← Chapters

အခန်း (၃၄၅)

Vol. 24 Ch. 345

အခန်း (၃၄၅)

Vol. 24 Ch. 345

သံမဏိ အရိုးတောင်သည် ကြီးမားသည် ဆိုသော်လည်း အန္တရာယ်ပေးနိုင်သော သားရဲများ ပေါများရာ နေရာမဟုတ်ချေ။ အတွင်း၌ သားရဲအကောင်သေးလေးများသာ ရှိနေသည်။

ထိုအကောင်လေးများသည် နဂါးလေး၏ လက်ချက်ကြောင့် ကုန်သလောက်ပင်ဖြစ်နေလေသည်။

ထို့အပြင် ထိုအကောင်လေးများသည်ကျား၊ ကျားသစ်၊ ဝံပုလွေတို့ စားသောက်ရန် လုံလောက်သည့် အရာမျိုး မဟုတ်ချေ။

အစားအစာမရှိဘဲနှင့် ဝံပုလွေများသည် မည်သို့ ဂိုဏ်းအား စောင့်ရှောက်ပေးနိုင်မည်နည်း။

“ငါ နည်းလမ်းတစ်ခုခု စဉ်းစားမှ ဖြစ်မယ်”

ကျွင်းချောင်ရှောင်းသည် ခဏလောက် စဉ်းစားပြီးနောက် အကြံပေါ်လာခဲ့သည် “ငါ ကြက်တွေ၊ ဘဲတွေ၊ ကျွဲတွေ၊ သိုးတွေ မွေးမယ်ဆိုရင်ရော …။ အားလုံးကို တောထဲ ပစ်ထည့်ထားလိုက်မယ်”

စနစ်မှ ပြောလိုက်သည် “ဝံပုလွေ တစ်ထောင်နီးပါး စားဖို့ လက်ခံသူ တိရိစ္ဆာန်သားပေါက်တွေ ဘယ်လောက် ဝယ်နိုင်မလဲ။”

“………” ကျွင်းချောင်ရှောင်း ငြိမ်သက်သွားသည်။

တစ်ချို့သောအရာများသည် တွေးရုံသာတတ်နိုင်ပြီး လက်တွေ့ပြုလုပ်၍ မရနိုင်ချေ။

“အဲကိစ္စကို ခဏလောက် ထားလိုက်အုံးမယ်”

တခြားသောအတွေးများအား ဘေးဖယ်ပြီး သူသည် စနစ်အား ဖွင့်လိုက်သည်။

စိတ်ဝိညာဉ်သားရဲ ခန်းမဆောင် ဆိုသော အရာထဲ မဝင်ဘဲ အရင်ဆုံး ဂိုဏ်းအဆောက်အအုံ ဆိုသည့် နေရာအား နှိပ်ကြည့်လိုက်၏။

ဂိုဏ်းအဆောက်အအုံသည် အဆင့်ငါးသို့ ရောက်ရှိပြီးနောက်မှာတော့ ပိုမိုလုပ်ဆောင်နိုင်စွမ်းများ ပါဝင်လာသည်။

ထင်မှတ်ထားသည့်အတိုင်းပင် ဂိုဏ်းအဆောက်အအုံ၏ တိုးတက်လာမည့် ခန်းမဆောင်များအား ဖော်ပြထားသည်ကို မြင်လိုက်ရ၏။

ဂိုဏ်းအဆောက်အအုံ အဆင့်ခြောက် - စိတ်ဝိညာဉ် ခန်းမဆောင်။

ဂိုဏ်းအဆောက်အအုံ အဆင့်ခုနှစ် - ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင်။

