← Chapters

အခန်း (၃၄၈)

Vol. 24 Ch. 348

အခန်း (၃၄၈)

Vol. 24 Ch. 348

တောင်ပြာဂိုဏ်းသည် ချင်းယန်နိုင်ငံ၏ တောင်ဘက်တွင် ရှိသော တောင်ပြာတောင်ပေါ်တွင် တည်ရှိ၏။ ဤတောင်သည် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်လျက်ရှိသော တည်နေရာအနည်းငယ်ထဲမှ တစ်ခုလည်း ဖြစ်၏။ ဓာတ်သဘာဝအရ ပြောရမည်ဆိုလျှင် နတ်စမ်းချောင်းဂိုဏ်းထက် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်သည်ဟု ဆိုရမည်။

အလားအလာနှင့်ပတ်သက်မည်ဆိုလျှင် တောင်ပြာဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းထက်ပို၍ အဆင့်မြင့်မား၏။

သူတို့လိုအပ်နေသည်မှာ ရှေးဘိုးဘွားများဆီမှ ဆင်းသက်လာသော အမွေအနှစ်များပင် ဖြစ်တော့သည်။

ယနေ့မှာတော့ နေသာလျက်ရှိပြီး လေပြေများသည်လည်း အသာအယာတိုက်ခိုက်လျက်ရှိသောကြောင့် ရာသီဥတုကောင်းမွန်သည်ဟု ဆိုရမည်။

ကျွင်းချောင်ရှောင်းသည် လီချင်းယန်နှင့် တစ်ခြားသော အတွင်းစည်းတပည့်များကို ခေါ်ဆောင်ကာ ‌တောင်ပြာဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့သည်။

သူတို့အဘယ့်ကြောင့် ဤနေရာသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာရသနည်း။

အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ဟာရီကိန်းဝံပုလွေဘုရင်အား စီးနင်း၍ တစ်ခြားသောတပည့်များသည် ဟာရီကိန်းဝံပုလွေကို စီနင်းခဲ့သောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ပုံမှန်အားဖြင့် နှစ်ရက်မှ သုံးရက်အတွင်း သွားရောက်ရမည့် ခရီးအတွက် သူတို့သည် နေ့တစ်ဝက်အတွင်း ရောက်ရှိလာခဲ့သည်။ ထိုအရာသည် လေဓာတ်အမျိုးအစားသားရဲများကို စီနင်းရခြင်း၏ ကျေးဇူးပင် ဖြစ်တော့သည်။

ဟုတ်ပေသည်။

သိုသိုသိပ်သိပ်နေထိုင်ရန်အတွက် ကျွင်းချောင်ရှောင်းသည် ဝံပုလွေများအား ‌တောထဲသို့ ပုန်းအောင်းပြီးနေထိုင်ရန် မှာကြားခဲ့ခြင်းဖြစ်၏။

"ဂိုဏ်းချုပ်။"

တောင်၏ အလယ်တစ်ဝှိုက်တွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းလျက်ရှိသည်ကို မြင်တော့ လီချင်းယန် သည် ထအော်လိုက်၏။ "လောကကြီးရဲ့ ဓာတ်သဘာဝတွေက နတ်စမ်းချောင်းဂိုဏ်းထက် ပိုပြီးတော့ အားကောင်းတဲ့ပုံပဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ငါတို‌့တောင်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကလည်း အကြီးအကဲဝေ စိုက်ပျိုးတဲ့ သစ်ပင်တွေကြောင့် အားကောင်းလာပြီလေ။မကြာခင်မှာပဲ ဒီလိုမျိုး ‌အားကောင်းတဲ့ ကုန်းမြေတစ်ခု ဖြစ်လာလိမ့်မယ်။"

