အခန်း (၃၅၁)
Vol. 24 Ch. 351
"ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။"
ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်မိလိုက်မိသည်။
စနစ်ထဲမှာ ရှိသော ပစ္စည်းများသည် အလွန်အမင်း အားကောင်းလွန်းသောကြောင့် အပြင်ဘက်သို့ ထုတ်ရောင်းရန် မဖြစ်နိုင်ကြောင်း သူနားလည်လိုက်မိ၏။
စနစ်မှ ပြောလိုက်သည်။ "လက်ခံသူအနေနဲ့ စဦးသားရဲဆေးလုံးကို စပြီး ရောင်းလို့ ရတယ်လေ။"
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်မှ ပြုတ်ကျလု မတတ်ဖြစ်သွားမိသည်။
စဦးသားရဲဆေးလုံးသည် အဆာခံနိုင်သည့် ပစ္စည်း ဖြစ်သော်လည်း အလွန်အမင်း အားကောင်းသည့် ဆေးလုံးဟု သတ်မှတ်ရမည်။ သို့ပေမဲ့ သားရဲများကိုသာ ကျွေးမွေး၍ ရ၏။
တစ်ခြား ဝတ္တု စာအုပ်ထဲရှိ ဝိညာဉ်ကူးပြောင်းသူများဆိုလျှင် သူတို့၏ အနာဂတ် ပိုမိုကောင်းမွန်စေဖို့အတွက် ဆေးလုံးများ၊ လက်နက်များကို ရောင်းချတတ်ကြသည်။
သူကျမှ အဘယ့်ကြောင့် တိရစ္တာန်စားသည့် ပစ္စည်းကို ရောင်းရမည်နည်း။
"ပိုက်ဆံကအရေးကြီးလား ဂုဏ်သိက္ခာက အရေးကြီးလား။"
"ဂုဏ်သိက္ခာပေါ့။" စနစ်က ပြန်ဖြေလိုက်၏။
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။ "ပိုက်ဆံက ပိုအရေးကြီးတယ်။"
"ဒါဆိုဘာလို့မေးနေတာလဲ"
စဦးသားရဲဆေးလုံးအတွက် လိုအပ်သော ပစ္စည်းများမှာ ရှာဖွေရန် အလွန့်အလွန် လွယ်ကူလွန်းလှသည်။ ထို့ကြောင့် စနစ်အနေနှင့် ကျွင်းချောင်ရှောင်းအား စီပွားရေးတစ်ခု ပြုလုပ်ချင်သည် ဆိုလျှင် ဤအရာကို ပြုလုပ်မှ အဆင်ပြေမည်ဟု အကြံညဏ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ပို၍ အရေးကြီးသည်မှာ ဤအရာသည် ရောင်းချရန်အတွက်လည်း လွယ်ကူလွန်း၏။
သာမန်အဆာခံသည့် ဆေးလုံးတစ်ခုသာ ဆိုပါက ကျင့်ကြံသူများအနေနှင့် တစ်လုံးစားပြီးလျှင် ရက်အနည်းငယ် ဆာလောင်နေလိမ့်မည် မဟုတ်ချေ။ ထိုသို့သောအရာကို ရောင်းလျှင် အဆင်မပြေနိုင်ပေ။
သို့ပေမဲ့ စဦးသားရဲဆေးလုံးသည်မှာတော့ တိရစ္ဆာန်များအား ပစ်မှတ်ထားခြင်း ဖြစ်သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သားရဲများနှင့် ပဋိညာဉ်ရေးထိုးထားသော ကျင့်ကြံသူဟူ၍ များများစားစား မရှိပေ။
စနစ်မှ ပြောလိုက်သည်။ "လက်ခံသူက ဒါကို အသုံးပြုပြီးတော့ မိသားစုကြီးတွေ ဒါမှမဟုတ် မြင်းခြံတွေကို သွားပြီး ရောင်းလို့ရတယ်။"
