သန့်စင်မြက်အကြောင်းသိကုန်ပြီ! သန့်စင်မြက်ကိုမျက်စိကျ! ၂
Vol. 49 Ch. 733
အားလုံးအရည်အသွေး ၂ ဖြစ်သော်လည်း အပန်းဖြေစံအိမ်လောက်မကောင်း။ ချင်းလင်စံအိမ်ကကျယ်လွန်းပြီး အပန်းဖြေစံအိမ်လောက်အပင်မများ၍ လေများပြန့်နေသည်။
အထူးသဖြင့် ခရီးသည်ကများနေသည်။
သို့ဆိုလျှင်တောင် လေအရည်အသွေး ၅ က အံ့ဩစရာကောင်းလွန်းသည်။
နိုင်ငံထဲကဘယ်မြို့မှာမှ ဒီလိုလေအရည်အသွေးမျိုးမရှိနိုင်။ လေသန့်စင်စက် ၁၅၀၀ သုံးရင်တောင် ဒီလိုလေအရည်အသွေးရဖို့ခက်ဦးမည်။
ထိုဘလော့ဂါက အချိန်တိုအတွင်းပေါက်ပြီး သန့်စင်မြက်အစွမ်းအကြောင်း လူသိများအောင်လုပ်လိုက်သည်ဟုဆိုနိုင်သည်။ သန့်စင်မြက်မမြင်ဖူးသောအွန်လိုင်းပရိသတ်များက ပိုစပ်စုကြသည်။
တစ်ခဏအတွင်း အင်တာနက်ပေါ်တွင် သန့်စင်မြက်ကိုလူသိများလာသည်။ ဒီထက်ပိုပြီးနာမည်ကြီးစရာမရှိတော့။ ကုမ္ပဏီများ၊ဘရန်းများကတောင် အားကျကုန်သည်။
သူတို့ဘရန်းအသစ်ကိုကြော်ငြာဖို့ဘယ်လောက်ပဲအားထုတ်အားထုတ် ထိရောက်မှုသိပ်မရှိပေ။
ဒါပေမဲ့ သူကတော့ ပစ္စည်းအသစ်ထွက်ထွက်ချင်း ရေပန်းစားစာရင်းထဲဝင်ပြီး အားလုံးသိကုန်သည်။
ထိုအချိန် အင်တာနက်ပေါ်မှအတော်များများက ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် သန့်စင်မြက်အိုးစိုက်ပင်ဝယ်နိုင်သည့် link ကိုရုတ်တရက်တွေ့သွားကြသည်။
ယွီလင်းနှင့်သူ့ကောင်မလေးက သန့်စင်မြက်အကြောင်းဗီဒီယိုသုံးလေးပုဒ်ရိုက်ပြီး အင်တာနက်ပေါ်တင်နေစဉ် ဘေးမှအလန့်တကြားအော်သံကြားလိုက်ရသည်_
"မြန်မြန်... ချင်းလင်စံအိမ်တရားဝင်အကောင့်ထဲဝင်... အဲဒီမှာသန့်စင်မြက်ဝယ်ရမယ့် link ရှိတယ်''
ယွီလင်းနှင့်ကောင်မလေးကကြားကြားချင်း လက်နှေးမနေဘဲ ချင်းလင်စံအိမ်တရားဝင်အကောင့်ထဲတန်းဝင်လိုက်ရာ သန့်စင်မြက်ဝယ်ရမည့် link ကိုတွေ့သည်။
နောက်ပြီး သန့်စင်မြက်တစ်အိုး ယွမ် ၃၀၀ ကျသည်။
မြက်ပင်တစ်ပင် ယွမ် ၃၀၀ ပေးဝယ်ရအောင် ဘယ်သူမှမတုံးသော်လည်း သန့်စင်မြက်ကလေသန့်စင်ပေးပြီးလှလည်းလှ၍ အတော်များများကလက်ခံနိုင်သည်။
ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲမှာလေသန့်စင်စက်ကောင်းကောင်းတစ်လုံး ယွမ် ၁၅၀၀ ကျော်ပြီး အာနိသင်ကဒီလောက်ကောင်းမည်မဟုတ်။
သို့ရာတွင် ဝယ်ယူသူအချက်အလက်ဖြည့်ပြီးနောက် link ကပုံမှန်ဝယ်မရမှန်းသိလိုက်သည်။ နံပါတ်နောက်ပြန်ရေတွက်ပြီး နံပါတ်ဆုံးမှသာဖွင့်ပေးသည်။ link အရေအတွက်ကိုကန့်သတ်ထားသည်။
ဒါလက်မြန်မှရမယ့်သဘောမလား?

