← Chapters

အခန်း (၃၄၀)

Vol. 23 Ch. 340

အခန်း (၃၄၀)

Vol. 23 Ch. 340

တည်နေရာ ဟင်းလင်းပြင်ကြီးတစ်ခု ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်တွင် ထိုင်၍ မြေပုံကို ထုတ်ယူလိုက်သည်။ ပြီးနောက် စဦးအဆင့် စတိုးဆီမှ ဝယ်ယူထားရသော ဘောပင်တစ်ချောင်းအား ထုတ်ယူကာ တစ်စုံတစ်ခုကို ရေးဆွဲလျက်ရှိသည်။

သူသည် သွားခဲ့ဖူးသော နေရာများအား မှတ်သားနေခြင်း ဖြစ်သည်။ ဤနေရာထက် ပိုမို၍ နက်ရှိုင်းသော တောအတွင်း ဝင်ရောက်မည် ဆိုပါက ပိုမို၍ ပြင်ဆင်ထားသင့်သည် မဟုတ်လား။

သားရဲတစ်ထောင်တော ထဲသို့ ဝင်လာခဲ့သည်မှ ရက်အတန်ငယ် ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လုံလောက်သည့် အရင်းအမြစ် နှင့် အသားများကိုလည်း ရရှိပြီး ဖြစ်၏။

သို့ပေမဲ့ အချိန်ရသေးသောကြောင့် ကျွင်းချောင်ရှောင်းသည် ဆက်လက်၍ သွားရန် ဆုံးဖြတ်လိုက်သည်။

ထို့အပြင် ရှားရှားပါးပါး ဂိုဏ်းကိစ္စများအား စဉ်းစားရန် မလိုသည့် အခြေအနေ ဖြစ်သောကြောင့် သူသည် စိတ်ချမ်းသာလျက်ရှိ၏။

အန္တရာယ်များလှပါသည် ဆိုသော သားရဲတစ်ထောင် တောထဲတွင် စိတ်လက်အပန်းဖြေ ခရီးထွက်ရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။

ထို့အပြင် သူ့အား ဝံပုလွေသားရဲများသည် လိုက်ပါ စောင့်ရှောက်လျက် ရှိနေ၏။

နဂါးလေး နှင့် ရေခဲလေးတို့သည် အံ့အားသင့်မိနေတုန်းပင်။

သူတို့၏ သခင်သည် မည်သို့သော နည်းလမ်းဖြင့် ဤမျှအားကောင်းလှသော သားရဲအား ထိန်းချုပ်ခဲ့သည် မသိချေ။

“ကောင်းပြီ”

မှတ်စရာရှိသည်ကို မှတ်သားပြီးနောက် ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်သည် “သွားစို့”

ဟာရီကိန်း ဝံပုလွေကို စီးနင်းရင်း ဘေးတစ်ဖက်တချပ်မှာတော့ နဂါးလေး နှင့် ရေခဲလေးတို့ ရှိနေသည်။ ဝံပုလွေများကလည်း နောက်မှ လိုက်ပါ လျက်ရှိ၏။

………

နယ်မြေငါးထဲမှာတော့ သိုင်းကျင့်ကြံသူ ခြောက်ရာနီးပါးတို့သည် မျက်လုံးထဲတွင် ဒေါသတရားတွေ အပြည့်ဖြင့် ဟုဝေးလျက်ရှိနေကြသည်။

အဖွဲ့ငယ်လေးများသည် ထိုသူများအား မြင်တော့ ထိတ်လန့်တကြားဖြင့် အဝေးမှ ရှောင်ရှားသွားကြ၏။

“ခေါင်းဆောင်”

ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည် “ခွေးကောင်လေးက အတွင်းပိုင်းကို ဝင်သွားတာပဲ။ သူ သားရဲ တစ်ထောင်တောထဲကနေတော့ မထွက်သေးဘူး”

ထိုသူ၏ ရှေ့မှာတော့ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်း လူရွယ် တစ်ယောက် ရှိနေသည်။ ထိုသူ၏ ခန္ဓာကိုယ်ဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ထွက်ပေါ်နေ၏။

သူသည် အလွန့် .. အလွန်ကို စိတ်တိုလျက်ရှိသည်။

တတိယအဖွဲ့၏ ခေါင်းဆောင်၊ ဒုခေါင်းဆောင် အပါအဝင် နောက်လိုက် တော်တော်များများသည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။

သားရဲတစ်ထောင်တော ဆိုသည်မှာ သူတို့၏ နယ်မြေ စားကျက်ဟုပင် သတ်မှတ်နိုင်သည်။ ထိုသို့သော နေရာထဲတွင် သူတို့၏ လူများ သတ်ဖြတ်ခံရခြင်းသည် မျက်နှာအား သေးဖြင့် လာပန်းခြင်းနှင့်ပင် ဆင်တူနေသည်။

