အခန်း (၃၂၆)
Vol. 22 Ch. 326
ကျားသစ်ကြီးအား လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျားသစ်၏ ရင်ဘတ်အား အအေးဓားဖြင့် ခွဲလိုက်၏။ အထဲတွင် သလင်းအမြုတေမရှိပေ။
ထို့ကြောင့် သူသည် အန္တရာယ်ရှိရာ တောဆီသို့ ဦးတည်ထွက်ခွာသွားတော့သည်။
ဝင်ဝင်ချင်း သားရဲတစ်ကောင်နှင့် ရင်ဆိုင်တွေ့သည်ဆိုသည်မှာ အတွင်း၌ များပြားလှသော သားရဲများရှိသည်ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်၏။ ထို့ကြောင့် သူသည် နဂါးလေးအတွက် အစားအစာများကို သိမ်းဆည်းသွားရန် အလျှင်မလိုချေ။
ဂိုဏ်းချုပ်ကျွင်း ထွက်ခွာသွားခဲ့သည်။
အနောက်ဘက်တွင် ကျန်ရစ်နေသော အဖွဲ့မှာတော့ အံ့အားသင့်လျက်ရှိသည်။
အတော်ကြာတော့ ဝဝနှင့်လူ၏ နှုတ်ခမ်းများသည် တစ်ဆက်ဆက် တုန်ရင်နေ၏။ "ခေါင်းဆောင် …. ဒါက အဆင့်လေး ရွှေကျားသစ် မဟုတ်လား။"
"အမှန်ပဲ။"
ခေါင်းဆောင်သည် လေးလေးနက်နက် ပြောလိုက်သည်။ "ဒါက ရွှေကျားသစ်ပဲ။"
ဟူး
အားလုံးသည် သက်ပြင်းချလိုက်မိကြ၏။
အဆင့်လေး သိုင်းဆရာနှင့် နှိုင်းယှဉ်၍ ရနိုင်သည့် သားရဲတစ်ကောင်အား ဤလူငယ်သည် လက်သီးလေးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့၏။ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းပေသည်။
သူတို့အဖွဲ့၏ အားအကောင်းဆုံးသောလူမှာသိုင်းဆရာ အဆင့်တစ် တစ်ယောက်သာ ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် အဆင့်လေး သိုင်းဆရာအဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သော ရွှေကျားသစ်အား လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုအရာသည် သူတို့အား ထိပ်လန့်တုန်လှုပ်စေခဲ့သည်။
ခေါင်းဆောင်မှာ ခန့်မှန်းလိုက်၏။ "ဒီလူ ရွှေကျားသစ်ကို သတ်ဖြတ်နိုင်တယ်ဆိုတော့ ဒီလူရဲ့အဆင့်က အနည်းဆုံး သိုင်းဆရာ အဆင့်ခြောက် သို့မဟုတ် အဆင့်ခုနစ်ရှိလိမ့်မယ်။"
ကျွင်းချောင်ရှောင်းအား လှောင်ပြောင်ခဲ့သောလူသည် မျက်နှာတစ်ခုလုံး နီမြန်းသွားစေ၏။
ထို့အပြင် သူသည် သိုင်းတပည့် ထပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်၏။ သူ့အနေနှင့် သိုင်းဆရာ အဆင့်ခြောက် ဒါမှမဟုတ် ခုနစ်ဖြစ်နေနိုင်သော လူတစ်ယောက်အား ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ပြောဆိုခဲ့မိသည်။
တစ်ခြားသော အဖွဲ့ဝင်များ အားလုံးသည်လည်း မျက်နှာကို ပိတ်ရိုက်ခံလိုက်ရသလို ခံစားနေရ၏။
ကျွင်းချောင်ရှောင်းအား သူတို့အဖွဲ့သို့ ဝင်ရောက်ရန် အစ်ကိုချင် က ပြောဆိုခဲ့၏။ သို့ပေမဲ့ သူတို့အားလုံးသည် အထင်အမြင်သေးခဲ့သည်။ နောက်ဆုံးမှာတော့ ထိုလူငယ်လေးသည် အမှန်ပင် ကျွမ်းကျင်သူတစ်ယောက်ဖြစ် လို့နေသည်။။
