အခန်း (၃၄၉)
Vol. 24 Ch. 349
တောင်ပြာဂိုဏ်း၏ တပည့်များသည် သူတို့၏ အကြီးအကဲဆီမှ သံမဏိအရိုးဂိုဏ်းတပည့်များ၏ စွမ်းဆောင်ရည် မှတ်တမ်းအား သိရှိကြပြီး ဖြစ်ပေမဲ့ အနည်းငယ်တော့ မဖြစ်နိုင်သလို ခံစားမိနေကြသည်။
ခုနှစ်ဆယ့်လေးပွဲ အနိုင်ယူခဲ့ခြင်းသည် တရားလွန်လွန်းလှ၏။
သူတို့ကို မပြောနှင့် အပြင်လောကတွင် လှည့်လည် သွားလာနေကြသော တခြားသူများသည်ပင်လျှင် ထိုအကြောင်းကို ကြားသိရလျှင် သံသယ ဖြစ်မိလိမ့်မည်။
သူတို့ မျက်လုံးနှင့် တွေ့ရမှသာ ယုံကြည်ပေလိမ်မည်။
ဟုတ်ပေသည်။ မဟာမိတ်ဖွဲ့ထားသောကြောင့် တောင်ပြာဂိုဏ်းတပည့်များသည် လွန်လွန်ကြူးကြူး မေးခွန်းထုတ်ပြီး ရိုင်းပြသည့်အမူအရာ မျိုးကို မပြသကြချေ။ ချစ်ခင်ရင်းနှီးမှု အမူအရာများကိုသာ ထိန်းသိမ်းထားသည်။
“ဂိုဏ်းချုုပ်ကျွင်း …”
မာယွင်တန် ပြောလိုက်သည် “တပည့် ငါးယောက် ခေါ်လာတာ ဆိုတော့ ငါးပွဲ လက်ရည်စမ်းရအောင်”
“ကောင်းပြီ” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
တောင်ပြာဂိုဏ်းသို့ လည်ပတ်ခြင်းခရီးစဉ် ဖြစ်သည်မို့ တစ်ဖက်လူအား လေးစားမှုပြသရမည်။ ထို့ကြောင့် လီချင်းယန် နှင့် လုချင်းချင်းတို့မှ လွဲ၍ အတွင်းစည်း တပည့် ငါးယောက်တို့အား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။
ရှောင်ကျီ၊ စုရှောင်မို ၊ ရီရှင်းချန်၊ လီဖေး နှင့် ထျန်းချီတို့အား သူ ခေါ်လာဖြစ်ခဲ့သည်။
“စွန်းဟောင်”
မာယွင်တန် ပြောလိုက်သည် “မင်း ပထမပွဲကို အရင်သွားတိုက်လိုက်”
တောင်ပြာဂိုဏ်းတပည့်များသည် ဆွံ့အသွားစည်။
စီနီယာစွန်း သည် တိုက်ရိုက်တပည့်တစ်ယောက် ဖြစ်သည်။ ပထမပွဲတွင် ဝင်ရောက်တိုက်ခိုက်သည် ဆိုတော့ အတွင်းစည်း တပည့်များ၏ အလှည့်သည် ဘယ်ရောက်သွားမည်နည်း။
မာယွင်တန်သည်လည်း အတွင်းစည်း တပည့်များအား တိုက်ခိုက်စေချင်သည်။ သို့ပေမဲ့ နတ်စမ်းချောင်းဂိုဏ်း နှင့် တိုက်ပွဲအား မျက်မြင်တွေ့ခဲ့သူ ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း ခေါ်ဆောင်လာသော တပည့်များသည် အလွန်တရာ အားကောင်းကြောင်း သိသာလှသည်။
ထို့ကြောင့် လေးလေးနက်နက် စဉ်းစားမှ ဖြစ်မည်။
တောင်ပြာဂိုဏ်းသည် နတ်စမ်းချောင်းဂိုဏ်းကဲသို့ တိုက်ရိုက်တပည့်များများ မရှိပေ။ သို့သော်လည်း ကျင့်ကြံခြင်း ၊ စိတ်ဝိညာဉ်အမြစ် နှင့် ပတ်သက်လျှင် တစ်ဖက်လူများထက် ပို၍ အားမနည်းလှချေ။
တိုက်ခိုက်ရန် စဉ်းစားလိုက်သော စွန်းဟောင်သည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ငော အဆင့်ခုနှစ် အထက်အဆင့် သိုင်းဆရာ တစ်ယောက် ဖြစ်၏။
သို့သော်လည်း တိုက်ရိုက်တပည့်များထဲတွင် သူသည် အောက်ခြေရှိ တပည့်ဖြစ်သည်။
“ထျန်းချီ ….”
