အခန်း (၃၄၄)
Vol. 24 Ch. 344
ကျွင်းချောင်ရှောင်း အဘယ့်ကြောင့် ဟာရီကိန်း ဝံပုလွေများအား ဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သနည်း ဆိုသော် သူ၏တပည့်များ စီးနင်းနိုင်ရန် ဖြစ်သည်။
အလွန်တရာ မြန်ဆန်လှသောလေဓာတ် အမျိုးအစား သားရဲကို ထိန်းချုပ်နိုင်လျှင် စီးနင်းရာ၌ လူရှိန်သည်သာမက ခရီးသွား၍လည်း အဆင်ပြေနိုင်၏။
ထို့ကြောင့် ဟာရီကိန်းဝံပုလွေဘုရင်အား အသုံးချ၍ ၎င်း၏ မျိုးဆက်တစ်ခုလုံးအား ခေါ်ယူလာစေခြင်းပင် ဖြစ်တော့သည်။
သူ့အနေဖြင့် လူရှိန်အောင် ကြွားဝါရမည် ဆိုလျှင်ပင် တစ်ယောက်တည်း ဟန်လုပ်၍ မသင့်တော်ချေ။ တစ်ဂိုဏ်းလုံး ဟန်ရေးပြမှ လူရှိန်ပေလိမ့်မည်။
ဤကဲ့သို့ တပည့်များအတွက်ပါ ထည့်သွင်းစဉ်းစားပေးတတ်သော ဂိုဏ်းချုပ်မျိုး ဘယ်မှာ ရှိလိမ့်မနည်း။ လက်ရှိတွင် ဂိုဏ်းချုပ်ကျွင်း တစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
စုရှောင်မိုသည် ဟာရီကိန်း ဝံပုလွေ၏ ရှေ့တွင် ရပ်ကာ အမွေးများအား လက်ဖြင့် သပ်၍ သွားဖြီးကာ ပြောလိုက်သည် “နူးညံ့လိုက်တာ”
ဟာရီကိန်း ဝံပုလွေသည် မနှစ်သက်ဘူး ဆိုသော်လည်း မာန်လည်းမဖီရဲချေ။
ဝံပုလွေဘုရင်အား ထိန်းချုုပ်ထားနိုင်သည့် ကျွင်းချောင်ရှောင်း မပြောနှင့် ဤနေရာတွင် ရှိနေသော ဂိုဏ်းသား တစ်ယောက်ချင်းစီတိုင်းသည် သူတို့ ရန်ပြု၍ ရနိုင်သော သူများ မဟုတ်ကြောင်း ထွက်ပေါ်နေသည့် အော်ရာများမှ တဆင့် သိရှိုနိုင်၏။
မှန်ပေသည်။
တကယ်တမ်း တိုက်ခိုက်မည် ဆိုလျှင် စုရှောင်းမိုသည် ဤဝံပုလွေအား အနည်းငယ် ကန်ကျောက်၍ သတ်ဖြတ်ပစ်နိုင်စွမ်း ရှိသည်။
ခေါင်းဆောင်နှင့် အတူ ဂိုဏ်းသားများကပါ အားကောင်းလွန်းသောကြောင့် ဟာရီကိန်း ဝံပုလွေများ အနေဖြင့် အမိန့်ကို လိုက်နာရန်သာ ရှိတော့၏။
ရွှီး ..။
စုရှောင်မိုသည် ဝံပုလွေ၏ ကျောပေါ် ခုန်တက်လိုက်ပြီး လည်ပင်းအား ပွတ်သပ်ကာ ပြောလိုက်သည် “သွားစို့ .. တောင်ကို ပတ်ကြည့်ရအောင်”
ဝူး …။