အိုက်မိသားစုသည် လစဉ်လတိုင်း ဆေးလုံးများကို လေလံတင်ခဲ့၏။ သူတို့သည် ပိုက်ဆံများကို ပြန်လည်ပေးအပ်သည့်အပြင် များပြားလှသော အရည်အသွေးမြင့် မျိုးစေ့များကိုလည်း ပေးပို့ခဲ့သေး၏။

ထို့ကြောင့် ထပ်ဖန်တလဲလဲ စိုက်ပျိုးခြင်း အားဖြင့် သံမဏိအရိုးတောင်၏ ပတ်ဝန်းကျင် သယံဇာတသည် ပိုမို၍ အားကောင်းလာခဲ့သည်။

များပြားလှသော တောင်ပြာဂိုဏ်းတပည့်များသည် လှေကားထစ်မှ တက်လာသော သူတို့ကို မြင်တော့ မေးလိုက်ကြ၏။ “ဘယ်သူတွေလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း တပည့်တွေကို ခေါ်လာပြီး တောင်ပြာဂိုဏ်းကို လာလည်ပါတယ်။"

"သံမဏိအရိုးဂိုဏ်း ဟုတ်လား။"

တောင်ပြာဂိုဏ်းတပည့်များအားလုံးသည် အံ့အားသင့်သွားကြ၏။ သူတို့ထဲမှ တစ်ယောက်က ပြောလိုက်သည်။ "ဒီလိုဆို ဂိုဏ်းချုပ်ကျွင်းတို့ ခဏလောက် စောင့်ပါအုံး။ သွားပြောလိုက်ပါအုံးမယ်။"

မဟာမိတ်များ ဖြစ်သည်ကို သိသောကြောင့် တောင်ပြာဂိုဏ်းတပည့်များသည် လေးလေးစားစားဖြင့် ဆက်ဆံလျက်ရှိကြသည်။

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ မာယွင်တန်သည် အလောတကြီးဖြင့် လျှောက်ထွက်လာသည်။ သူသည် လက်သီးကို ဆုပ်ကာပြုံး၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဘယ်လေတိုက်လို့ လာတာတုန်း။"

"နွေဦးလေ" ကျွင်းချောင်ရှောင်း ပြုံးလိုက်သည်။

မာယွင်တန်သည် အသာလက်ကို ခါယမ်းပြီး ပြောလိုက်၏။ "ကျေးဇူးပြုပြီး ဝင်ခဲ့ပါအုံး။"

…......

တောင်ပြာဂိုဏ်း၏ အခြေခံသည် နတ်စမ်းချောင်းဂိုဏ်းထက် အားနည်းလှသည်ဆိုသော်လည်း အဆောက်အဦ များမှာတော့ ပိုမိုရှေးကျသည့် ဟန်ပန်မျိုးရှိနေသည်။

အတွင်းသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခဏလောက် လေ့လာလိုက်၏။ ပြီးနောက် ချီးကျူးလိုက်မိ၏။ "အကြီးအကဲမာ ... ခင်ဗျားတို့ ဝောာင်ပြာဂိုဏ်းက တကယ့်ကို ခမ်းနားလွန်းတာပဲ။"

"မြှောက်ပေးနေပြန်ပြီ။" အကြီးအကဲမာ ပြောလိုက်သည်။

အဓိကဟောခန်းဆီသို့ လာရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် များပြားလှသော တပည့်များကို မြင်ခဲ့လိုက်၏။

တစ်ယောက်ချင်းစီတိုင်းသည် အလွန်တရာအားကောင်းလှသည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်ပေါ်နေသည်။ အားအင်အဆင့်များသည် နတ်စမ်းချောင်းဂိုဏ်း၏ တပည့်များထက် မည်ကဲ့သို့မှ အားမနည်းချေ။

သေချာသည် အဆင့်ငါးဂိုဏ်းတစ်ခု ဖြစ်လာသည်ဆိုမှတော့ သူတို့သည် လုံလောက်သော အားအင်ရှိလိမ့်မည်။

သံမဏိအရိုးဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းအား အနိုင်ယူခဲ့သည် ဆိုသော်လည်း သူတို့နှင့် တောင်ပြာဂိုဏ်း၏ကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေသေး၏။

တပည့်အရေအတွက်အရဆိုလျှင် သူတို့သည် ယှဉ်ပြိုင်၍ပင် မရနိုင်ချေ။

သံမဏိအရိုးဂိုဏ်းသည် အလွန်အားကောင်းလှသော ဂိုဏ်းတစ်ခု ဖြစ်လာရန်အတွက် သွားရသည့်လမ်းမှာ အရှည်ကြီးကျန်ရှိနေသေးကြောင်း ကျွင်းချောင်ရှောင်းနားလည်လိုက်မိသည်။

အဓိက ဟောခန်းထဲသို့ သူတို့ ဝင်ရောက်လိုက်ကြ၏။

မာယွင်တန်သည် တောင်းပန်လိုက်သည်။ "ဂိုဏ်းချုပ်က လက်ရှိမှာ တံခါးပိတ်ကျင့်ကြံနေတယ်လေ။ဒါကြောင့် ခင်‌ဗျားကို လူကိုယ်တိုင်ထွက်ပြီး မကြိုဆိုနိုင်ခဲ့ဘူး။ဒီအတွက် ဂိုဏ်းချုပ်ကျွင်း စိတ်မရှိစေဖို့ မျှော်လင့်မိပါတယ်။"

"အကြီးအကဲမာ လာကြိုတာကိုက ကျုပ်ကို မျက်နှာသာ ပေးသလို ဖြစ်နေပါပြီ။ဘယ်လိုလုပ် စိတ်ထဲရှိရမှာလဲ။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ ပုံမှန်အားဖြင့် ဆိုလျှင် သူ့အပေါ်ကောင်းသည့်လူများကို သူသည် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရပေလိမ့်မည်။

"ဂိုဏ်းချုပ်ကျွင်း"

မာယွင်တန် ပြောလိုက်သည်။ "ဒီမှာ ရက်အနည်းငယ်လောက် နေသွားပါအုံးလား။"

"ဒါဆိုရင် ဗိုက်ပြည့်အောင်ရော အားရပါးရ စားလို့ ရလို့လား။"

"ရတာပေါ့။"

နှစ်ယောက်သားသည် တစ်ယောက်ကိုတစ်ယောက် ကြည့်၍ အားရပါးရ ရယ်လိုက်ကြသည်။ ပြီးနောက် ပျော်ပျော်ရွင်ရွင်နှင့် စကားပြောဆိုနေကြသည်။

"ဂိုဏ်းချုပ်ကျွင်း။"

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ မာယွင်တန်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။

"နတ်ဆိုးမိစ္ဆာဂိုဏ်းက သံမဏိအရိုးဂိုဏ်းကို ပစ်မှတ်ထားတာကနေ ခဏလောက် ရပ်တန့်သွားတယ်ဆိုပေမဲ့ ခွန်ဂိုဏ်းက သူတို့ကို တိုက်ခိုက်နေတာကြောင့်ပဲ ။သူတို့က ကြီးမားတဲ့ အန္တရာယ်ကြီးတစ်ခုအဖြစ် ရှိနေသေးတယ်။"

"ဒါ အမှန်ပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ သို့ပေမဲ့ သူသည် စိတ်ထဲမှာတော့ လေးလေးနက်နက် မထားချေ။

နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ပြဿနာလာရှာမည်ဆိုလျှင်တောင်မှ ဂိုဏ်း၏ အကာအကွယ်အစီအရင်ရှိသောကြောင့် သူတို့သည် အထဲ၌ ပုန်းအောင်းနေနိုင်စွမ်းရှိသည်။