အစ်ကိုချင်က ပြောလိုက်သည်။ "သူသာ ငါတို့အဖွဲ့ထဲကို ဝင်မယ်ဆိုရင် နယ်မြေခြောက်ထဲကို ဝင်လို့ ရမှာပဲ။ဒါဆိုရင် ငါတို့ တကယ်ကို အထုပ်အပိုးတွေနဲ့ အိမ်ပြန်ရလောက်တယ်။"
ဟင်း။
သူသက်ပြင်းချကာ ပြောလိုက်သည်။ "သွားကြစို့"
"နေအုံး …. ဒီ ရွှေကျားသစ်ကို အရင်ဆုံး အရေခွံခွာလိုက်ဦးမယ်။"
အဖွဲ့ဝင်ထဲမှ တစ်ယောက်သည် ပြေးလွှားပြီး ကျားသစ်၏ အရေခွံနှင့် အရိုးများကို ခွာလျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် ဤသားရဲအား ယူသွားချင်မိ၏။ သို့ပေမဲ့ သူ့အနေဖြင့် သိုလှောင်လက်စွပ်ထဲတွင် နဂါးလေးအတွက် စားသောက်ရန် အစားအသောက် တော်တော်များများကို သိမ်းဆည်းထားရန် လိုအပ်နေသေး၏။ ထို့ကြောင့် ကျားသစ် ၏ အရေခွံနှင့် အရိုးများကို မယူဆောင်ခဲ့တော့ချေ။
ဝင်ဝင်ချင်း အဆင့်လေး သားရဲတစ်ကောင် နှင့် တွေ့သည် ဆိုတော့ အတွင်း၌ ပိုမို၍ အားကောင်းသော သားရဲများ ရှိနေမှာ သေချာသည်။
ပထမဦးဆုံးသော တည်နေရာများသည် အနည်းငယ် လုံခြုံမှု ရှိ၏။ ထို့ကြောင့် လူသားများသည် ဝင်ရောက်ရှာဖွေလေ့ရှိကြပြီး အချိန်ကြာလာသည်နှင့် အမျှ တန်ဖိုးရှိသည့် ပစ္စည်းများ မရှိတော့ချေ။
ကျွင်းချောင်ရှောင်းသည် အတွင်းပိုင်းတည်နေရာသို့ ထပ်မံ၍ ဝင်ရောက်သွားသည်။
အတွင်းထဲမှာတော့ လူအနည်းငယ်သာ ရှိ၏။
များပြားလှသောအရင်းအမြစ်များ ရှိသည်သာမက ဤနေရာတွင် အဆင့်မြင့် သားရဲများလည်း ရှိလို့နေသည်။
ဝေါင်း။
ထိုအချိန်မှာပဲ သားရဲတစ်ကောင်သည် ခုန်၍ ဝင်လာခဲ့သည်။
ရွှီ။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲမှ ဓားဖြင့် တစ်ချက်တည်း သားရဲ၏ ဦးခေါင်းအား ခုတ်ပိုင်းလိုက်တော့သည်။ ပြီးနောက် သူသည် ရင်ဘတ်ကို ခွဲ၍ သလင်းအမြုတေအား ထုတ်ယူလိုက်သည်။ သားရဲများ၏ တန်ဖိုးအရှိဆုံးအရာမှာ သလင်းအမြုတေပင် ဖြစ်၏။
သူ သတ်ဖြတ်ခဲ့သော သားရဲ၏ အဆင့်သည် မမြင့်မားလှဘူးဆိုသော်လည်း သလင်းအမြုတေကိုတော့ မရရအောင် ယူခဲ့သည်။
တစ်မိနစ်လောက် ကြာပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် နယ်မြေသုံးဆီသို့ မြန်မြန်ပဲ ဝင်ရောက်လိုက်တော့သည်။
စွန့်စားသွားလာလျက်ရှိသော ကျင့်ကြံသူများသည် ဤအရာကို မြင်တော့ ချက်ချင်းပဲ ချီးကျူးလိုက်မိကြ၏။
ထိုသူသည် သားရဲတစ်ထောင် တောင်ကြားတွင် မြန်မြန်ဆန်ဆန်ပဲ လမ်းလျောက်သွားလာလျက်ရှိသည်။ တစ်ခြားသော သားရဲများ သတိပြုမည်ကာ ဝင်ရောက်တိုက်ခိုက်လာမည်ကို မစိုးရိမ်ဘူးလား။
အရိုးသားဆုံးပြောရရင်တော့ လမ်းတစ်လျှောက်မှာတော့ သားရဲတော်တော်များသည် တစ်ကောင်ပြီးတစ်ကောင် ဝင်ရောက် တိုက်ခိုက်ကြသည်။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဝင်ရောက်လာသည့် သားရဲတိုင်းသည် သေဆုံးသွားခဲ့ကြ၏။