ကျွင်းချောင်ရှောင်း ပြောလိုက်၏ “တိုက်ခိုက်လိုက်”
“ကောင်းပါပြီ”
ထျန်းချီသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီမှ ဦးတည်လိုက်သည်။
ခြေနှစ်လှမ်းတိုးပြီးသည့်နောက် ဂိုဏ်းချုပ်ဆီမှ အသံကို သူ ကြားလိုက်ရသည်။ ဂိုဏ်းချုပ်သည် အသံပို့လွှတ်လာ၏ “ဘာပဲဖြစ်ဖြစ် ငါတို့က မဟာမိတ်တွေပဲ။ သက်တောင့်သက်သာ အေးအေးဆေးဆေး ယှဉ်ပြိုင်ပါ။ လွယ်ကူအောင်လုပ်”
“နားလည်ပါပြီ”
ထျန်းချီသည် စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်မိသည်။ ဘယ်လို လွယ်ကူအောင် လုပ်ပေးရမလဲ။
………
လေ့ကျင့်ရေး ကွင်းပြင်၏ အလယ်ဗဟိုမှာတော့ …..
ထျန်းချီ နှင့် စွန်းဟောင်တို့သည် မီတာအနည်းငယ် ခွာ၍ ရပ်နေကြသည်။ နှစ်ယောက်စလုံးသည် မိမိ၏ နာမည်များအား ပြောဆိုကာ မိတ်ဆက်လိုက်သည်။
“စမယ်။” မာယွင်တန် အော်လိုက်၏။
“ကျေးဇူးပြုပြီး …..”
“ကျေးဇူးပြုပြီး …..”
နှစ်ယောက်စလုံးသည် ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံနေကြသည်။
“ရွှီး ….”
စွန်းဟောင်သည် သူ၏ လှုပ်ရှားမှု နည်းစနစ် ကို အသုံးပြုကာ ရှေ့သို့ တိုးလိုက်သည်။ လက်သီးရိပ်၊ လက်သီးရောင်များသည် တည်နေရာတစ်ခုလုံးသို့ ဖုံးလွှမ်းသွား၏။
“ရှုပ်ထွေး လက်သီး”
“လက်သီးချက်က အနည်းဆုံး ခြောက်ဆယ် ၊ ခုနှစ်ဆယ်လောက် ရှိတယ်။ တကယ့်ကို နည်းစနစ်ကို နားလည်လွန်းတဲ့ အဆင့်ရောက်နေပြီပဲ”
“စီနီယာအစ်ကိုစွန်းက စပြီးတိုက်တာနဲ့ တပြိုင်နက် သူ့ရဲ့ ဝှက်ဖဲကို တစ်ခါတည်း ထုတ်သုံးခဲ့တာပဲ”
ရှုပ်ထွေးလက်သီး သည် တောင်ပြာဂိုဏ်း၏ ထပ်တန်းလက်သီးနည်းစနစ် တစ်ခုဖြစ်သည်။ တိုက်ရိုက်တပည့်များသာလျှင် သင်ယူနိုင်၏။
စွန်းဟောင်သည် တိုက်ရိုက်ပဲ ပွဲစသည်နှင့် ထုတ်ဖော်လိုက်ကြောင်း မြင်လိုက်ရချိန်မှာတော့ ကျန်သော တပည့်များ အားလုံးသည် ဆွံ့အသွားကြသည်။
“ငါ ဘယ်လို လွယ်ကူအောင် လုပ်ပေးရမလဲ”
ထျန်ချီသည် ဂိုဏ်းချုပ်၏ ညွှန်ကြားချက်ကို သေချာစဉ်းစားနေမိသည်။
ထားလိုက်တော့။ ငါ မရှောင်နိုင်ချင်ယောင်ဆောင်ပြီး လက်သီးချက်ကို ခံယူလိုက်မယ်။