မာယွင်တန် ပြောလိုက်သည်။ "ကျုပ်အထင်အရဆိုရင် ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ကျန်းရန်မြို့က ရှန်ကွမ်း မိသားစုဆီကို သွားလည်သင့်တယ်။သူတို့က ခင်ဗျားတို့ဂိုဏ်းရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်တယ်။"

"ရှန်ကွမ်း မိသားစု ဟုတ်လား။"

ကျန်းရန် မြို့သည် ချင်းယန်နိုင်ငံ၏ မြို့ကြီးရှစ်မြို့ထဲမှာ အဓိက မြို့တစ်မြို့အဖြစ် ပါဝင်သည့် မြို့ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း သိရှိသည်။

သို့ပေမဲ့ ရှန်ကွမ်းမိသားစုဆိုသည်ကိုတော့ သူတစ်ခါမှ မကြားဖူးချေ။

မာယွင်တန် ပြောလိုက်သည်။

"ရှန်ကွမ်း မိသားစုက အရမ်းအားကောင်းလာတယ် မဟုတ်ပေမဲ့ သူတို့မိသားစုရဲ့ ရှန်ကွမ်းဟုန် က ကောင်းကင်တော်ဝင်မြို့တော်ရဲ့ ကောင်းကင်ဘုံကျောင်း မှာ စာသင်ခဲ့ဖူးတယ်လေ။အခု သူက အဲနေရာမှာ အလုပ်မလုပ်တော့ဘူးဆိုပေမဲ့ အလွန်လေးစားစရာကောင်းတဲ့ ဂုဏ်ဒြပ်မျိုးကိုတော ပိုင်ဆိုင်သေးတယ်။"

"ကောင်းကင်ဘုံကျောင်း ဟုတ်လား။"

ဤနေရာသည် ကျင့်ကြံသူများ ကျင့်ကြံဖို့ အကောင်းဆုံး နေရာတစ်ခုလည်းဖြစ်၏။ ဂိုဏ်း သို့မဟုတ် မိသားစုတစ်ခု မဟုတ်ဘူးဆိုသော်လည်း များပြားပြီး ထူးချွန်သည့် ပါရမီရှင်မျိုးထွက်ပေါ်ရာ နေရာလည်းဖြစ်သည်။

ထိုကျောင်းရှိ အထက်ပိုင်း အကြီးအကဲများအားလုံး၏ အားအင်သည် အလွန်တရာလည်း အားကောင်းလှ၏။

လက်ရှိကောင်းကင်ဘုံကျောင်း ၏ ဂိုဏ်းချုပ်သည် သိုင်းအုပ်စိုးသူ ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဆိုလျှင်တောင် ထိုသူသည် အလွန်အားကောင်းလှသောသူဟု သတ်မှတ်ရပေလိမ့်မည်။

အရှေ့တောင်ရန်ကျူး၏ သိုင်းဘုရင်များ၏ အရေအတွက် လေးဆယ်ရာခိုင်နှုန်းသည် ကောင်းကင်ဘုံ အကယ်ဒမီမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သိုင်းကျင့်ကြံသူများ၏ နတ်ဘုံနတ်နန်း ဟုပင် သတ်မှတ်ရပေသည်။

ဂိုဏ်းချုပ်ကျွင်းသည်သာ ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်းမဟုတ်ခဲ့ပါက တစ်လောကလုံးတွင် သူ၏ နာမည်ထင်ရှားလာစေရန်အတွက် သူသည် ဤကဲ့သို့သော ကျောင်းများကို ရှာဖွေ၍ သွားရောက်လေ့ကျင့်ရပေလိမ့်မည်။

ဟုတ်ပေသည်။

ကောင်းကင်ဘုံကျောင်းထဲသို့ ဝင်ရောက်ရန်ဆိုသည်မှာတော့ အလွန်တရာ ခက်ခဲလှပေသည်။

စိတ်ဝိညာဉ်အမြစ်များကို မဆိုနှင့်ဦး။ တပည့်လက်ခံသည့် စည်းမျဉ်းကပင် သုံးနှစ်တစ်ခါသာ လက်ခံသည်။ ထို့ကြောင့် လူငယ်‌တော်တော်များများသည် ထိုအခွင့်အရေးကို လက်လွတ်သွားခဲ့ကြ၏။