ဂိုဏ်းအဆောက်အအုံ အဆင့်ရှစ် - လင်းရန် ခန်းမဆောင်။

ဂိုဏ်းအဆောက်အအုံ အဆင့်ကိုး - နတ်ဘုရားလက်နက် ခန်းမဆောင်။

ထိုအရာများ၏ နောက်တွင်တော့ အစက်ကလေးများသာ ဖော်ပြထားသည်။ အဆင့်ကိုးသို့ ရောက်ရှိပြီးမှသာ နောက်ဆက်တွဲများအား မြင်တွေ့ရမည့်ပုံပေါ်သည်။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။

အားလုံးကို အစောကတည်းက ထုတ်ဖော်ပြသလိုက်၍ မဖြစ်ဘူးလား။ စနစ်သည် သူ့အား လေးစားမှုပြသသည့် အနေဖြင့် ပွင့်လင်းမြင်သာစွာ ချပြထားသင့်သည်။

စနစ်ဆီမှ လုပ်ဆောင်နိုင်ချက်များသည် ခန်းမဆောင်များ၏ နာမည်ကို ကြည့်လိုက်သည်နှင့် ဘာအသုံးပြုရမည် ဖြစ်ကြောင်း ခန့်မှန်း၍ ရနိုင်၏။ ဥပမာအားဖြင့် ဆေးခန်းမဆောင်၊ ပန်းပဲခန်းမဆောင်များကို တစ်ချက်ကြည့်လိုက်လျှင် ဆေး၊ လက်နက်များနှင့် ဆက်စပ်နေကြောင်း သိရှိနိုင်၏။

သို့ပေမဲ့ အဆင့်ခြောက်၏ စိတ်ဝိညာဉ်ခန်းမဆောင် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။

“မင်းသိလား” ကျွင်းချောင်ရှောင်း မေးလိုက်သည်။

စနစ်မှ ပြန်ပြောလိုက်၏ “မသိဘူး။ သိရင်လည်း မပြောဘူး”

“…….”

အဆင့်ခုနှစ်၏ ကျင့်ကြံခြင်း နည်းစနစ် ခန်းမဆောင် ဆိုသည်ကို သူ အကြမ်းဖျဉ်း ခန့်မှန်းနိုင်သည်။

အဆင့်ရှစ် လင်းရန် ခန်းမဆောင် ဆိုသည်ကို သူ ဇဝေဇဝါ ဖြစ်မိနေ၏။

“ထန်နိုင်ငံတော်မှာ လီရှိမင် က သူနဲ့ အတူ တိုက်ခိုက်ဖို့ သီလ၊ သမာဓိ နဲ့ ပြည့်စုံတဲ့ ဝန်ကြီးတွေကို အမိန့်ပေး စေခိုင်းခဲ့တယ်။ ပြီးတော့ သူတို့ရဲ့ ပုံတူတွေကို ဆွဲစေပြီး ခန်းမရဲ့ အမြင့်မှာ ချိတ်ဆွဲစေခဲ့တယ်။ ဒါကြောင့် လင်းရန် ခန်းမဆောင် ဆိုရင် သီလပြည့်စုံတဲ့ ဝန်ကြီး ၂၄ ဦးကို ဆိုလိုတာပဲ” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည်။

“မဆိုးဘူးပဲ” စနစ် က ပြောလိုက်သည်။

“ဒါဆိုရင် ….”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများတွင် အလင်းများ တောက်ပသွား၏ “ထန်နိုင်ငံ ရဲ့ ဝန်ကြီး ၂၄ ဦးကို ဆင့်ခေါ်ရမှာလား။”

ထိုကဲ့သို့သော သူမျိုးများ၏ ဝိညာဉ်အား ဆင့်ခေါ်နိုင်မည်ဆိုလျှင် ဂိုဏ်းတစ်ခု တည်ထောင်ရန် မပြောနှင့် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ရန်ပင် ခက်ခဲမည် မဟုတ်ချေ။

စနစ်မှ ပြောလိုက်သည် “လက်ခံသူ ရဲ့ အတွေးတွေက အဝေးကြီးရောက်နေပြီ”

“နတ်ဘုရားလက်နက် ဆိုတာက ဘာလဲ”