တွေးနေရင်းမှာပဲ ထျန်းချီသည် သူ၏ လှုပ်ရှားမှုနည်းစနစ်ကို ထုတ်သုံးချင်ယောင် ဆောင်လိုက်သည်။ သို့ပေမဲ့ မရှောင်နိုင်ဘဲ နှောင့်နှေးချင်ယောင်ဆောင်လိုက်သည်မို့ လက်သီးရိပ်များသည် သူ၏ ကိုယ်ပေါ်သို့ ကျဆင်းလာသည်။
ဘန်း ..ဘန်း ..ဘန်း …။
ပေါက်ကွဲမှု အသံကျယ်ကြီးထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
မာယွင်တန် ပြုံးလိုက်၏။
တိုက်ခိုက်ပွဲမစတင်ခင်တွင် စွန်းဟောင်အား တစ်ဖက်လူအား အထင်မသေးရန်နှင့် သေချာ အစွမ်းကုန် တိုက်ခိုက်ရန် သူ အထပ်ထပ် သတိပေးခဲ့သည်။ ထို့ကြောင့်ပင် စွန်းဟောင်သည် တိုက်ခိုက်သည်နှင့် တပြိုင်နက် အားအကောင်းဆုံးသော တိုက်ခိုက်ချက်ကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူမှာ အသက်ရှုရန်ပင် အခွင့်မရေး မရခဲ့ချေ။
ဆိုလိုသည်မှာ တောင်ပြာဂိုဏ်း၏ တိုက်ရိုက်တပည့်သည် အလွန်အားကောင်းနေခြင်းမျိုးလား။
မဟုတ်ပေ။
ထျန်းချီသည် ရည်ရွယ်ချက် ရှိရှိဖြင့် အထိုးခံလိုက်ခြင်းဖြစ်၏။
ခဏလောက်ကြာတော့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွားတော့သည်။
ထျန်ချီသည် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိပြီး မျက်နှာမှာ မည်သည့် အဓိပ္ပာယ်မှန်း မသိချေ။
နာကျင်မှုလား။
တစ်ချက်ကလေးမှပင် မနာခဲ့ချေ။
သို့ပေမဲ့ ဂိုဏ်းချုပ်သည် လွယ်ကူအောင် လုပ်ပေးစေချင်သည် ဆိုမှတော့ သူကလည်း ပူးပေါင်း ပါဝင်ရမည်။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွား၏။
ဤအကောင် ၏ မျက်နှာအမူအရာသည် ဘာမှန်းမသိချေ။ စိုင်းစိုင်းခမ်းလှိုင် သရုပ်ဆောင် လုပ်နေသလိုပင် ဖြစ်နေ၏။ ဤမျှ အရိုက်နှက်ခံရသည်ဆိုလျှင် အနောက်သို့ နှစ်လှမ်းလောက်တော့ ဆုတ်ပြသင့်သည် မဟုတ်လား။
တည်နေရာမှာတင် မတ်မတ်ရပ်လျှင် ပျော်နေသည်လား၊ ဝမ်းနည်းနေသည်လား ၊ သာယာနေသည်လား ၊ နာကျင်နေသည်လား မသိသော မျက်နှာပေးနှင့် ကွင်းပြင်ကြီးတွင် မတ်မတ်ရပ်နေ၏။
ထျန်းချီသည် ဂိုဏ်းချုပ်၏ မျက်နှာရိပ်၊ မျက်နှာကဲကို တစ်ချက်လှမ်းကြည့်ပြီးနောက် နားလည်သွားသည်။
“အား …..”
သူသည် အနောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ရင်ဘတ်ကို ဖိကိုင်လိုက်သည် “နာလိုက်တာ ……”
“………..”
