်လာခဲ့ပြီ ဖြစ်ကြောင်း အံ့အားသင့်စွာ သိရှိခဲ့ရသည်။
“မြန်မြန်သွားကြည့်ရအောင်”
ကျွင်းချောင်ရှောင်းသည် လက်ရှိအချိန်တွင် အလွန် စိတ်လှုပ်ရှားမိနေသည်။
…..
သူ၏တောင်ပေါ်တွင် စိတ်ဝိညာဉ်သွေးကြောတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုမိုင်းတွင်းအား ပိုင်ဆိုင်သည် ဆိုလျှင် သူ၏ အနာဂတ်တွင် အရင်းအမြစ် ပြတ်တောက်တော့မည် မဟုတ်ချေ။
“ဂိုဏ်းချုပ် …”
ကျန့်ရာ လေးလေးနက်နက် ပြောလိုက်သည် “ဒါက သံမဏိအရိုးတောင်အတွက် ကောင်းချီး ဖြစ်သလို၊ ကပ်ဘေးကြီးလည်း ဖြစ်လိမ့်မယ်”
ကျွင်းချောင်ရှောင်း ငြိမ်သက်သွားသည်။
အမှန်ဖြစ်၏။ အဆင့်သုံးဂိုဏ်းတစ်ခုသည်ပင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်း အတွက် တိုက်ပွဲ ရင်ဆိုင်နေရ၏။ သံမဏိအရိုးတောင်တွင် စိတ်ဝိညာဉ်မိုင်းတွင်းတစ်ခု ရှိသည် ဆိုပါက ရေတွက်၍မရအောင် များပြားသည့် ကျွမ်းကျင်သူများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်တော့မှာ ဖြစ်၏။
ထို့ကြောင့် ဤသက်တန့်ရောင်အလင်းအား ဖုံးကွယ်ထားနိုင်မှ ဖြစ်မည်။
တွေးနေတုန်းမှာပဲ အကြီးအကဲဝေသည် ဖြတ်ပြောလိုက်၏ “သက်တန့်အလင်းတွေ ပေါ်လာတုန်းရှိသေးတယ်။ တောင်တစ်ခုလုံးကို အလင်းတွေ လွှမ်းခြုံသွားရင် လူတွေက ဒီမှာ စိတ်ဝိညာဉ်မိုင်းတွင်း တစ်ခု ရှိကြောင်း သိကုန်လိမ့်မယ်။”
“……..” ကျွင်းချောင်ရှောင်း မူးနောက်နောက်ပင် ဖြစ်လာသည်။
အခြေအနေကို ကြည့်ရသည်မှာ သူ ဤသတင်းမပေါက်ကြားရန် ဖုံးကွယ်ထားနိုင်မှ ဖြစ်မည်။
ထိုအချိန်မှာပဲ အကြီးအကဲဝေသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည် “အလင်းတွေ ပျောက်သွားပြီ”
ကျွင်းချောင်ရှောင်း နှင့် ကျန့်ရာတို့သည် အလောတကြီး လှမ်းကြည့်လိုက်သည်။
တောင်ပေါ်တွင် ဖုံးလွှမ်းလျက် ရှိသော သက်တန့်အလင်းများသည် ဖြည်းဖြည်းချင်း ပြန်လည် ပျောက်ကွယ်သွား၏။
“ဘာဖြစ်တာလဲ” ကျန့့်ရာလည်း ကြောင်သွားသည်။
“သွားစို့”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အနီးကပ် သွားကြည့်ရအောင်”
……..