ထိုသားရဲတို့သည် ကျွင်းချောင်ရှောင်းအား သလင်းအမြူတေ လာရောက် ဆက်သသည်နှင့်ပင် ဆင်တူနေသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် အရည်အသွေးကောင်းသော သားရဲများ၏ အသား ကို သိမ်းဆည်းထား၏။
ထိုအသားများသည် နဂါးလေးအတွက် ဖြစ်သည်။
အရည်အသွေး ညံ့ဖျင်းသော အသားများအတွက်တော့ သူသည် ဤအတိုင်းသာ ပစ်ထားခဲ့၏။
သူ့နောက်တွင် ရှိသော အဖွဲ့ငယ်လေးသည် နယ်မြေခြောက်ဆီသို့ သွားမှာဖြစ်သည်။ ထိုသူတို့သည် သူတို့နှင့် လမ်းတူကြသည်။
ထိုအဖွဲ့လေးသည် ရှေ့သို့ လျှောက်ဝင်လာကြသည်နှင့် တပြိုင်နက် သေဆုံးနေသော သားရဲများ၏ အလောင်းများကို ဆက်တိုက်ဆိုသလို မြင်နေရ၏။
"ခေါင်းဆောင်။"
ဝဝနှင့် လူက ပြောလိုက်သည်။ "ဒါကိုလည်း ဟိုအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ် သတ်ခဲ့တာဖြစ်မယ်နဲ့တူတယ်။"
သားရဲ၏ အလောင်းအား အသာထိကြည့်ပြီး နွေးထွေးနေသည်ကို ခံစားလိုက်မိ၏။ ခေါင်းဆောင်က ပြောလိုက်သည်။ "ဒါက သေတာမကြာသေးဘူး။ သူ သတ်သွားတာပဲ ဖြစ်ရမယ်။"
ခပ်ဝဝလူ၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။
"ဒီနေရာမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ လက္ခဏာလည်း မရှိဘူး။ချက်ချင်း တိုက်ပြီး သတ်ခဲ့တာပဲ ဖြစ်မယ်။”
“ကျွမ်းကျင်သူပဲ။ဒါက ကျိန်းသေပေါက် ကျွမ်းကျင်သူပဲ။”
“သူက သားရဲတစ်ထောင် တောင်ကြားထဲကို ဝင်လာခဲ့တာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။နှမြောစရာ ကောင်းတာက ဒီလောက်အားကောင်းတဲ့လူက ငါတို့အဖွဲ့ထဲကို မရောက်နိုင်တော့ဘူး။"
သားရဲတစ်ထောင်ဝောာင်ကြား၏နေရာအနှံ့မှာတော့ များပြားလှသော အဖွဲ့ငယ်လေးများသည် ဝင်ရောက်နေကြပြီဖြစ်သည်။
ထိုအဖွဲ့အားလုံးသည် အလွန်တရာ ကြမ်းတမ်းလှသော သားရဲများနှင့် တိုက်ခိုက်နေကြသူ သို့မဟုတ် သတိအပြည့်နှင့် သွားလာနေကြသူများ ဖြစ်နေကြသည်။
ကျွင်းချောင်ရှောင်းသည် ရံဖန်ရံကာ ဆိုသလို ထိုသူတို့နှင့် တွေ့ဆုံမိ၏။
သို့ပေမဲ့ သူသည် ခပ်ဝေးဝေးမှ ရှောင်ကာ သွားခဲ့သည်။
ဤကဲ့သို့ လူသူရှင်းသွားသော တောထဲတွင် လူသူတစ်ချို့သည် တစ်ခြားသော အဖွဲ့များအား တားဆီး၍ ထိုသူတို့၏ သိုလှောင်လက်စွပ်များကို ဓားပြတိုက်ကြကြောင်းကိုလည်း သူ မျက်မြင်တွေ့လိုက်ရ၏။
ဟင်း။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "တောထဲမှာ သားရဲတွေကို ကြောက်ရရုံမကဘူး ဒီလိုလူတွေကိုလည်း ကြောက်ရတာပဲ။"
သူသည် တစ်ခြားသူများ၏ ကိစ္စများကို ဝင်ရောက်မစွက်ဖက်ချင်ပေ။ ထို့ကြောင့် ရှေ့ကိုသာ ဆက်လက်၍ သွားလိုက်သည်။
သားရဲတစ်ထောင်တောင်ကြားထဲကို ဝင်ရောက်ရန် စဉ်းစားလိုက်ပြီဆိုကတည်းက အားလုံးသည် သေဆုံးရန် ကြိုတင်စဉ်းစားပြီးပြီ ဖြစ်ပေလိမ့်မည်။