အားလုံး၏ နှဖူးထက်တွင် အမဲရောင် အရေးအကြောင်းများပေါ်လာသည်။
အစ်ကိုကြီး .. စောနတုန်းက တိုက်ခိုက်ခံရကတည်းက နောက်ဆုတ်သင့်တယ်လေ။ ဘယ်လိုလုပ်ပြီး တိုက်ခိုက်ပြီးတာ တရေးနိုးကြာလောက်မှ ထပြီး နာတယ်အော်နေရတာလဲ။
ကျွင်းချောင်ရှောင်း လဲပြိုတော့မလိုပင် ဖြစ်သွားသည် “တော်တော် သရုပ်ဆောင် ညံ့တဲ့ကောင်”
တခြားနည်းလမ်းလည်း မရှိချေ။ သံမဏိအရိုးဂိုဏ်းတပည့်များသည် အချိန်တိုင်း သိုင်းပညာကို လေ့ကျင့်နေရသူ ဖြစ်သောကြောင့် သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ တစ်ခါမှ မလေ့လာဖူးချေ။
“ဂိုဏ်းချုပ်ကျွင်း …”
မာယွင်တန်သည် လေးလေးနက်နက် ပြောလိုက်သည် “ဒါက ချစ်ကြည်ရေး လက်ရည်စမ်းပွဲ တစ်ခု ဆိုပေမဲ့ တပည့်တွေက လေးလေးနက်နက် တိုက်ခိုက်မှ ဖြစ်မယ်ထင်တယ်”
သူသည် အရူးမဟုတ်ပေ။ ထို့ကြောင့် ထျန်းချီ သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိ၏။
ထျန်းချီ၏ သရုပ်ဆောင်စွမ်းရည်ကလည်း အရူးဆိုလျှင်တောင် လိမ်နေမှန်း သိသာနေသည်။
“ဒါက ….”
ကျွင်းချောင်ရှောင်းသည် အသံပို့လွှတ်လိုက်သည် “သေချာတိုက်ခိုက်တော့”
“ကောင်းပါပြီ”
ထျန်းချီသည် အမိန့်ရသည်နှင့် တပြိုင်နက် လေးနက်သွား၏။
“ရွှီး ….”
ဤတစ်ကြိမ်မှာတော့ သူသည် ပထမဆုံး စတင်၍ လှုပ်ရှားလာသည်။ တိမ်ခြေလှမ်းနည်းစနစ်ကို အသုံးပြု၍ စွန်းဟောင်ဆီသို့ ချဉ်းကပ်လိုက်သည်။ ပေါက်ကွဲလက်သီးနည်းစနစ်သည် အသက်ဝင်သွားသည်။
ဂိုဏ်းချုပ်သည် လေးလေးနက်နက် တိုက်ခိုက်ရန် မှာထားသည်။ ထို့ကြောင့် ဤလက်သီးချက်သည် အလွန်ပြင်းထန်၏။
“မကောင်းတော့ဘူး”
တစ်ဖက်လူ၏ လက်သီးချက်သည် အလွန်အားကောင်းကြောင်း ခံစားမိလိုက်ချိန်မှာတော့ စွန်းဟောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လက်ဖြင့် ယမ်းခါပြီး ကာလိုက်သည်။
ဘုန်း …။
အလွန်ပြင်းထန်သော လက်သီးချက်သည် ကျဆင်းလာသည်။
ပြင်းပြင်းထန်ထန် ခုခံကာကွယ်လိုက်တော့ စွန်းဟောင်၏ မျက်နှာအမူအရာသည် ပျက်ရွင်းသွားသည်။ သူ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မှု ကင်းမဲ့စွာဖြင့် နောက်သို့ လွင့်ထွက်သွားကာ သိုင်းလေ့ကျင့်ရေး ကွင်းပြင်၏ အပြင်ဘက်ဆီသို့ ရောက်ရှိသွားတော့၏။
တည်နေရာပတ်ဝန်းကျင် တစ်ခုလုံး ငြိမ်သက်သွားသည်။
တောင်ပြာဂိုဏ်းတပည့်များ၏ မျက်နှာအမူအရာများသည် အေးခဲသွား၏။
မည်မျှ ပြင်းထန်သော လက်သီးချက်၏ အားအင်ကြောင့် စီနီယာအစ်ကိုစွန်း တစ်ယောက် တစ်ချက်တည်းနှင့် အပြင်သို့ လွင့်သွားရသနည်း။
မာယွင်တန်သည်လည်း ဆွံ့အနေမိသည်။
စွန်းဟောင်သည် ရန်ဟွေ့နှင့် တူညီသော အစွမ်းရှိသူဖြစ်သည်။ ထျန်းချီသည် နတ်စမ်းချောင်းဂိုဏ်း၏ တိုက်ရိုက်တပည့် ရန်ဟွေ့နှင့် တိုက်ခိုက်စဉ်က မနည်းအနိုင်ယူခဲ့ရသူဖြစ်ပြီး ယှဉ်ပြိုင်ပွဲပြီးနောက် မေ့ပါ မေ့မျောသွားခဲ့သေး၏။
တစ်လလောက်ကြာမြင့်ပြီးနောက်မှာတော့ သူ၏ တပည့်အား လက်သီးချက်တစ်ချက်တည်းနှင့် အနိုင်ယူနိုင်သော သူ ဖြစ်လို့နေသည်။
ဂိုဏ်းသို့ပြန်ရောက်ပြီးနောက် ထျန်းချီ၏ စိတ်ဝိညာဉ်အမြစ်သည် အထူးစိတ်ဝိညာဉ်အမြစ်သို့ တိုးတက်ရောက်ရှိသွားပြီဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း အဆင့်ခြောက် သိုင်းဆရာတစ်ယောက် ဖြစ်သွားကြောင်း အကြီးအကဲမာ မသိရှိခဲ့ချေ
“အကြီးအကဲမာ”
ကျွင်းချောင်ရှောင်း ကြောင်အအဖြင့် ပြောလိုက်သည် “အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
လေးလေးနက်နက် တိုက်ခိုက်ခိုင်းတာ အဲလောက်ကြီးဆော်ဖို့ မဟုတ်ဘူး ထျန်းချီရ။
…….