ဤလောကကြီးတွင် မြင်းသည်မှာ အလွန်အသုံးဝင်သော အရာဖြစ်သည်။ သာမန်သယ်ယူပိုဆောင်ရေးကိစ္စများတွင် မြင်းကိုသာ အသုံးပြုသယ်ယူကြ၏။ ထို့ကြောင့် မြင်းမစီးတတ်လျှင် အသုံးဝင်သည့် လူတစ်ယောက် မဟုတ်ဟုပင် သတ်မှတ်ထားသေးသည်။
ထို့အပြင် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်၍ ကောင်းကင်နှင့် မြေကြီးကြား လေအဟုန်ကို ဆန်ကာ မြင်းစီးရခြင်းသည် အလွန်အမင်း ကောင်းမွန်သည့် ခံစားချက်ပင် မဟုတ်လော။
များပြားလှသော မိသားစုကြီးများတွင် သူတို့၏ ကိုယ်ပိုင် မြင်းခြံများ ရှိသည်။
သူတို့သည် ၎င်းမြင်းများအား ကိုယ်တိုင် အသုံးပြုရုံသာမက ရောင်းလည်းရောင်းချကြသေး၏။ အရည်အသွေးမြင့်မားသော မြင်းတစ်ကောင်ဆိုလျှင် ရွှေတစ်ထောင်နှင့် ဝယ်ယူရန်ပင် ခက်ခဲလှ၏။
စနစ်မှ ပြောလိုက်သည်။ "သူရဲကောင်းကို မြင်းကောင်းပေးရတယ်ဆိုတဲ့ ဆိုရိုးစကားတောင် ရှိသေးတယ်လေ။လက်ခံသူ စဉ်းစားသင့်တယ်။"
"မဟုတ်သေးပါဘူး။သူရဲကောင်းကို ဓားကောင်းပေးရတာ မဟုတ်ဘူးလား။" ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။
"အဓိပ္ပာယ်က တူတူပါပဲ။" စနစ်က ပြန်ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏ "ငါတို့ ဈေးထဲကို သွားပြီး အရင်ဆုံးကြည့်ရမယ်။"
……….
နောက်တစ်ရက်မှာတော့ သူသည် ဂိုဏ်း၏ ကိစ္စများအားလုံးအား လီချင်းယန်နှင့် လွှဲအပ်၍ ချင်းယန်မြို့ဆီသို့ ကိုယ်တိုင်သွားလိုက်သည်။
မြို့ထဲတွင်တော့ မြင်းရောင်းချရာ ဈေးကွက်တစ်ခု ရှိနေ၏။
များပြားလှသော ကျင့်ကြံသူများသည် မြင်းရောင်းသူနှင့် ပြောဆိုဆက်ဆံလျက်ရှိနေကြပြီး မြင်းတစ်ကောင်အား ဝယ်ယူနေကြသည်။
ကျွင်းချောင်ရှောင်းသည် အနီးနားပတ်ဝန်းကျင်တွင် လျှောက်လှမ်းကြည့်ရှုပြီးသည့်နောက် မြင်းရောင်းချခြင်းသည် ကောင်းမွန်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း နားလည်သွားမိ၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် စိတ်ဝိညာဉ်စွမ်းအင်များ ပေါကြွယ်လွန်းသောကြောင့် မြင်းများကို အသက်မွေးဝမ်းကြောင်းအနေနှင့် မွေးဖွားရန် လွယ်ကူလွန်းလှသည်။
ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ ကြည့်ပြီးသည့်နောက်မှာတော့ ကျင့်ကြံသူတော်တော်များများသည် သူတို့ကြိုက်နှစ်သက်သော မြင်းကို ဝယ်ရန် ငွေတေလ်း ငါးထောင်ခန့် အသုံးပြုသည်ကို သိရှိသွားခဲ့သည်။ သူ တွေးလိုက်မိ၏။ "ဒီလောက် ဈေးနှုန်း မြင့်မြင့်မားမား ရတာပဲ။ဒါပေမဲ့ ကျတဲ့ ကုန်ကျစရိတ်ကလည်း မြင့်မားလိမ့်မယ်။”
“ရောင်းရင်း ….."