နတ်ဘုရားလက်နက်သည် နတ်ဘုရားအဆင့်လက်နက် သို့ပေမဲ့ နတ်ဘုရားတပ်သားများကို ဆိုလိုခြင်း ဖြစ်နိုင်၏။

နတ်ဘုရားတပ်သားများ ရလျှင် လင်းရန်ခန်းမဆောင်၏ ဝန်ကြီးများ စီမံမှုဖြင့် အလုပ်တော်တော် ဖြစ်ပေလိမ့်မည်။

စနစ်သည် ဆွံအနေမိသည် “လက်ခံသူ က အဆင့်ခြောက်တောင် မရောက်သေးဘူး။ ဘယ်လိုကြောင့် အဆင့်ကိုး ရဲ့ ကိစ္စတွေကို တွေးတောနေရတာလဲ။ ဒါက စောလွန်းအား ကြီးနေတယ်။”

“မင်းမှန်တယ်”

ကျွင်းချောင်ရှောင်းသည် ကြိုတင်ခန့်မှန်းခြင်းအား ရပ်တန့်ကာ စိတ်ဝိညာဉ်သားရဲ ခန်းမဆောင် အား နှိပ်လိုက်သည်။

စနစ်တွင် အကွက်လေးတစ်ခုပေါ်လာသည်။ ဆေးခန်းမဆောင်လို သုံးဖက်မြင် ဆေးမီးဖို တစ်ခု ပေါ်မလာခဲ့ချေ။

အကွက်လေးများ၏ အောက်မှာတော့ ..

စဦးအဆင့် လေစီးနင်းခြင်း နည်းစနစ် ၊

စဦးအဆင့် မီးမိုး နည်းစနစ် ၊

စဦးအဆင့် လျှပ်စီးမိုးကြိုး နည်းစနစ်၊

စဦးအဆင့် မြေနည်းစနစ် ၊

စဦးအဆင့် သားရဲ ဆေးလုံး ။

ကျွင်းချောင်ရှောင်းသည် အူလည်လည် ဖြစ်မိနေ၏။ “ဒါ ဘာကို ဆိုလိုတာလဲ”

“နှိပ်ပြီး အသေးစိတ် မိတ်ဆက်ကို ကြည့်လိုက်လေ” စနစ်မှ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် လေစီးနင်းခြင်း နည်းစနစ် ဆိုသည်ကို နှိပ်ကြည့်လိုက်သည်။ ပေါ်လာသည့် မိတ်ဆက်မြှ -

သားရဲစွမ်းရည် - စဦးအဆင့် လေစီးနင်းခြင်း နည်းစနစ် ။

အကျိးသက်ရောက်မှု - ပဋိညာဉ်သားရဲများအား စဦးအဆင့် လေစီးနင်းခြင်း နည်းစနစ်အား နားလည်စေနိုင်သည်။

လိုအပ်ချက် - လေဓာတ်အမျိုးအစား သားရဲ ၀ / ၁ ။ လေဓာတ် အလယ်အလတ် အဆင့်ကိုး အမြူတေ ၆၀ / ၁၀။

[နားလည်စေမည်] ဆိုသော ခလုပ်တစ်ခုသည် အောက်တွင် တည်ရှိနေသည်။ သို့ပေမဲ့ အခြေအနေသည် မကိုက်ညီသောကြောင့် နှိပ်ရမည့် ခလုပ်သည် မလင်းနေချေ။

သူသည် စဦးမီးမိုး နည်းစနစ်အား ထပ်မံ၍ နှိပ်ကြည့်လိုက်၏။

လိုအပ်ချက် - မီးဓာတ် သားရဲ ၁ / ၁။ မီးဓာတ် အလယ်အလတ်အဆင့်ကိုး သလင်း အမြူတေ ၁၀ / ၁၀။