ဟာရီကိန်း ဝံပုလွေသည် အော်ဟစ်လိုက်ပြီး လေပွေများအား နင်းဖြတ်၍ ဝှစ်ခနဲ ပြေးထွက်သွားတော့သည်။
ထိုအရာကိုမြင်တော့ လီဖေး နှင့် ထျန်းချီ တို့သည်လည်း အလျှင်အမြန်ပဲ ဝံပုလွေစီးကာ လိုက်တော့၏။
ရွှီး ..။
ရွှီး ..။
လုံကျိရန် ၊ လီယုဟွာ နှင့် တခြားသူများသည်လည်း ဝံပုလွေ တစ်ကောင်စီအား ရွေးချယ်လိုက်သည်။
အချိန်အနည်းငယ်အကြာမှာတော့ ဟာရီကိန်းဝံပုလွေ ဒါဇင်ကျော်ခန်တို့သည် သံမဏိအရိုးတောင်အား ပတ်၍ ပြေးနေလေသည်။
စုရှောင်မိုတို့သည် ကျင့်ကြံခြင်းအဆင့် မြင့်မားကြသောကြောင့် အကြောက်အလန့်လည်း ကင်းရှင်းကြ၏။
တပည့်သစ်များမှာမူ အားနည်းလွန်သောကြောင့် လေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်ကာ ဝံပုလွေစီးနင်း နေသော သူတို့၏ စီနီယာများကိုသာ အားကျသည့်အကြည့်ဖြင့် ကြည့်နေရသည်။
ထို့အပြင် သံမဏိအရိုးဂိုဏ်းသည် တပည့်နှစ်ထောင်ရှိသည် ဆိုသော်လည်း ဝံပုလွေများမှာ ရှစ်ရာ မှ ကိုးရာ နီးပါးသာ ရှိသည် မဟုတ်လား။ စီးနင်း၍ မရနိုင်သော ဝံပုလွေပေါက်လေးများလည်း ပါဝင်နေသေး၏။
“ချင်းယန်”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီလူတွေကို အချိန်တစ်ခုထိ ဂိုဏ်းမှာ နေဖို့ စီစဉ်ပေးလိုက်။ သူတို့ လိုအပ်နိုင်မယ့်အရာတွေ ပြင်ဆင်ပေးလိုက်”
သူသည် ကျုံးရီ တို့အား တပည့်အဖြစ် လက်ခံချင်သည်။ သို့ပေမဲ့ ဂိုဏ်းသားအရေအတွက်မှာ ပြည့်နေပြီ ဖြစ်၏။
ထို့ကြောင့် အချိန်ကာလ တစ်ခုထိ ဂိုဏ်းတွင် နေစေပြီမှ စီစဉ်စရာ ရှိသည်များကို အရင် စီစဉ်ရမည်။
“ကောင်းပါပြီ”
လီချင်းယန် ပြောလိုက်သည် “ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ပါ”
“ကောင်းပါပြီ”
ကျုံးရီတို့သည် နောက်မှ အလျှင်အမြန် လိုက်သွားကြသည်။ သူတို့သည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ် နိုင်ကြချေ။
အဆင့်မြင့် ဟာရီကိန်းဝံပုလွေများအား တပည့်များ စီးနင်းလာရန် ဖမ်းဆီးလာသော ဂိုဏ်းချုပ်ကို သူတို့ တစ်ခါမှ မမြင်ဖူးချေ။ ထိုအရာမျိုးကို တွေးတောင်မတွေးထားဖူးကြ။