ဥပမာအားဖြင့် လီချင်းယန်ဖြစ်သည်။

အစပိုင်းတုန်းက လီမိသားစုခေါင်းဆောင်သည် ၎င်းအား ကောင်းကင်ဘုံကျောင်း သို့ လွှတ်ရန် ပြင်ဆင်ခဲ့၏။

သို့ပေမဲ လူခေါ်ယူမှု၏ အချိန်ကာလသည် လီချင်းယန် အသက်အရွယ်နှင့် မကိုက်ညီသောကြောင့် သူ့အနေနှင့် တစ်ခြားသော‌ဂိုဏ်းများကို ဝင်ရောက်ရန်သာ ရွေးချယ်ခဲ့ရသည်။

ကောင်းကင်ဘုံကျောင်း သည် အသက်ဆယ့်ခြောက်နှစ်အောက် လူငယ်များကိုသာ ခေါ်ဆိုသည်ဟူသော စည်းမျဉ်းကလည်း ရှိနေသေး၏။

နည်းနည်းလောက် ထပ်မံစောင့်စားမည်ဆိုပါက လီချင်းယန်၏ အသက်အရွယ်သည် ဆယ့်ခြောက်နှစ်ကို ကျော်လွန်သွားပေလိမ့်မည်။

ထို့ကြောင့် ကောင်းကင်ဘုံကျောင်း ၏ ကျောင်းသားတစ်ယောက် ဖြစ်လာရန် ဆိုသည်မှာ ကောင်းမွန်လှသည့် စိတ်ဝိညာဉ်အမြစ် ရှိရုံနှင့် မရပေ။ ကျောင်း၏ တပည့်ခေါ်ဆိုသည့် အချိန်ကာလနှင့် မိမိ၏ အသက်အရွယ် ကိုက်ညီရန်လည်း လိုအပ်နေသေး၏။

ဟိုး လွန်ခဲ့သည့် နှစ်ပေါင်းသုံးရာလောက်တုန်းက ကျန်းရန်မြို့တွင် အထူးအဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော ပါရမီရှင်တစ်ယောက် ပေါ်ပေါက်ခဲ့ဖူးသည်။

ထိုသူ၏ စိတ်ဝိညာဉ်အမြစ်နှင့် အသက်သည် ကိုက်ညီမှုရှိသောကြောင့် ကောင်းကင်ဘုံကျောင်း သို့ တက်ရောက်ခွင့် ရခဲ့သည်။

သူသည် ကောင်းကင်ဘုံကျောင်း တွင် စွမ်းဆောင်ရည်ကောင်းသည်ကို ပြသခဲ့ရုံသာမက ကျင့်ကြံခြင်းအတတ်ပညာများ၌လည်းအလွန်တရာ ကြိုးစား၍ လေ့ကျင့်ခဲ့၏။

နောက်ဆုံးမှာတော့ သူသည် စမ်းသပ်မှုများကို အောင်မြင်ပြီး ကျောင်း၏ နည်းပြတစ်ယောက်ဖြစ်လာခဲ့သည်။

ထိုသူအား ရှန်ကွမ်းဟုန် ဟု ခေါ်ဆိုကြသည်။

သူသည် ကောင်းကင်ဘုံကျောင်း တွင် သင်ကြားပြသပေးနိုင်သော ချင်းယန်မြို့၏တစ်ဦးတည်းသော နည်းပြလည်း ဖြစ်၏။

ရှန်ကွမ်းဟုန်၏ သင်ကြားမှုလက်အောက်တွင် များပြားလှသော ပါရမီရှင်များ ထွက်ပေါ်ခဲ့သည်။