[နားလည်စေမည်] ဆိသော ခလုပ်သည် တောက်ကလျက် ရှိနေ၏။

ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်သည် “နဂါးလေးက မီးဓာတ်အမျိုးအစား သားရဲပဲ။ အခြေအနေနဲ့ ကိုက်ညီတယ်”

“အမှန်ပဲ” စနစ်မှ ပြောလိုက်သည်။

တကယ်တမ်းတွင် သူသည် စိတ်ဝိညာဉ်သားရဲ ခန်းမဆောင်၏ လုပ်ဆောင်ချက်များအား သိရှိသည်။ သို့ပေမဲ့ မိမိဘာသာ ရှာဖွေလေ့လာနိုင်ရန် တမင် မပြောပြခြင်းပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် လျှပ်စီးမိုးကြိုး နည်းစနစ် အား ထပ်မံ၍ နှိပ်ကြည့်လိုက်ပြန်သည်။

သူ့တွင် ခရမ်းရောင် လျှပ်စီးကျားသားပေါက် ရှိသည်မို့ အခြေအနေသည် ကိုက်ညီနေပြီး ခလုပ်သည်လည်း လင်းလျက် ရှိနေ၏။

ထိုအရာကို မြင်တော့ ကျွင်းချောင်ရှောင်းသည် နားလည်သွားသည်။

စိတ်ဝိညာဉ်သားရဲ ခန်းမဆောင်သည် သားရဲများအား တိုက်ခိုက်ရေးနည်းစနစ်များ နားလည်စေရန် ဖန်တီးပေးသော အရာဖြစ်သည်။

“အကျိုးသက်ရောက်မှုက ထင်သလောက်လည်း မကောင်းဘူး” ကျွင်းချောင်ရှောင် စိတ်ပျက်လက်ပျက် ဖြစ်သွားမိ၏။

စနစ်သည် ဆွံ့အသွားမိသည် “သားရဲတွေတောင် ဘာနည်းစနစ် မှ မတတ်သေးဘူး။ ဘယ်လိုလုပ် ဒါကို အသုံးမဝင်ဘူးလို့ ပြောရတာလဲ။ အရင်စမ်းကြည့်အုံးမှပေါ့”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် စဦးမီးမိုးနည်းစနစ် ဆိုသည့်နေရာဆီသို့ သွားကာ ပြောလိုက်သည် “ဒါဆို စမ်းကြည့်မယ်”

သူသည် နားလည်မည် ဆိုသော ခလုပ်အား နှိပ်လိုက်သည်။

သူ၏ပခုံးထက်တွင် လဲလှောင်းလျက်ရှိသော နဂါးလေး၏ ခန္ဓာကိုယ်သည် တုန်ရင်သွား၏။ ခဏအကြာ သတိပြန်ဝင်လာပြီးနောက်မှာတော့ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုတွေ အပြည့်နှင့် ဖြစ်နေ၏။

ထူးဆန်းလှပေသည်။

သူသည် အဘယ့်ကြောင့် နေရင်းထိုင်ရင်း မီးဓာတ်အမျိုးအစား စွမ်းရည်တစ်ခုကို တတ်ကျွမ်းသွားရသနည်း။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ပြောင်းလဲတာ မရှိဘူးလား”

ရွှီး ..။

နဂါးလေးသည် ခုန်ဆင်းပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီ သွားလိုက်သည်။ သူ၏ ခန္ဓာကိုယ်ဆီမှ ခြစ်ခြစ်တောက် ပူလောင်နေသော မီးတောက်များ ထွက်ပေါ်လာသည်။

ကျွင်းချောင်ရှောင်း မေးလိုက်၏ “တိုက်ပွဲဝင် ပုံစံကို ပြောင်းချင်တာလား”

ဟူး …။

ခြစ်ခြစ်တောက်နေသော မီးတောက်များသည် အရှိန်တညီးညီးဖြင့် တောက်လောင်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး၏ အပူချိန်သည်လည်း ဆက်တိုက် မြင့်တက်လာ၏။