သူသည် ပိုက်ဆံများ ရေတွက်နေသော မြင်းရောင်းချသည့် လူဆီသို့ သွားလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "စီးပွားရေးက မဆိုးဘူးနော်။"
"ကျုပ်နာမည်က ကျင်းပါ။" ထိုသူက ပြန်ပြောလိုက်၏။
ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "မြင်းတစ်ကောင် မွေးကာစကနေ အရွယ်ရောက်ဖို့အတွက် ဘယ်လောက် အချိန်ကြာနိုင်လဲ။"
ထိုသူက ပြန်ဖြေ၏။ "နှစ်ဝက်လောက်ကြာတယ်။"
"မြန်လိုက်တ။"
ကျွင်းချောင်ရှောင်း အံ့အားသင့်မိသွား၏။
သူအရင်နေထိုင်ခဲ့ရသော အဓိကကမ္ဘာတွင်တော့ မြင်းတစ်ကောင် အရွယ်ရောက်လာဖို့ဆိုသည်မှာ သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်သည်။ ဤကမ္ဘာမှာတော့ နှစ်ဝက်လောက်သာ ကြာမြင့်သည်။
"အစ်ကိုကြီးကျင်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "မြင်းတစ်ကောင်ကို မွေးဖို့အတွက် ပိုက်ဆံတော်တော်ကုန်မှာပဲ … ဟုတ်တယ်မလား။"
"ဟုတ်တာပေါ့။" ထိုသူက ပြန်ပြောလိုက်သည်။
"ငါ ခုနတုန်းက ရောင်းလိုက်တဲ့ ကြေးနီရောင်မြင်းဆိုရင် မျိုးစပ်ဖို့ မပြောနဲ့ သူတို့ကို မွေးမြူဖို့အတွက် ဝယ်ရတဲ့ ဆေးပင် သက်သက်ကြီးပဲ ငွေငါးထောင်အထိကုန်တယ်။အခုရောင်းလိုက်ရတာ အမြတ်တောင် သိပ်မကျန်ဘူး"
ဤလူသည် အပိုစာသားတွေ ပြောနေတာဖြစ်ကြောင်း ကျွင်းချောင်ရှောင်း ကောင်းကောင်းသိ၏။ ထို့အပြင် စီးပွားရေးသမားများသည် တစ်စုံတစ်ခုကို ရောင်းချသည့် အချိန်တွင် အမြဲတမ်းရှုံးနိမ့်သည်ဟုသာ ဆိုတတ်ကြသည် မဟုတ်လာ။ ထိုအရာကို သူနားလည်ပြီး ဖြစ်၏။
"နေအုံး။"
သူသည် ညဏ်အလင်းရသွား၏။ "မြင်းတွေကို ရောင်းရတဲ့ အမြတ်က တော်တော်ကြီးတာပဲ။ငါ အစာရောင်းမယ့်အစား မြင်းမွေးပြီး ရောင်းတာ ပိုပြီးတော့ မကောင်းဘူးလား။"
သံမဏိအရိုးတောင်သည် မြင်းခြံတစ်ခု ဖန်တီးရန်အတွက် ပြဿနာမရှိနိုင်ပေ။
စနစ်မှ ဆွံ့အသွားမိ၏။ "ဒီတော့လက်ခံသူက တိရိစ္ဆာန် အစားအစာရောင်းမယ့်အစား မြင်းမွေးမယ်လို့ စဉ်းစားလိုက်တာလား။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ "မြင်းရောင်းတာက တိရစ္ဆာန်အစားအစာ ရောင်းချခြင်းထက် ပို မကောင်းဘူးလား။"