သေချာပေါက်လူတွေအများကြီးရှိမှာပဲ။
ဒါဆိုရင် အစွမ်းကုန်လုပ်ရမည်။
ချင်းလင်စံအိမ်မရောက်ခင် စပ်စုစိန်များကအိုးဝယ်ဖို့မစောင့်နိုင်တော့။
နောက်ပြီး သန့်စင်မြက်နာမည်ကြီးနေ၍ တစ်အိုးဝယ်နိုင်ရင် ဗီဒီယိုသုံးလေးပုဒ်ရိုက်ပြီး လိုင်းပေါ်တင်ကြမည်။
ထို့ကြောင့် သန့်စင်မြက်ကိုမဝယ်နိုင်သေးခင်ကပင် ဖုန်းနှင့်အဝယ်စောင့်နေသူများတန်းစီနေသည်။
သန့်စင်မြက်က အင်တာနက်တွင်ပွက်လောရိုက်နေ၍ ဝန်ကြီးကျင်းလည်းသိသည်။
သူကချက်ချင်းဝန်ကြီးလုဆီသွားကာ မျက်မှောင်ကြုတ်ပြီး_
"ဝန်ကြီးလု... အင်တာနက်ပေါ်ကသတင်းတွေ့ပြီးပြီလား?''
ဝန်ကြီးလုကပြုံးပြုံးနှင့် ခေါင်းညိမ့်လိုက်သည်_
"သန့်စင်မြက်ကဒီလောက်ပွက်လောရိုက်နေတာ မသိဘဲနေမလား? ရုံချန်းက စမ်းသပ်မယ့်မြို့ပဲ... ရလဒ်ကောင်းရင် ချင်းလင်ဓာတ်ခွဲခန်းသွားပြီး ပူးပေါင်းဆောင်ရွက်လို့ရတယ်... မြို့တော်လေထုပြဿနာကိုဖြေရှင်းနိုင်ပြီ''
ဝန်ကြီးကျင်းကမျက်မှောင်ကြုတ်ပြီး_
"ဝန်ကြီးလု... ကျုပ်စိုးရိမ်တာ ဒီကိစ္စမဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သန့်စင်မြက်ရဲ့အာနိသင်ကို ကျုပ်သိပြီးသား... နိုင်ငံခြားကလူတွေသိသွားမှာစိုးတာ... ရှင်းကျန့်တယ်ကအီဗန်က မြို့ထဲမှာပဲရှိသေးတယ်... သန့်စင်မြက်အကြောင်းစုံစမ်းနေတယ်ကြားတယ်... သူအခုသိသွားလောက်ပြီ''
"ပြဿနာပဲ''
ဝန်ကြီးလုလည်းမျက်မှောင်ကြုတ်ပြီး_
"ခေါင်းဆောင်ကိုအတူတူပြောပြီး သူဌေးချင်နဲ့စကားပြောရအောင်... ဒီသန့်စင်မြက်က တရုတ်ပြည်မှာလွတ်လွတ်လပ်လပ်ရောင်းဝယ်လို့ရတယ်... ဒါပေမဲ့ နိုင်ငံခြားကိုအထူးကန့်သတ်အဆင့်ထားရမယ်''
ကမ္ဘာ့လေထုပြဿနာကပိုပိုဆိုးလာပြီး နိုင်ငံအားလုံးတွင် သန့်စင်မြက်လိုအပ်ကြောင်း သူကောင်းကောင်းသိသည်။ အထူးသဖြင့် မှုန်မှိုင်းနေသောစက်မှုဇုံနိုင်ငံများပင်။
ဒီပစ္စည်းကို နည်းပညာလက်နက်အဖြစ်အတိုင်းအတာတစ်ခုအထိသတ်မှတ်နိုင်သည်။
ဒီပစ္စည်းတင်ပို့မှုကို အထူးကန့်သတ်ထားမည်။ လိုချင်ရင် ဆွေးနွေးညှိနှိုင်းနိုင်သည်။ မဟုတ်ရင် စဉ်းတောင်မစဉ်းစားလေနှင့်။
အနောက်နိုင်ငံများက ဒီလိုကန့်သတ်ပစ္စည်းမျိုးကိုအမြဲလိုလိုပစ်မှတ်ထားကြသည်။
သန့်စင်မြက်ကြောင့် အမှန်ပင်အုတ်အော်သောင်းတင်းဖြစ်နေသည်။ အီဗန်လည်း မြို့ထဲတစ်နေရာရာကသတင်းတွေ့ပြီး မာန်တက်သွားသည်_