ရုတ်တရက် ဆိုသလိုပဲ မီးဘောလုံးများ ထွက်ပေါ်လာပြီး တည်နေရာအနှံ့သို့ ပစ်လွှတ် တိုက်ခိုက်မှု ပြုလုပ်လာသည်။

“ဒါ …”

ကျွင်းချောင်ရှောင်း တုန်လှုပ်သွား၏ “ဒါ စဦးအဆင့် မီးမိုးနည်းစနစ်လား”

ဘန်း …ဘန်း ..။

မီးဘောလုံးများသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင် အောက်ခြေရှိ ကျောက်ပြားများပေါ်သို့ ကျဆင်းပြီး မီးများ ကျွမ်းလောင်စေသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီဘောလုံးတစ်ခုစီရဲ့တိုက်ခိုက်မှုအားအင်က ဂျင် ငါးသောင်းလောက်ရှိတယ်။”

နဂါးလေးရဲ့ ပုံမှန်အသွင်အပြင် အရ ဆိုလျှင် ဤကဲ့သို့သော သိုင်းဆရာ ထိပ်ဆုံးအဆင့် တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နိုင်သည်မှာ အလွန်ကောင်းသော ရလဒ်ပင်ဖြစ်သည်။

မယုံနိုင်စရာပင်။

စနစ်မှပြောလိုက်သည် “စဦး မီးမိုး နည်းစနစ်။ မီးဓာတ်အမျိုးအစား သားရဲတွေ အသုံးပြုနိုင်တဲ့ အရာပဲ”

“အံ့အားသင့်စရာပဲ”ကျွင်းချောင်ရှောင်း အံ့အားသင့်မိနေသည်။

ခလုပ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် ပဋိညာဉ်သားရဲအား နည်းစနစ်တစ်ခု တတ်မြောက်သွားစေသည်။ ဤမျှ ကောင်းသည့်အရာ ဘယ်မှာ ရှိမည်နည်း။

သို့ပေမဲ့ သုံးကြိမ်မြောက် တိုက်ခိုက်ပြီးနောက်တွင် မီးနဂါးလေးသည် ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေ၍ မြေပေါ် လဲကျသွားသည်။ မီးနဂါးလေးသည် တစ်ကိုယ်လုံး တုန်ရင်လျက်ပင် ရှိနေ၏။

စဦးမီးမိုး နည်းစနစ်သည် အလွန်ကောင်းမွန်၏။ ။သို့ပေမဲ့ စိတ်ဝိညာဉ်စွမ်းအင် ထုတ်ဖော်မှုက ကြီးမားလွန်းနေသည်။

“မဟုတ်သေးဘူး။”

ကျွင်းချောင်ရှောင်း ခေါင်းအား ခါယမ်းကာပြောလိုက်သည် “င့ါရဲ့ ဟာရီကိန်း ဝံပုလွေက တရားဝင် ပဋိညာဉ် ရေးထိုးလို့ မရသေးတော့ လေဓာတ်အမျိုးအစား နည်းစနစ်ကို သင်ပေးလို့ မရသေးတာ ထားပါတော့။ မြေဓာတ် အမျိုးအစား သားရဲက ဘယ်မှာလဲ”

စနစ်မှ ပြောလိုက်သည် “လက်ခံသူမှာ ပဋိညာဉ်သားရဲ ရှိနေသေးတယ်။ မမေ့နဲ့လေ”

ရှိသေးသည်ဟုတ်လား။ မည်သူနည်း။

ရေခဲ ခြင်္သေ့တော့ မဟုတ်တန်ရာ။

ရုတ်တရက် ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခုကို သတိရသွားသည်။ အံ့အားသင့်စွာဖြင့် ပြောလိုက်မိ၏ “တော … တောဝက်ရိုင်းလေးလား”

All Chapters