ခွေးကောင် …။

ဟွိုင်ခွန် သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ မှုန်ကုတ်ကုတ်ဖြင့် ပြောလိုက်သည် “ငါ မင်းကို ဖမ်းမိပြီ ဆိုတာနဲ့ ငါ့ညီအစ်ကိုတွေရဲ့ ဝိညာဉ်တွေ ကျေနပ်အောင် တစစီ ပိုင်းပြမယ်”

သူ သည် လက်ကိုယမ်းခါပြီး အမိန့်ပေးလိုက်သည် “ဝင်ပေါက်၊ ထွက်ပေါက်တွေကို ပိတ်ထား”

“ကောင်းပါပြီ”

ကြေးစားအဖွဲ့ဝင်များသည် အဓိက လမ်းများအား ပိတ်လိုက်ကြသည်။

“သွေးဝံပုလွေကြေးစားအဖဲ့ွ ရဲ့ ခေါင်းဆောင်တောင်မှ ရောက်လာတာပဲ။ အဖြူရောင် ဝတ်စုံနဲ့ လူငယ်တော့ မလွယ်ဘူး။”

“အားကောင်းပါတယ် ဆိုတဲ့ နဂါးတောင်မှ မြွေတွင်းထဲရောက်ရင် ဒုက္ခရောက်တတ်တာ သဘာဝပဲ။ ဒီလောက် ဂိုဏ်းတွေ ၊ အဖွဲ့တွေ အများကြီး သားရဲတစ်ထောင်တော ထဲ လာခဲ့တာ။ တစ်ဖွဲ့ကမှ သွေးဝံပုလွေ ကြေးစားအဖွဲ့ကို မတွန်းလှန်ကြဘူး။ ဟိုကောင်လေးကတော့ လူပါ သတ်သွားသေးတယ်။ တကယ့်ကို သေလမ်းရှာတဲ့ကောင်ပဲ”

“အဝင်ဝကို ပိတ်လိုက်ပြီဆိုတော့ ကျုပ်တို့ ဝင်လို့မရတော့ဘူးပေါ့”

“ဟွိုင်ခွန်က သူ့ဒေါသကို ကျုပ်တို့ဆီ ပုံမချတာပဲ ကံကောင်းလှပြီ။ ဒါကို အထဲသွားဝင်ချင်သေးတာလား”

အဝေးတစ်နေရာရှိ အဖွဲ့ဝင်များသည် တီးတိုးဆွေးနွေးနေကြသည်။

တစ်ချို့သောသူများသည် အသာနောက်ဆုတ်ပြီး သွေးဝံပုလွေအဖွဲ့သားများ၏ ကိစ္စပြီးမှ အတွင်းသို့ သွားရောက် ရှာဖွေကြရန် စဉ်းစားလိုက်ကြ၏။

အဆိုးဆုံးမှာ နယ်မြေခြောက်ထဲတွင် ရှိနေသော အဖွဲ့များ ဖြစ်ပြီး ထိုသူတို့သည် ဝင်ပေါက်၊ ထွက်ပေါက်များ ပိတ်ထားသည်မို့ အတွင်း၌ ပိတ်မိနေသည်။

“ခေါင်းဆောင်”

ခပ်ဝဝလူသည် မျက်မှောင်ကုတ်တာ မေးလိုက်သည် “ဘာလုပ်သင့်လဲ”

အစ်ကိုချင်သည် ခဏလောက် စဉ်းစားပြီး ပြောလိုက်၏ “ဖုကွေးရွာကို မပြန်ခင်မှာ ဒီမှာ စောင့်နေရုံပဲ ရှိတော့တာပေါ့”

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူနှင့် သူ၏ အဖွဲ့သားများ အားလုံးသည် တည်နေရာအား အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ပြီး အရင်းအမြစ် တော်တော်များများ ရရှိခဲ့သည်။ ကံကောင်းသည်မှာ လူတစ်ယောက်မှလည်း အလေအလွင့်မရှိချေ။

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်းအား အစောကတည်းက အထင်သေးခဲ့သော လူသည် စိတ်တိုစွာ ပြောလိုက်သည် “ဟိုကောင်လေး ရှုပ်တာနဲ့ အကုန်ဒုက္ခများကုန်ပြီ။ သွေးဝံပုလွေအဖွဲ့ကလည်း သူ့ကို သွားရှာပါလား။ ဘာလို့ နယ်မြေကို စည်းခတ်ပြီး ပိတ်ထားရတာလဲ”

“ဟုတ်တယ်”

တစ်စုံတစ်ယောက်က သဘောတူညီလိုက်သည် “ကိုယ့်ကို ပြဿနာရှာတဲ့သူကို သွားရှာပါလား။ ဘာလို့အကြောင်းပြချက် မပေးဘဲ လုပ်ချင်ရာ လုပ်ကြတာလဲ”

အစ်ကိုချင်က ရွဲ့ကာ ပြောလိုက်၏ “အကြောင်းပြချက်က မင်းကိုယ်တိုင် သွားမေးလိုက်ပါလား”

“……..”