"ဒီလိုပစ္စည်းမျိုးကို တရုတ်သိပ္ပံအကယ်ဒမီ ဒါမှမဟုတ် လေထုစီမံရေးသုတေသနကုမ္ပဏီတွေက မထုတ်နိုင်ပေမဲ့ ချင်းလင်စံအိမ်ကထုတ်နိုင်မယ်လို့မထင်မိဘူး... ငါတို့အချိန်ဖြုန်းတာပဲ''
"မစ္စတာအီဗန်... ချင်းလင်စံအိမ်ကသန့်စင်မြက်ရောင်းတော့မယ်... လေလံဆွဲပြီးအရယူနိုင်ရင် မျိုးစေ့ကိုကျုပ်တို့ဘာသာပျိုးထောင်နိုင်တယ်... ကျုပ်မိတ်ဆွေပါမောက္ခ Dade က ဒီအပိုင်းမှာကျွမ်းတယ်''
ဒေါက်တာ Abo ကပြောသည်။

အီဗန်ခေါင်းညိမ့်လိုက်သည်။ ခဏအကြာ သူကသက်လတ်ပိုင်းလူတစ်ဦးကိုသွားကြိုဆိုသည်။
ထိုသက်လတ်ပိုင်းလူကိုမြင်မြင်ချင်း အီဗန်ကတရင်းတနှီးနှုတ်ဆက်သည်_
"မစ္စတာလျို... ရောက်လာပြီပေါ့''
သူတို့ကဟိုရှီနိုမှဖြစ်၍ ဒေသဆိုင်ရာ ID နှင့်ဖုန်းနံပါတ်မရှိသောကြောင့် ဝယ်ယူရန်စာရင်းသွင်းမရပေ။ အကူအညီသာတောင်းရသည်။
မစ္စတာလျိုက သူ့ပြဿနာကိုဖြေရှင်းပေးနိုင်သည်။
"မစ္စတာအီဗန်''
မစ္စတာလျိုက အလောတကြီးပြောသည်_
"ကျွန်တော့်အဖေဦးနှောက်သွေးကြောပေါက်တာပြန်မကောင်းသေးဘူး... ဆေးရုံကလာရတာမလို့ စောင့်နေရတာအားနာလိုက်တာ''
"မစ္စတာလျို... ကိစ္စမရှိပါဘူး''
အီဗန်ကချက်ချင်းပြောသည်_
"ခင်ဗျားကိုပြောထားတဲ့ကိစ္စရော?''
မစ္စတာလျိုတန်းပြန်ဖြေသည်_
"မပူပါနဲ့... မစ္စတာအီဗန်... ကွန်ပျူတာကုမ္ပဏီကလူတွေကိုလုပ်လက်စတွေရပ်ခိုင်းထားတယ်... အချက်အလက်စာရင်းသွင်းထားပြီးပြီ... အွန်လိုင်းကနံပါတ်စဉ်ရေတာရပ်ရင် ချက်ချင်းဝင်ဝယ်လို့ရတယ်... တချို့တလေတော့ရမှာ သေချာတယ်''
"ဟား ဟား... မစ္စတာလျို ကျေးဇူးအများကြီးတင်တယ်ကွာ... လျိုမိသားစုက ထာဝရကျုပ်တို့မိတ်ဆွေပဲ''
အီဗန်ကဘဝင်ခိုက်ပြီး ပြုံးလိုက်သည်။
ဒီတော့ တစ်ဖက်ကကာကွယ်ထားရင် တစ်ဖက်ကငွေရေးကြေးရေးကြောင့် ကူညီမယ့်သူတွေရှိတတ်စမြဲ။
မြန်မြန်ဆန်ဆန်ပင်_
ပြည်သူများစောင့်ဆိုင်းနေကြစဉ် ချင်းလင်စံအိမ်တရားဝင်ဝဘ်ဆိုဒ်မှနံပါတ်စဉ်ရပ်သွားပြီး အတော်များများကသွက်သွက်လက်လက်ဝယ်ကြသည်။
ဒီတစ်ကြိမ် ချင်းလင်ဓာတ်ခွဲခန်းက သန့်စင်မြက်ပန်းအိုးအများကြီးမရောင်းသေး။ သန့်စင်မြက်ကြော်ငြာအတွက်ဖြည့်စွက်ရုံ အိုး ၂၀၀၀ သာရောင်းပေးသည်။
သို့နှင့် နံပါတ်စဉ်ဆုံးပြီး ဝယ်ယူရမည့် link ချပေးသောအခါ အိုး ၂၀၀၀ လုံးရောင်းထွက်သွားသည်။
ယွီလင်းက ဝယ်မည့်ခလုတ်နှိပ်ရုံရှိသေး၊ ဖန်သားပြင်ပေါ်တွင် သုညအထိလျော့ကျလာသောနံပါတ်ကိုမြင်ပြီး လန့်သွားသည်။
"ဒီအုပ်စုက တစ်ကိုယ်တည်းသမားဖြစ်တာ ၁၀ နှစ်ကျော်ကြာနေတဲ့အရှိန်မျိုးမလား?''