စနစ်မှ ပြောလိုက်သည်။ "မြင်းရောင်းဖို့အတွက် ရမယ့် အမြတ်က အရမ်းကြီးတယ်။ဒါပေမဲ့ သူတို့ရဲ ကြီးထွားဖို့အတွက် စောင့်မျှော်ရမယ့် အချိန်က အရမ်းကြာတယ်လေ။ဒီတော့ တိရစ္ဆာန်အစားအစာကို ရောင်းတာက ပိုပြီးတော့ ကောင်းတယ်လေ။ ဈေးကွက်သာရမယ်ဆိုရင် ကုန်ကျစရိတ်နည်းနည်းနဲ အမြတ်များများ ရနိုင်မယ့် ကိစ္စပဲ။"
ဈေးကွက်ကို သေချာလေ့လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်အိမ်တော်သို့ သွား၍ မြင်းများအကြောင်းကို မေးလိုက်၏။
မြို့တော်ဝန်ရှဲ့သည် မေးစေကို ပွတ်သပ်ကာ ပြောလိုက်သည်။ "မြင်းတွေက သယ်ယူပိုဆောင်ရေးလုပ်တဲ့ အခါမှာ အရမ်း အရေးကြီးတယ်။ဈေးကွက်ရဲ့ လိုအပ်ချက်ကလည်း အရမ်းကြီးမားတယ်လေ။"
"ဒီတော့။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ် တိရစ္ဆာန်အစားအစာ ရောင်းမယ်။"
မြို့တော်ဝန်ရှဲ့ ဆွံ့အသွားမိသည်။
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်ပြီး ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးတို့ကို သန့်စင်နိုင်သော လူတစ်ယောက်သည် ဂုဏ်သိက္ခာကြီးမားသော ဆေးပညာရှင်တစ်ပါး ဖြစ်သည်ဟု ဆိုရမည်။ ထိုသို့သောသူမျိုးသည် တိရစ္ဆာန်အစာကို ရောင်းချရန် အဘယ့်ကြောင့် စဉ်းစားရသနည်း။ ကြောင်တောင်တောင် နိုင်လွန်းလှသည် မဟုတ်လား။
"ကျေးဇူးပါပဲ မြို့တော်ဝန်"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒီကျွင်းက ဆိုင်ဖွင့်ဖို့ နေရာကောင်းတစ်ခုကို လိုချင်တာ။ဒီတော့ စီစဉ်ပေးလို့ ရမလား။"
မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းထောင့်များသည် တုန်ရင်သွား၏။ "ဂိုဏ်းချုပ်ကျွင်းက တကယ်ပဲ ဆိုင်ဖွင့်ပြီး တိရစ္ဆာန်အစားအစာ ရောင်းချင်တာလား။"
"ဟုတ်ပါတယ်။" ကျွင်းချောင်ရှောင်း၏ လေသံသည် ဆုံးဖြတ်ချက် ချပြီးသော လေသံဖြစ်နေသည်။ သူ ပြုလုပ်မည့် စီးပွားရေးလုပ်ငန်းသည် ဈေးကွက်ရသည်ဆိုသည်နှင့် ငွေ အများအပြား ရရှိမှာ သေချာ၏။
"ကောင်းပြီ။"
မြို့တော်ဝန်ရှဲ့သည် ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။ "အဓိက လမ်းမကြီးရဲ့ လူစည်ကားတဲ့နေရာမှာ ဆိုင်တစ်ဆိုင်ရှိတယ်။တကယ်လို့ မြို့တော်ဝန်ရှဲ ဆိုင်ဖွင့်ချင်တယ်ဆိုရင် အဲ့ဒါကို သုံးလိုက်လေ။"
"ငှားမှာလား။"