သားရဲများအကြောင့် သေဆုံးနိုင်သလို၊ တစ်ခြားသောနည်းလမ်းများနှင့်လည်း သေဆုံးနိုင်သည်။
ကျွင်းချောင်ရှောင်း၏ လက်ရှိအခြေအနေမှာတော့ သူသည် မေတ္တာ ကရုဏ နှင့် ပြည့်စုံသူတစ်ယောက် မဟုတ်ပေ။ တစ်ခြားသူများ အန္တရာယ်ရှိနေသည် ဆိုလျှင်တောင် သူနှင့် ဘာမှ မဆိုင်ပေ။
သို့ပေမဲ့ ဤနေရာတွင်ရှိနေသော လုယက်ခံရသူများမှာ သူ၏ တပည့်များဆိုပါက ချက်ချင်းသွား၍ သတ်ဖြတ်မိမှာ သေချာသည်။
မကောင်းသည့် ရည်မှန်းချက်နှင့် တစ်ဖက်လူများအား တိုက်ခိုက်နေသည့် လူများရှိနေသည် ဆိုသည်မှာ သဘာဝတရားကြီးတွင် သာမာန်ပင် ဖြစ်၏။
ကျွင်းချောင်ရှောင်းသည် နယ်မြေလေးဆီသို့ ရောက်ရှိလာချိန်မှာတော့ မြေပေါ် လဲနေကြသော အလောင်းများကို တွေ့လိုက်ရသည်။
သိုင်းဆရာကျင့်ကြံသူ သုံးယောက်ယောက်တို့သည် အလောင်းများဘေးတွင် ကုန်းကုန်းကွကွဖြင့် သိုလှောင်လက်စွပ်များကို ရှာဖွေလျက်ရှိ၏။
စဉ်းစားနေစရာပေ မလိုပေ။ ထိုလူတို့သည် ဓားပြတိုက်ရင်း သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
“ဟမ်”
သတ်လတ်ပိုင်း လူတစ်ယောက်သည် အလွန်စူးရှသည့် အကြည့်ဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။ "အမှောင်ထဲမှာ ဘယ်သူပုန်းနေတာလဲ။*
ကျွင်းချောင်ရှောင်းသည် ထွက်လျှောက်လာပြီး ပြောလိုက်သည်။ "ကျုပ် ဒီနားက ဖြတ်လျှောက်သွားတာပါလို့ ပြောရင်ယုံကြမှာလား။"
"ဖြတ်သွားတာ ဟုတ်လား။"
သတ်လတ်ပိုင်းလူက ခပ်ရိရိ ပြောလိုက်သည်။ "ကျုပ် အထင်အရတော့ မင်းက ဒီအဖွဲ့ထဲကလူဖြစ်လိမ့်မယ်။"
ရွှီ …. ရွှီ။
တစ်ခြားသော ကျင့်ကြံသူနှစ်ယောက်တို့သည် ချက်ချင်းပဲ သူ့အား ဝန်းရံလိုက်ကြသည်။
ထိုသူတို့၏ မျက်လုံးထဲတွင်တော့ သတ်ဖြတ်လိုခြင်း ဆန္ဒများ ဖြစ်ပေါ်သွားသည်။ ကြီးကြီးမားမား နားလည်မှု လွဲမှားခြင်းပင် ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ပိုက်ဆံအတွက်နဲ့ လူသတ်ချင်နေတာလား။"
"ပိုက်ဆံအတွက် သတ်တာ ဟုတ်လား။"
သိုင်းကျင့်ကြံသူတစ်ယောက်က ထွက်လာပြီး သူ၏ ဓားကို ဆွဲထုတ်ကာ ပြောလိုက်သည်။ "မှားနေပြီ ။ ဒါက တောဥပဒေပဲ။"
ဆွစ်။
ဓားအလင်းတန်းများသည် ဖြတ်သန်းသွား၏။
ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သူ၏ ခန္ဓာကိုယ်အားလှည့်လိုက်သည်။ လက်ထဲတွင် ရှိသော အအေးဓားသည် လှစ်ခနဲ ဖြတ်ပြေးသွားသည်။
"ဒါ အဓိပ္ပာယ်ရှိတယ်။"
ရွှီ။
သိုင်းကျင့်ကြံသူသည် နေရာမှာတင် မတ်မတ်ရပ်လျက်ရှိနေသည်။ သို့ပေမဲ့ သူ၏ လည်ပင်းသည် ပိုင်းဖြတ်ခံလိုက်ရပြီး သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့သွား၏။
ထိုသူသည် ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဘုတ်။
"တတိယအစ်ကို။"