သူကညည်းလိုက်သည်။
အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲနှင့်မြန်မြန်ဆန်ဆန်ဖြစ်ပျက်သွားသည်။
"သော*က်... ငါ့မိန်းမကစပြီပြောလို့ ဖုန်းကိုင်ရုံရှိသေး... ပါသွားပြီတဲ့''
"ငါ့ကောင်မလေးနဲ့ငါက လက်ပြင်ရုံပဲရှိသေးတယ်... သော*က်.. ပြီးသွားပြီ''
"အပေါ်ကအစ်ကို... အထင်လွဲနေပြီ''
"ဒီလက်အရှိန်နဲ့... ငါရှုံးပါတယ်ကွာ!''
“…”
တစ်အိုးမှမရသူတွေကရန်ထောင်ပြီး ဝယ်နိုင်သူတွေကလက်မှတ်ကြွားကြသည်။ ဒါကလည်း ကြွားစရာတစ်မျိုး။ ဘာပဲဖြစ်ဖြစ် လူပေါင်းများစွာထဲက အယောက် ၂၀၀၀ ဖြစ်ခဲ့သည်လေ။
ပေကျင်း_
လေလံပွဲပြီးသည်နှင့် အီဗန်လည်း မစ္စတာလျိုကိုအလောတကြီးမေးသည်_
"ဘယ်လိုလဲ? ရလိုက်လား?''
"မေးလိုက်မယ်''
မစ္စတာလျိုကချက်ချင်းဖုန်းဆက်မေးသည်။
ခဏအကြာ သူကပြုံးပြီးအီဗန်အား_
"မစ္စတာအီဗန်... ဂုဏ်ယူပါတယ်... သန့်စင်မြက်စုစုပေါင်းသုံးအိုးရလိုက်တယ်... လာပို့တာစောင့်နေရုံပဲ''
"ကောင်းလိုက်တာ''
အီဗန်ကချက်ချင်း လက်သီးတင်းတင်းဆုပ်လိုက်သည်။ သန့်စင်မြက်ရဖို့နီးလာပြီ။
ဟိုကျင်းကောင်က သူ့ကိုလှောင်ပြီးအကူအညီလာတောင်းဖို့ပြောသတဲ့။ ဟာသပဲ။
သန့်စင်မြက်ရပြီး ပိုကောင်းတာပျိုးထောင်နိုင်မှ သူ့မျက်နှာဘယ်လိုဖြစ်သွားမလဲကြည့်ရတာပေါ့။
ချင်းလင်ဓာတ်ခွဲခန်းမှဖြည့်ဆည်းပေးသောသန့်စင်မြက်အိုး ၂၀၀၀ ကိုဝယ်ကြပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းကစလှုပ်ရှားသည်။
ရှန်လီက စံအိမ်စိုက်ခင်းဌာနကို သန့်စင်မြက် ၂၀၀၀ ရွှေ့စိုက်ခိုင်းထားသည်။ ဧည့်လမ်းညွှန်ကုမ္ပဏီနှင့်ပစ္စည်းပို့ဝန်ထမ်းများကိုလည်း ချိတ်ဆက်ထားသည်။
အရင်ဆုံး ဝယ်ယူသူ၏အချက်အလက်အတိုင်း အိုးစိုက်ပင်များပို့ပေးရမည်။
ထို့ကြောင့် မကြာမီ နီးစပ်ရာလူများက တစ်ယောက်ပြီးတစ်ယောက်ပစ္စည်းရပြီး သန့်စင်မြက်ကိုအိမ်ထဲရွှေ့ကာ စတင်စမ်းသပ်ကြသည်။
တစ်ချိန်တည်းတွင် မြို့တော်၌_
အီဗန်နှင့်မစ္စတာလျိုလည်း သန့်စင်မြက်သုံးအိုးရလာသည်။
သန့်စင်မြက်သုံးအိုးမြို့ထဲရောက်သောအခါ အီဗန်ကချက်ချင်း မစ္စတာလျိုအား ပစ္စည်းပို့ခိုင်းသည်။
ပစ္စည်းရဖို့နီးလာလေလေ စိတ်လောလေလေပင်။