အလွန်အမင်း အံ့အားသင့်စရာ ကောင်းလွန်း၏။
“အစ်ကိုရီ”
လမ်းမှာတော့ လူငယ်တစ်ယောက် က တုန်လှုပ်စွာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းက အရမ်းအားကောင်းတယ်။ ဟာရီကိန်း ဝံပုလွေ ဘုရင်ကိုတောင် ထိန်းချုပ် ထားနိုင်တယ်”
ကျုံးရီ လေးလေးနက်နက် ပြောလိုက်သည် “မဟုတ်ရင် နတ်စမ်းချောင်းဂိုဏ်းကို ဘယ်နိုင်မလဲ။ အားကောင်းလို့ပေါ့”
“အမှန်ပဲ”
အားလုံးသည် စိတ်ချ ယုံကြည်သွားကြသည်။ သူတို့သည် လီချင်းယန်၏ နောက်မှ လိုက်၍ ခမ်းနားလွန်းသော အဓိက ဟောခန်းကြီးကို မြင်သည့်အချိန်မှာတော့ ရင်သပ်ရှုမောဖွယ် ဖြစ်နေကြသည်။
ဤကဲ့သို့ အလားအလာ အလွန်ကောင်းသော ဂိုဏ်းတစ်ခု၏ဂိုဏ်းသား ဖြစ်လာရတော့ကို တွေးရင်း ရင်ခုန်လာမိကြ၏။
ကျုံးရီသည် ထိတ်လန့်တုန်လှုပ်မိနေတုန်းပင် ဖြစ်သည်။
သူသည် ဟာရီကိန်း ဝံပုလွေများ၊ အဓိက ဟောခန်း၏ ခမ်းနားကြီးကျယ်မှုတို့ကို မြင်၍ ထိတ်လန့်တုန်လှုပ်နေခြင်း မဟုတ်ပေ။ ရှေ့မှ လမ်းပြနေသော လီချင်းယန် အားကြည့်ကာ အံ့အားသင့်မိနေခြင်းပင် ဖြစ်တော့၏။
ထိုလူငယ်သည် သူ့ထက် နှစ်အနည်းငယ် ငယ်ရွယ်သည့် လူငယ်လေး ဖြစ်ပြီး သူနှင့် အဆင့်တူညီသည့် သိုင်းဆရာ အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည် ဆိုသော်လည်း တကယ်တမ်း တိုက်ခိုက်မည် ဆိုလျှင် သူ အနိုင်မယူနိုင်သည့်သူ ဖြစ်ကြောင်း နားလည်မိသည်။
အထူးသဖြင့် ဟာရီကိန်း ဝံပုလွေများအား ဝိုင်းပတ် ကြည့်ရှုနေသည့် တခြားသော ဂိုဏ်းသားများအား သူကြည့်မိတော့ ကျင့်ကြံခြင်းအဆင့် နိမ့်နေသည် ဆိုလျှင်တောင်မှ အလွန်အားကောင်းသော သူများ ဖြစ်ကြောင်း ခန့်မှန်းမိ၏။ သာမာန် သိုင်းတပည့် အဆင့် ကျင့်ကြံသူများ မဖြစ်နိုင်ပေ။
သံမဏိအရိုးဂိုဏ်းတွင် နဂါးများ၊ ကျားများ ပုန်းအောင်းနေခြင်း ဖြစ်သည်။
ကျုံးရီသည် ရှောင်ကျီ နှင့် ရီရှင်းချန် တို့အား မမြင်သေး၍ ထိုမျှလောက်သာ အံ့သြနေခြင်း ဖြစ်သည်။ တွေ့ပါက ပါးစပ် အဟောင်းသားပင် ဖြစ်သွားနိုင်၏။
……..