တစ်ခြားသော ကျင့်ကြံသူနှစ်ယောက်တို့၏ မျက်လုံးများသည် ပြူးထွက်သွားသည်။
ကျွင်းချောင်ရှောင်းနှင့် အနီးဆုံးတွင်ရှိနေသော တစ်ယောက်သည် လည်ပင်းတွင် အေးခနဲ ခံစားမိလိုက်သည်။
သူ ဘာမှ မတုန့်ပြန်လိုက်ရခင်မှာပဲ သူ၏ မျက်လုံးများသည် အာရုံပျောက်ကွယ်ပြီး သူ၏ ဝိညာဉ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ဘုတ်။
သူသည် မြေပေါ်သို့ ပြုတ်ကျသွားပြီး သွေးများသည် နေရာအနှံ့သို ပြန့်ကျဲသွားသည်။
"ဒုတိယအစ်ကို။"
သတ်လတ်ပိုင်း လူက အော်လိုက်၏။ သို့ပေမဲ့ သူသည် အခြေအနေကို ရိပ်စားမိ၏။ ထို့ကြောင့် အလျင်အမြန်ပဲ အမှောင်ထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်သည်။
သူသည် မြက်ခင်းပြင်အစပ်နားသို့ ရောက်သည့် အချိန်မှာတော့ အနောက်သို့ အသာပြန်ဆုတ်လိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်း၏ အအေးဓားသည် သူ၏ လည်ပင်းပေါ်သို့ ရောက်ရှိနေသောကြောင့်ပင်။
"ရောင်းရင်းလေး။"
သတ်လတ်ပိုင်း လူည် ကြောက်လန့်တကြားဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ သိုလှောင်လက်စွပ်တွေကို ပေးပါ့မယ်။"
ကျွင်းချောင်ရှောင်း အေးစက်စက် ပြောလိုက်သည်။
"ဒါက တောဥပဒေပဲ။"
ရွှီ။
ဓားအလင်းတန်းသည် ဖြတ်ပြေးသွားပြီး သူ၏ ဦးခေါင်းသည် ပြတ်တောက်သွားသည်။
ကျွင်းချောင်ရှောင်းသည် သေဆုံးသွားသော လူသုံးယောက်၏ သိုလှောင်လက်စွပ်များကို ယူပြီး တော၏ အတွင်းပိုင်းဆီသို့ လျောက်ဝင်သွားလိုက်၏။
အာကောင်းလှသော ကျင့်ကြံသူသုံးယောက်တို့သည် အဖွဲ့ငယ်လေးများကို အနိုင်ကျင့်သတ်ဖြတ်ခဲ့သည်။
သို့ပေမဲ့ သူတို့ထက် ပို၍အားကောင်းသော ကျွင်းချောင်ရှောင်းနဲ့ တွေ့ချိန်မှာတော့ ထိုသူတို့သည် တော၏ ဥပဒေအတိုင်း ပြန်လည်သတ်ဖြတ်ခံလိုက်ရပြီဖြစ်၏။
လမ်းတစ်လျှောက်မှာတော့ သူသည် သိမ်းဆည်း ရရှိလာသော သိုလှောင်လက်စွပ်များကို ဖွင့်ကြည့်သည်။ အတွင်း၌ များပြားလှသော အမြုတေများနှင့် သားရဲအရိုးများရှိနေသည်ကို မြင်လိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ "ဒီလူတွေဆီက လုယူရတာမဆိုးဘူးပဲ။"
သူသည် အတွေးတစ်ခုကို တွေးလိုက်မိသည်။ တစ်ခြားသူများ ဆီကတော့ လုယူရန် သူ မတွေးမိပေ။
ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သည်မို့ ထိုကဲ့သို့သော ပြုလုပ်သည့်အကြောင်းသာ ပြန့်နှံ့သွားမည်သာ ဆိုလျှင် သူ၏ ဂုဏ်သိက္ခာကျဆင်းသွားပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာ သူ၏ မေးစေ့ကို ပွတ်သပ်လိုက်၏။ "ငါက ဓားမြတွေ လက်ထဲက အရာကို လုတာလေ။ ကောင်းတဲ့အရာကို လုပ်တာပဲ။တစ်ခြားသူတွေ သိသွားမယ်ဆိုရင်တောင် ငါ့ရဲ့ ဂုဏ်သိက္ခာက ပိုပြီး တိုးတက်သွားနိုင်သေးတယ်။"