ထို့အတူ ထိုသူတို့သည် မြို့တစ်မြို့၏ မြို့တော်ဝန်၊ ဂိုဏ်းတစ်ခု၏ အထက်ပိုင်း အကြီးအကဲ စသဖြင့် ဖြစ်လာကြ၏။

ပြောရမည်ဆိုလျှင် သူ့၌ တစ်လောကလုံးတွင် ပျံ့နှံ့နေကြသော ကျောင်းသားများ ရှိနေသည်ဟု ဆိုရမည်။

အဘယ့်ကြောင့် ကျွင်းချောင်ရှောင်း အနေနှင့် ထိုသူဆီသို့ သွားရောက်လည်ပတ်သင့်သည်ဟု မာယွင်တန် ပြောဆိုရသနည်း ဆိုသော် ၎င်း၏အာဏာအား အသုံးပြု၍ နတ်ဆိုးမိစ္ဆာဂိုဏ်း၏ ရန်ငြိုးအား ဖယ်ရှားပေးနိုင်ရန် ပြောဆိုပေးနိုင်သောကြောင့် ဖြစ်သည်။

ဟုတ်ပေသည်။

နတ်ဆိုးမိစ္ဆာဂိုဏ်းသည် ရှန်ကွမ်းဟုန်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။

သို့ပေမဲ့ ကောင်းကင်ဘုံကျောင်း ကိုတော့ စိုးရွံ့ပေလိမ့်မည်။

ထို့အပြင် ထိုကျောင်းသည် အဖွဲ့အစည်းတစ်ခု မဟုတ်ဟုဆိုသော်လည်း များပြားလှသည့် အခြေခံနှင့် ကောင်းမွန်လှသော အဆက်အသွယ်များလည်း ရှိသည်။

ထို့ကြောင့် ထိုကျောင်းနှင့် ပြဿနာအဖြစ်ခံမည် မဟုတ်ပေ။

မာယွင်တန်ဆီမှ ရှန်းကွမ်းဟုန်အကြောင်း သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် မိမိဘာသာ ပြောဆိုလိုက်၏။ "နတ်ဆိုးမိစ္ဆာဂိုဏ်းရဲ့ ကိစ္စကို ရှင်းချင်တယ်ဆိုရင် သူ့ဆီကို ကျိန်းသေပေါက် သွားလည်မှ ဖြစ်လိမ့်မယ်။"

သူသည် ဤမိစ္ဆာဂိုဏ်းအား မကြောက်ရွံ့ပေ။

သို့ပေမဲ့ တစ်ဖက်လူများသည် သူ့အား ဖျက်ဆီးရန် ဆုံးဖြတ်ထားသည် ဆိုမှတော့ သူ့အနေနှင့် ကျိန်းသေပေါက် ပြန်လည်၍ တစ်ခုခု လုပ်မှ ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဤကိစ္စအား ဖြေရှင်းပေးနိုင်သည့် အကြီးအကဲတစ်ယောက်ယောက်အား အကူအညီတောင်းခြင်းက ပိုမို၍ အကျိုးထူးနိုင်သော နည်းလမ်းပင်ဖြစ်သည်။

"တိုက်ဆိုင်လိုက်တာ။"

မာယွင်တန် ပြောလိုက်သည်။ "တစ်ပတ်လောက်ကြာရင် အဘိုးကြီး ရှန်ကွမ်းရဲ့ မွေးနေ့ရောက်ပြီ။ဂိုဏ်းချုပ်ကျွင်းအနေနဲ့ မွေးနေ့ပွဲအတွက် လက်ဆောင်တစ်ခုခုကို ကြိုတင်ပြင်ဆင်ထားသင့်တယ်။"