ဖူး …
အဓိက ဟောခန်း၏ ဂိုဏ်းချုပ်ထိုင်ခုံတွင် ထိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “အိမ်ပြန်လာရတဲ့ ခံစားချက်က ကောင်းလိုက်တာ”
ဒင် .. ဒင် ….။
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၂၁၀၀ / ၂၀၀၀”
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၂၂၀၀ / ၂၀၀၀”
“ဒင် … ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့် …။”
သတိပေးချက်ကို ကြားတော့ ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွားသည်
စနစ်မှ ပြောလိုက်သည် “လက်ခံသူ ဂိုဏ်းကနေ ထွက်သွားတုန်း တပည့်တွေက တာဝန်ပြီးမြောက်အောင် ပြုလုပ်ထားကြတယ်။ ဒါပေမဲ့ သူတို့နဲ့ လက်ခံသူ က အကွာအဝေး အရမ်းဝေးနေတာကြောင့် သတိပေးချက် ရောက်မလာတာပဲ”
ကျွင်းချောင်ရှောင်း နားလည်သွားသည် “သားရဲတထောင်တော ထဲမှ သတိပေးသံတွေ မကြားရတာ ဘာလို့လဲလို့ ငါ စဉ်းစားနေတာ။ အခုတော့ ဒါကြောင့်ကိုး”
သူခရီးထွက်လာတုန်း ဂိုဏ်းက ခွေးကလေးတွေ တာဝန်ပြည့်စုံအောင် မလုပ်ဘဲ ကမြင်းကြော ထနေကြခြင်း ဖြစ်လိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။ သို့ပေမဲ့ တကယ်တမ်းမှာတော့ တပည့်များသည် တာဝန် အားလုံး အား ပြည့်စုံအောင် ပြုလုပ်ထားပြီး ဖြစ်နေကြသည်။
လူလိမ်မာလေးများအား သူ စော်ကားခဲ့မိချေ၏။
တပည့်များသည် တာဝန်ကို ပြည့်စုံအောင် ပြုလုပ်ပြီးသည့်နောက် ဂိုဏ်းစုဆောင်းမှတ်များအား သက်ဆိုင်ရာ ဆုလဒ်နှင့် လဲလှယ်ပြီးပင် ဖြစ်နေကြသည်။
“ဂိုဏ်းသားက ပြည့်ပြီ။ ဂိုဏ်းအောင်မြင်မှု အမှတ်ကလည်း ပြည့်ပြီ။ ဒီလိုဆိုတော့ …”
ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်၍ မြန်မြန်ကြည့်လိုက်သည်။ ဂိုဏ်းအဆောက်အအုံ ၏ ဘေးတွင် အဆင့်မြင့်တင်မည့် ဟူသော စာတမ်းပေါ်နေသည်ကို သူမြင်လိုက်ရ၏။
“အံ့အားသင့်စရာပဲ” ကျွင်းချောင်ရှောင်း မြန်မြန်ပဲ နှိပ်လိုက်သည်။
“ဒင် … ဂိုဏ်းအဆောက်အအုံ သည် အဆင့်ငါးသို့ ရောက်ရှိသွားသည်။”
“ဒင် .. ဂိုဏ်းသားအရေအတွက်၊ ဂိုဏ်းစုဆောင်းမှတ် ၊ ဂိုဏ်းအောင်မြင်မှုအမှတ် ၏ အကန့်အသတ် အရေအတွက်များသည် တိုးတက်သွားသည်။”
“ဒင် …. ဂိုဏ်း၏ သားရဲခန်းမဆောင်သည် အသက်ဝင်လာသည်။”
သတိပေးသံများ ထွက်ပေါ်လာပြီးနောက် စနစ်၏ မြင်ကွင်းသည် ပြောင်းလဲသွား၏။
ဂိုဏ်းအမည် - သံမဏိအရိုးဂိုဏ်း။
ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း။
ဂိုဏ်းအဆင့် - ခုနှစ်။
ဂိုဏ်းအဆောက်အအုံ - အဆင့်ငါး။
ဂိုဏ်းကျင့်ကြံခြင်း နည်းစနစ် - ရီကျင်ကျင်း ၊ တိမ်ခြေလှမ်း ၊ …………..။
ဂိုဏ်းသား - ၂၀၀၀ / ၅၀၀၀။
ဂိုဏ်း စုဆောင်းမှတ် - ၂၁၀၀ / ၅၀၀၀။
ဂိုဏ်းအောင်မြင်မှု အမှတ် - ၂၀၀ / ၅၀၀၀။
ဂိုဏ်းတာဝန် - နှစ်တစ်ရာ အတွင်း ……………..။
…..