"အချင်းချင်းကို ငှားစရာလား။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတစ်လုံးအား ကမ်းပေးကာ ပြောလိုက်သည်။ "ဒါဆိုရင်လည်း ဒီဆေးလုံးကို ငှားခအဖြစ် ယူလိုက်ပါ။မြို့တော်ဝန်ရှဲ့ ဒါကိုတော့ မငြင်းရဘူး။"
မြို့တော်ဝန်ရှဲ့၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။
သူ ငှားရမ်းပေးလိုက်သည့် ဆိုင်၏ ငှားရမ်းခသည် တစ်နှစ်ကို ငွေသေးငါးသောင်းခန့်သာ ရှိသည်။ ဒါပေမဲ ဂိုဏ်းချုပ်ကျွင်း ပြန်ပေးသည်မှာတော့ ငွေတစ်သန်းလောက် တန်ကြေးရှိသည့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး ဖြစ်နေ၏။
"ဒီဆိုင်ရဲ့ ပြင်ဆင်တဲ့ ကိစ္စတွေကို ကျုပ်တာဝန်ထားလိုက်။"
"ကောင်းပါပြီ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မြို့တော်ဝန်ရှဲ့ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဆိုင်နာမည် ဘယ်လိုပေးမှာလဲ။"
"ဒါက …."
ကျွင်းချောင်ရှောင်း ခဏလောက် စဉ်းစားလိုက်၏
စနစ်မှ အကြံပြုလိုက်သည်။ "ကျွင်းမိသားစု တိရစ္ဆာန် အစားအစာဆိုင်ဆိုရင်ရော။"
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ရင်သွား၏။ ဤအကောင်သည် သူ့အား အမှန်တကယ်ပင် တိရစ္ဆာန်ရောင်းချသူအဖြစ် ပုံဖော်လျက် ရှိ၏။
"ကျေးဇူးပါ မြို့တော်ဝန်။"
ကျွင်းချောင်ရှောင်း သည် ခဏလောက် စဉ်းစားကာ ပြောလိုက်သည်။ "သံမဏိအရိုး တိရစ္ဆာန်အစားအစာ အရောင်းဆိုင်လို့ ခေါ်ကြရအောင်"
"ကောင်းပြီ။"
မြို့တော်ဝန်ရှဲ့သည် သူ၏ အစေခံများကို ခေါ်ယူ၍ ဆိုင်းဘုတ် တစ်ခု ပြုလုပ်ရန် ချက်ချင်းပဲ ခိုင်းလိုက်၏။
"နှုတ်ဆက်ပါတယ်။" ကျွင်းချောင်ရှောင်းသည် ထရပ်ပြီး သူ၏ ဂိုဏ်းဆီသို့ ပြန်သွားခဲ့၏။ ပိုက်ဆံရဖို့ နည်းလမ်းလည်း ရှိပြီဖြစ်သလို ဆိုင်လည်း အဆင်သင့်ဖြစ်နေ၏။ ဆိုင်၏ ပြင်ဆင်ခြင်းအားလည်း မြို့တော်ဝန်ရှဲ့က တာဝန်ယူထားသည်။
ပြန်သည့် လမ်းတစ်လျောက်မှာတော့ ကျွင်းချောင်ရှောင်းသည် စတင်၍ တွေးတောလိုက်၏။ "ဆိုင်ဖွင့်ပြီဆိုရင် လူအင်အား လိုတယ်။ဒီတော့ မြို့ထဲမှာ ရှိနေတဲ့ မိုးဆွေ ဟောခန်းက လူတွေကို တာဝန်ယူခိုင်းရမယ်။"
လီလိုရှုသည် ထိုကိစ္စကို သိရှိပြီးသည့်နောက် အလုံးစုံ ဆွံ့အသွားလျက်ရှိသည်။
"ဂိုဏ်းချုပ် ဘာပဲလုပ်လုပ် မိုးဆွေဟောခန်းကလူတွေကို အမြဲ သတိရတယ်နော်"