အွင်း။

ကျွင်းချောင်ရှောင်း တုံ့ပြန်လိုက်မိ၏။

သူ့အနေနှင့် နတ်ဆိုးမိစ္ဆာဂိုဏ်းနှင့် ပြဿနာကို ဖြေရှင်းချင်သည်ဆိုလျှင် မွေးနေ့ပွဲသို့ ကျိန်းသေပေါက် သွားရောက်မှ ဖြစ်ပေလိမ့်မည်။

ည‌ဘက်သို့ ရောက်ရှိလာ၏။

ကျွင်းချောင်ရှောင်းနှင့် သူ၏ တပည့်များ အားလုံးသည် အလွန်တရာ အဆင့်အတန်းမြင့်မားပြီး လွတ်လပ်သော နေရာထဲတွင် နေရာချထားခံရသည်။ သူတို့သည် ကောင်းကောင်းမွန်မွန် အိပ်စက် အနားယူနိုင်ကြသည်။

နောက်တစ်ရက်မှာတော့ သူသည် တောင်ပြာ ဂိုဏ်းထဲသို ‌သွားရောက်၍ ကြည့်ရှုတော့သည်။

အလွန်တရာ နက်နဲပြီး ခန့်ညားလှသော ဂိုဏ်းတစ်ခု ဖြစ်သောကြောင့် ထူးခြားလှသော အရာနှင့် အသုံးအဆောင် ပစ္စည်းများလည်း ရှိနေကြ၏။

လေ့ကျင့်ရေးခန်းမများ ၊ ကျင့်ကြံခြင်း ‌ခန်းမများ စသဖြင့် အမျိုးမျိုး တည်ရှိနေ၏။

တောင်ပြာဂိုဏ်း၏ အကြီးအကဲများသည် တပည့်များအား သင်ယူပေးခြင်းတွင် အလွန်တရာ အလုပ်များလျက်ရှိသည်။

သူ၏ ဂိုဏ်းသည် အလွန်တရာ စနစ်ကျလှသည်ဟု ခံစားမိနေပြီးသားဖြစ်သည်။ သို့ပေမဲ့ အဆင့်ငါး ဂိုဏ်းတစ်ခု အခြေအနေနှင့် နှိုင်းယှဉ်သည့် အခြေအနေမှာတော့ ဖြတ်လမ်းနည်းများကို အများကြီးလိုက်ထားကြောင်း နားလည်လိုက်မိ၏။

"ဂိုဏ်းချုပ်ကျွင်း။"

မာယွင်တန်သည် လျှောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းနှစ်ခုက တပည့်တွေကို ယှဉ်ပြိုင်ခိုင်းဖို့ စိတ်ဝင်စားလား။"

အွင်း။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူ့တပည့်များ၏အားအင်အဆင့်ကို သူ ကောင်း‌ကောင်းနားလည်မိ၏။

မာယုံတန်က ‌ပြုံးကာ ပြောလိုက်သည်။ "‌‌ဒါက လက်ရည်စွမ်းပြိုင်ပွဲလေးတစ်ခုပဲလေ။ အရမ်း အကြမ်းကြီး မလုပ်ကြရအောင်။"

"ကောင်းပြီ။" ကျွင်းချောင်ရှောင်း သဘောတူလိုက်သည်။

ပြီးနောက် ရှောင်ကျီနှင့် တစ်ခြားသူများအားခေါ်၍ သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ သွားလိုက်ကြ၏။

လက်ရှိအခြေအနေမှာတော့ တောင်ပြာဂိုဏ်း၏ တပည့်များသည် တစ်နေရာထဲတွင် စုဝေးနေကြသည်။

သူတို့သည် သံမဏိအရိုးဂိုဏ်းတပည့်များကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ ဤလူများအားလုံးသည် ကောင်းမွန်သည့် အရှိန်အဝါနှင့် ရှိနေကြသည်။ နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့်များကို တိုက်ခိုက်အနိုင်ယူခဲ့သူများလည်းဖြစ်၏။

All Chapters