ထိုသူသည် မြန်မြန်ပဲ ခေါင်းပုသွား၏။ သူသည် အချင်းချင်းသာ ဟောင်ဖွာဟောင်ဖွာ လုပ်ရဲခြင်း ဖြစ်သည်။ အဘယ်သို့သော သတ္တိဖြင့် သွေးဝံပုလွေ ကြေးစားအဖွဲ့အား မေးခွန်းသွားထုတ်ရမည်နည်း။

လူတစ်ယောက် က ဒေါသတကြီး ပြောလိုက်သည် “ဒုက္ခပေးတာပဲ။ ဟိုကောင်လေးက ပုန်းနေတာ။ အားလုံးက ကြားထဲကနေ ဒီနေရာမှာပိတ်မိနေရပြီ”

“ကျုပ်အထင်အရတော့ အဲကောင်လေး သားရဲတစ်ထောင်တော ကနေ ထွက်သွားလောက်ပြီ”

“ကျုပ်တို့ ဘယ်လို ထွက်ကြမလဲ။”

“ဒီအတောအတွင်း အားကောင်းတဲ့ သားရဲတွေ ပေါ်မလာစေဖို့ ဆုတောင်းရမယ်”

…….

သွေးဝံပုလွေကြေးစားအဖွဲ့သည် နယ်မြေငါး၏ အဝင်ပေါက်အား စည်းခတ်၍ ပိတ်ထားချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တော၏ အတွင်းပိုင်းတွင် အဆင့်မြင့် သားရဲများနှင့် တိုက်ခိုက်နေသည်။

ဤတောနက်ထဲသို့ မည်သူမှ ခြေမချသောကြောင့် ဆေးပင်များ ၊ ကျောက်ရိုင်းများသည် နေရာအနှံ့တွင် ရှိနေ၏။

ဂိုဏ်းချုပ်ကျွင်းသည် အရာအားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်သွင်းနေသည်။

အတွင်းပိုင်းသို့ သွားလျှင် အဆင့်မြင့်သော သားရိုင်းများနှင့် တွေ့လေဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လေးရက်၊ ငါးရက်လောက် ရှာဖွေပြီးနောက်မှာတော့ ပြန်ရန်လမ်းကိုသာ ရွေးချယ်လိုက်သည်။

“ဒီကိုရောက်နေတာ လဝက်လောက်ရှိပြီ”

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “ပြန်ဖို့ အချိန်ရောက်ပြီ”

ရွှစ် …။

ဟာရီကိန်းဘုရင်ကို စီးနင်းပြီးသည့်နောက် သူသည် ပြန်လှည့်လာလိုက်သည်။

ဝူး …။

ဝူး …။

ဟာရီကိန်းဝံပုလွေများသည် ဦးခေါင်းမော့ကာ ကြွေးကြော်လိုက်၏။

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “ငါ့ကို ကြည့်ရတာ ဘုရင်လိုလို၊ ဘာလိုလိုနဲ့”

ကျွင်းချောင်ရှောင်းသည် သားရဲပေါ်မှ ခုန်ချပြီး ပြောလိုက်သည် “ဝံပုလွေကြီး .. လူခွဲသွားရအောင်။ အသံမထွက်နဲ့။ တခြားကျင့်ကြံသူတွေ မမြင်စေနဲ့”

ဟာရီကိန်းဝံပုလွေ ဘုရင်သည် ခေါင်းညိတ်ပြလိုက်သည်။

ဝှစ် ..။

ဟာရီကိန်း ဝံပုလွေရာကျော်တို့သည် မြန်မြန် နေရာခွဲသွား၍ တောနက်အမှောင်ထဲ တိုးဝင်သွားကြ၏။

“ရေခဲလေး …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်းလည်း အမှောင်ထဲ ပုန်းနေ”

“ဝေါင်း ….”

ရေခဲခြင်္သေ့သည် အမိန့်ကို ရရှိပြီးနောက် တောအမှောင်ထဲ တိုးဝင်သွားတော့သည်။

အရာအားလုံး စီစဉ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် နဂါးလေးနှင့် အတူ ပြန်လာလိုက်၏။

နာရီဝက်လောက်ကြာမြင့်ပြီးနောက် ….