သံမဏိအရိုးဂိုဏ်းသည် သံမဏိအရိုးတောင်၏ အစိတ်အပိုင်းသေးလေးကိုသာ ယူဆောင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ကျန်သည့် တည်နေရာများသည် လူမရှိသော တောနက်ကြီး အဖြစ် ရှိနေသေး၏။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းအား တိုးတက်ရန် အစဉ်အမြဲ ကြိုးစားနေရသည်မို့ တောနက်ထဲသို့ ဝင်လေ့မရှိပေ။
လက်ရှိအချိန်မှာတော့ သူ၊ ကျန့်ရာ နှင့် အကြီးအကဲေဝတို့သည် သက်တန့်ရောင် ပေါ်ပေါက်လာသော ထိုတောနက် ထဲ တွင် မတ်တပ်ရပ်လျက် တစ်ယောက်ကို တစ်ယောက် ကြည့်မိနေကြသည်။
မြက်ခင်းပြင်ကြီးတစ်ခုဖြစ်ပြီး ကျောက်တုံးများ နေရာအနှံံ့တွင် ရှိနေသည်က လွဲလျှင် ဘာမှ ထူးခြားသော နေရာတစ်ခု မဟုတ်ချေ။
ကျွင်းချောင်ရှောင်း မေးလိုက်သည် “ဘာဖြစ်တာလဲ”
အကြီးအကဲဝေ ခဏလောက် ငြိမ်သက်သွား၏ “ဂိုဏ်းချုပ် .. ကျုပ်အထင်အရတော့ ဒီမှာ စိတ်ဝိညာဉ်မိုင်းတွင်း ရှိရမယ်။ ဒါပေမဲ့ လက်ရှိမှာ စိတ်ဝိညာဉ်မျိုးစေ့က အလုံးစုံ မနိုးထသေးတာ ဖြစ်ရမယ်။”
“ဒါကြောင့် ပြန်ပျောက်သွားတာလား” ကျွင်းချောင်ရှောင်း မေးလိုက်၏။
အကြီးအကဲဝေ “အဲလိုဖြစ်မယ်။ အရှိန်ယူတာမျိုးပေါ့။ ဒီတစ်ဝှိုုက်မှာ ဆေးပင်တွေ စိုက်ပျိုးတာကြောင့် စိတ်ဝိညာဉ်မျိုးစေ့ကလည်း အားကောင်းလာခဲ့တာ ဖြစ်ရမယ်။”
“ဖြစ်နိုင်တယ်” ကျန့်ရာ သဘောတူလိုက်သည်။
စိတ်ဝိညာဉ်မျိုးစေ့ အားကောင်းလာစေဖို့ ဖြစ်နိုင်ဖွယ်ရာတွေ အများကြီး ရှိသည် ဆိုသော်လည်း အဓိကအားဖြင့် ဆေးပင်များ စိုက်ပျိုးခြင်းကြောင့် ဟူသော သုံးသပ်ချက်သည် လက်ရှိ အခြေအနေနှင့် ကိုက်ညီနေ၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်တို့ ဆေးပင်တွေ စိုက်ရင်းကနေ စိတ်ဝိညာဉ်မျိုးစေ့ကိုလည်း နိုးထစေနိုင်မှာပေါ့”
“အဲလိုဖြစ်မယ်”
အကြီးအကဲဝေသည် မသေချာသော်လည်း ခန့်မှန်းချက်တစ်ခုကို အတည်ပြုလိုက်မိသည်။
ကျွင်းချောင်ရှောင်းပြောလိုက်သည် “ဒီအောက်မှာ စိတ်ဝိညာဉ်မိုင်းတွင်း ရှိနေတယ် ဆိုမှတော့ ထွက်လာတဲ့အထိ မစောင့်ဘဲ တူးထုတ်လိုက်ရင်ရော ….”
“မဖြစ်ဘူး” အကြီးအကဲဝေ ထအော်လိုက်သည် “သက်တန့်ရောင်က စိတ်ဝိညာဉ်စွမ်းအင်တွေ နိုးထလာတဲ့ လက္ခဏာပဲ ရှိသေးတာ။ ကြိုပြီးတူးလိုက်ရင် စိတ်ဝိညာဉ်မျိုးစေ့ပါ ပျက်ဆီးသွားလိမ့်မယ်။ ဒါဆိုရင် ခြင်းကျား နဲ့ ရေခပ်သလို ဖြစ်မယ်”
“……….”
ကျွင်းချောင်ရှောင်း ဆွံ့အသွားသည်။
ကျန့်ရာ ပြောလိုက်သည် “စိတ်ဝိညာဉ်မိုင်းတွင်း ဖြစ်လာဖို့ အချိန်လိုသေးတယ်။ဂိုဏ်းချုပ် ကြိုပြီး ပြင်ဆင်ထားလို့ ရတာပေါ့”
“ဒါကို ဘယ်လိုဖုံးကွယ်ရမလဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
ကျန့်ရာ “ဂိုဏ်းချုပ် …. အားကောင်းလှတဲ့ အကာအကွယ် အစီအရင်ကိုတောင် ပြုလုပ်နိုင်သေးတာပဲ။ ဒီမှာ သီးခြားဖြစ်တည်ခြင်း အစီအရင်ကို ဖန်တီးပြီး တည်နေရာတစ်ခုလုံးရဲ့ မြင်ကွင်းကို ဖုံးကွယ်လိုက်လေ”
သီးခြားဖြစ်တည်ခြင်း အစီအရင် ဆိုသည်မှာ တည်နေရာတစ်ခုလုံးကို စည်းခတ်ခြင်းမျိုး ဖြစ်ပြီး အပြင်ဘက်မှ ကြည့်လျှင် ဘာမှထူုးခြားမှုမရှိတော့ ပတ်ဝန်းကျင် တည်နေရာတစ်ခုကို မြင်ရမည် ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအင်များ နိုးထခဲ့သည့် ဂိုဏ်းကြီးများသည် ထိုနည်းလမ်းကို အသုံးပြု၍ တခြားသူများ မသိရှိအောင် ကာကွယ်ထားကြသည်။ အကျိုးသက်ရောက်မှုကလည်း အားကောင်းလှ၏။
“အကြံကောင်းပဲ” အကြီးအကဲဝေ ပြောလိုက်သည်။
“ဒါက …”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ အော်ပြောလိုက်ချင်မိသည်။ ကျုပ် အစီအရင်ကို လုံးဝ နားမလည်ဘူး။