ပထမတစ်ကြိမ် လက်ရည်စမ်းပွဲ၌ စွန်းဟောင်သည် အလုံးစုံ ရှုံးနိမ့်သွားခဲ့သည်။
တိုက်ပွဲကို ကြည့်ရှုပြီးသည့်နောက် တောင်ပြာဂိုဏ်းတပည့်များသည် အဘယ့်ကြောင့် သူတို့ အကြီးအကဲ အနေဖြင့် အတွင်းစည်းတပည့်ကို မလွှတ်ဘဲ တိုက်ရိုက်တပည့်အား စေလွှတ်ခဲ့ကြောင်း နားလည်သွားခဲ့ကြ၏။
စီနီယာအစ်ကိုစွန်းဟောင် ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည် ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။
“ဖန်းကျွင်း”
မာယွင်တန် ပြောလိုက်သည် “မင်းတိုက် …”
သူသည် စွန်းဟောင်ထက် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်ပိုမြင့်သော ဒုတိယမြောက် တိုက်ရိုက်တပည့်အား စေလွှတ်လိုက်သည်။
“လီဖေး …”
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ “မင်းသွား”
မကြာမီမှာပဲ လီဖေးသည် သံမဏိအရိုး အရိပ်မဲ့ ကန်ချက်အား အသုံးပြု၍ ဖန်းကျွင်းအား အနိုင်ယူခဲ့သည်။
ပြီးနောက် ရီရှင်းချန်သည် နာမည်ကိုပင် မမိတ်ဆက်ဘဲ တစ်ဖက်၏ တိုက်ရိုက်တပည့်အား လက်သီးဖြင့် တစ်ချက်တည်း ထိုးကာ အနိုင်ယူခဲ့ပြန်၏။ ငါးစက္ကန့်လောက်သာ ကြာမြင့်ခဲ့မည် ထင်၏။
“……” ကျွင်းချောင်ရှောင်း ။ ငါတို့က မဟာမိတ်တွေလေ။ မင်းတို့ ဘယ်လိုတွေ တိုက်ခိုက်နေတာလဲ။
နောက်ဆုံးမှာတော့ ရှောင်ကျီသည် သူ၏ ဂိုဏ်းချုပ် အလိုကျ တစ်ဖက်လူနှင့် တိုက်ကွက်အနည်းငယ်လောက် အချိန်ပေး တိုက်ခိုက်ခဲ့ပြီး ခန္ဓာကိုယ်အားအင်သီးသန့်ဖြင့် အနိုင်ယူခဲ့သည်။
လက်ရည်စမ်းပွဲ ငါးပွဲ ပြီးဆုံးသွား၏။
ပြောရမည်ဆိုလျှင်တစ်ဖက်သတ် ရိုက်နှက်ခဲ့ခြင်းနှင့်ပင် ဆင်တူနေသည်။
မာယွင်တန်၏ မျက်နှာအမူအရာသည် အေးခဲနေ၏။ “ဒီလိုမှန်းသိရင် အစောကတည်းက လက်ရည်စမ်းဖို့ မပြောခဲ့ပါဘူး”