အကန့်အသတ်သည် ၂၀၀၀ မှ ၅၀၀၀ ထိ တိုးမြင့်သွားသည်။ ကျွင်းချောင်ရှောင်းသည် အလွန်တရာ သဘောကျသွားသည်။ ထို့အပြင် အကန့်အသတ် တိုးလာခြင်းသည် အလယ်အလတ်စတိုးမှ ပစ္စည်းများအား ငါးကြိမ်ထိ ဝယ်ယူလာနိုင်ပြီဟု ဆိုလိုခြင်းမဟုတ်လား။
ထိုအရာသည် အဓိက မဟုတ်သေးချေ။
သူ အဆင့်မြင့်တင်ပြီးနောက် အသက်ဝင်လာသည့် စိတ်ဝိညာဉ်သားရဲ အဆောင် က အရေးကြီးသည်။။
“ဂိုဏ်းချုပ်။”
သူ စနစ်ကို ဖွင့်ဖို့ ကြံစည်နေတုန်းမှာပဲ လီချင်းယန်သည် ကျုံးရီတို့အား စီစဉ်ပေးစရာများ စီစဉ်ပေးပြီး အဓိက ဟောခန်းထဲ လျှောက်ဝင်လာတော့သည် “ဝံပုလွေ သားရဲတွေကို ဘယ်လိုလုပ်မလဲ”
ဂိုဏ်းချုပ်သည် ဝံပုလွေ တစ်ထောင် နီးပါးခန့်ကို ခေါ်ဆောင်လာသည်။ အားလုံးကို ဂိုဏ်းထဲ ဆောင့်ကြောင့် ထိုင်ခိုင်းထား၍ မဖြစ်ချေ။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “အဲ ဝံပုလွေတွေ နေဖို့ နေရာစီစဉ်ရမယ်”
“ဟုတ်ပြီ။ တောင်ရဲ့ သီးခြားအစီအရင် အတွင်းပိုင်းမှာ နေရာတစ်ခု ရှာပေးလိုက်။ ပထမဆုံး အချက် အနေနဲ့ သူတို့ သဘာဝထဲနေသလို ခံစားရမယ်။ ပြီးတော့ ဒုတိယ အချက်အနေနဲ့ ဂိုဏ်းရဲ့ သီးခြားအစီအရင်ကိုလည်း ကာကွယ်နိုင်မယ်။ အပြင်လူတွေ လွယ်လွယ်ကူကူ နဲ့ အနားမကပ်နိုင်တော့ဘူး”
“အကြံကောင်းပဲ” လီချင်းယန် သဘောတူလိုက်သည်။
ကျွင်းချောင်ရှောင်းသည် စီစဉ်စရာ ရှိသည်များကို ထပ်မံ ခိုင်းစေလိုက်သည်။
ဟာရီကိန်းဝံပုလွေသည် အမိန့်ရရှိပြီးနောက် တစ်ချက်အူကာ ရှေ့မှ ဦးဆောင်၍ ထွက်ခွာသွားသည်။ သူတို့သည် သီးခြားအစီအရင် အတွင်းရှိ ကျောက်လှိုဏ်ဂူ တစ်ခုအား သိမ်းပိုက်နေရာယူလိုက်ကြတော့၏။
စီးတော်ယာဉ်အဖြစ်သာ မက အိမ်စောင့်ရန်လည်း ခိုင်းစေနိုင်သည်။ မည်မျှ အသုံးတည့်လိုက်သနည်း။
သို့ပေမဲ့ စနစ်သည် သူ့အား ရင်နာအောင် ပြောဆိုလိုက်သည် “ဒီဟာရီကိန်း ဝံပုလွေတွေက အရမ်း အစားကြီးတယ်။ သူတို့ကို မွေးထားဖို့ ဆိုရင် လက်ခံသူ မွဲမှာပဲ”
“ဒါက ….”
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွားမိသည်။
ဤမျှ အားကောင်းသော သားရဲများကို မွေးဖွားရခြင်းသည် အစားကြူးသော ဘီလူးများအား မွေးထားခြင်း နှင့် ဆင်တူနေပြီလား။ တကယ်တမ်းတွင် သူ့၌ အသားမှန်သမျှ ပါးစပ်ထဲ ထည့်တတ်သည့် နဂါးလေးတစ်ကောင် ရှိနှင့်နေပြီး ဖြစ်သည်။