များပြားလှသော တောတန်းများအား ဖြတ်ကျော်ပြီးနောက် သူတို့သည် နယ်မြေ ခြောက် ဆီသို့ ရောက်ရှိလာသည်။

“ခေါင်းဆောင်”

ရိက္ခာခြောက်များအား စားနေသော ခပ်ဝဝလူသည် နယ်မြေခုနှစ် ဆီမှ လူတစ်ယောက် ထွက်လာကြောင်း မြင်လိုက်ရတော့ ထအော်လိုက်မိသည် “ဟိုကောင်လေး”

အစ်ကိုချင် နှင့် တခြားသူများသည် လှည့်ကြည့်လိုက်ကြ၏။

တခြားသော ကျင့်ကြံသူများသည်လည်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။

“တကယ် သူကိုး”

“ဒီကောင်လေး ထွက်မသွားသေးဘူးပဲ”

“သွေးဝံပုလွေ ကြေးစားအဖွဲ့ က ငါးရက်လုံးလုံး ပိတ်ထားတာ။ နောက်ဆုံးတော့ သူ ရောက်လာပြီ”

အားလုံးက တီးတိုးပြောလိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် ထိုသူများ စုဝေးနေသည်ကို သတိပြုမိလိုက်၏။ ထို့ကြောင့် မေးလိုက်၏ “ဘာလို့ ဒီမှာ လာစုနေကြတာလဲ။ တခြားနယ်မြေတွေဆီ သွားမရှာကြဘူးလား”

ဘယ်ကို သွားရှာရမလဲ။ ချီးတဲ့မှ .. လမ်းက ပိတ်ထားတာကို။

“ရောင်းရင်းလေး …”

သူ လျှောက်ဝင်လာတော့ အစ်ကိုချင်သည် တီးတိုးပြောလိုက်၏ “သွေးဝံပုလွေ ကြေးစားအဖွဲ့ က မင်းကို ရှာဖို့ ဝင်ပေါက်ကို ပိတ်ထားတယ်။ ဒီတော့ တခြားလမ်းက သွားပါ”

သွေးဝံပုလွေ ကြေးစားအဖွဲ့လား။

ကျွင်းချောင်ရှောင်းသည် သူ လုယက်ခဲ့သော သူများအကြောင်း ပြန်သတိရသွား၏။

ငါ့ကို ပိတ်ထားတာလား။ ငတုံးတွေ။

ကျွင်းချောင်ရှောင်းသည် အသာခေါင်းညိတ်ပြပြီး ဆက်လျှောက်သွားလိုက်သည်။

“ဒါက …” အစ်ကိုချင် အံ့အားသင့်သွား၏။

“ဟမ့်”

လူတစ်ယောက် က အေးစက်စက် ပြောလိုက်သည် “သူ့ကို သတိပေးထားတာပဲ။ အရူးလို ဆက်လျှောက်သွားတယ် ဆိုတော့ ရူးနေတာပဲ ဖြစ်ရမယ်”

“ခေါင်းဆောင် ….”

အဝင်ပေါက်ဝမှာတော့ ကြေးစားအဖွဲ့မှ လူတစ်ယောက်သည် ကျွင်းချောင်ရှောင်း ထွက်လာသည်ကို မြင်တော့ ထအော်လိုက်သည် “ဟိုကောင် ထွက်လာပြီ”

“ဟမ် …”

ဟွိုင်ခွန်က လှမ်းကြည့်ကာ အေးစက်စက် ပြောလိုက်သည် “သူ့ကို ပိတ်ထား”

အဖွဲ့သားများသည် ထွက်လမ်းများအား အလျှင်အမြန် ပိတ်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် ရှေ့သို့သာ ဆက်လျှောက်လိုက်သည်။ ထွက်ခွာမည့် လမ်းကြောင်း အပိတ်ခံလိုက်ရသော်လည်း သူ စိတ်မဝင်စားချေ။

“သေချာပြင်ဆင်ထားတာပဲ” ကျွင်းချောင်ရှောင်း ပြုံးလိုက်သည်။

ဟွိုင်ခွန်သည် ကျောက်တုံးတစ်ခုပေါ်တွင် ထိုင်ရင်း သူ၏ အဖွဲ့သားများအား သတ်ဖြတ်သွားသော လူ ကို သေချာကြည့်လိုက်သည်။ ပြီးနောက် သူ၏ ဓားရှည်အား မြေပြင်သို့ ထိုးစိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ကောင်လေး.. ငါ့လူတွေကို သတ်ခဲ့တယ်ဆိုတော့ မင်း သေရမယ်။ ဘယ်လိုပုံစံ နဲ့ သေချင်လဲ”

“ရွေးရမယ်ဆိုရင်”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည် “အသက်ကြီးတော့ အိုပြီး သေရတာမျိုးကို ကြိုက်တယ်။ လူကြီးနာ ခေါ်မှာပေါ့”

All Chapters